“အောက်လမ်းဘိုးထင် နှင့် ကြက်တောင်”(စ/ဆုံး)

“အောက်လမ်းဘိုးထင် နှင့် ကြက်တောင်”(စ/ဆုံး)

=================================

◾အခန်း (၁)

နွားလှည်းတစီးသည် လှည်းလမ်းတလျှောက်တွင် ဖြည်း ဖြည်းနှင့် မှန်မှန် သွားနေသည်။ထိုလှည်းပေါ်တွင် တယောက်တပေါက်စကားဆိုပြီး စီးနင်းလိုက်ပါလာသော လူငယ်လေးငါးယောက်။ထိုလူငယ်လေးများသည် လှည်းမောင်းနေသောလူငယ်လေးအား စကားဆိုနေသည် ။

“ကိုသာရ နွားတွေက အိမ်ပြန်လမ်းကိုသိတယ်ဆိုတာ ဖြစ်နိုင်လား ”

“ဖြစ်န်ိုင်တာပေါ့ ဘိုးထင်ရ သူတို့က ငါတို့လူတွေထက် မှတ် ညာဏ်ကောင်းတယ်ကွ”

“ဟာ မဖြစ်နိုင်တာ သူတို့က မှတ်ညာဏ်ကောင်းတယ်ဆို ဒီလောက် ပင်ပင်ပန်းပန်းလုပ်နေတာကို ဘာလို့ ထွက်မပြေးလဲ လွှတ်ကျောင်းထားတာကိုတောင် ထွက်မပြေးတာနော် ”

“မင်း ကပ်သီးကပ်သတ်မပြောနဲ့ သေချာတာတော့ ငါ့နွားတွေက သူတို့ သွားရမဲ့လမ်းကို သိတယ် ”

“မဖြစ်နိုင်တာဗျာ ”

“ဖြစ်နိုင်တယ်ကွာ ”

အငြင်းပွားနေသောလူငယ်တစုမှာ မောင်ဘိုးထင်တို့ ဖြစ်ကြသည်။မောင်ဘိုးထင်၊ပေတူးနှင့် သာအေးတို့ သုံးယောက်သည် နွားများမောင်းသူမရှိက အိမ်မပြန်နိုင်ဟု ယူဆထားကြသည်။ပြန်နိုင်သည်ဟု ယူဆထားသူနှစ်ယောက်မှာတော့ ဖိုးထွေးနှင့် သာရပင် ဖြစ်ချေသည်။သူတို့သည် လှည်းလမ်းဘေးရှိ သစ်ပင်များမှ ငှက်များပျံသွားသည်အထိ ငြင်းခုန်နေကြသည်။ထို့ နောက် သာရသည် နွားမောင်းသည့် ကြိမ်နှင့် လှည်းရံတိုင်ကို ရိုက်လိုက်ကာ

“ဟေ့ကောင်ဘိုးထင် မင်းတို့ ဘာကြေးလောင်းမလဲ ”

“ခင်ဗျားတို့ ကြိုက်တာပြော ကျုပ်ကို အဘဝယ်ပေးထားတဲ့ အိမ်ဝိုင်း နဲ့ အိမ် ကြေးလောင်းမလား ”

“ဟ အဲ့ဒီလောက်ကြီးလည်းမလုပ်နဲ့လေကွာ မင်းတို့ကလည်း”

“အဲ့တာဆို ခင်ဗျားတို့နှစ်ယောက် ကြိုက်တဲ့ကြေး လောင်း လိုက် ”

မောင်ဘိုးထင်တို့သည် လက်မောင်းမှအင်္ကျီစများ ပင့်တင် လိုက်သည်အထိ စိတ်အားထက်သန်တက်ကြွနေသည်။ထိုအခါ ဖိုးထွေးသည်

“ကြက်ငါးကောင်ကြေး လောင်းမယ် ”

“ဘယ်လောက်အလေးချိန်ကောင်လည်းဆိုတာပါ ပြောဦး ခင်ဗျားတို့က ယုံရတာမဟုတ်ဘူး ကြက်ပေါက်တွေ ပေးရင် ပေးမှာ ”

“ရှစ်ဆယ်သား အနိမ့်ဆုံးကောင်ကွာ”

“ပြီးတာပဲ အဲ့တာဆိုလောင်းကြေးတည့်ပြီ ကျုပ်တို့လှည်းပေါ် မှာအိပ်ကြမယ် မအိပ်ချင်ရင်တောင် မျက်စိမဖွင့်ကြေးကွာ လှည်းချင်းတိုးရင်တော့ ကိုသာရက ရှောင်ပေးရမယ်။ဒါပေမဲ့ နွားတွေ သွားတဲ့နေရာပဲနော် ကွေ့လို့မရဘူး ”

ပေတူးသည် ပြိုင်ပွဲစည်းမျဥ်းကို ပြောပြနေသည်။ထို့နောက် အားလုံး လက်ခံလိုက်ကြပြီး သူတို့၏ ပုဆိုးအပိုများကို မျက် နှာပေါ် အုပ်လိုက်ပြီး လှည်းပေါ်တွင် ဖြစ်သလိုအိပ်လိုက်ကြပါတော့သည်။

◾အခန်း (၂)

နေပူပူတွင် ပုဆိုးများကို မျက်နှာပေါ်အုပ်ကာ လှည်းပေါ်အိပ်နေသော မောင်ဘိုးထင်တို့သည် ပျင်းရိဖွယ် အိပဲ့ အိပဲ့နှင့် သွားနေသောလှည်းကြောင့် သူတို့အားလုံး အမှန်တကယ် အိပ်ပျော်သွားကြပြီဖြစ်သည်။လမ်းတွင် တခြားလှည်းများနှင့် တိုးသော် လည်း အိပ်ပျော်နေသည်ကို သတိထားမိသောသောကြောင့် လှည်းသမားများသည် အဆင်ပြေသလို ရှောင်ပေးလိုက်ကြသည်။နွားနှစ်ကောင်သည် ဆက်လက်သွားနေဆဲ ဖြစ်သည်။လမ်းသည် ချိုင့်ခွက်မရှိကောင်းသည့်လမ်းမို့ လှည်းမဆောင့်ဘဲ မောင်ဘိုးထင်တို့ တဖွဲ့လုံး ကောင်းမွန်စွာအိပ်ပျော်နေကြသည်။ နိုးလာသောသူများသည်လည်း သူတို့၏အလောင်းအစားကြောင့် လှည်းကိုမကြည့်ဘဲ ကြိတ်မှိတ်၍သာ ပြန်အိပ်နေလိုက်ကြသည်။ဤသို့ဖြင့် ညနေချိန်ခါသို့ရောက်သောအခါ လှည်း သည် ရပ်တန့်သွားလေသည်။သူတို့သည်လည်း အချင်းချင်း နှိုးလိုက်ကြပြီး ပတ်ဝန်းကျင်ကို တချက်အကဲခတ်ကြည့်လိုက်ကြသည်။ထိုအခါ မောင်ဘိုးထင်၊သာအေး နှင့် ပေတူးတို့သည် ဝမ်းသာစွာဖြင့် စကားဆိုလေသည်။

“‌နိုင်ပြီ။ကျုပ်တို့ နိုင်ပြီ ဘယ်မှာလဲ ရွာပြန်ရောက်တာ ကျုပ်တို့ပြောသားပဲ မပြန်တတ်ပါဘူးဆို ”

“အေး ဟုတ်တယ် ငါတို့ နိုင်ပြီ ခင်ဗျားတို့ စကားအတိုင်းပဲနော် ”

“အေးပါဟ မင်းတို့ကောင်တွေကလည်း အခု ဘယ်ရောက်နေတာလဲ မေးကြည့်အုံး ငါလည်း ဒီဘက်ကို တခါမှ မရောက်ဖူးဘူး ”

” အင်း ရွာတရွာပဲဗျ”

“မင်းမေကြီးတော် ရွာဆိုတာတော့ ငါလည်းသိတာပေါ့ ”

ဖိုးထွေးနှင့် သာရသည် သူတို့ လောင်းသည်မှာ ရှုံးသွားသော ကြောင့် မောင်ဘိုးထင်တို့ကို သိပ်မကြည်ပေ။ထို့နောက် သူတို့ သည် လှည်းကို ရွာထဲသို့ မောင်း၀င်သွားလိုက်ကြသည် ။

ရွာလေးသည် အတော်ကို သပ်ရပ်သော ရွာလေးဖြစ်သည်။ သူတို့ရွာတွင် မြင်ရခဲသည့်သွပ်များပင် မိုးထားကြလေ၏။လမ်းတို့သည်လည်း အတော်ကောင်းလှသည်။ထို့ကြောင့် ယခုရွာသည် အတော်ကို ဖွံ့ဖြိုးသောရွာလေးဖြစ်မည်ဟု သူတို့အားလုံး တွေးလိုက်ကြသည်။ယောင်လည်လည် နှင့် လှည်းကို ရွာလယ်လမ်းအတိုင်း မောင်းလာစဉ် သူတို့၏ မျက်နှာချင်းဆိုင် မှ လာနေသော လူသုံးယောက်သည် သူတို့အားကြည့်ကာ အချင်းချင်း စကားဆိုနေလေ၏ ။

“ဦးလေး ကျုပ်အိမ်မက်ထဲက ကောင်လေးတွေဆိုတာ ဒီ ကောင်လေးတွေပဲ ”

“သေချာလို့လား ”

“သေချာတယ် ကျုပ်အိပ်မက်မလွဲတာ ဦးလေးတို့သိပါတယ်”

” အဲ့တာဆိုလည်း ငါတို့အိမ်ကို ခေါ်သွားကြတာပေါ့ ”

ထိုလူသုံးယောက်သည် မောင်ဘိုးထင်တို့ကို ကြည့်ကာ လှည်းကို တားလိုက်ပြီး ရည်ရည်မွန်မွန် စကားဆိုလေသည်။

“ငါတူတို့ ခဏ ရပ်ပါဦး ”

“ဘာဖြစ်လို့လဲဗျ”

“ငါ့တူတို့က ဒီရွာက မဟုတ်တာသေချာတယ် ဘယ်သွားကြ မလို့လဲ ”

“ဘယ်သွားကြမလဲဆိုတော့ ဘယ်မှမသွားဘူး လမ်းမှား လာတာဗျ ”

“ဟုတ်လား ဘယ်ကို သွားကြမှာလဲ ”

“ကျုပ်တို့ သွားမှာက ပေပင်ရွာကို”

“ပေပင်ရွာ ဟုတ်လား ငါ့တူတို့ တော်တော်ကို လမ်းမှားလာတာပဲကွ ”

” ဟုတ်လား အဲ့တာဆို ကျုပ်တို့ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ပါဘူးဗျာ ”

ရွာခံလူကြီး၏စကားကြောင့် မောင်ဘိုးထင်တို့ အနည်းငယ် စိတ်ပျက်မိလေသည်။အချင်းချင်း တယောက်မျက်နှာတယောက် ကြည့်လိုက်ကာ ပေါက်ကရလောင်းကစား လုပ်ခဲ့သော သူတို့ကိုယ်သူတို့ စိတ်ထဲမှနေ၍ အပြစ်တင်နေမိသည်။သူတို့စိတ်ဓာတ်ကျနေသည်ကို ရိပ်စားမိဟန်ရှိသော ရွာခံလူများထဲမှ လူကြီးတယောက်သည်

“ငါ့တူတို့ စိတ်ပျက်မနေနဲ့ ဦးကြီးတို့က မင်းတို့ကို လာခေါ်တာပါ ”

“ဗျာ ”

“ဟုတ်တယ် ဒီက ဦးတူ မောင်ဇေယျာတဲ့ သူက နည်းနည်းတော့ ထူးဆန်းတယ် မင်းတို့ကို အိမ်ရောက်တော့မှ ရှင်းပြမယ် ဦးကြီးတို့အိမ်ကို လိုက်ခဲ့စေချင်တယ်ကွာ ”

‌ဖိုးထွေး နှင့် သာရသည် အချင်းချင်းတချက်ကြည့်လိုက် သည် ။ထို့နောက် ပါးစပ်မှမပြောပဲ မျက်ရိပ်မျက််ခြေဖြင့် လိုက်သွားရန် သဘောတူလိုက်ကြပြီး ရွာခံလူများ ခေါ်ဆောင်ရာနောက်သို့ လိုက်ပါရန် ဆုံးဖြတ်ချက် ချလိုက်ပါလေတော့သည်။

◾အခန်း (၃)

သာရမောင်းသော လှည်းလေးသည် ရွာခံလူသုံးဦးသွားသည့်အတိုင်း လိုက်၍ မောင်းလိုက်၏။များမကြာသောအချိန်တွင် အိမ်ဝိုင်းကြီးတဝိုင်းထဲသို့ ဝင်သွားကြ၏။ထိုအိမ်ဝိုင်းကြီးထဲတွင် စပါးကျီအကြီးတလုံး ရှိနေပြီး အိမ်ရှေ့သည် တလင်းပြင်ပမာ ရှင်းလင်းနေ၏။အိမ်ကြီးသည် ရေနံချေးဝအောင် သုတ် လိမ်းထားပြီး ပျဉ်ထောင်ပျဉ်ခင်းနှစ်ထပ်အိမ်ကြီး ဖြစ်သည်။အိမ်ကြီး၏အမိုးသည် မောင်ဘိုးထင်တို့ မြင်တွေ့ရခက်ခဲသော သွပ်များမိုးထားကြသည်၊၊သာအေး နှင့် ပေတူးသည် အိမ်ကြီးကို ငေးကြည့်နေမိကြသည်။ထို့နောက် သာရသည် လှည်းကို ရပ်လိုက်ချိန် သူတို့အား ခေါ်လာသော ရွာခံသုံးယောက်ထဲမှ လူကြီးတယောက်သည် သာရအား စကားဆိုလေသည် ။

“ငါ့တူကြီး လှည်းဖြုတ်ပြီးရင် ဟော ဟိုနားမှာ နွားတင်းကုတ် ရှိတယ်။အဲ့ထဲမှာ နွားစားကျင်းတုံး ရှိတယ်။ရေရော အစာရော ဖြည့်ထားပြီးသား ချည်ထားလိုက် တူကြီး ”

“ဟုတ်ကဲ့ ”

“ငါတူတို့ ဆင်းကြကွယ် ပြီးရင် ထမင်းစားဖို့ ဦးကြီး ပြင်ဆင် လိုက်မယ် ဦးကြီးနာမည်ကိုလည်း မှတ်ထား ‌ဦးသာဇံတဲ့ ဟော့ဒီ စားပွဲကို လှဲနေတာက ဦးကြီးတူ မောင်ဇေယျာ ငါ့တူတို့ကို ပြုံး ပြနေတဲ့ တယောက်က ဦးရဲ့ညီ သာမောင်တဲ့ကွ ”

မောင်ဘိုးထင်တို့ ခေါင်းညိတ်ပြလိုက်ပြီး လှည်းပေါ်မှ ဆင်းလိုက်သည်။ထို့နောက် တန်းလျားပေါ်တွင် သွားထိုင်နေကြသည်။ဖိုးထွေး နှင့် သာရတို့သည်လည်း နွားနှစ်ကောင်ကို တင်းကုတ်တွင်ချည်လိုက်ပြီး မောင်ဘိုးထင်တို့ ထိုင်နေသော တန်း လျားတွင် ဝင်ရောက်ထိုင်လိုက်ကြသည်။ထို့နောက် ဖိုးထွေး သည် ဦးသာဇံအား စတင်၍ စကားဆိုလိုက်၏ ။

“ဦးလေး ကျုပ်က ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တယ် ကျုပ်တို့ကိုလည်း မသိပဲနဲ့ ဘာလို့ ကူညီတာလဲဗျ။ ”

“အင်း တကယ်တော့ ဦးကြီးက မင်းတို့ကို အကူညီတောင်းစ ရာရှိလို့ပါကွယ် ”

“ကျုပ်နားမရှင်းဘူး ”

“ဦးကြီးမှာ သားတယောက်ရှိသေးတယ်ကွ မင်းတို့အရွယ်ပဲ သူက ကျန်းမာရေးသိပ်မကောင်းဘူး ဦးကြီးအထင်တော့ ပယောဂပါမယ် ထင်တယ်။အထက်လမ်းဆရာတွေနဲ့ ပြပါတယ် မရဘူး ပြီးတော့ လောကဓာတ်ဆရာတွေနဲ့လည်း ကုတယ် ထူးမလာပါဘူး။မနေ့က ဦးကြီးတူဇေယျာက အိမ်မက် မက်တယ် ။ အိပ်မက်ထဲမှာ ဦးကြီးသားကို ကုပေးနိုင်တဲ့ ကောင်လေးငါးယောက် လှည်းတစီးနဲ့ ရွာထဲ ဝင်လာတယ်တဲ့ ဟိုးအရင်က တည်းက ဦးကြီးရဲ့တူက ထူးခြားတဲ့သူဆိုတော့ ဦးကြီးတို့ ယုံ ကြည်တာပေါ့ကွယ် အဲ့တာကြောင့် မောင်ရင်တို့ကို လာစောင့် နေတာ ”

” အော် အဲ့ဒီလိုလား အဲ့တာဆိုရင်တော့ ဟော့ဒီက ကျုပ်ညီ ဘိုးထင်က ကူညီနိုင်မယ်ထင်တယ်ဗျ ”

ဖိုးထွေးသည် တန်းလျားတွင် ‌ထိုင်နေသော မောင်ဘိုးထင်ကို ညွှန်ပြ၍ စကားဆိုလေသည်။ထိုအခါ ဦးသာဇံသည် မောင်ဘိုးထင်ကို ကြည့်ပြီး

“တူကြီးရယ် ဦးရဲ့သားကို ကူညီနိုင်ရင် ကူညီပေးပါ ကျေးဇူး မမေ့ပါဘူး ”

“ရပါတယ် ကျုပ်တို့ ဦးကြီးရဲ့သားကို ကြည့်လို့ရမလား ”

“ရတာပေါ့ကွယ် ”

ဦးသာဇံသည် ရှေ့မှ ဦးဆောင်ပြီး မောင်ဘိုးထင်တို့အား အိမ်ပေါ် ခေါ် လေသည်။မောင်ဘိုးထင်သည် သူ၏ခြေစာမှုန့်ကို မျက်လုံးကွင်းကာ အမြင်ကို ဖွင့်ထားလိုက်သည်။အိမ်ပေါ် ရောက်ချိန်တွင်တော့ ဇေယျာ နှင့် ဦးသာမောင်သည် လူငယ်တယောက်ကို ထမင်းချော့ကျွေးနေသည်။ထိုလူငယ်သည် မောင်ဘိုးထင်တို့ထက် တနှစ်မျှလောက်သာ ပိုကြီးနိုင်ပြီး အသက်ဆယ့်ငါးနှစ်အရွယ် ဖြစ်သည်။

ငါ့တူ ထမင်းစားလိုက်ဦးကွာ မင်း ထမင်းမစားတာ နှစ်ရက်ရှိ ပြီ ”

“မစားဘူး ကျုပ်က နှစ်ရက်မှ တနပ်ပဲစားရမှာ ဟီးး ဟားး ”

“မဟုတ်သေးဘူးလေကွာ မင်း တအားပိန်လာပြီကွ ”

“ပိန်တယ် ဟုတ်လား ကျုပ်က ပိန်ရမှာ ပြီးတော့ ကျုပ်က သေရမှာ ”

“မဟုတ်တာ ငါ့တူရာ ”

ဦးသာမောင်သည် တူဖြစ်သူကို ချော့မော့၍ ထမင်းကျွေးနေသော်လည်း တူဖြစ်သူမှာ သူပြောချင်သည်များကိုသာ ပြော၍ နေ၏။ထို့နောက် ဇေယျာသည်

“ဝင်းနောင် မင်းကို ငါပြောနေတယ် ထမင်းအခုစားစမ်း ငါ ရိုက်လိုက်ရမလား ”

“ရိုက် ရိုက် ငါ့ကို အရိုးကျိုးအောင် ရိုက် ငါ့အရိုးတွေ ကျိုးရမှာ ဟီးး ဟားးး ”

ဝင်းနောင်ဟု အမည်ရသော ဦးသာဇံ၏သားမှာ သူရူးတယောက်ပမာ ပြုမူနေ၏။အရိုးပေါ်အရေတင်ဖြစ်နေပြီး မျက် လုံးတို့သည် ကြောင်တောင်တောင်နိုင်လှ၏။မောင်ဘိုးထင် သည် ဝင်းနောင်အား သေချာစိုက်ကြည့်လိုက်သောအခါ သူ၏ ဂုတ်ပေါ်တွင်ခွစီးထားသော အသားမဲမဲနှင့် ကြောက်မက်ဖွယ်ရာ မျက်နှာထားနှင့် အဖွားအိုတယောက်ကို တွေ့ လိုက်ရသည်။ထိုအဖွားအို၏ မျက်နှာကိုသာ အထင်အရှားမြင်ရပြီး ကျန်သော ကိုယ်အစိတ်အပိုင်းတို့သည် မဲနက်သော အခိုးအငွေ့များထနေ ၍ သေချာမမြင်ရပဲ ဂုတ်ခွစီးထားသည်ကိုသာ သတိပြုမိလိုက်သည်။ဝင်းနောင်မှ အဖွားအိုပြောသောစကားအတိုင်းသာ လိုက်ပြောနေရပြီး လူသည်လည်း ရုပ်သေးရုပ်ပမာ အဖွားအိုစေရာ သာ နေ နေရ၏။မောင်ဘိုးထင်သည် ဝင်းနောင်ကိုမကြည့်ပဲ သူ၏ ဂုတ်ပေါ်မှ အဖွားအိုအား စူးစိုက်ကြည့်နေသည့်အတွက် အဖွားအိုမှာ သတိထားမိသွားသည် ထင်၏။မောင်ဘိုးထင်ကို အမျက်ဒေါသပါနေသော မျက်လုံးတို့ဖြင့် ကြည့်နေလေ၏။ မောင်ဘိုးထင်သည် လွယ်အိတ်ထဲမှ အစီအရင်တချို့ကို ထုတ် ပြီး ရှေ့သို့ ချလိုက်သည်။အစီအရင်မှာ အစွယ်နှစ်ချောင်း အပြင်သို့ထွက်နေပြီး တင်းပုတ်ကိုင်ကာ ဒူးထောက်လျက် မဲနက်နေသော ရုပ်တုလေးဖြစ်၏။မောင်ဘိုးထင် ထိုသို့ ထုတ်လိုက်သည်နှင့် ဝင်းနောင်သည် မောင်ဘိုးထင်အား ငေးကြည့်နေသည် ။ဦးသာဇံသည် အိမ်နောက်ခန်းတွင် ဖြစ်နေသော ကြောင့် အိမ်ဦးခန်းပြောင်းပေးရမည်လားဟု ပြောဖို့ ဟန်ပြင်နေစဉ် ဖိုးထွေးမှ ဘာမှမပြောဖို့ရာ တားလိုက်လေ၏။ထို့နောက် မောင်ဘိုးထင်သည် ဝင်းနောင်၏ ဂုတ်မှ ခွစီးထားသော အဖွားအိုကို ကြည့်ကာ

“အဖွား အသက်တွေလည်း ကြီးနေပြီ ကျုပ် ခင်ဗျားရဲ့ ပင် ကိုယ်ရုပ်ကိုပါ မြင်နိုင်တယ်နော် အစွမ်းတွေလည်း ကျနေပါပြီ ဘာလို့သူ့တပါးကို ဒုက္ခပေးချင်နေတာလဲ ”

“ဟဲ့ကောင်လေး နင့်ကိစ္စမဟုတ်ရင် နင် မနှောက်ယှက်နဲ့ လူလေးက လက်တောက်လောက်နဲ့ ငါ့ကိုများ ‌ မခန့်လေးစား ပြောနေတယ် ”

“ကျုပ် အစီအရင်နဲ့တိုက်တာ အခန့်မသင့်ရင် ခင်ဗျားခန္ဓာပါ ပျက်သွားနိုင်လို့ ကျုပ် သတိပေးနေတာနော် သူတပါးကို နှောက် ယှက်နေတာ အခုရပ်စမ်း ”

“တယ် ကောင်လေး နင်က ဘာကောင်မို့ ငါ့ကို ပြောနေရတာ လဲ ”

မောင်ဘိုးထင်ကလွဲပြီး ကျန်သူများသည် ဝင်းနောင်၏ လယ်ဂုတ်တွင် ခွစီးထားသောအဖွားအိုကို မမြင်နိုင်ပေ။ထိုအဖွားအို ပြောသောစကားများကိုသာ ဝင်းနောင်မှ တချိန်တည်းလိုက်ပြောနေရ၏။မောင်ဘိုးထင်သည် အဖွားအိုအား တချက် အကဲ ခတ်လိုက်သည်။

“အဖွားအို ကျုပ်မေးမယ် အဖွားပြုစားနေတဲ့လူက အဖွားကို ဘာအပြစ်လုပ်ထားလဲ ကျုပ်ကို အမှန်အတိုင်း ပြောနိုင်တယ် ”

“ငါ လုပ်ချင်လို့ လုပ်တာ ဘယ်သူ့ ဂရုစိုက်ရမှာလဲ ”

“အော် ခင်ဗျားကြီးက စိတ်ကောင်းမရှိတဲ့စုန်းအိုမကြီးပဲကိုး အဲ့တော့လည်း ကိုယ့်ဒဏ်ကို ခံတော့ဗျာ ”

စိတ်တိုသွားသော မောင်ဘိုးထင်သည် သူ၏ရှေ့တွင်ချထားသော အစီအရင်ရုပ်အား ဦးအုန်းသင်ပေးထားသော မန္တန်ကို ရွတ်လိုက်ပြီး ဖိုးထွေးဘက် လှည့်ကာ ဓားတောင်းလေသည်။ ထို့နောက် သူ၏ လက်ညှိုးထိပ်ကို ဖောက်ပြီးထွက်လာသော သွေးများကို အရုပ်ပေါ် သွေးစက်ချလိုက်ကာ

“ငါ့သွေးတစက်သောက်ပြီးရင် ငါ့အမိန့်ကို နာခံ ကဲ ငယမရေ ငါ့ရှေ့က လူပေါ်ခွစီးနေတဲ့စုန်းအိုမကို မင်း ဆုံးမလိုက်စမ်းကွာ ”

မောင်ဘိုးထင်သည် သူ၏အစီအရင်ရုပ်လေးအား စကားဆိုလိုက်သည်။အရုပ်ကလေးမှာ လှုပ်လာလေ၏။အရုပ်ကလေး လှုပ်လာလေလေ ဝင်းနောင်၏ မျက်နှာပျက်လာလေဖြစ်သည်။ ထို့နောက် အံကြိတ်ပြီးပေခံနေသော ဝင်းနောင်သည် မာန်လျှော့ကာ မောင်ဘိုးထင်ကို အရှုံးပေးရလေသည်။ထိုမြင်ကွင်းသည် အများအမြင်သာဖြစ်၏။မောင်ဘိုးထင်၏ မြင်ကွင်းထဲတွင်တော့ သူ၏အစီအရင်အရုပ်လေးထဲမှ ငယမ ထွက်လာပြီး ဝင်းနောင်၏ လည်ဂုတ်တွင် ခွစီးထားသောအဖွားအိုအား တင်းပုတ်နှင့် ထုနေရာ အဖွားအိုမှာ ပြန်၍ မတိုက်ခိုက်နိုင်တော့ပဲ အရှုံး ပေးလိုက်ရခြင်း ဖြစ်လေသည် ။

“ငါ့ကို မတိုက်ခိုင်းပါနဲ့တော့ တောင်းပန်ပါတယ် ငါ့ခေါင်းတွေ ကွဲတော့မယ် ”

“အဲ့တာဆို ခင်ဗျားဘာကြောင့် ဒီလူကို ပြုစားရတာလဲ ပြော စမ်း အေး ဘာအပြစ်မှမရှိပဲ လုပ်ချင်လို့ကို လုပ်တယ်ဆိုတော့ ခင်ဗျားရဲ့လက်တွေကို ငယမကို ကျွေးပစ်လိုက်မယ် ”

“ကြောက် ကြောက်ပါတာ ဆရာလေး ကျမ အမှန်အတိုင်း ပြောပါ့မယ် ကျမ ပြုစားရတာက ကြက်တောင်ကြောင့်ပါ ”

“ကြက်တောင်ဟုတ်လား ကြက်တောင်ဆိုတာ ဘာလဲ ”

ဤသို့ဖြင့် ဂုတ်ခွစီးထားသောအဖွားအိုသည် သူပြုစားသည့် အကြောင်းရင်းကို မောင်ဘိုးထင်အား ပြောပြလေသည်။သူမ ပြောလိုက်သည်နှင့် ဝင်းနောင်၏ ပါးစပ်မှလည်း တပြိုင်တည်း ထွက်ပေါ်လို့ လာပါလေတော့သည် ။

◾အခန်း (၄)

ကတောရွာလေး၏ ညနေခင်းအချိန်သည် သာယာလျက်ရှိ ၏။အသက်တဆယ့်သုံးနှစ်မှစပြီး နှစ်ဆယ်ဝန်းကျင်အရွယ်ရှိသော လူငယ်ကလေးများသည် ကြက်တောင်ရိုက်နေကြသည်။ သူတို့၏ကြက်တောင်သည် ကြက်ဖ၏ အတောင်လေးချောင်း အား လက်တညိုး‌ကျော်ကျော် ဝါးဆစ်ထဲထည့်ကာ အလယ် တွင် သပ်ရိုက်ထားပြီး အောက်ခြေတွင် ဖိနပ်သဲကြိုးပြတ်ကို ကြိုးနှင့် ချည်ထားသည်ကို ကြက်တောင်ဟု ခေါ်သည်။ရိုက်တံသည် တချို့ဆိုလျှင် သစ်သားဖြင့် ပြုလုပ်ကြပြီး တချို့မှာအုန်းလက်ဖြင့် အသေအချာပြုလုပ်ထားကြသည်။ထိုကြက် တောင်ရိုက်ကစားနည်းသည် ကတောရွာလေးတွင် လူငယ်များ အတွက် ကစားနည်းတခုအဖြစ် ရှိနေ‌သည်။သူ့အဖွဲ့၊ကိုယ့်အဖွဲ့ နှင့် နှစ်ယောက်ပြိုင်ရိုက်ကြပြီး ရှုံးသူက ထွက်၊နိုင်သူက ဆက် ရိုက်ကြသည်။ထိုအထဲတွင် ဦးသာဇံ၏သား ဝင်းနောင်လည်း အပါအဝင် ဖြစ်လေသည်။ဝင်းနောင်သည် သူ၏ အပေါင်း အသင်းများနှင့် ကြက်တောင်ရိုက်နေရင်း သူနှင့် ပြိုင်ဘက် ကို ပိန်အား မခံချင်အောင် စနောက်လေ့ရှိသူလည်း ဖြစ်သည်။

“ငဖောင်ရိုးခြောက် မင်းကလည်း မပြိုင်စမ်းပါနဲ့ကွာ တော် ကြာ ငါ့ကြက်တောင် ရိုက်ချက်မှန်လို့ မင်းအရိုးတွေ ကျိုးကုန် ပါ့မယ် ”

“ရိုက်စမ်းပါ ဝင်းနောင်ရာ မင်းက ငါ့ကို နိုင်ပါ့မလား ”

“ငဖောင်ရိုးခြောက်ကတော့ အလာကြီးပါလားဟေ့ ”

ဤသို့ဖြင့် ကြက်တောင်ရိုက်ရာ ဝင်းနောင် ရှုံးလေသည်။ထို အခါ ဘေးတွင် ကြည့်နေသောအပေါင်းအသင်းများသည် ဝင်းနောင်အား ဝိုင်းစကြလေ၏။

“ငါးဖောင်ရိုးခြောက်တောင် မနိုင်တာ ငါ့လို ဝဝဖိုင့်ဖိုင့်ဆိုရင် ဝင်းနောင် ဘယ်လိုမှ နိုင်မှာ မဟုတ်ဘူး ”

“အေးကွာ လေကြီးတဲ့ကောင်တွေက အမြဲရှုံးတယ် ”

“ရှုံးမှာပေါ့ကွ ဝင်းနောင်က အဖြစ်မှမရှိတာ ”

‌”ဟေ့ကောင်တွေ တော်စမ်း ”

ဝင်းနောင်သည် သူကသာ သူများကို စနောက်သည်။သူ့အား စနောက်လျှင် သည်းမခံတော့ပေ။ထို့ကြောင့် စိတ်ဆိုးမာန်ဆိုး ဖြစ်ကာ သူနိုင်သည့် ငပိန်ကိုသာ မဲလေ၏ ။

“လူစဉ်မမှီတဲ့ကောင်မို့ ငါက အလျှော့ပေးလိုက်တာကို မင်းက အဟုတ်ထင်နေတာလား မင်းလို နှစ်ရက်မှ ထမင်းတနပ်စားရတဲ့ကောင်ကို ငါလိုသူဌေးသားက ရှုံးစရာလား အရိုးတွေကို ကြည့်ဦး ကြက်တောင်မှန်ရင်ကို ကျိုးတော့မဲ့ပုံစံမို့ လျှော့ရိုက်တာကွ မင်းက ငါ့ကို နိုင်မယ်များထင်နေလား ဟေ့ကောင် ငမွဲ မင်းကို သနားလို့ လျှော့ပေးလိုက်တာ မင်းတို့ တမိသားစုလုံး ပေါင်းလို့နေတဲ့အိမ်က ငါတို့အိမ်က နွားတင်းကုတ်လောက် ကောင်းရဲ့လား ငပိန်ငဖောင်ရိုးကို သွားကြားထိုးပစ်လို့ရတယ် ”

“ငါတို့ ဆင်းရဲတာငါသိတယ် မင်းအဲ့လိုကြီးမပြောနဲ့ကွာ ငါက မင်းကို ဘာပြောလို့တုန်း တခြားကောင်တွေ ပြောတာလေကွာ ”

“မင်းက လိုက်ရယ်တယ်လား ဟေ့ကောင် မင်းလို လူစဉ်မမှီတဲ့ကောင် နောက်ဆို ငါတို့နဲ့ လာမကစားနဲ့ ဟေ့ကောင်တွေ ငဖောင်ရိုးပါရင် ငါ့ကို လာမခေါ်နဲ့ ”

ကျန်အပေါင်းသင်းများသည်လည်း မျက်နှာကြီးရာဟင်းဖတ် ပါသူများမို့ ကိုပိန်အား မည်သူမှဂရုမစိုက်ပေ။ထိုအခါ ကိုပိန်သည် မည်သည့်စကားမှ ပြန်မပြောပဲ ကျလုလုမျက်ရည်ကို သူ၏ပိန်သွယ်သော လက်လေးဖြင့်သုတ်ကာ လက်မှကိုင်ထားသော အုန်းလက်ဖြင့် ပြုလုပ်ထားသည့် ကြက်တောင်ရိုက်တံကို ချလိုက်ပြီး ထွက်ပြေးသွားလေ၏။ထိုမြင်ကွင်းကိုဖြင့် သူတို့ကစားနေသည့် မလှမ်းမကမ်းသော တနေရာမှ ခါးကုန်းကုန်းနှင့်တောင်မွေးကို ထောက်ပြီး ရပ်ကြည့်နေသော ကိုပိန်၏အဖွားသည် အံကိုကြိတ်လိုက်ပြီး ရယ်မောကာ ကြက်တောင်ပြန်ရိုက်နေသော ဝင်းနောင်အား စူးစိုက်ကြည့် နေပါလေတော့သည် ။

◾အခန်း (၅)

ဦးသာဇံသည် သားဖြစ်သူ၏လုပ်ရပ်ကိုသိသောအခါ များစွာ စိတ်မကောင်းဖြစ်နေရသည်။မောင်ဘိုးထင်သည်လည်း ဘာပြောရမည်မှန်းမသိအောင်ပင် ဖြစ်နေစဉ် ပေတူးမှ ဝင်ပူးနေသော ဝင်းနောင်အား စကားဆိုလေသည် ။

“ကျုပ်အဖွားရဲ့ ခံစားချက်ကို နားလည်ပါတယ် ဒီလူက တော်တော်ဆိုးတာပဲ ဒါပေမဲ့ အဖွားကိုတောင်းပန်မယ် သူ့အမှားတွေ ပြင်မယ်ဆိုရင်တော့ ကျုပ်အနေနဲ့ ခွင့်လွှတ်ပေးစေချင်တယ် ပြီးတော့ ဘိုးထင် မင်းအဖွားကို နာကျင်အောင် မလုပ်တော့နဲ့ ”

ပေတူး၏စကားကို မောင်ဘိုးထင် ခေါင်းညိတ်လိုက်ကာ သူ၏ရှေ့တွင်ရှိသောအစီအရင်ကို ပြန်သိမ်းလိုက်ပြီး ဝင်းနောင် ၏ လယ်ဂုတ်တွင် ခွစီးထားသော အဖွားအိုကို ကြည့်ကာ

“အဖွားရဲ့မြေး တော်တာလား ကိုပိန်က ”

“ဟုတ်တယ် ငါ့မြေးလေး ”

“ကျုပ်တို့လည်း အချင်းချင်းအနိုင်ကျင့်တာတော့ အားမပေးပါဘူး။အဖွားကို ဘယ်သူလဲဆိုတာ ဒီရွာခံသုံးယောက်ကတော့ သိရောပေါ့ အဖွား သူတို့တောင်းပန်တာကို လက်ခံပြီး သူ့ကို ခွင့်လွှတ်ပေးလိုက်ပါ ”

“ဒီကောင် ငါ့မြေးကို နောက်တခါ အနိုင်မကျင့်ဘူးလို့ ပြောနိုင်လား ငါ့မြေးက သူများတွေထက် အားနည်းပါတယ် ”

“စိတ်ချ ကျုပ် သူ့အဘကို ပြောပေးမယ်။ ”

မောင်ဘိုးထင်သည် ပြောပြောဆိုဆို ဦးသာဇံဘက် လှည့်ကြည့်ကာ

“ဦးကြီးလည်း အခြေအနေကို သဘောပေါက်ရောပေါ့ ဒီကအဖွား ဘယ်သူလဲဆိုတာ ဦးကြီးနဲ့ ဟောဟိုက နှစ်ယောက်ရော သိလောက်ပြီ။ဒါပေမဲ့ သူဘာလဲဆိုတာ ခင်ဗျားတို့အပြင်ကို တခွန်းတပါဒမှ မဟမိပါစေနဲ့ ဟတဲ့နေ့ ခင်ဗျားတို့ ဒုက္ခရောက်တဲ့ နေ့ဆိုတာ မှာထားပါ ”

ဦးသာဇံ၊ဦးသာမောင် နှင့် ဇေယျာတို့သည် မောင်ဘိုးထင် ပြောသည်ကို နားလည်၍ ခေါင်းကိုညိတ်ပြီး သူတို့ မည်သူ့ကိုမှ မပြောကြောင်းကို ကတိပေးလိုက်၏။ထို့နောက် ဦးသာဇံသည် ဝင်းနောင်ကို ကြည့်ကာ

“အရီး ကျုပ်သားကို ကျုပ်သေချာ ဆုံးမပါ့မယ် ကျုပ်လည်း အလုပ်တွေ များနေလို့ ဒီကောင့်ကို သိပ်မဆုံးမဖြလိုက်ဘူး မတရား လုပ်တာတော့ ကျုပ်လည်း လက်မခံပါဘူး အရီးလည်း ကျုပ်အကြောင်း သိပါတယ် ”

“ငါသိတယ် သာဇံ ငါ့ကြောင့် ကတောရွာမှာ ဘယ်သူများ ဒုက္ခ ရောက်ခဲ့ဖူးလဲ ငါ့ကိုပြောရင် ငါ ဘာမှမလုပ်ပါဘူး။သိမ်ငယ်နေ တဲ့ ငါ့မြေးလေးကိုတော့ မနှိပ်စက်ကြပါနဲ့ဟယ် ”

“ကျုပ်တောင်းပန်ပါတယ် အရီး ကျုပ်အမှားတွေပါ ဒီတခါ တော့ ခွင့်လွှတ်ပေးပါဗျာ ”

“ငါ နင့်အကြောင်းသိပါတယ် သာဇံ ငါလည်းစိတ်ထဲမကောင်း လို့ လုပ်လိုက်ရတာ နင့်သားကို သေလောက်တဲ့အထိတော့ ငါ လည်း မလုပ်ရက်ပါဘူး ”

“ကျေးဇူးတင်ပါတယ်အရီး ကျုပ်သားသမီးကို ထိန်းသိမ်း တာ ညံ့ပါတယ်။ကိုယ်ချင်းစာတရား ထားတတ်အောင် ကျုပ် သေချာသင်ပေးပါ့မယ်။နောက်တခါ ထပ်မဖြစ်စေရတော့ပါဘူး ”

“ပြီးတာပဲ ငါတို့နင်တို့က တရွာတည်းသားတွေပါ ငါလည်း ဒီ လို မလုပ်ချင်ပါဘူး ”

“ကျုပ် နားလည်ပါတယ် အရီး ကျုပ်သား ဆိုးတယ်ဆိုတာလည်း သိပါတယ် ”

“ထားလိုက်တော့ ငါ့မြေးကိုမှမဟုတ်ဘူး။ဆင်းရဲတဲ့ ဘယ်ကလေးကိုမှ နိုင့်ထက်စီးနင်း မလုပ်ခိုင်းနဲ့ ကြားလား ”

“ကျုပ် သဘောပေါက်ပါတယ် အရီး”

“ကဲ ကဲ အဲ့တာဆို ငါ ကျေနပ်တယ် ဒီကဆရာလေးတို့ ကျေးဇူးတင်ပါတယ် ”

ဤသို့ပြောပြီး ဝင်းနောင်၏ ဂုတ်ပေါ်ခွစီးနေသော အဖွားအို သည် အရိပ်တခုပမာ အိမ်ပေါ်မှ ထွက်သွားလေတော့သည်။ထိုအချင်းအရာကိုဖြင့် မောင်ဘိုးထင်သာ မြင်နိုင်စွမ်း၏။ကျန်သူ များသည် ဝင်းနောင်နောက်သို့ လန်ကျသွားသည်ကိုသာ မြင် လိုက်၏။ထို့နောက် ဝင်းနောင်သည် သတိပြန်ရလာကာ လူကောင်းတယောက်ပမာ ပြန်ဖြစ်သွားလေ၏။ဦးသာဇံသည် သူ၏သားအား ဆူပူငေါက်ငမ်းနေပြီး မောင်ဘိုးထင်တို့ကိုကြည့်ကာ

“ကျေးဇူးတင်လိုက်တာ ငါ့တူကြီးတို့ရယ် ”

“အဖေ အဲ့ဒီကောင်တွေက ဘယ်ကကောင်တွေလဲ ”

ဦးသာဇံမှ မောင်ဘိုးထင်တို့အား ကျေးဇူးတင်စကားပြောနေစဉ် ရင့်ရင့်သီးသီးမေးလိုက်သော ဝင်းနောင်အား သူ၏ဘေးတွင် ရှိနေသော ဇေယျာသည် အားသန်သန်ဖြင့် နားရင်းကို ရိုက်လိုက်ပြီး

“မင်းလိုကောင်က ပြောဆိုဆုံးမနေလို့ ရမဲ့ကောင် မဟုတ်ဘူး နောက်တခါ သောက်ဂရုမစိုက်တဲ့ပုံနဲ့ စကားပြောကြည့် သောက်ခွက်စုတ်ပြီသာ မှတ်ပြီတော့ အနိုင်ကျင့်တာတွေရှိလို့ ငါ့ကိုလာတိုင်ခဲ့ရင် မင်း သောက်ခွက်ကို တည်ထိုးမှာ ”

ဇေယျာ၏ ခပ်ထန်ထန်စကားကြောင့် ဝင်းနောင် ငြိမ်ကုတ် သွား၏။ဇေယျာသည် လူဖြောင့်လူမှန်တယောက်ဖြစ်ပြီး ထူး ဆန်းသည့် အိပ်မက်များမက်လေ့ရှိသူလည်း ဖြစ်သည်။ထို့ နောက် ဦးသာဇံသည် သူ၏ညီမောင် နှင့် ဇေယျာအား မောင်ဘိုးထင်တို့အတွက် ထမင်းပြင်ခိုင်းလိုက်လေ၏။မောင်ဘိုးထင်တို့သည်လည်း ဗိုက်ဆာနေပြီမို့ ဇေယျာအား ကြည့်ကာ

“အကို ကျုပ်တို့ ဗိုက်တော်တော်ဆာနေပြီဗျ။မြန်မြန်လေး ထမင်းခူးတော့ဗျာ ”

ဇေယျာသည် ပေတူး၏စကားကို သဘောကျကာ ရယ်လိုက် ၏။ထို့နောက် ပေတူးအား

“ငါညီ စိတ်မပူနဲ့ အကိုက မင်းတို့ဗိုက်ဆာနေတယ်ဆိုတာပါ အိပ်မက်ထဲမှာ ကြိုမြင်ထားလို့ ဟင်းအကောင်းဆုံး ချက်ထားတယ် မင်းတို့ ကြိုက်တာ ဝက်သား မဟုတ်လား ကြက်ကာလ သားချက် ရောလေ ”

“ဟုတ်ပါ့ဗျာ ကျုပ်တို့ အကိုက ဒီကောင်ဘိုးထင်ထက်ကို တော်နေပါလားဗျို့ ”

“ဟား ဟားး မဟုတ်တာ ညီလေးရာ ဆရာက ဆရာပါပဲ ”

သူတို့ အားလုံး စိတ်လွတ်လပ်စွာ ရယ်မောလိုက်ကြ၏။မောင်ဘိုးထင်သည် ဇေယျာ၏ အနားကပ်လိုက်ကာ

“ကိုဇေယျာ ကျုပ်ကို ဝက်သားဟင်းလေး ထည့်ပေးလို့ ရမလား ”

“ရတယ်လေ ”

“ရရင် ထည့်ပေးဗျာ ပြီးရင် ခင်ဗျား ကျုပ်ကို ငပိန်ရဲ့အဖွားအိမ်ကို ပို့ပေးစမ်းပါဗျာ ”

“အေး စိတ်ချ စိတ်ချ သွားကြတာပေါ့ ”

ဤသို့ဖြင့် မောင်ဘိုးထင်သည် ဇေယျာအား ကိုပိန်တို့ အတွက် ဟင်းထည့်ခိုင်းလိုက်ပြီးနောက် ထမင်းကို အားရပါးရ စားလိုက်ကြပါလေတော့သည်။

◾ အောက်လမ်းဘိုးထင် နှင့် ကြက်တောင်သည်က ဤမျှသာ။

ရေးသားသူ- မောင်တင်ဆန်း

#မောင်တင်ဆန်း

#crd