အိမ်ပြန်ချိန်

အိမ်ပြန်ချိန်(စ/ဆုံး)

———————

” တိုးတက်နေတဲ့ခေတ်ကြီးမှာ
မင်းမို့လို့ အဲ့တာတွေ ယုံနေသေးတယ်
အလကား ယုံတမ်းစကားတွေ ”

” ဟ ဟေ့ကောင်(ယောင်) က
အဲ့လိုလဲမဟုတ်သေးဘူးလေ
မင်းဟိုစကားပုံမကြားဖူးဘူးလား
ရှေးထုံးလည်းမပယ်နဲ့ စျေးသုံးလည်းမကြွယ်နဲ့
ဆိုတာလေ ”

” ဟိုးထား…….
သူရ မင်းငါ့ကို
စကားပုံတွေနဲ့လာမချုပ်နဲ့
ငါဆိုတဲ့ကောင်က အဲ့ဒါမျိုးတွေ
ယုံတဲ့ကောင်မဟုတ်ဘူး ”

” ဒီမယ် မင်းသူ… မင်းတယူသန်စိတ်က
ငါတို့စခင်ကတည်းကနော်
ငါနောက်ဆုးံမင်းကိုပြောမယ်
တို့မြတ်စွာဘုရားရှင်တောင်
၃၁ ဘုံအကြောင်းဟောပြောခဲ့တယ်လေ
အေး… အဲ့ ၃၁ဘုံရဲ့ အပ္ပါယ်ဘုံလေးဘုံထဲမှာ
မင်းလက်ခံထားတဲ့ ငရဲ နဲ့ တိရစ္ဆာန် အပြင်
ပြိတ္တာ တို့ အသူရကယ် တို့ဆိုတဲ့
ဘုံဘဝတွေလည်း ပါနေတယ်ဆိုတာ
မင်းမမေ့နဲ့ ”

” ဟုတ်ပါပြီ ငါမငြင်းတော့ပါဘူး
တရားသမားကြီးရာ…. ”

“မင်းငါ့ကိုမရွဲ့နဲ့မင်းသူ
မင်းတကယ်မယုံဘူးဆို
စမ်းလို့ရတဲ့နည်းတွေအများကြီးရှိတယ် ”

” ဘာလဲ..သရဲခေါ်နည်းလား
နားစမ်းပါ…
ငါငယ်ငယ်က ခြေကလိမ်မတို့
အုန်းမုတ်ခွက်သရဲတို့
ခေါ်ဘူးတယ်လေ
ဘယ်မှာလာလို့လဲ ဘာသရဲမှမရှိဘူး ၊
အမဲသားကိုလမ်းဆုံမှာထားပြီး
ခေါ်တုန်းကလည်း သရဲမလာတဲ့အပြင်
ခွေးက အမဲသားကြီးဆွဲပြေးသွားတယ် ၊
အလကား ရှေးလူတွေက
ကလေးတွေကိုခြောက်လန့်ဖို့
သရဲနာမည်တွေလျှောက်ပေးခဲ့တာ ”

” တော်ကြတော့…မင်းတို့နှစ်ယောက်လုံး
ငြင်းနေတာရပ်လိုက်တော့ ”

ထိုအသံကြောင့် သူရနှင့်မင်းသူတို့
အငြင်းအခုံရပ်သွားပြီးနောက်
အကြည့်များမှာ အသံရှင်ဆီရောက်သွားလေသည် ။
အသံရှင်မှာ ဆန်းသစ် ဖြစ်သည် ။
သူရ ၊ မင်းသူ နှင့် ဆန်းသစ်တို့သုံးဦးသည်
တစ်ယောက်တစ်နေရာဆီမှ လာကြပြီး
နှစ်ဆယ့်လေးနာရီ လည်ပတ်နေသည့်
Convenience Store လေးတစ်ခုတွင်
အလုပ်လုပ်နေကြသူများဖြစ်ပြီး ၊
ဆိုင်တွင် မနက် နေ့လည် ည ဟု၍
အချိန်သုံးဆိုင်းရှိရာမှ ဆန်းသစ်တို့မှာ
ညဆိုင်းဆင်းရခြင်းဖြစ်သည် ၊
ဆိုင်ညဆိုင်းမှာ Customer ပါး ပြီး
အရက်ဘီယာ လာဝယ်သူအချို့သာ
အများဆုံးရှိသည် ထို့ကြောင့်
ဝယ်သူမရှိချိန်အားလပ်ချိန်တွင်
သုံးယောက်သား စကားစမြည့်
ပြောနေရာမှ သရဲအကြောင်းရောက်သွားခြင်းပင်
သရဲအကြောင်း ဟုဆိုရာတွင်လည်း
သူရနှင့်မင်းသူတို့က
အပြန်အလှန်ငြင်းခုံနေကြသည် ။
ထိုအခြေအနေအား ဝင်မပြောသေးပဲ
သည်းခံနားထောင်နေသူ ဆန်းသစ်မှ
သည်းမခံနိုင်သည့်အဆုံး ဝင်တားဆီးလိုက်ခြင်းပင် ၊
ဆက်လက်၍ ဆန်းသစ်က

” ငါပြောမယ် သရဲရှိတယ်မရှိဘူးဆိုတာ
စကားနဲ့ပြောမနေဘူး
သူရ မင်းက ယုံတယ်ဆိုတော့ထားပါ၊
မင်းသူ မင်းက မယုံဘူးဆိုတော့
စမ်းချင်လား… ငါအတည်မေးနေတာ ”

ဆန်းသစ်၏ မျက်နာမှာ
တည်လွန်းနေသည် ။
မင်းသူမှာလည်း သူ့ခံယူချက်အတိုင်း
ခပ်ချေချေ မျက်နာဘေးဖြင့်

” အေး စမ်းချင်နေတာကြာပေါ့ ”

” ကြိုက်တယ် ဒါမျိုးစိတ်ဓာတ်ကို
ကြိုက်တာ ”

ဆန်းသစ်ကသူ၏စကားအဆုံးတွင်
တစ်ချက်မဲ့ပြုံးပြုံပြလိုက်သည် ။

သူရကတော့ ဘေးမှာ ပါးစပ်အဟောင်းသားဖြင့်
မျက်တောင်မခတ်တန်း စိတ်ဝင်တစား
နားထောင်နေသည် ။

ဆန်းသစ်က
” ဒီလာမယ့် ကြာသပတေး
မင်းပိတ်ရက်မို့လား ”

မင်းသူကပြန်ဖြေပြီးနောက်
” အေးလေ….ငါ့နားရက်လေ
အာ့ဘာဖြစ်လို့လဲ ”

” မင်းစမ်းချင်ရင်အဲ့နေ့စမ်းလို့ရတယ်….
အစီအစဉ်ကဒီလို….
ငါပြောတဲ့အိမ်မှာ မင်းတစ်ညသွားအိပ်
ဘယ်လိုလဲ မင်းသူ…
ဆိုလိုတာက အဲ့အိမ်က ငါ့ဦးလေးအိမ်
အဲ့ဒီအိမ်မှာလည်း သူတစ်ယောက်တည်းနေတာ
လောလောဆယ်တော့ ဦးလေးကမရှိဘူးကွာ
အိမ်သော့ကတော့ငါ့အပ်ခဲ့တယ်
ငါလည်းတစ်ခါတစ်လေ သွားပြီး
အိမ်စောင့်ပေးတယ် ၊
လာမယ့်ကြာသပတေးနေ့ ငါက ညဆိုင်းပဲဆိုတော့
မင်း အဲ့အိမ်မှာအိပ်မယ်ဆို
(……) အချိန်လောက် ငါ့အိမ်(—)ကိုလာခဲ့
ငါ မင်းအိပ်ရမယ့်အိမ်ကိုခေါ်သွားပြီး
မင်းလက်ထဲအိမ်သော့ပေးခဲ့မယ်
တစ်ညပဲ အိပ်ကြည့်ပါ… ”

ဆန်းသစ်စကား အဆုံးတွင် မင်းသူက
” စိန်လိုက်လေ….
အဲ့အိမ်မှာဘာပဲဖြစ်မယ်ဆိုတာ
ငါတွေးပြီးရင်တောင်မခုန်ဘူး
ဆန်းသစ်ရေ… ကြာသပတေးတွေ့ကြမယ်
ငါဖုန်းဆက်လိုက်မယ် ”

သူတို့၏ စကားဝိုင်းလေးကောင်းနေစဉ်

” ညီလေးတို့ရေ…
ဂရမ်းအပြာ တစ်တောင့်လောက် လုပ်ပါဦး ”

ထုံးစံအတိုင်း အရက်ဝယ်သည့်
Customer ရောက်လာသဖြင့်
ငွေရှင်းနေရာပြေးသူကပြေး
အရက်ပုလင်းရှာသူကရှာ
စသဖြင့် အလုပ်ပြန်စခဲ့သည်
ညလေးတစ်ညမှာ ထိုမျှသာ ။

—————————————–

” အေးဟဲလို… ဆန်းသစ်..
ငါ မင်းသူပါ ငါအခုမင်းတို့လမ်းနားရောက်နေပြီ ”

” ဪ ဟုတ်ပြီ မင်းသူ (—)
ကိုလာခဲ့ အဲ့နားမွာ
ငါ့အိမ်ရှိတယ်
ခေါင်မိုးအပြာလေးနဲ့ ”

မကြာမှီသူတို့နှစ်ဦးဆုံကြသည်။

ချိတ်ဆက်ထားကြသည့်အတိုင်း
မင်းသူက ဆန်းသစ်အား
သူ၏ ဦးလေးအိမ်ဟူသည့်နေရာသို့
ခေါ်သွားခဲ့လေပြီ ။

ထိုနေရာမှာ မင်းသူခန့်မှန်းထားသလို
ဆန်းသစ်တို့အိမ်အနားတွင်မဟုတ်ပဲ
Bus နာရီဝက်ခန့်စီးသွားရသည်။

မှတ်တိုင်တစ်ခုအရောက်တွင်
ဆန်းသစ်မှ မင်းသူကိုခေါ်ပြီး
လမ်းငယ်တစ်ခုထဲသို့ဝင်သွားလေသည် ၊
ထို့နောက် လုံးချင်း နှစ်ထပ်အိမ်ငယ်လေးတစ်ခုရှေ့
အရောက်တွင် ရပ်လိုက်ပြီးထိုအိမ်ခြံတံခါးအား
ဆန်းသစ်မှအသင့်ပါလာသော
သော့ဖြင့်ဖွင့်ဝင်ခဲ့သည် ၊ ထိုမှတစ်ဆင့်
အိမ်တံခါး ။

အိမ်ထဲသို့ရောက်သောအခါ
ဆန်းသစ်က တစ်စုံတစ်ရာကို
‌သတိထားဟန်ဖြင့် မျက်စိကစားနေပြီး

အိမ်တွင်းအပြင်အဆင်မှာ
မရှိသလောက်ပင် ၊ အိမ်မှာ
ဆောက်ခါစအိမ်သာသာပင် ။

သစ်လွင်မှူအနည်းငယ်ရှိသေးသည်ကို
ကြည့်ခြင်းဖြင့် အိမ်ရှင်မှာအတော်လေး
စည်းစနစ်ကျသူဟု ယူဆမိသည် ။

ထိုစဉ် ဆန်းသစ်က
” ဒီမှာက
ပိုင်ရှင်ငါ့ဦးလေးတစ်ယောက်တည်းနေတာ
သူက လက်ရှိ ခရီးတစ်ခုသွားနေတယ်
ပြီးတော့သူ့အိမ်ကိုလည်း
ငါ့လက်အပ်ခဲ့တာ ၊
အိ်မ်တွင်းပစ္စည်းတွေမရှိဘူးဆိုတာ
သူက ခရီးမှာ နှစ်ပေါက်မှာမို့လို့
သူမရှိတုန်းအိမ်ငှါးတင်လို့ရ ရင်
တင်ထားပါဆိုလို့ ငါရှင်ထားတာ
သိမ်းစရာရှိတာသိမ်းနဲ့…
မင်းအဆင်ပြေမှာပါ
အိပ်စရာ ကုတင်ကဟိုးမှာ
တွေ့လား အခန်းထဲက အေး…
ရေမီးအစုံရတယ်
အိမ်သာလည်းအဆင်ပြေတယ်
တစ်ညကောင်းကောင်းနေလို့ရပါတယ်….
ငါတစ်ခုသတိပေးချင်တာက
မင်းတစ်ခုခုပြသနာရှိရင်
လမ်းထိပ်က ဓမ္မ ရုံကိုသာပြေးသွားလိုက်
အဲ့မှာလူစောင့်များတယ်…
ဒါနဲ့ ငါနောက်ဆုံးမေးမလို့
မင်းတကယ်စမ်းမှာသေချာပြီလား…. ”
ဆန်းသစ်စကား အဆုံးတွင် မင်းသူက

” သေချာလို့ပဲရောက်လာပြီပဲကွာ..
သချို င်္င်းကုန်းသွား အိပ်ဆိုတောင်
ဂူပေါ်တက်အိပ်ပြရဲသေးတယ်…
ငါ့အတွက်ဒီအိမ်က ဘာမှကြောက်စရာမရှိဘူး
သရဲဆိုတာ အလကား….
တကယ်ရှိတဲ့အရာမဟုတ်ဘူး.. ”

ထိုအခု ဆန်းသစ်က ရယ်၍

” အဟား… အေးပါ…
မင်းအဆင်ပြေရင်ပြီးတာပါပဲကွာ… ”

အိမ်သော့ကို မင်းသူအား
ပေးခဲ့ပြီး ဆန်းသစ်ပြန်သွားလေသည် ။

ညနေစောင်းပြီဖြစ်တဲ့အတွက်
မင်းသူ လမ်းထိပ်တွင်တစ်ခုခု သွားစားပြီးနောက်
သူအိပ်ရမည့်အိမ်သို့ပြန်လာပြီး
ဟိုဒီပတ်ကြည့်နေလေသည် ။

အိမ်တည်ဆောက်ပုံမှာ စနစ်ကျပြီး
ကိုးဆယ်ကျော်ခုနှစ်ဒီဇိုင်းမျိုး
သွပ်မိုး နှင့် အုတ်၊သစ်သား ရောကာ
ဆောက်ထားခြင်းပင် ၊
အပေါ်ထပ်တွင်ဖုံများပင်တက်နေသည် ။

စိတ်တိုင်းကျ လေ့လာပြီးနောက်
အောက်ထပ်မှ အခန်းတစ်ခုအတွင်းဝင်ကာ
အခန်းတွင်းရှိ ကုတင်ပေါ်တွင်
ကျောဆန့်လိုက်သည် ။

စိတ်ထဲတွင် မသိုးမသန့်ခံစားချက်
မဖြစ်စဖူးခံစားလိုက်သော်လည်း
မင်းသူ ပေါ့ပေါ့တန်တန် သာ မှတ်ယူထားသည် ။

အိမ်တွင်းပစ္စည်းများ
ကင်းမဲ့ပြီး
အခန်းတွင်း ကုတင်တစ်လုံးသာ ရှိသည် ။

ဖွင့်ထားသည့် ညအိပ်မီးသီးမှာ
အဝါဖျော့ရောင်လေး ။

လုပ်နေကြအတိုင်း
အသင့်ပါတာတဲ့ ဖုန်းလေးကို
ထုတ်ကာ ဟိုနှိပ်ဒီနှိပ်လုပ်ရင်း
မျက်လုံးများလေးလာပြီး
မကြာခင် မင်းသူ အိပ်ပျော်သွားခဲ့သည် ။

အချိန်မှာ ည ၁၂နာရီကျော်…

“ဒေါက်…..ဒေါက်…..”

“ဒေါက်……ဒေါက်…”

အခန်းတံခါးခေါက်သံကြောင့်
မင်းသူ လန့်နိုးလာသည် ၊
အိပ်ချင်မူးတူးဖြင့်ထကာ
အိပ်ခန်းတံခါးဖွင့်ရင်း
ယောင်ယမ်းပြီး မေးလိုက်မိသည် ။

” ဘယ်သူလဲ…. ”

မှောင်မဲ ဆိတ်ငြိမ်နေသည့်
အိမ်အတွင်း မင်းသူ စကားသံမှအပ
မည်သည့်အသံမျာယပြန်မထွက်ခဲ့
မင်းသူလည်း ပြန်အိပ်ရန် ကုတင်ဘက်သို့
ခြေဦးအလှည့်တွင်….

“ဂေါက်…. ဂေါက်…ဂေါက်… ”

တံခါးခေါက်သံထပ်ကြားရပြန်ပြီ
ယခုတစ်ခါ အခန်းတံခါးမှမဟုတ်
အိမ်ကြီး၏ အဝင်တံခါးမှလာသောအသံပင် ။
မင်းသူလည်း အိမ်မီးများကိုဖွင့်လိုက်ရင်း
မျက်စိများပြူးလာပြီး
အိမ်ရှေ့သို့သွားကာ အိမ်တံခါးဖွင့်ကြည့်လိုက်သည်
မည်သူမျှ ရှိမနေ ။

မျက်စိရှေ့တစ်ဖက်လမ်းမှ အုန်းပင်ကြီးများ
လရောင်အောက်တွက်
ယိမ်းထိုးကမြူးနေသည်ကိုသာ မြင်နေရသည် ၊
ထိုစဉ်လေအေးတစ်ချက်မှာ
မင်းသူ၏ ကိုယ်လုံးကိုဖြတ်တိုက်သွားပြီး
အိမ်ထဲထိုးဝင်သွားသည်….
ရာသီချိန်မဟုတ်…အေးမြသည့်
လေကြောင့် မင်းသူ တစ်ကိုယ်လုံး
ကြက်သီးများထလာကာ
နစ်ချက်မျှ တုန်ခါသွားသည် ။

ထူးခြားသည့် ဖြစ်စဉ်ကြောင့်
မင်းသူ အံသြမိနေပြီး တံခါးကိုသေချာစွာ
ပြန်ပိတ်ရင်း အိပ်ခန်းသို့ပြန်လာကာ
ပြန်လည် အိပ်စက်ခဲ့သည်…။

မကြာမီပင် အသံများကြားရပြန်ပြီ

အသံများမှာ ရေချိုးခန်းအတွင်းမှ ရေများ
ဒလဟော ကျဆင်းသည့်အသံဖြစ်သည်
မင်းသူလည်း လန့်နိုးလာပြီး
မီးများပြန်ဖွင့်ကာ ရေချိုးခန်းသို့ဝင်ကြည့်သည် ။

မည်သူမျှမရှိ ရေများမှာ
တစ်စုံတစ်ယောက်ဖွင့်ထားသည့်နယ်
ခလုပ်လည်နေလေသည် ၊
မင်းသူလည်း ခလုပ်ကို ပြန်ပိတ်ရင်း
အဖြေရှာနေစဉ်…

” ဝုန်း….. ”
ဟူသော အသံကြယ်ကြီးနှင့်အတူ
မင်းသူရောက်နေသည့်
ရေချိုးခန်းအိမ်သာ တံခါးမှာ ပိတ်သွားလေသည် ။

မင်းသူခေါင်းနပန်း ကြီးသွားပြီး
တံခါးကိုပြန်ဆွဲဖွင့်သည်
ပွင့်မလာ….
တစ်ပြိုင်တည်း ဆိုသလိုပင်
ရေများအလိုလို ပြန်ပွင့်ထွက်လာသည်
ရေအရောင်များမှာလည်း
တဖြည်းဖြည်း သွေးနီရောင်ပါလာသည်ကို
အလင်ထဲတွင်အရှင်းသားမြင်လိုက်ရသည် ။

မင်းသူ ရေကိုဦးစွာပြေးပိတ်ပြီး
တုန်ရီသောလက်အစုံဖြင့်
တံခါးကိုဆွဲဖွင့်ရာ ပွင့်သွားသည်
တံခါးအဝတွင်
ရေစိုနေသည့် ခြေရာ တစ်စုံ ။

လူမရှိသောအိမ်မှ
တံခါးပိတ်ခံရသည့်အပြင်
အပြင်တွင်ခြေရာမြင်သဖြင့်
မင်းသူ အတော်အတန်
ထိတ်လန့်သွား သည် ။

ဒီအိမ်တွင်ညအိပ်ဖို့ လာခဲ့မိသည်ကိုလည်း
ပထမဆုံးအကြိမ်နောင်တရနေမိသည် ။

ထိုသို့အတွေးဝင်နေစဉ်မှာပင်
မင်းသူမတ်တပ်ရပ်နေသည့် နေရာ
တည့်တည့် မျက်နာကြက်ပေါ်သို့
အိမ်ပေါ်မှ လေးပင်သည့် ပစ္စည်း (သို့)
တစ်စုံတစ်ယောက်က ခုန်ချလိုက်သည့်
အသံပြင်းပြင်းကြားလိုက်ရသည်… ။

” ဝုန်း…… ”

” အောင်မလေးဗျ ”

မင်းသူ ရုတ်တရက်
ထိတ်လန့်သွားပြီး အော်လိုက်မိသည်
တစ်ပြိုင်တည်း ဆိုသလိုပင်
လှေကဆီပြေးသွားပြီး
အိမ်ပေါ်တက်သို့တက်ကြည့်ပြီး
မီးဖွင့်ကြည့်ရာ အိမ်ပေါ်တွင်
မည်သူမျှမရှိ ……
လူ (သို့) ကြောင်တစ်ကောင်ရှိနေမည်ဆိုပါက
အိမ်ခင်းကြမ်းပြင်မှ
ဖုံများ ကွက်သွားနိုင်သည်…
ယခုမှာ ထိုဖုံများပင် ခြေရာလက်ရာမပျက် ။

ထိုစဉ် အိမ်အောက်ရှိ မင်းသူအခန်းသို့
တစ်စုံတစ်ယောက် ပြေးသွားနေသည့်
ခြေသံများကြားနေရပြီး တောက်ခေါက်သံ
အကျယ်ကြီး တသ်ချက်ကြားလိုက်ရသည် ။

” တောက်! ”

မင်းသူတစ်ယောက် ပြာခတ်သွားပြီး
ဟိုပြေးဒီပြေးနှင့်အရူးတစ်ယောက်ဆန်နေသည် ။

နောက်ဆုံး ကြောက်စိတ်ကိုအားတင်းထားပြီး
နီးရာ မှ သစ်သားတုတ်ချောင်းတစ်ခုအား
ခပ်တင်းတင်းကိုင်ထားပြီး သူ၏ အခန်းတွင်း
ဝင်ကြည့်သည် မည်သည့်အရိပ်အရောင်မျှ မတွေ့ရ
မီးများမှာ မင်းသူကြောက်စိတ်ကို ပိုနှိုးပေးသည့်နယ်
မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီးမှ
ပြန်ငြိမ်သွားသည် ။

မင်းသူဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး
အခန်းတံခါးကို အတွင်ူမှသော့ခတ်လိုက်သည် ။

လူက ကုတင်ပေါ်တွင်အိပ်ပြီး
အခန်းတွင်းလှုပ်ရှားမှုများကို
သတိထားကြည့်နေသည်….

အခန်းအပြင်မှ တံခါးခေါက်သံများ
ရေကျသံများ ပြေးလွှားသံ
လမ်းလျှောက်သည့်ခြေသံများ
အိမ်ပေါ်ထပ်တွင် ခုန်ပေါက်နေသည့်အသံ
စသည်တို့ကိုတစ်မျိုးပြီးတစ်မျိုး ကြားနေရသည် ။

မင်းသူမှာလည်း
သွေးပျက်မတက်ကြောက်လန့်နေပြီး
အခန်းတွင်းမှအခြေအနေကိုစောင့်ကြည့်နေသည် ။

ထိုသို့ကြည့်နေစဉ် …
အိမ်မှဖြစ်နေကြားနေရသည့် အသံများအားလုံး
တိတ်သွားပြီး မင်းသူ ကုတင်
ခြေရင်းနှင့် ဘေးဘက်ရှိ ပြတင်းပေါက်တွင်
အရိပ်တစ်ခု ဖြတ်ကာပြေးသွားနေသည်ကို
ခြောက်ခြားဖွယ်မြင်လိုက်ရသည် ။

ပြတင်းပေါက် နှစ်ပေါက်တည်းရှိသဖြင့်
မင်းသူ တစ်ကိုယ်လုံး ကြောက်စိတ်ကြောင့်
တုန်လှုပ်နေပြီး ဇောချွေးများသီးကာ
ကိုယ့်နှလုံးခုန်သံပင်
ပြန်ကြားနေရသည့်အဖြစ်….
အကြည့်များမှာ
ထိုပြတင်းပေါက်များကိုသာ
အာရုံစိုက်ထားသည် ။

ပြတင်းပေါက်မှအရိပ်များကို
မျက်ထိထဲမြင်အောင်ပြောပြရမည်ဆိုပါက
လူတစ်ယောက် အိမ်ကိုအခေါက်ခေါက်အခါခါ
ပတ်ပြေးနေသလိုမျိုး ဖြစ်သည် ။

တစ်ခုသောအချိန်တွင်….
ထိုလှုပ်ရှားပြေးလွှားနေသည့် အရိပ်မှာ
မင်းသူ၏ ကုတင်ခြေရင်းဘက်ရှိ
ပြတင်းပေါက်တည့်တည့်တွင်
ရပ်တန့်သွားသည်….
ပြတင်းတံခါးအပြင်ရှိ
ပုံစံမှာ မည်သူမည်ဝါဖြစ်ကြောင်း
ခွဲမရသော်လည်း အပြင်မှ
မင်းသူ ကုတင်ရှိရာကို စိုက်ကြည့်နေသည့်
ပုံမျိုးဖြစ်ကြောင်း ခံစားသိမြင်နေရသည် ။

မင်းသူ၏ ကြောက်ရွံ့စိတ်များမှာ
အဆုံးအဆမဲ့နေပြီး
အသက်ရှူဖို့ပင်မေ့နေသည် ၊
ပါးစပ်များမှာဆွံ့အနေပြီး
ပြတင်ူပေါက်အပြင်မှ အရာကိုသာ
အခန်းတွင်းဝင်လာမည်ကို
စိုးရိမ်စိတ်ဖြင့်
စိုက်ကြည့်နေမိသည် ။

မင်းသူဆုတောင်းမပြည့်ခဲ့သလို
အခန်းမီးမှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး
နောက်ဆုံးလုံးဝအမှောင်အတိကျသွားသည် ။

မင်းသူမှာ မောဟိုက်နေသည့် လူနာ
တစ်ဦးသဖွယ် သွေးပျက်နေပြီး
ကမန်းကတန်း လက်ထဲမှ ဖုန်းဓာတ်မီးကို
ဖွင့်ကာ ခြေရင်းမှ ပြတင်းပေါက်ကို
ထိုးကြည့်လိုက်သည် ။

ပြတင်းပေါက်မှာ ပွင့်လျှက်အနေအထား
ဖြစ်နေပြီး ပြတင်းတံခါးများသည်လည်း
ဆော့ကစားနေကြသည် ။

တစ်ဆက်တည်းတွင် မင်းသူဘေးမှ
အပုပ်နံ့နှင့်
တစ်ယောက်ယောက် အသက်ရှူနေသလိုမျိုး
လေတိုးသံကြားနေသဖြင့်
မရဲတရဲ စိတ်ဖြင့်
တုန်ရီကာ ခေါင်းနှင့် မျက်စိများအား
ဖြည်းညှင်စွာ လှည့်စောင်းကြည့်လိုက်သည် ။

လက်ထဲရှိဖုန်းမီးအလင်းအောက်တွင်
မြင်တွေ့လိုက်ရသည်က
သူ့ဘေးတွင် အဖိုးကြီးတစ်ယောက်
အသက်ကြီးကာ
ပါးရည်များတွန့်လိမ်နေပြီး မျက်နာတစ်ခုလုံး
သွေးမရှိသည့်နယ်ဖြူဖွေးနေပြီး
ဆံပင်အဖွေးသား ၊ အင်္ကျီ မှာ မသာများကဲ့သို့
ပြောင်းပြန်ဝတ်လျှက် မျက်ဆံမရှိသည့်
မျက်ဝန်းမှ ဒေါသဟန်ဖြင့် သူ့အား
အနီးကပ် စိုက်ကြည့်နေသည်ကိုမြင်လိုက်ရသည် ။

မင်းသူလည်း
ကြောက်စိတ်ကြောင့် အပေါ့နှင့်အလေးများ
ထွက်ကျကာ အသံကုန်အော်ပြီး
ခြေရင်းရှိ ပြတင်းပေါက် ဆီပြေးသွားသည် ၊
ပြတင်းပေါက်မှတစ်ဆင့် ခြံထဲရောက်ပြီး
ခြံစည်းရိုးကျော်ကာ လိမ်းထိပ်
ဓမ္ဗာရုံရှိရာသို့
ငယ်သံပာအောင်အော်နေရင်း
အားကုန်ပြေးခဲ့သည် ။

” အား……….!
အ.အားးးး ”

မင်းသူအော်သံကြောင့်
ရပ်ကွက်မှ အိမ်မီူများလင်းလာပြီး
ဓမ္မာရုံထဲမှလူများပြေးထွက်လာကြသည် ။

ဓမ္မာရုံနားအရောက် မင်းသူ
ခြေများပျော့ခွေကာ
လမ်းတွင်ပင် သတိလစ်ပြီး
ပစ်လဲကျသွားသည် ။

နားထဲတွင် ဆူညံနေသည့်
စကားသံများကြားရပြီး
လေးလံသည့်မျက်လုံးများအား
အားယူပြီးဖွင့်ကြည့်လိုက်သည် ။

မင်းသူပတ်ပတ်လည်တွင် လူဆယ့်လေး
ငါးယောက်ခန့် ဝိုင်းအုံနေသည်ကိုမြင်လိုက်သည် ၊
ကြောက်စိတ်မှာမပြေသေးသဖြင့်
နိုးသည်နှင့် မျက်လုံးပြူးကာ
ပတ်ဝန်းကျင် ကိုကြောက်လန့်တကြားကြည့်ရင်း
ပါးစပ်မှ ကယောင်ကတန်းများ ပြောနေမိသည် ။

ထိုအခြေအနေတွင် လူကြီးတစ်ဦးမှ
ပရိတ်ရေများ ကိုခွက်ထဲထည့်ကာ

” ဟေ့ဟေ့ကောင်လေး
ရော့ဒါသောက်လိုက်ဟု ရေတစ်ခွက် ကမ်းပေးပြီး
မင်းသူခေါင်းကိုကိုင်ကာ သရဏဂုံ
ရွတ်ဆိုပေးနေသည် ။

မင်းသူ ထိုရေသောက်ပြီး
အမောပြေသွားသလို
ရင်ထဲအေးသွားသည်ကိုခံစားရမှ
အသက်ဝအောင်ရှူနိုင်သည် ။

မင်းသူ
တည်ငြိမ်သွားမှ လူကြီးက

” ချာတိတ်လေး မင်းဘာဖြစ်လာတာလဲ…
မင်ဘယ်မှာနေတာလဲ… ”

မင်းသူလည်း ဖြစ်ကြောင်း ကုန်စင်
မကွယ်မဝှက်ရှင်းပြလိုက်သည် ။

ထိုအခါ မင်းသူအနီး
ဝိုင်းအုံနားထောင်နေကြသူများပင်
အာမေဋိတ်သံများ ထွက်မိကြသည် ။

မင်းသူစကားအဆုံးတွင်
ထိုလူကြီးမှ….

” မင်းတို့ ကောင်လေးတွေ တယ်ခတ်တာပဲ
မလုပ်သင့် မစမ်းသင့်တာကိုမှ
စမ်းချင်ကြတယ် ကံကောင်းလို့မသေတာ…
အေး…မင်းသူငယ်ချင်း
ဆန်းသစ်ဆိုတာ.. ငါ့တူတော်တယ် ၊
မင်းအိပ်ခဲ့တဲ့အိမ်.. အိမ်ရှင်က
ငါ့အစ်ကိုအကြီးဆုံး သန်းထွေးရဲ့ အိမ်ပဲ…
ဒါပေမယ့် ဆန်းသစ်ပြောသလို
အိမ်ရှင်က ခရီးသွားနေတာမဟုတ်ဘူးကွ…
အိမ်ရှင်က အဲ့ဒီအိမ်မှာပဲနေနေတာ… ”

လူကြီး စကားကြောင့် မင်းသူ
ပြာယာခတ်သွားပြီး..

” ဒါ..ဒါ…ဒါဆို
ကျွန်…ကျွန်တော်မြင်ခဲ့တာ…
ဦးသန်းထွေးကြီးပေါ့… ”

လူကြီးမှာ ခေါင်းတဆက်ဆက်ညှိမ့်ရင်း

” သိပ်မှန်တာပေါ့ကွာ…
အဲ့တာ ငါ့အစ်ကို ကိုသန်းထွေးပဲ….
ဒီနားကလူတွေကတော့
သိပြီးသားဇာတ်လမ်းအဖြစ်အပျက်လေးပါ
ဒါပေမယ့်မင်းသိသင့်တယ်ထင်လို့
ငါပြောပြမယ်…

သန်းထွေးတဲ့ ငါ့အစ်ကိုကအမျိုးအရမ်းချစ်တဲ့သူ
အစွဲအလမ်းလည်းကြီးတယ်
လူပျိုကြီးဆိုတော့ သူဘဝတစ်လျောက်လုံး
သဘောင်္လိုက်ပြီး ရသမျှငွေနဲ့
ဒီအိမ်လေးဆောက်ခဲ့တယ် တစ်ချို့ကို
ဘဏ်မှာအပ်ပြီးဘဏ်တိုးလေးစားလို့
အေးအေးချမ်းချမ်းနေတဲ့သူတစ်ယောက်…
သူအသက်အရွယ်ရလာတော့
ပျင်းတဲ့အခါတွေဆို
တစ်ပတ်မှာ လေးငါးရက်
မိုးလင်းတာနဲ့ အမျိုးတွေအိမ်..
ငါတို့မွေးချင်းတွေပေါ့ကွာ…
အရင်းရော တဝမ်းကွဲရော…
မောင်နှမ ဆွေမျိုးတွေအိမ်လိုက်လည်တယ်
ပြီးရင် တစ်နေကုန်နေပြီး
စကားပြောဝတာနဲ့ သူပြန်သွားတတ်တယ် ။
အမျိုးကြား ရန်ဖြစ်ပြီးမခေါ်ကြရင်လည်း
သူပဲကြားဝင်ဖြေရှင်းပေးလို့
ပြန်တည့်သွားကြပါရော…
တို့အမျိုးတွေက သိတဲ့အတိုင်းပဲ.အနေဝေးတော့ အဆက်အသွယ်ပျက်နေကြတယ် ၊
အေး..ဒါပေမယ့် ကိုကြီးသန်းထွေးက
အိမ်ပေါက်စေ့လည်နေတော့
တစ်မိသားစု သတင်းတစ်မိသားစုက
သူ့ဆီကနေ အမြဲ ကြားနေရတယ် ၊
သာရေး ၊ နာရေးကအစပေါ့ ၊
ပြောရရင် တို့မိသားစု ဆွေမျိုးအတွက်
ကိုသန်းထွေးက ကြားခံတစ်ခုလိုပဲ
အားဖြစ်ခဲ့တယ်… ”

ပြောရင်း လူကြီးမှာ
မျက်ရည်များ သီနေသဖြင့်
တစ်ချက်မျှ ရှိုက်လိုက်ပြီး
မျက်ရည် များသုတ်ကာ
စကားပြန်စပြန်သည် ။

“ကိုသန်းထွေးက
ဘုရားတရား လည်းအင်မတန်လုပ်တယ် ၊
ပြီးတော့ သူ့အိမ်လေးကိုလည်း
သန့်နေအောင်ထားတယ် ၊
ခြံထဲက အပင်တွေကအစ အကုန်
သူ့လက်သူ့ခြေ ပြုစုထားတာ…
ရပ်ကွက်ထဲမှာ ရော…
တို့အမျိုးထဲမှာရော… ကိုသန်ထွေးကို
မုန်းတဲ့သူလုံးဝမရှိဘူး…၊
လူမှန်ကြီးပြီးတော့
သာရေးနာရေး လည်း ရှေ့ဆုံးက
ဦးဆောင်တတ်တော့
လူတိုင်းသူ့ကိုချစ်ကြတယ် ၊
ကျန်းမာရေးကလည်း
ဘာကောင်းသလဲမမေးနဲ့…
သူဖျားနာတယ်ဆိုတာ
ငါဖြင့် မြင်ကိုမမြင်ဖူးဘူး ၊
အင်း…… သူအသက် ၇၈နှစ်ရောက်တော့
လူ့ဘဝ သက်တန်းစေ့ပြီထင်ရဲ့
ရုတ်တရက်ကြီး မူးတယ်မူးတယ်ဆိုလို့
ဆေးရုံတင်ထားရတယ် ၊
ဆေးရုံရောက်နေတုန်း
သူအမြဲပြောတယ် ငါသက်သာသွားပြီ
ငါအိမ်ပြန်တော့မယ်….
ငါအိမ်ပြန်ချင်တယ်… ငါ့ခြံထဲကအပင်လေးတွေ
ရေမလောင်း ပေါင်းမသင်ရသေးဘူး
အိမ်မှာလည်း ဖုံတွေတက်နေလောက်ပြီ ၊
ငါအိမ်ပြန်ချင်တယ် …
ဒီအချိန်ဆို ငါ့အိမ်ပြန်ချိန်ပဲ
ဆိုပြီးပြောတတ်တယ် ။
တစ်နေ့မှာ မနက်အစောပိုင်း
သူအခြေအနေတော်တော်ဆိုးနေလို့
အနားမှာ မောင်နှမတွေအကုန် စုနေပေးကြတုန်း
သူအသက်ကိုအလုအယက်ရှူနေရတယ် ၊
ဖျော့တော့နေတဲ့ အနေအထားကနေ
ထိုင်ရာမထနိုင်တဲ့သူက
လူနာကုတင်မှာ ဆက်ခနဲ
ကောက်ထ ထိုင်လိုက်ပြီး
!ငါအိမ်ပြန်မယ်! လို့တစ်ခွန်းပြောသွားတယ်
ပြီးတာနဲ့ ပစ်လဲသွားပြီး
ပါးစပ်လေးဟလို့ အသက်ထွက်သွားလေရော…
ဆရာဝန်ပြောတာတော့
ဦးနှောက်သွေးကြောပြတ်တာ တဲ့….
သူမသေခင်က ပြောတဲ့စကားကို
တို့တွေလည်း အမှုမဲ့အမှတ်မဲ့ထားလိုက်
ကြတာပေါ့လေ ၊ပြသနာက ဘယ်မှာစလည်းဆိုရင်
သူ့နာရေးအတွက်…
အခု ငါ့တူအနားက လူတော်တော်များများနဲ့
ငါတို့တွေ သူ့အိမ်မှာနေပြီး
ရက်မလည်ခင်အထိ
စောင့်ပေးကြတယ်…
ဖဲရိုက်တဲ့သူကရိုက် ၊
နာရေး စရိတ်ကောက်သူကကောက်နဲ့
သူ့အလုပ်နဲ့သူပေါ့…
ညကြတော့လည်းအလှည့်ကျအိပ်ကြ
စောင့်ကြရတယ်
တစ်ည ငါအရမ်းပင်ပန်းလာလို့
ငါ့အစ်ကို ကို သန်းထွေး
ကုတင်ပေါ်တက်အိပ်မိပါတယ်
အိပ်ပျော်ခါနီးကျရင်
ငါ့နားထဲ လေတိုးသလိုလို
မျက်နာကို လေနဲ့မှုတ်သလိုလို ၊
ခြေဖဝါးကို လေဟပ်သလို
ယားကျိကျိ ဖြစ်နေတာနဲ့ ဆက်မအိပ်ဖြစ်ခဲ့ဘူး
ငါထသွားတော့ ရပ်ကွက်ထဲက
နာရေးလာကူစောင့်ပေးတဲ့
ကောင်လေးတစ်ယောက်
အဲ့ ကုတင်မှာတက်အိပ်တာ
လူမရှိပဲ သူ့ခြေထောက်ကို
ကုတင်ပေါ်ကဆွဲချတဲ့ဆိုပြီး
ကြောက်လန့်တကြား အော်လို့…
အိမ်ပြန်ပြေးသွားသေးတယ် ၊
နောက်မယုံတဲ့သူတွေစမ်းကြည်ု့ကြတဲ့အခါ
အဲ့အတိုင်းပဲ အိပ်ပျော်ပီဆိုရင် မဖိတထိ
စသလိုလို ဖြစ်ရော…
ပြီးရင်ခြေတွေ လက်တွေကိုင်ပြီး
ကုတင်ပေါ်ကဆွဲ ချ ပါလေရော… ၊
အခု မင်းဘေးနားက
လူတော်တော်များများခံရဖူးတယ်
မယုံရင်သူတို့မေးကြည့်ပေါ့ ”

ဟု လူကြီးမှာ မင်းသူဘေးမှလူတစ်ချို့ကို
လက်ညှိုးထိုးပြသည် ။

မင်းသူက

” အမလေးဗျာ…
ယုံပါတယ်..ကျွန်တော်က
အကောင်လိုက်ကို မြင်လာတဲ့သူပါ
ဆက်ပြောပါ ဘကြီး ”

မင်းသူစကားကြောင့်
လူကြီးမှာ ဟတ်ဟတ်ပတ်ပတ် ရယ်ပြီးနောက်

” ဟား… အေးပါ…
ဆက်ပြောရ ရင် ငါ့အစ်ကို
သေခါနီး သူ့အိမ်ကိုစွဲပြီး
မကျွတ်ဘူးပေါ့ကွာ…
ကုသိုလ်တွေလည်း လုပ်ပေးကြတာပဲ
အမျှအတန်းလည်း မယူတာလား
မရတာလားမသိဘူး ငါ့တူရေ…
အခုမင်းကြုံလာတဲ့အဖြစ်ကိုကြည့်ပြီး
နောက်ဒါမျိုး ဘယ်တော့မှမစမ်းနဲ့တော့
ကြားလား ဘာမှတ်နေလဲ…
ကြောက်လန့်ပြီး ဝိဥာဉ်လွင့်သွားလို့
အသက်ပါပေးလိုက်ရမယ်…
မင်းအခုမသေတာကံကောင်း
မင်းဘောင်းဘီလဲ
သေးတွေရွှဲနေရော့လား….”

လူကြီးစကားကြောင့်
ဘေးမှလူများ ပွဲ ကျနေကြချိန်
မင်းသူ ကိုယ့်ဘောင်းဘီကိုယ်ကြည့်လိုက်မိရင်း
ရှက်ကာ ရယ်လျှက် ပြန်ဖြေလိုက်သည် ။

” ဟုတ်..ဟုတ်ကဲ့ပါ
ဘကြီး ”

” အေးအေး… မင်းအိမ်ပြန်ပို့ပေးဖို့
ငါ့သားဟိုမှာစောင့်နေတယ်
သူ့ကားနဲ့လိုက်သွားလိုက်
သူပြန်ပို့ပေးလိမ့်မယ်
ဟိုအိမ်ထဲ မင်းကျန်ခဲ့တဲ့ပစ္စည်းတွေလည်း
ဒီကကောင်လေးတွေ
သွားပြန်ယူပေးပြီး
ကားပေါ်တင်ပေးထားကြတယ် ၊
ဘာမှမကြောက်နဲ့တော့
စိတ်အေးလက်အေးနေတော့
ဘုရားတရားတော့မမေ့နဲ့ ကောင်လေးရေ
မင်းကိုအကြီးအကျယ်
မြှောက်ပေးတဲ့ ဟိုကောင်
ဆန်းသစ်လည်း ငါလှမ်းဆူထားလိုက်မယ်
သွားတော့ ငါ့တူရေ ”

မင်းသူလည်းသူ့ကိုကူညီခဲ့တဲ့
သူတွေအားလုံးကို ကျေးဇူးတင်ကြောင်းပြော…
နှုတ်ဆက်ပြီးနောက်
အိမ်ပြန်ချိန်ကိုသိခဲ့လေပြီ…… ။

( မှတ်ချက် – ထိုအဖြစ်အပျက်များ
ဖြစ်ပွားပြီး လပိုင်းခန့်အကြာတွင်
ကျန်ရစ်သူမိသားစုမှ
ထိုအိမ်ကြီးတွင် ကွယ်လွန်သူ
အိမ်ရှင်အား ရည်စူးကာ
ကုသိုလ်များ မကြာမကြာ ပြုပေးသဖြင့်
ပြိတ္တာ ဖြစ်နေသည့် အိမ်ရှင်အဖိုးလည်း
ကျွတ်သွားသည်ဟု ကြားသိရသည်
ထိုအိမ်တွင်အခြောက်အလန့်လည်း
လုံးဝ ရှင်းသွားသည်ဟု ဆိုကြသည် ။)

#END

{ ယခုရေးသားခဲ့သော ဖြစ်ရပ်မှန်

ဇာတ်လမ်းလေး ကို ရေးသားခွင့်ပြုခဲ့တဲ့

Bro “ ZPH ” ကို

ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ ။

အထက်ပါ ဇာတ်လမ်းလေးထဲမှာ

အမှန်တကယ် ပါ၀င်ခဲ့သူ နေရာကနေ

ခံစားပြီးရေးသားထားပါတယ် ၊

၀ါသနာအရ ရေးသားတာဖြစ်တဲ့အတွက်ကြောင့်

အမှားအယွင်းများ ရှိခဲ့ရင်လည်း ခွင့်လွှတ်နားလည်ပေးကြပါ ၊

ဝေဖန်မှုတွေကိုလည်း အမြဲ ကြိုဆိုလျှက်ပါ ခင်ဗျာ ….. ။ }

~ မိုးစွေ ~
စာပြီးချိန် – ( 28 . 11 . 2017)

PNG Time 4:08 PM
Myanmar Time 12:38 PM

Credit