အရူးသူတော်နှင့် လူခြောက်မောင်နှံနှစ်ဖော်

အရူးသူတော်နှင့် လူခြောက်မောင်နှံနှစ်ဖော်
စာရေးသူ-နောင်ရိုး(ဆေးတပ်)
**********************
အရူးသူတော်သည် ဒေါ်နှင်းမူတို့အိမ်ဆီကို ရောက်ခဲ့လေပြီး ဒေါ်နှင်းမူ ခူးခပ်ကျွေးမွေးလေသော ထမင်းကို တ၀စားလေသည်။ ပြီးသောအခါ…
” အား…ဗိုက်တော့ ဝပီ။ ကဲ…သမီးတော်လေးရေ…ငါသူတော်လေးကို မင့်ရဲ့ သမီးလေးနဲ့ ဆက်သွယ်ဖို့ သွားခေါ်ပေးချေတော့…”
” ဟုတ်ကဲ့…ဟုတ်…”
ဒေါ်နှင်းမူသည် အခန်းထဲဆီ ပြေး၀င်သွား၏။ ပြန်ထွက်လာသော် ကြိမ်တောင်းကလေးတစ်ခု ပါလာလေသည်။
” ဒီမယ် ရောက်ပါပြီရှင်”
” အင်း…သူ့ကို ငါသူတော်လေး ရှေ့ဆီမှာ ချထားပေး။ ပြီးရင် ခဏစောင့်…”
ဒေါ်နှင်းမူသည် သူတော်၏ ရှေ့ဆီတွင် သူ၏ သမီး လူခြောက်ကလေးကို ချပေးလိုက်သည်။ ထိုအခါ သူတော်သည် လူခြောက်ကလေး၏ ချက်နေရာကို လက်ညှိုးဖြင့် ထောက်လိုက်လေပြီးနောက် မျက်စိကို မှိတ်ထားလိုက်လေသည်။ ထို့နောက်တွင်တော့ သူတော်၏ စိတ်အစဉ်သည် သစ်ရွက်တစ်ရွက်လို လွင့်ပါးသွားလေတော့သည်။
*****
သူတော်သည် ခန္ဓာမူလပြန်လေပြီး ရွာအပြင်ဘက် လယ်ကွင်းပြင်များဆီတွင် ရောက်နေ၏။
လယ်ကွင်းများ၏ အလယ် သစ်ပုတ်ပင်ကြီး တစ်ပင်အောက်တွင်တော့ အမျိုးသမီးငယ်တစ်ဦး ထိုင်ငိုနေသည်ကို သူတော်မြင်လိုက်ရသည်။ ထိုနေရာဆီကို သူတော်သွားလိုက်၏။
” ကျုပ်ကို အကူအညီတောင်းခိုင်းတာ မိန်းကလေးလား”
သူတော်က တည်ငြိမ်သြရှသော အသံဖြင့် မေးလိုက်သည်။ မိန်းကလေးက မျက်ရည်စိုလက်နေသော မျက်၀န်းများဖြင့် မော့ကြည့်လာကာ
” ဟုတ်ပါတယ် ရှင်။ ကျွန်မကို ကူညီပေးပါနော်”
” ကျုပ် ဘယ်လို ကူညီနိုင်မလဲ”
မိန်းကလေးက သူတော်အဖြစ်ကြောင်းကုန်စင်ကို အသေးစိတ်ပြောပြ၏။ ပြီးသော်
” အခု သူတုိ့က အမောင့်ကို ဖမ်းပြီး ဒီညမှာ ကျွန်မတို့ရဲ့ နန်းမဟော်သိုက်နန်းကို သွားတူးကြတော့မှာ…ကျွန်မတို့ကို ကယ်ပေးပါနော်”
” အင်း…ကောင်းပါပြီ။ သင်တို့ရဲ့ သိုက်နန်းဆီကို ကျုပ်ကို လမ်းပြပေးပါ”
” ကောင်းပါပြီရှင်…”
မိန်းကလေးသည် သူတော်အား နေရာတစ်ခုဆီကို ခေါ်ဆောင်သွား၏။ ထိုနေရာသည် လယ်ပြင်များ၏ တစ်ဖက်ကို ခေါ်ဆောင်သွား၏။ လယ်ပြင်များမှာ ကျယ်၀န်းလှသော်လည်း သူတော်တို့မှာ စိတ်လွှင့်ထားသည့်အတွက် သွားရသည်မှာ မြန်ဆန်လွန်းလှသည်။
လယ်ပြင်များကို လွန်သော် တောတန်းကလေးတစ်ခုကို ဖြတ်သန်းရပြန်လေသည်။ ထိုတောတန်းကလေးကို လွန်သော် ရွှေရောင်အဆင်းဖြင့် နန်းတော်ကြီးတစ်ခုသဖွယ် တည်ရှိနေသော သိုက်နန်းကြီး။
သိုက်နန်းကြီးဆီတွင် ရုပ်တုများမှ လွဲ၍ မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရ။
” ဒါက နန်းမဟော် သိုက်နန်းပါပဲ ဆရာ။ ဒီသိုက်နန်းမှာက အကြီးအကဲဆိုလို့ ကျွန်မတို့ မောင်နှံပဲ ရှိတာ။ ကျန်တာက ငယ်သားတွေပါ။ အခု ကျွန်မတို့က လူပြည်မှာ သာသနာပြုချင်လို့ ထွက်လာတော့ ဒီမှာ အစောင့်တွေနဲ့ပဲ ထားခဲ့ရတယ်။ ကျွန်မတို့မောင်နှံနှစ်ဦး မဆုံရင် ဒီသိုက်ကို ၀င်လို့မရဘူး။ ပြီးတော့ သိုက်စောင့်တွေက ကိုယ့်နယ်ထဲကို ရောက်မှသာ ကာကွယ်ခွင့်ရှိတာပါ။ ဒါကြောင့် သူတို့ကိုလည်း အကူအညီတောင်းလို့မရဘူး။ ဆရာ ကယ်ပေးပါရှင်…”
” အင်း…ကောင်းပါပြီလေ။ ကျုပ် ကယ်ပေးပါ့မယ်”
သူတော်နှင့် မိန်းကလေးသည် မူလနေရာဆီ ပြန်ရောက်လာခဲ့ကြသည်။
” သူတိူ့ မင်းရဲ့ ခင်ပွန်းကို ဘယ်နေရာမှာ ဖမ်းထားသလဲ မင်းသိလား”
” မသိပါဘူး။ ကျွန်မ သူတို့နောက်ကို လိုက်ဖို့ ကြိုးစားပေမယ့် အဲ့ဒီ့လူရဲ့နောက်က ဘီလူးတစ်ကောင် ပေါ်လာပြီး ကျွန်မကို တိုက်ခိုက်လို့ မနည်းလွတ်အောင် ပြေးခဲ့ရပါတယ်ရှင်”
” အင်း…မဖြစ်ချေဘူး။ ဒီလိုသာဆိုရင်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ရှာဖွေရတော့မှာပဲ”
” ဆရာ ရအောင်ကယ်ပေးပါရှင်”
” အင်းပါ…ကျုပ် ကယ်ပေးပါ့မယ်”
ထို့နောက်တွင်တော့ သူတော်၏ စိတ်သည် လွင့်ခနဲ တစ်ချက်ဖြစ်သွား၏။
*****
သူတော် မူလပြန်ပြီးနောက် သူရူးဘ၀ဆီ ပြန်ရောက်လာသည်။
” ဆရာ…အဲ…နတ်သားလေး သူတော်။ ကျွန်မသမီးလေးကို ကယ်တင်လို့ရပြီလားဟင်…”
သူတော်မှာ သူ့အား နတ်သားလေးဟု အခေါ်ခံရသည်မို့ တပုလ္လင်ခွေထိုင်လျက်က ကျေနပ်သွားဟန်။
” အင်း…ရတယ်လို့ပဲ ဆိုရမှာပေါ့”
ထူးထူးခြားခြား သူတော် တည်ငြိမ်နေသည်။ သို့သော် မျက်လုံးကတော့ ဂနာမငြိမ်။ ကျီးကြည့်ကြောင်ကြည့်ဖြင့်။
” နှင်းမူရေ…နှင်းမူ…”
အိမ်ရှေ့က ခေါ်သံ။ ဦးဖိုးသ ပြန်လာလေပြီ။
” အေး…ဒီမှာ မောင်ချစ်တင်ရဲ့ အဖေနဲ့အမေလည်း လိုက်လာတယ်ဟေ့”
ဦးဖိုးသနှင့်အတူ ကိုကြီးမောင်တို့ပါ အိမ်ပေါ်တက်လာကြလေသည်။ အိမ်ပေါ်ရောက်ကြသော် ဦးဖိုးသတို့သည် အိမ်ဦးခန်းတွင် ထိုင်နေလေသည့် ပေစုတ်နေသော သူတော်ကို မြင်သည့်အခါ…
” ဟဲ့…နှင်းမ။ သူက ဘယ်သူလဲ။ ဒီလောက်ပေရေစုတ်ပြတ်နေတဲ့ သူကို ဘာလို့ခေါ်ထားတာလဲ”
ဟု တီးတိုး ကပ်မေးလေသည်။ ထိုအခါ ဒေါ်နှင်းမူက
” ရှူး…ကိုဖိုးသ။ တော်ကလည်း မသိဘဲ ရမ်းပြောနေတော့တာပဲ။ အဲ့ဒါ…သမီးလေး လာပြောလို့ ကျုပ်သွားပင့်ထားတဲ့ ဆရာပါတော့်”
” ဟေ…”
” ဟေတွေ ဘာတွေ လုပ်မနေနဲ့။ ဆရာ့ဆီက ဘာနှုတ်မိန့်မှ မပေးသေးဘူး။ သူဘာပြောမလဲ တိတ်တိတ်စောင့်နေ”
ဦးဖိုးသ ငြိမ်သွားသည်။ ကိုကြီးမောင်တို့ကလည်း နံဘေးက ငြိမ်သက်ကာ သူတော်ကို ထိုင်ကြည့်နေသည်။
သူတော်ကတော့ ထိုင်လျက်ကနေ မျက်လုံးက အိမ်ခေါင်ထက်ကို ကြည့်လိုက်၊ အိမ်ပြင်ဆီကြည့်လိုက်၊ ဦးဖိုးသတို့ထံ ကြည့်လိုက်ဖြင့် ရှိနေသည်။
” ကဲ…ငါသူတော်လေး ဒီညပဲ သူတို့ကို သွားကယ်မယ်။ ဆိုးသွမ်းတဲ့ လူတွေကို ငါသူတော်လေး ပညာပြချင်စမ်းတယ်လေ…အင်း…သမီးတော်လေးတို့ကတော့ ငါသူတော်လေးသွားနေချိန်မှာ တစ်ခုလုပ်ပေးထား။ ဟော့ဒီက လူခြောက်မောင်နှံလေးနှစ်ဖော်မှာ တစ်ယောက်က ဝိဥာဉ်အချုပ်ခံထားရတာဆိုတော့ ကြာတဲ့အခါ သူ့ရဲ့ ဝိဥာဉ်ဓာတ်ခမ်းသွားနိုင်တယ်။ ဒါကြောင့် သူတို့နှစ်ဖော်ကို အတူတကွ နီးနီးကပ်ကပ်ထားပေးထားချေ။ ပြီးရင် ည သန်းခေါင်ရောက်တာနဲ့ ဟော့ဒီ့ ဖယောင်တိုင်းလေးကို သူတို့ရဲ့ ခေါင်းရင်းမှာ ထွန်းပေးထား။ မီးလုံး၀ မငြိမ်းစေနဲ့… ကဲ…သွားပြီဟေ့…”
သူတော်က စကားကို ဇာတ်သံနှောကာ ပြောသည်။ ပြီးသော် ဖယောင်းတိုင်တစ်တိုင်ပေးပြီး ထိုင်ရာကထ၏။ ထို့နောက် အိမ်ပေါ်ကနေ ပြေးဆင်းသွားလေသည်။
*****
ညကမှောင်မိုက်နေသည်။ ယောပြန်ရွှေမောင်နှင့် သူတပည့်ငစိုး၊ အုခါးနှစ်ဦးတို့ ပစ္စည်းအချို့တင်ထားသော နွားလှည်းတစ်စီးဖြင့် လယ်ပြင်ကြီးအတိုင်းသွားနေသည်။
အတန်ကြာသော်။ သူတို့သည် လယ်ပြင်ကြီးကို လွန်မြောက်ကာ တောတန်းကလေးဆီ ရောက်လာသည်။
ထိုအခါ ရွှေမောင်က
” ကဲ…ဒီနေရာမှာပဲ လှည်းရပ်တော့”
ဟု ဆိုလေ၏။ သူတို့သည် လှည်းရပ်ပြီးကြသော် ပစ္စည်းများကို သယ်ဆောင်ကာ ခြေလျင် ဆက်သွားကြကုန်လေသည်။ သူတို့လေးဦး၏ ကြားတွင်တော့ ကြိုးတုပ်ခံထားရသော လူငယ်တစ်ဦးကိုမူ အခြားသူတို့ မြင်နိုင်ကြမည်မထင်။
ရွှေမောင်ကတော့ အရှေ့က သွားနေရင်း ပါးစပ်က တစ်စုံတစ်ရာကို တတွတ်တွတ်ရွတ်ဆိုနေလေသည်။
” ရောက်ပြီလား ဘယ်နေရာမှာလဲ”
ရွှေမောင်၏ အသံက ညအမှောင်၀ယ် မတိုးမကျယ်ထွက်ပေါ်လာ၏။ ကြိုးတုပ်ခံထားရသည့် လူငယ်မှာ မဖြေ။
” ဪ…မေးနေတာကို ခေါင်းမာနေတယ်ပေါ့။ ရော့…ကွာ…ရော့ကွာ…”
ရွှေမောင်သည် ဒေါသထွက်လျက် ကြိုးတုပ်ထားသူကို ရိုက်နှက်၏။ ထိုအခါ လူငယ်သည် အားမတန်၍ မာန်လျော့ဟန်ဖြင့် တစ်စုံတစ်ရာ ကို တီးတိုးပြောလေသည်။
ရွှေမောင်မှာ လူငယ်အား ကျေနပ်စွာ ကြည့်လိုက်၏။ ပြီးသော်…
” ဟား…ဟား…ဟား…ဒီလိုမှပေါ့ကွာ…”
ရွှေမောင်သည် ပြောပြီးသော် သူတစ်ယောက်ထဲ ရှေ့ထွက်သွား၏။ အနည်းငယ်သွားပြီးသော် နေရာတစ်ခုဆီတွင် ရပ်လေပြီး ကျန်လူများအား ခေါ်ကာ သူ့တို့နေရာကို စည်းသုံးတန်တား၏။ လူငယ်ကိုတော့ မည်းမည်းအကောင်ကြီးတစ်ကောင်နှင့်အတူ ထားရစ်ခဲ့သည်။
ပြီးလျင် သူ့လူများကို ကန်တော့ပွဲများ ပြင်ဆင်ရန် ရွှေမောင် ပြောလေသည်။
ထို့နောက် မလှမ်းမကမ်းရှိ ထန်းပင်သုံးပင် ဖိုခနောက်ဆိုင်နေသော နေရာဆီကို ကြည့်ကာ ပါးစပ်က တစ်စုံတစ်ရာကို တီးတိုးရွတ်ပြီး ဝဲဘက်လက်ညှိုးထိုးဖြင့် လှမ်းထိုးရွယ်၍ စည်းတားသည့်ဟန် ထပ်ကာဝိုင်းကာ တားလိုက်၏။
” ကဲ…ဟေ့ကောင်တွေ အားလုံးကိုတော့ အရံစည်းတားပြီးပြီ။ နောက်ဆက်တွဲ အဓိကစည်းအတွက် လုပ်ဆောင်စရာတွေတော့ ကျန်သေးတယ်။ ကန်တော့်ပွဲတွေ ပြီးမှပဲ အဓိကစည်းတားပြီး လုပ်ငန်းစရမှာပဲ။ မင်းတို့ဘက်ကတော့ အခု စည်းကိုလည်း မဖောက်စေနဲ့ ကြားလား”
” ဟုတ်ကဲ့…”
ရွှေမောင်နှင့် သူ၏ လူများ လတ်တလော အလုပ်ရှုပ်ကုန်ကြပြန်သည်။ မကြာမီတွင် ရွှေမောင်က
” ကဲ…အားလုံးတော့ ပြီးပြီ။ ငါ ဒီက သိုက်စောင့်တွေကို ချုပ်ပြီးပြီ။ ခဏကြာရင် ငါ သိုက်နန်းဖွင့်ခိုင်းမယ်။ ပွင့်တာနဲ့ သူတိူ့ ရှုံးပြီ။ ငါတိူ့ကို ဘာမှ လုပ်မရတော့ဘူး။ ဒီခါကျမှ မင်းတို့က အထဲ၀င်ပြီး သယ်နိုင်သမျှကိုသာ သယ်ခဲ့ကြတော့”
ရွှေမောင်သည် သူ့လူများကို အစီအစဉ် ပြောပြလေပြီးနောက် ထန်းသုံးပင်ဘက်ကို ကြေးပြားအင်းတစ်ချက်ပစ်လိုက်သည်။
” ဝေါ…ဝေါ…”
ဟူသည့် အော်သံကြီးနှင့်အတူ ထန်းသုံးပင်နေရာက ရွှေရောင်နန်းဆောင်ကြီးတစ်ခု ပေါ်လာလေသည်။ အထဲတွင်တော့ ချုပ်နှောင်ခံထားရသည့် သိုက်စောင့် ယောက်ျား၊ မိန်းမများ။
” ဟား…ဟား…ဟား…အောင်ပြီကွ။ အောင်ပြီ….”
ရွှေမောင် ၀မ်းသာအားရအော်လိုက်သည်။ ထိုစဉ်
” ဒီလောက်ဆို တော်လောက်ရော့ပေါ့ ယောပြန်ရွှေမောင်…”
” ဟင်…ဘယ်သူလဲဟ..”
တရွေ့ရွေ့ ရွှေမောင်တို့ထံ အမှောင်ထဲက လှမ်းလာနေသည့် လူတစ်ယောက်။ မကြာမီ ရွှေမောင်တို့နှင့် မလှမ်းမကမ်းကို သူတော်ရောက်သွားလေသည်။
” အဲ… ငါလေးက ဘယ်သူလဲ မင်းသိချင်တယ်ပေါ့လေ…ဟီ…ဟီ…ဒီမှာကြည့် ငါက နတ်သားလေး သူတော်လေ…ဟီ…ဟီ”
ရွှေမောင်မှာ မီးရောင်အောက်တွင် မြင်ရသော သူတော်၏ ပုံစံကြောင့် အလွယ်တကူပင် သူရူးတစ်ယောက်ဟု ယူဆမိသွားကာ
” ဟာ…အရေးထဲ သောက်ရူးက တစ်မှောင့်။ ဟေ့…ကောင်တွေ တားကြစမ်း…”
ရွှေမောင်၏ အော်သံက မသိလျင် သူ့အနီးက လူများကို ပြောနေသည့်ဟန်။ သို့ကြောင့် ငစိုးတို့က သူရူးကို တားရန် အပြင်ထွက်ဖို့ ပြင်ကြလေသည်။
” ဟာ…ဟေ့ကောင်တွေ မင်းတိုကိုပြောတာမဟုတ်ဘူး။ မင်းတို့က ထွက်လို့မရဘူး။ စည်းပေါက်သွားလိမ့်မယ်။ ဟေ့…သဘက်ကြီးငမည်း လာခဲ့စမ်း”
ရွှေမောင့်အသံအဆုံး အနောက်တောတန်းဘက်ဆီက ” ဒုန်း…ဒုန်း…” ဟူသော ကြမ်းတမ်းလှသည့် ခြေသံကြီး တစ်သံထွက်ပေါ်လာသည်။
မကြာပါ။ ထန်းပင်တစ်ရပ်နီးနီးခန့် ရှိပြီး မျက်လုံးကြီးနီရဲတောက်နေသည့် အမွှေးအမျှင့်များနှင့် သဘက်ကြီးတစ်ကောင်။ သဘက်ကြီး၏ ပါးစပ်ပြဲပြဲကြီးဆီက သွားရည်များ တမြှားမြှားကျနေသည်။
” ဟမွး…ဟမွး…ဟမွး…”
” ငမည်း… ဒီကောင့်ကို ကုတ်ချိုးသတ်ပစ်လိုက်ကြစမ်း…”
ရွှေမောင်က သဘက်ကြီးငမည်းကို ကြည့်လျက် အရူးသူတော်ကို သတ်ရန် အမိန့်ပေးလိုက်သည်။
သဘက်ကြီးက သခင်၏ အမိန့်ကြောင့် သူတော်ကို ဒေါသအမျက်ချောင်းချောင်းထွက်နေသည့် ဟန်ဖြင့် ပြေး၀င်ကာ ရိုက်ပုတ်ရန်ကြိုးစားသည်။
” ဟဲ…ဟဲ…ဒီထက်ကြီးတဲ့အကောင်ရှိရင် လွှတ်လိုက်စမ်းပါဦး ရွှေမောင်ရဲ့…”
သူတော်က မထီတရီ ခနဲ့လိုက်လေပြီး မိုးပေါ်ကို လက်ညှိုးထိုးလျက် ပါးစပ်က မန္တာန်တစ်ပုဒ်ကို တီးတိုးရွတ်ဆိုလိုက်သည်။ ပြီးသော် လက်ညှိုးဖြင့် သဘက်ကြီးဆီကို ထိုးညွှန်လိုက်သည်။
” ဝုန်း…”
” အီး…”
ပြေးနေသော သဘက်ကြီးမှာ ရုတ်တရက် ဝုန်းခနဲ ပက်လက်လန်လဲကျသွားလေပြီး နာကျင်စွာ အော်ညည်းနေလေ၏။
ထိုအခါ သူတော်က လဲကျနေသော သဘက်ကြီးအား သူထိုးညွှန်ထားသော လက်ညှိုးဖြင့်ပင် ကြိုးဖြင့် ရစ်သယောက် လုပ်ဆောင်လိုက်၏။
ထိုအခါ လဲနေသော သဘက်ကြီးမှာ ကြိုးနှင့် တုပ်ခံရသယောက် ခြေများ၊ လက်များ ပူးကပ်၍ သွားလေ၏။
” ဪ… မင်းကို ငါက သာမန်အရူးထင်နေတာ။ လက်စသတ်တော့ မင်းကလည်း ပညာသည်ပဲကိုး။ အေး…ငါ့ကိုတော့ ဒီလိုလာမစမ်းနဲ့ ယောပြန်ရွှေမောင်ဆိုတာ ဘာလဲသိရအောင် မင်းကို ငါပြစမ်းမယ်ဟေ့…”
ရွှေမောင်သည် ပြောပြောဆိုဆိုပင် သူ့လွယ်အိတ်ထဲက တစ်စုံတစ်ရာကို နှိုက်ယူပြီး ဂါထာစုတ်ကာ သူတော်ထံ ပစ်လိုက်သည်။
” ဪ…တိုက်နွားပဲကိုး။ ဟီ…ဟီ…ငါလို နတ်သားကို ဒီလို တိုက်နွားလောက်နဲ့ ရနိုင်ရိုးလား…”
သူတော်က ပြောပြောဆိုဆို မန္တာန်တစ်ပုဒ်ကို ရွတ်၍ မြေပြင်ကို ဖနောင့်တစ်ချက်ပေါက်လိုက်ကာ
” လာစမ်းဟဲ့ မန္တာန်စောင့် တိုက်ကျား…”
” ဝုန်း…”
ခနဲ မည်သံနှင့်အတူ သူတော်ရှေ့ဆီတွင် ရွှေရောင်ကျားတစ်ကောင်။ ကျာကြီးက ” ဝေါင်း..” ခနဲတစ်ချက်ဟိန်း၍ လှုပ်ရွကာ ချိုသွေးနေသော နေသော ရွှေမောင်၏ တိုက်နွားထံကို ပြေး၀င် ခုန်အုပ်တော့သည်။
တိုက်နွားကြီးကတော့ ရွှေရောင်ကျားကြီးကို မြင်ပြီး အနောက်ကို လှည့်ပြေးချေပြီ။
ရွှေမောင်မှာ အခြေအနေကို တွေးမိလေပြီ။ သူရူးကို သူနိုင်ရန်မဖြစ်တော့ပြီမို့ ရုတ်တရက် ထကာ ထွက်ပြေးလေပြီ။ ရွှေမောင်ပြေးသည်ကို မြင်သော် နောက်က ငစိုးတို့ကလည်း လိုက်ပြေးကြကုန်သည်။
” စည်းပေါက်ပြီဟေ့…စည်းပေါက်ပြီ…”
” ဝေါ…ဝေါ….”
အော်သံဟစ်သံများ၊ တော်လဲသံများ။
လူငယ်နှင့်အတူ အထဲက သိုက်စောင့်တို့သည် တုပ်နှောင်ခံထားရမှုများ ပြေကုန်လေပြီ။
သိုက်စောင့်တို့က လက်နက်များဆွဲကိုင်ကာ ရွှေမောင်တို့နောက် ပြေးလိုက်ကုန်ကြသည်။
ထိုအချိန် အရူးသူတော်ကတော့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သော အ​ြဖစ်အပျက်တို့ကို ကြည့်လေကာ
” အင်း…ငမိုက်သားတို့တော့ သူ့အပြစ်ဒဏ်၊ သူ့ဘာသာစီရင်ပါစေတော့…”
ဟု ရေရွတ်လေပြီး သူ၏ အိတ်စုတ်ကြီးကို လွယ်ကာ သဘက်ကြီးထံ သွားလေပြီး
” ကဲ…မင်းကတော့ ခိုင်းတဲ့အတိုင်း လုပ်တာမို့ ငါသူတော် အပြစ်မပေးတော့ဘူး။ အခုကစပြီး လွတ်လွတ်လပ်လပ်နဲ့ သူများကို ဒုက္ခမပေးဘဲ ကောင်းမွန်အောင် နေပေတော့…”
သူတော်သည် ပြောပြောဆိုဆို သဘက်ကြီးကို တုပ်နှောင်ထားကနေ ဖြည်ပေးလိုက်၏။
တုပ်နှောင်မှု ပြည်လေသော် သဘက်ကြီးမှာ သူတော်အား ကျေးဇူးတင်စွာ ကြည့်လေပြီးနောက် တောထဲဆီ၀င်ရောက်သွားလေတော့၏။
*****
သန်းခေါင်ကိုကျော်လွန်၍ မိုးလင်းလုပြီ။ ဦးဖိုးသနှင့် ကိုကြီးမောင်တို့ မိသားနှစ်စုကတော့ မအိပ်နိုင်သေး။
သူတို့ရှေ့ဆီက လူခြောက်ကလေးနှစ်ယောက်နှင့် ထွန်းထားသော ဖယောင်းတိုင်မီးကို မမှိတ်မသုန်စိုက်ငြည့်နေကြသည်။ သူတို့အားလုံး၏ ရင်အစုံတို့ကတော့ မုန်တိုင်းထန်နေသည့် သမုဒ္ဒရာပမာ။
” အောက်…အီး…အီး…အွတ်…”
သန်းခေါင်လွန် ကြက်တွန်သံတစ်ချို့။
” သမီးတော်ကြီး…ဟေ့…သမီးတော်ကြီး…”
အိမ်ရှေ့က ခေါ်သံကြောင့် အားလုံး လှုပ်ရွကုန်ကြသည်။
” ဆရာ…ဆရာပြန်လာပြီ”
ဒေါ်နှင်းမူက ပြောပြောဆိုဆို အိမ်အောက်ကို အမြန်ဆင်းသွား၏။ ကိုကြီးမောင်တစ်ယောက်သာ ကျန်ရစ်ပြီး ကျန်လူများသည်လည်း အိမ်အောက်ကို လိုက်ဆင်းကြလေသည်။
အိမ်ရှေ့တွင်တော့ အိတ်စုတ်ကြီးလွယ်လျက် တဝါးဝါးသမ်းဝေနေသော အရူးသူတော်။
” ဆရာ…အဆင်ပြေခဲ့ရဲ့လားဟင်…”
ဒေါ်နှင်းမူက မျှော်လင့်တကြီးမေးလေသည်။
” အင်း…ပြေတယ်။ သူတို့အားလုံးကို ကယ်ခဲ့ပြီးပြီ။ အဲ့ဒါလာပြောတာ…ဖယောင်းတိုင်မီးကိုလည်း ငြှိမ်းလိုက်တော့။ မကြာခင် ကလေးတွေက သူတို့ဆန္ဒကို ပြောလိမ့်မယ်။ အဲ့ဒီ့အခါကျ ဖြည့်ဆည်းပေးလိုက်ကြ။ ကဲ…ငါသူတော်လေး နတ်ပြည်ကို သွားတော့မယ်ဟေ့…သွားပြီ…”
သူတော်သည် ပြောနေရင်း ရုတ်တရက် စကားစဖြတ်ကာ ပြေးထွက်သွားလေသည်။
” ဆရာ…ဆရာ…”
ဒေါ်နှင်းမှုံတို့ ကိုဖိုးသတို့သည် သူတော်ကို လှမ်းခေါ်သော်ငြား အချည်းအနှီးသာ။ သူတော်ကား နောက်ကို လုံး၀လှည့်မကြည့်တော့ပေ။
သို့နှင့် မနက်မိုးလင်းပိုင်းတွင်တော့ ကိုဖိုးသတို့ မိသားနှစ်စုသည် စကားပြောဆိုနေကြရာမှနားကာ ခဏတာ မှေးစက်ကြလေသည်။ ထိုခဏ၌ ဒေါ်နှင်းမှုံနှင့် မမှေးတို့တွင် အိပ်မက်အသီးသီး မက်ကြတော့သည်။ အိပ်မက်ထဲတွင်…သူတို့၏ လူခြောက်မောင်နှံက
” အမေတို့…သားတို့သမီးတို့ကို ဆရာက ကယ်တင်ပြီးပါပြီ။ သားတို့က သိုက်နန်းတစ်ခုက အကြီးအကဲ ဇနီးမောင်နှံပါ။ နောက်နှစိနှစ်လောက်ဆို အဖေ၊ အမေတို့ကို သားတို့ နှုတ်ဆကိတော့မှာ။ ဒီအတောအတွင်းမှာ သားတို့ မောင်နှံက ကိုယ်ပိုင်ပစ္စည်းအချို့နဲ့ ဘုရားတစ်ဆူ တည်ချင်တယ်။ အဖေ၊ အမေတို့ ဆောင်ရွက်ပေးပါနော်…။ပြီးတော့ ငမိုက်သားတွေကိုလည်း ဖမ်းပြီး အရေးယူပေးကြဦး…နေရာကတော့ xxxx။ မကြာခင်မှာ သားတို့ သိုက်နန်းကို အခြားနေရာကို ရွှေ့ကြမယ်။ ဒီမနက်ကိုပဲ သိုက်နန်းနေရာကို အဖေ၊ အမေတို့ သွားကြပါ။ ဘုရားတည်ဖို့ ပစ္စည်းတွေ ထားပေးထားတယ်။ ယူလိုက်ပါ…။ သွားတော့မယ်နော်….”
အိပ်မက်က ထိုမျှသာ။ ပြောပြီးသော် လူခြောက်မောင်နှံမှာ အိပ်မက်က ကွယ်ပျောက်လေ၏။
ဒေါ်နှင်မှုံတို့မှာ အိပ်မက်က လန့်နိုးကြလေပြီး သူတို့၏ ခင်ပွန်းတို့ကို ပြောပြကြသည်။ ထိုအခါ အိပ်မက်မှာ နှစ်ဦးစလုံး ထပ်တူကျနေ၏။
ထို့နောကိတွင်တော့ ရွာထဲက လူတချို့ကို ခေါ်ဆောင်ပြီး ညွှန်ပြသော နေရာဆီ သွားကြည့်ကြလေသည်။
လူခြောကိလေးများ ပြောလေသည့် ထန်းသုံးပင်နေရာဆီတွင်တော့ ခန္ဓာကိုယ်တွင်သွေးအလိမ်းလိမ်းဖြင့် မြေပြင်ထက်တွင် ရေထင်ကာကူးခတ်နေကြသော လူတစ်စု။
” ကူးကြကွ….ကူးကြ…မသေကြစေနဲ့…”
” ငါးတွေလာနေပြီ…လိပ်တွေ…အား…”
ထိုသူတို့၏ အော်သံ။ ရွာသားတို့က ထိုသူတို့ကို ဖမ်းလိုက်ကြသည်။
ထိုအခိုက် ကိုဖိုးသတို့သည် ထန်းသုံးပင်နေရာကို ရောက်သွားလေပြီး အမှတ်မထင် ထန်းပင်နေရာကို ကြည့်မိကြသော်…
” အို…အထုပ်ကလေး နှစ်ထုပ်ပါလား”
ဖျင်စဖြင့် ထုပ်ထားသော အတာအိုးငယ်တစ်လုံးခန့်ရှိ အထုပ်ငယ် နှစ်ထုပ်။
နောက်ရက်များတွင်တော့ ညရေးညတာ အပြင်ထွက်ကြသော ရွာသူရွာသားတို့သည် လယ်ပြင်များအလွန်၊ ခင်တန်းကလေးရှိ ထန်းသုံးပင်နေရာမှ အဖြူရောင်မီးလုံးများ သွားချည်၊ လာချည် ပျံသန်းနေသည်ကို တွေ့ကြရလေသည်။
*****
နောက် ဆယ်ရက်ခန့်အကြာတွင်တော့။
” ဟေ့…မိညှက်…ကိုဖိုးမောင်တို့သားနဲ့
ကိုဖိုးသတို့ သမီးမင်္ဂလာဆောင်ကို မသွားဘူးလား”
” အေး…သွားမလို့ မမိုးရေ…ကျုပ်ကလေးတွေကို အ၀တ်အစားလဲပေးနေတာ မပြီးသေးလို့…ဒီဇမ္ဗူမှာ တစ်ခုရှားတဲ့ လူခြောက်လေးတွေဆောငိတဲ့ မင်္ဂလာဆောင်ကို ကျုပ်မသွားရင် ကျုပ်ထက်မိုက်သူ ရှိပါ့ဦးမလားတော်”
” အေးအေး…ငါစောင့်မယ်လေ တို့မိသားစုတွေ အတူသွားကြတာပေါ့…”
တစ်ချိန်က ကိုကြီးမောင်တို့ အလှူသွားဖို့ ဆော်သြနေသော အပျိုဖြန်း မိညှက်နှင့် မိမိုး။ ယခုတော့ အသက်ကြီး၍ အရွယ်ရောက်ကာ သားနှင့် သမီးနှင့် ဖြစ်ချေပြီ။ သည်တစ်ခေါက် သူတို့ သွားကြမည်ကတော့ အလှူမဟုတ်တော့။ လူခြောက်ကလေးတို့အတွက် ကျင်းပပေးသော မင်္ဂလာဆောင်ပင်။
ထို့အတူ နောက်တစ်နှစ်ခန့်ကြာသော် ရွာနှစ်ရွာ အလယ်၊ ကိုးတောင်ပြည့်စေတီကလေး၏ နံဘေး၌ စေတီကလေးတစ်ဆူ ထပ်မံတိုးလာလေပြီး ဘုရားထီးတင်ပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပလေသည်။
ထိုမှသည် တစ်နှစ်ထပ်မံ၍ ကြာသော်….တစ်ခုသော ည၌။
ဒေါ်နှင်မှုံတို့ လင်မယားနှင့် မမှေးတို့ လင်မယားသည် တူညီသော အိပ်မက်ကြလေသည်။ အိပ်မက်ထဲ၌ ချစ်တင်တို့ လူခြောက်လင်မယားသည် သူတို့အား
” အဖေ…နဲ့ အမေ…သားတို့ အဖေနဲ့ အမေကို လာနှုတ်ဆက်တာ။ အချိန်စေ့ပြီမို့သားတို့တတွေ နန်းမဟော်ကို ပြန်ကြရတော့မယ်။ သွားတော့မယ်နော်…”
ဟု ပြောလျက် နှုတ်ဆက်သွားကြလေသည်။
မနက်မိုးလင်းသော် သူတို့သည် အတူရှိနေကြသော် လူခြောက်ကလေးများကို ကြည့်ကြလေလျင်…အရိအရွဲများကျလျက် သေဆုံးနေကြလေသော လူခြောက်ကလေးတို့ကို တွေ့ကြရလေတော့သည်။
ပြီးပါပြီ။