အောက်လမ်းဘိုးထင် နှင့် မသာအငြိုး

အောက်လမ်းဘိုးထင် နှင့် မသာအငြိုး
(၅၃)
◾အခန်း (၁)
လူငယ်၊လူရွယ်၊လူကြီး အစုံရှိနေသောနေရာမှာ သင်္ချိုင်းဝန်း တနေရာတွင် ဖြစ်သည်။သိန်းဇော် နှင့် လူငယ်တစု ထို့အပြင် ဖဲသမားတစုသည် ကနားဖျင်းထဲတွင် မီးအိမ်များထွန်းပြီး ဖဲရိုက်နေကြသည်။တချို့သောသူများသည် အရက်သောက်လျက် ရှိ၏။သူတို့သည် မြကေသီ၏အလောင်းအား စောင့်နေကြခြင်းဖြစ်သည်။ရွာအပြင်တွင် သေသောကြောင့် ရွာထဲသို့ အ၀င်မခံသည့်ဓလေ့‌ရှိနေသည့်အတွက် အလောင်းအား ရွာအပြင် သင်္ချိုင်းတွင် စင်ထိုးပြီး တင်ထားခြင်းဖြစ်သည်။မြကေသီ၏ အလောင်းစင်သည် ဖဲရိုက်အရက်သောက်နေသောနေရာဖြစ် သည့် ကနားဖျင်းနှင့် အနည်းငယ် လှမ်းသည်။မြကေသီအလောင်း၏ ရှေ့တွင် မီးအိမ်တခုကို ထွန်းညှိထားသော ကြောင့် အလောင်းအားသေချာ မြင်နေရသည်။ရွာသားလူငယ် နှစ်ယောက်သည် အရက်သောက်နေရာမှ အပေါ့သွားချင်လာသဖြင့် တယောက် နှင့် တယောက်အဖော် ညှိကာ မြကေသီ၏ အလောင်းဘက်မှ နေ၍ ဖြတ်သွားလေသည်။ထို့နောက် လူငယ် နှစ်ယောက်အနက် တယောက်သောလူငယ်သည် အပေါ့သွားနေရင်းမှ မလှမ်းမကမ်းတွင်ရှိသော မြကေသီ၏ အလောင်းကို ကြည့်ကာ
“ဟဲ့ကောင် ငမိုး ဟိုမမြကေသီက တော်တော်လှတာပဲကွ သေပြီးတာတောင် လှနေတုန်းပဲ “
“မင်းကလည်း သေနေတဲ့လူကိုတောင် အလွတ်မပေးချင်ဘူးငမ်းနေသေးတယ် “
“မဟုတ်ဘူး ငမိုးရ မင်းသေချာကြည့်ပါလား “
ငမိုးဟု အမည်ရသော လူငယ်လေးသည်လည်း သူ၏သူငယ် ချင်း ပြောလွန်းမက ပြောလာ၍ မြကေသီ၏ အလောင်းကို ကြည့်လိုက်သည်။သူပြောသည်မှာ ဟုတ်ပေသည်။စောင်ပါးလေးတထည်ကိုသာ လွှားပေးထားရမှ ထိုစောင်ကို ဘယ်သူခွာပြီး ဘေးချထားမှန်းမသိပေရာ မြကေသီ၏ ကိုယ်ခန္ဓာနှင့် မျက်နှာသည် အိပ်နေသည့်အလား ထင်မှတ်ရအောင် လှပတင့်တယ်နေ၏။အရက်ကြောင့်ဖြစ်သည်ကနည်းနည်း ပင်ကိုယ်စိတ်ရင်း မကောင်းသည်က များများမို့ ထိုလူငယ်နှစ်ယောက် သည် တယောက်မျက်နှာ တယောက်ကြည့်ကာ မကြံစည်အပ် မကြံစည်ကောင်းသည်ကို ကြံစည်ဖို့ရာအတွက် ပါးစပ်မှ မပြောပဲ မျက်ရိပ်မျက်စဖြင့် သဘောတူညီမှု ရရှိသွားကြပါလေတော့ သည် ။
◾အခန်း (၂)
ကနားဖျင်းထဲတွင် ဖဲရိုက်နေသောသိန်းဇော်သည် အမှတ်မထင် မြကေသီ၏အလောင်းစင်ရှိရာသို့ ကြည့်မိရာ အလောင်း စင်ထိပ်တွင် ထွန်းပေးထားသော မီးမှာ ငြိမ်းနေသောကြောင့် ‌မှောင်မဲနေသည်ကို တွေ့ရလေ၏။ထိုအခါ သိန်းဇော်သည် ဘေးတွင် ရှိနေသော သူ၏ သူငယ်ချင်းများအား စကားလှမ်းဆိုလိုက်သည်။
“ဟေ့ကောင်တွေ မသာထိပ်က မီးအိမ်က ဘယ်လိုလုပ်ငြိမ်းနေတာလဲ “
“ဆီကုန်လို့ နေမှာပေါ့ကွာ “
“ဆီကုန်စရာလည်း မရှိပါဘူးကွာ ငမိုး နှင့် ငကြွက်ကို သွားထွန်းခိုင်းလိုက်ဦး “
သိန်းဇော်၏ စကားကြောင့် သူငယ်ချင်းဖြစ်သူသည် သူတို့ဖဲ ဝိုင်းနောက်ဖက်မှ အရက်သောက်နေသည့် လူစုကို တချက်ကြည့်ကာ
“ဟေ့ကောင်တွေ ငမိုး နဲ့ ငကြွက် ဘယ်သွားလဲဟ “
“အပေါ့သွားတယ် အကိုကြီး”
“အေး ဟိုမသာစင်မှာ မီးငြိမ်းနေပြီ။တယောက်လောက် သွားထွန်းပေးလိုက်ကြစမ်း “
“ဟုတ်ကဲ့ “
အရက်သောက်နေသော လူငယ်လေးများသည် သိန်းဇော် သူငယ်ချင်းဖြစ်သူ၏ စကားကို နားထောင်လိုက်ကာ လူငယ် လေးနှစ်ယောက်သည် အလောင်းစင်ရှိရာသို့ ထွက်သွားကြပါတော့သည်။
ထိုလူငယ်နှစ်ယောက် အလောင်းစင်ရှိရာ ရောက်သွားချိန် တွင်တော့ မြကေသီ၏အလောင်းနားတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသဖြင့် မီးသွားထွန်းသော လူငယ်လေးနှစ်ယောက်သည် သိန်းဇော်တို့အား ကျယ်လောင်စွာအော်ဟစ်ပြီး အော်ခေါ်လိုက် ပါလေတော့သည်။
“ကိုသိန်းဇော်တို့ လာကြပါဦး ဒီမှာ ဘာတွေဖြစ်နေတာလဲ မသိဘူး “
အော်ခေါ်သံကြောင့် ဖဲရိုက်နေကြသော သိန်းဇော် နှင့် တခြားသူများသည် မီးအိမ်များကို ကိုင်‌ကာ မြ‌ေကသီ၏အလောင်းစင်ရှိရာသို့ သွားလိုက်ကြသည်။အလောင်းစင်အနားရောက်သည့်အခါ သိန်းဇော်တို့ အားလုံး အံ့ဩသွားကြရသည်။အကြောင်းမှာ မြ‌သီတာ၏ဖခင်ဖြစ်သူ သူရူးကြီး ဦးပေါက်စအား ငမိုး နှင့် ငကြွက်တို့မှ ရိုက်ပုတ်ကာ ဖမ်းထားခြင်းကြောင့်ဖြစ်သည်။ဦးပေါက်စသည် သမီးဖြစ်သူ၏ ရုပ်အလောင်းကို ကြည့်ပြီး ရုန်းကန်နေကာ တခါတခါတွင် ငမိုး နှင့် ငကြွက်တို့အား ရန်‌လိုသော အကြည့်တို့ဖြင့် ကြည့်နေသည်။သိန်းဇော်သည် မြ‌ေကသီ၏အလောင်းရှေ့မှ မီးအိမ်အား မီးထွန်းလိုက်ပြီး အလင်းရောင် ကောင်းစွာရချိန်တွင် အလောင်းအပေါ်တွင် လွှာထားသောစောင်မှာ မရှိတော့ပဲ လွှားခြုံထားသော အဝတ်အစားအပိုနှင့် အလောင်း၏ အဝတ်အစားတို့မှာ သပ်သပ်ရပ်ရပ်မရှိတော့ သည်ကို မြင်လိုက်ရသောကြောင့် သိန်းဇော် သေချာပြန်ပြင် ဆင်လိုက်ရင်း သူ့ဘေးတွင်ရှိသော လူများအား
“ဒါက ဘယ်လိုဖြစ်တာလဲ မြ‌ေကသီမှာ တန်ဖိုးကြီး လက်ဝတ် ရတနာပါတယ်ထင်ပြီး ရှာထားကြတာလား ပြောစမ်း “
သိန်းဇော်၏ ဒေါသသံအပြည့်ပါနေသော စကားကြောင့် မည်သူမှာ မလှုပ်ရဲပေ။ငြိမ်နေသောလူများကို လှည့်ပတ်ကြည့်ပြီး သိန်းဇော်မှ ဒေါသတကြီးထပ်မံအော်ငေါက်လိုက်ပြန်သည်။
“ဘယ်ကောင်လဲ သူဌေးကုန်းရွာရဲ့သိက္ခာကို ချတာ မင်းတို့ ဒီလောက်တောင် သောက်ကျင့်တွေ မကောင်းတော့ဘူးလား ပြောကြစမ်း “
သိန်ဇော်သည် ဆူငေါက်ဆဲဆိုကာ ဦးပေါက်စကို ဖမ်းထားသော ငမိုး နှင့် ငကြွက် ကို သေချာကြည့်လိုက်ပြီး
“မင်းတို့ နှစ်ကောင်ကို ဒီအလောင်းအနားမှာ အရင်တွေ့တာ မင်းတို့ ဘာလုပ်ထားလဲ ပြောစမ်း “
“ဟို ဟို ကျုပ်တို့ မဟုတ်တာ ဘာမှမလုပ်ပါဘူး “
“မင်းတို့ကို အရင်တွေ့တာ ပြောစမ်း မင်းတို့ ဘာလုပ်တာလဲ ပြီးတော့ ဦးပေါက်စကရော ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာ လဲ “
ငမိုးနှင့် ငကြွက် ခေတ္တငြိမ်သက်သွားသည်။ပြီးနောက် ငမိုးမှ
“ဒီလိုပါ ကိုသိန်းဇော် ကျုပ်တို့ အပေါ့သွားနေတုန်း ဦးပေါက်စကြီးက သူသမီးအလောင်းကို ထမ်းခေါ်နေလို့ ကျုပ်တို့ တားရင်းနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အခုလို အခြေအနေတွေ ဖြစ်ကုန်တာပါ “
“ဟေ့ကောင် ငကြွက် ငမိုးပြောတာ အမှန်ပဲလား “
“ဟုတ်ပါတယ် ကိုသိန်းဇော် “
“အဲ့တာဆိုလည်း ပြီးတာပဲ ဦးပေါက်စကို လွှတ်လိုက်တော့ “
သိန်းဇော်မှ ဦးပေါက်စအား လွှတ်ခိုင်းလိုက်သည့်အခါ ချုပ် ထားသော ငမိုး နှင့် ငကြွက်တို့မှ လွှတ်ပေးလိုက်၏။ထိုအခါ ဦးပေါက်စသည် ငကြွက်၏ နားရွက်အား လှည့်၍ ကိုက်ပါလေ‌ တော့သည်။အကိုက်ခံရသော ငကြွက်မှာ ဆဲဆို၍ တွန်းထုတ် လိုက်သည်နှင့် ဦးပေါက်စသည် အမှောင်ထဲသို့ ပြေးထွက်သွားလေ၏။ရုတ်တရက်မို့ ကြောင်ငေးနေသော ‌သိန်းဇော်တို့သည် သတိပြန်၀င်လာပြီး သွေးများထွက်ကာ နားရွက်အား လက်နှင့်အုပ်ထားသောငကြွက်အား ဝိုင်းဝန်ကူညီပေးနေချိန် အလောင်း စင်မှ ပြန်လည်ထွန်းထားသော မီးအိမ်နည်းတူ သူတို့၏ မီးအိမ်များမှာလည်း အလိုလိုငြိမ်းကုန်၏။ထို့နောက် သူတို့၏ ဝန်း ကျင်မှ
“နင်တို့ကို မကျေနပ်ဘူး နင်တို့ကို မကျေနပ်ဘူး “
ကျယ်လောင်သော အသံကြီးသည် သူတို့၏၀န်းကျင်တွင် လွင့်ပျံ့နေပြီး ကနားဖျင်းပြိုကျသည့်အသံကိုပါ တဆက်တည်း ကြားလိုက်ကြပါတော့သည် ။
◾အခန်း (၃)
မောင်ဘိုးထင်တို့သည် စနေဂိုဏ်း နှင့် စနေအား နှိမ်နှင်းပြီး အပြန် ရွာဘက်မှ ကျယ်လောင်သော အော်သံကြားရ၍ ရွာဆီသို့ အသော့နှင်လိုက်ကြသည်။ဦးစံလှသည် သူ၏ဘေးတွင်ရှိနေသော မောင်ဘိုးထင်အား အမေးစကားဆိုလေသည်။
“ကောင်လေး အသံကြီးက ကြောက်စရာကြီး ဘာဖြစ်တာလဲ ဘာဖြစ်နိုင်လဲ “
“ကျုပ်အထင်တော့ ကိုသိန်းဇော်တို့သင်္ချိုင်းမှာ ပြဿနာ တက်နေပြီ ထင်တယ် “
“အဲ့ အဲ့တာဆို “
“ကျုပ်တို့အရင် အဲ့ဒီနေရာကို သွားကြတာပေါ့ “
မောင်ဘိုးထင်တို့သည် မြန်သထက်မြန်သည့် ခြေလှမ်းများ ဖြင့် သင်္ချိုင်းဆီသို့အပြေးတပိုင်း သွားနေကြသည်။များမကြာမီ မှောင်မဲနေသော သင်္ချိုင်းတနေရာတွင် ကြောက်လန့်တကြားအော်သံများက ညံစီလျက်ရှိသည်။မောင်ဘိုးထင်တို့ သေချာကြည့်သည့်အခါ မြကေသီ၏အလောင်းခြေရင်းတွင် သိန်းဇော်တို့ လူတစုအချင်းချင်း ပူးကပ်ထိုင်ကာ အော်ဟစ်နေခြင်းဖြစ် သည်။ကြားရသည်မှာ အခြေအနေမကောင်း၊သည်းခြေပျက်တော့မည့်အလား အသံများဖြင့် ဖြစ်သည်။မောင်ဘိုးထင်တို့ သည် သူတို့ရှိသည့်နေရာကို သွားလိုက်ကာ
“ဟေ့ ဟေ့ လူတွေ သတိထားကြဦး ဘာတွေဖြစ်နေတာလဲ “
“မြ မြကေသီ သောင်းကြမ်းနေပြီ ကယ်ကြပါဦး “
“ဟေ့ လူတွေ သတိထားစမ်း “
မောင်ဘိုးထင်တို့ တယောက်တပေါက် အော်နေသော်လည်း သိန်းဇော်တို့ လူစုသည် ကြောက်မြဲတိုင်းကြောက်နေလေသည်။ ထို့နောက် ဦးစံလှသည် မြကေသီ၏ အလောင်းစင်ထိပ်မှ မီး အိမ်အား မီးထွန်းညှိလိုက်လေသည်။ထိုအခါမှ သိန်းဇော်တို့ လူစုသည် ဦးစံလှ နှင့် မောင်ဘိုးထင်တို့ကို မြင်တွေ့သွားကာ အနည်းငယ် ကြောက်လန့်သည့်စိတ်ကင်းသွားပြီး
“ဘိုး ဘိုးထင် လုပ်ပါဦးကွာ ငါတို့ကို မြကေသီသတ်မလို့ လုပ်နေတယ် “
“နေ နေပါဦး ဘယ်လိုစဖြစ်တာလဲ ပြောစမ်းပါဦး “
“နောက် ‌နောက်မှ ပြောမယ် ငါတို့ကို ရွာပြန်လိုက်ပို့ပေးပါ”
‌မောင်ဘိုးထင်သည် ဦးစံလှကို ကြည့်လိုက်သည်။ဦးစံလှသည်လည်း သူကြည့်သည်ကို သဘောပေါက်သည် ထင်၏။ ခေါင်းကို ညိတ်ပြကာ
“ကဲ ဘိုးထင် မင်းလူတွေကို ရွာအရင်ပို့ပြီးမှ ငါတို့ ဒီပြန်လာကြတာပေါ့ ဘယ်လိုလဲ “
“အဲ့လိုပဲ ကောင်းပါတယ် ကိုသိန်းဇော်တို့ကို ကြည့်ရတာ အတော်ကို အကြောက်လွန်နေပြီ ဒီလူက တော်ရုံကြောက်တတ်တဲ့လူ မဟုတ်ပါဘူး “
“ကဲ ပြောနေတာ ကြာပါတယ်ကွာ ဒီလူတွေကို ခေါ်ကြစို့ “
ဖိုးထွေး၏ သတိပေးစကားကြောင့် သူတို့အားလုံး သိန်းဇော် ၏သူငယ်ချင်းများအပါအဝင် ဖဲသမားများနှင့် အရက်သမားများကို ခေါ်ကာ ရွာသို့ ပြန်လိုက်ပို့ပေးလိုက်ကြသည်။ရွာသို့ ပြန်သည့်လမ်းတွင် ‌သိန်းဇော်တို့သည် ရှေ့မှလည်း မလျှောက်ရဲ နောက်မှလည်း မလျှောက်ရဲ ဖြစ်နေသောကြောင့် မောင်ဘိုးထင် ၊ဦးစံလှ နှင့် သာရတို့ ရှေ့မှ လျှောက်ပြီး နောက်တွင်တော့ ဖိုးထွေး၊ပေတူး နှင့် သာရတို့ လျှောက်နေကြသည်။ရှေ့ဆုံးမှ မောင်ဘိုးထင်တို့သည် မီးအိမ်ကို ကိုင်ထားပြီး နောက်ဆုံးတွင် ရှိသော ပေတူးတို့မှာဖြင့် မှောင်မှောင်မဲမဲ ဖြစ်၏။သူတို့ အုပ်စုဖွဲ့လိုက်ပြီး ရွာပြန်နေစဉ် အနောက်တွင်ရှိသော ပေတူး နှင့် သာအေးသည် အချင်းချင်း လက်တို့ပြီး
“ဟေ့ကောင် သာအေး နောက်က တယောက်ယောက်ပါလာသလို ခံစားနေရတယ်နော် “
“အေး ငါလည်း သိတယ် နောက်လှည့်ကြည့်ကြမလား “
“နေဦး ဟိုဘက်က ကိုဖိုးထွေးကို လက်တို့ပြီး ပြောလိုက်ဦး “
ပေတူး၏စကားကြောင့် သာအေးသည် ဖိုးထွေးကို လက်တို့ လိုက်ကာ
“ကိုဖိုးထွေး ကျုပ်တို့နောက်ကို တယောက်ယောက် လိုက်လာတယ်နော် သတိထားမိလား “
“သိတာပေါ့ ဘိုးထင် နောက်ကလိုက်လာတာ ကြာပြီ။ဒီ လောက်တော့ ခံစားမိတယ် “
“အဲ့တာဆို ကျုပ်တို့ လှည့်ကြည့်ကြမလား “
“ကြည့်တော့ ဘာအကျိုးမှမရှိဘူး ထားလိုက်။မသိဖာသာ လေးပဲနေ ဒီကို ပြန်လာရဦးမှာ အဲ့ဒီတော့မှ အဝကြည့်”
“မကြည့်ချင်ပါဘူးဗျာ “
ဖိုးထွေး၏ စကားကြောင့် သာအေး နှင့် ပေတူး မည်သည့် စကားမှ ထပ်မပြောတော့ပဲ လမ်းသာလျှောက်နေသည်။မကြာသောအချိန်တွင် ဖိုးထွေးဆီမှ စကားသံခပ်အုပ်အုပ် ထွက်လာပြန်သည် ။
“ဟေ့ကောင် သာအေး မင်းတို့ကို ပြောပြီးသား မကြည့်ဘူးလို့”
“ဗျာ ဘာဖြစ်လို့လဲ “
“ဘာဖြစ်ရမှာလဲ ဟော့ဒီလက်ကြီးက ငါ့ပုခုံးကို ဘာလို့ ကုတ် နေတာလဲ မင်းလက်ကလည်း အေးလိုက်တာ သာအေးရာ “
“ကိုဖိုးထွေး ဘာတွေပြောနေတာလဲ ကျုပ်လက်က ဒီမှာပါဗျ”
သာအေးသည် သူ၏လက်နှစ်ဖက်ကို ဖိုးထွေး၏ မျက်လုံးနားကပ်ပြီး ပြလိုက်ရာ
“ဟာ လခွမ်း ဒါဆို ဘယ်က လက်ကြီးလဲဟ “
ဖိုးထွေးသည် ပြောပြောဆိုဆို နောက်သို့လှည့်ကြည့်လိုက်၏။ ထိုအခါ သူ၏ နောက်တည့်တည့်မှ လိုက်ပါလာသော မြကေသီ အား မြင်တွေ့လိုက်ရသည့်အခါတွင် သူကိုင်ထားသော လက်အား လွှတ်လိုက်ပြီး ပေတူး နှင့် သာအေးအား လှမ်းစကားဆိုကာ ရှေ့သို့ ပြေးလေတော့သည် ။
“ဟဲ့ကောင်တွေ ဟိုမသာမကြီး “
ထိုမျှသာ ပြောပြီး ပြေးသွားသော ဖိုးထွေး၏ နောက်သို့ သာအေး နှင့် ပေတူးလည်း ပြေးလိုက်သွားလေသည်။သူတို့သည် မောင်ဘိုးထင်၏ အနားကို ကပ်လိုက်ပြီး အသံခပ်အုပ်အုပ်နှင့်
“ဘိုး ဘိုးထင် ဟိုမသာ‌အလောင်းကြီး တို့ တို့နောက်လိုက်လာတယ် “
“ဘာ ပြောတယ် ကိုဖိုးထွေး “
“ဟုတ်တယ် ဆံပင်ဖားလျားကြီးနဲ့ နောက်မှာ “
သူတို့ စကားပြောနေစဉ်
“အား အား ကယ်ကြပါဦး “
မောင်ဘိုးထင်တို့ နောက်သို့ ပြန်သွားပြီး ကြည့်လိုက်သည်။သူတို့ မြင်ရသည်က လူတယောက်သည် သူတို့အဖွဲ့ထဲမှ လူငယ်လေး နှစ်ယောက်အား ခြေထောက်တယောက်တဖက်မှ ဆွဲကာ နှစ်ယောက်လုံးကို တရွတ်တိုက်ဆွဲသွားလေ၏။ထိုအခါ မောင်ဘိုးထင်သည်
“ဘယ်သူတွေ ပါသွားတာလဲ ကိုသိန်းဇော် “
“ဟေ့ကောင်တွေ အဲ့ဒီနှစ်ယောက်က ဘယ်သူတုန်း လူစစ်ကြစမ်း “
သိန်းဇော်၏ စကားကြောင့် ကြောက်လန့်နေသော လူများ သည် လူစစ်လိုက်သောအခါ ငမိုး နှင့် ငကြွက် တို့ဖြစ်လို့နေ၏။ ထို့နောက် ‌‌မောင်ဘိုးထင်သည် ဦးစံလှ အနားသွားကာ
“ဦးလေး အချိန်ဆွဲလို့ မရတော့ဘူး ကျုပ်တို့ လူနှစ်ယောက်ကို သွားကယ်မယ် ဦးကြီးက ကိုသိန်းဇော်တို့ကို ရွာပြန်ပို့လိုက်ဗျာ “
“အေး အေး စိတ်ချ ဘိုးထင် “
“အဲ့တာဆို ကျုပ်တို့ သွားမယ် မီးအိမ်တလုံး ယူသွားမယ် “
“ကောင်းပြီ ကောင်လေး “
ထို့နောက် မောင်ဘိုးထင်တို့သည် ငမိုး နှင့် ငကြွက်အား ဆွဲခေါ် သွားသော သင်္ချိုင်းဆီသို့ ပြန်သွားကြပါလေတော့သည် ။
◾အခန်း (၄)
ရှေ့ဆုံးမှနေ၍ မီးအိမ်ကိုကိုင်ထားသူမှာ ဖိုးထွေး ဖြစ်ပြီး သူ၏ ဘေးတွင် ဘိုးထင် နှင့် သာရ ရှိနေသည်။နောက်မှာဖြင့် သာအေး နှင့် ပေတူး ကပ်ပါလာပြီး သူတို့နှစ်ယောက်သည် လေးဂွများကို အသင့်ပြင်ထားကြလေသည်။
“ပေတူး နဲ့ သာအေး “
“ဗျ ကိုဖိုးထွေး “
“မင်းတို့ ကြောက်နေလား “
“ဘိုးထင် ပါမှတော့ ကြောက်မလားဗျ”
“ဘိုးထင်က ကြောက်နေတယ်တဲ့ကွာ “
“ဟာ ပေါက်ကရ ဘိုးထင်က ကြောက်မလားဗျ ဒီကောင်က အောက်လမ်းဆရာကို “
မောင်ဘိုးထင်သည် ပေတူး၏ စကားကြောင့် နောက်သို့တချက် လှည့်ကြည့်လိုက်ကာ
“အောက်လမ်းလည်း လူပဲကွ ကြောက်စရာကောင်းရင်တော့ ကြောက်တာပေါ့ မင်းမေကြီးတော် မသာမကြီးက ထလာပြီး လူတွေကို ဆွဲသွားတာဟ “
“မင်း မင်း နိုင်တယ် မဟုတ်လား “
“မသိသေးဘူး ငါ့အထင်တော့ ဒီလူတွေကိုပဲ အညှိုးထားပြီး လုပ်နေတာ ထင်တယ် “
“သူမသေခင်ကလည်း ငါတို့ကို အညှိုးထားတယ်လေ “
“မဟုတ်လောက်ဘူး ပေတူး သူ မသေခင်လေး အမြင်မှန်ရသွားတယ်ကွ “
“အေး အဲ့တာလည်း ဟုတ်တယ် တခြားဖုတ်‌တွေ ဘာတွေဝင် ပူးပြီး လုပ်နေတာရော မဖြစ်နိုင်ဘူးလား “
“အဲ့လိုဆိုရင် ကိုဖိုးထွေးကို အရင်ဆွဲမှာပေါ့ သူက လက်တောင် ကိုင်လိုက်သေးတာ “
“အေး အဲ့တာလည်း ဟုတ်တာပဲ “
မောင်ဘိုးထင်တို့ စကားတပြောတပြောနှင့် လမ်းလျှောက် လာရာ မကြာသောအချိန်တွင် ပြိုပျက်နေသော ကနားဖျင်းကို တွေ့ လိုက်ရသည်။ထို့နောက် ကနားဖျင်း နှင့် မလှမ်းမကမ်းရှိ အ‌လောင်းစင်သို့ သွားလိုက်၏။အလောင်းစင်ပေါ်တွင်တော့ မနက်ဖြန်မြေချမည့် မသာမှာ ရှိမနေတော့ပေ။ထို့ကြောင့် မောင်ဘိုးထင်တို့ တယောက်မျက်နှာ တယောက်ကြည့်ကာ
“အခြေအနေကတော့ သိပ်မကောင်းဘူး ကိုဖိုးထွေး “
“ဘာလို့လဲ ဘိုးထင် “
“ကျုပ် အခုလိုပြန်ထလာတဲ့ အလောင်းကောင်ကို နိုင်မလား မနိုင်မလား မသေချာသေးဘူး “
“ဘာပဲဖြစ်ဖြစ် မင်းကို ငါတို့ ယုံတယ် တကယ်လို့ ငါတို့ သေရမယ် ဆိုရင်တောင် အတူတူသေကြတာပေါ့ “
ရုတ်တရက် ထပြောလာသော သာအေး၏စကားကြောင့် အားလုံး၏ အကြည့်များသည် သာအေးထံသို့ ရောက်သွားပြီး မောင်ဘိုးထင်မှ စကားဆိုလိုက်လေသည်။
“ဟေ့ကောင် ငါတို့က ဘာလို့ သေရမှာလဲ “
“မင်း မနိုင်ဘူးဆို “
“အေးလေ “
“မနိုင်ရင်တော့ သေပြီပေါ့ “
” သာအေး မင်းက တယောက်တည်း အသေခံပြီး ချမလို့ လား အဲ့ဒီလို လုပ်ရအောင် မင်းက အရူးလား မနိုင်မှတော့ ပြေးမှာပေါ့ လွတ်ပြီဆိုတော့မှ နောက်ထပ် သူ့ကိုနိုင် နိုင်မဲ့ အခွင့် အရေး ထပ်ရှာရမှာပေါ့ “
မောင်ဘိုးထင်၏ စကားကို သာအေး သေချာနားထောင်ပြီး
“အေး အဲ့တာလည်း ဟုတ်သား ကဲ အဲ့တာဆို ငါတို့ ဘယ်က ဘယ်လို စလုပ်ကြမလဲ “
” သိပ်တော့မခက်ပါဘူးကွာ သင်္ချိုင်းထဲ လိုက်ရှာကြတာပေါ့ “
“‌အေး အဲ့တာဆိုလည်း ရှာကြတာပေါ့ “
ဤသို့ဖြင့် မောင်ဘိုးထင်တို့သည် အလောင်းမရှိတော့သော အလောင်စင်အနားမှ ထွက်လာကြပြီး သူဌေးကုန်းရွာသင်္ချိုင်း ထဲသို့ ဝင်ရောက်လိုက်ကြပါတော့သည်။
◾အခန်း (၅)
သူဌေးကုန်းရွာသင်္ချိုင်းသည် ‌မြေပုံများသာ များပေ၏ ။ အုတ်ဂူဟူ၍ လက်ချိုးရေတွက်လို့ရသည့် အနေထားသာ ရှိ၏ ၊ မောင်ဘိုးထင်တို့သည် သင်္ချိုင်းတွင် မြကေသီ၏အလောင်း အား လိုက်ရှာနေစဉ် ရုတ်တရက် သူတို့အနားသို့ လူတယောက် ပြေးလာလေသည်၊၊ထိုသူသည် တခြားသူမဟုတ် ဦးပေါက်စ သာဖြစ်၏။ဦးပေါက်စသည် ဖိုးထွေး၏လက်ထဲမှ မီးအိမ်ကို လုယုလိုက်ခြင်းဖြစ်သည်။သို့ပေမဲ့ ဖျတ်လတ်သွက်လက်သော လူငယ်လေးများမို့ အားဖြင့် ထိန်းထားနိုင်ပြီး သာရမှ သူ၏ ၀ ဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးကို ဖက်ထားလိုက်ကာ
“ဦးပေါက်စ ခင်ဗျား ဘာလုပ်တာလဲဗျာ “
“ငါ့သမီးလေး စိတ်ဆိုးနေပြီ မင်းတို့ကို သတ်တော့မှာ ဟားးး ဟားးးး မင်းတို့ကို သတ်ပစ်တော့မယ် ဟားးး ဟားးး “
ဦးပေါက်စမှ သူတို့ မထင်မှတ်ထားသောစကားကို ပြောသည့်အခါ အားလုံးနည်းနည်းတော့ လန့်သွားမိသည်။ထို့နောက် မောင်ဘိုးထင်သည်
“ဦးပေါက်စ ခင်ဗျားသမီး ဘယ်မှာလဲ “
“ငါ့သမီးလေးလား ငါ့သမီးလေးက မြို့မှာလေ မြို့မှာ စာသင်နေတယ် ဟီး ဟီး ဟားး ဟားး”
‌ဦးပေါက်စမှ တောင်စဥ်ရေမရ စကားများဆိုနေသောအခါ ဖိုးထွေးသည် သာရကို ကြည့်လိုက်ကာ
“သာရ လွှတ်လိုက်ပါကွာ သတိရတချက် မရတချက် ဖြစ်နေတာထင်တယ် ငါတို့ကို ဒုက္ခမပေးနိုင်လောက်ပါဘူး “
“သူက ဘာလို့ ငါတို့ မီးအိမ်ကို လာလုရတာလဲ “
“အဲ့တာတော့ ငါလည်းမသိဘူး သူ့ပုံကြည့်ရတာ ငါတို့ကို ဒုက္ခပေးမဲ့ပုံတော့ မပေါ် ပါဘူး “
ဖိုးထွေးမှ ထိုသို့သောစကားအား ပြောလိုက်သောအခါ ဦးပေါက်စကြီးသည် သူတို့အားလုံးကို ပြုံးယောင်ယောင်မျက်နှာ ဖြင့် ကြည့်ကာ
“မင်းတို့ကို ဒုက္ခပေးမှာ ငါ့သမီးလေးကို ယုတ်မာတဲ့ကောင်တွေကို ကယ်မဲ့ မင်းတို့တွေကို ငါက ဒုက္ခပေးရမှာပေါ့ “
“ဦးကြီး မရူးဘူး မဟုတ်လား ကျုပ်ကို အမှန်အတိုင်း ပြောစမ်းပါ “
မောင်ဘိုးထင်သည် ဦးပေါက်စ၏ ပုံစံကို အကဲခတ်ကြည့်ကာ မေးလိုက်ခြင်း ဖြစ်သည်။သို့ပေမဲ့ သူသည် မောင်ဘိုးထင် ၏ အမေးကို မဖြေပေ။
“ဦးကြီး ကျုပ်တို့ မသိတာတွေကို ဦးကြီး သိထားရင် ပြောပြပါ။ကျုပ်တို့က မတရားသဖြင့်လုပ်မဲ့သူတွေ မဟုတ်ပါဘူး “
“ဟုတ်တယ် ဦးပေါက်စ ခင်ဗျားကို ကျုပ်တို့ အရင်က ဒုက္ခပေးခဲ့တယ်ဆိုတာ ခင်ဗျားရဲ့ လုပ်ရပ်တွေကြောင့်လည်း ပါတယ်။ခင်ဗျားကြောင့် အပြစ်မရှိပဲ သေခဲ့ရတဲ့ ရတနာက ခင်ဗျား သမီးထက်တောင် ငယ်တယ်ဗျ”
“ဟုတ်တယ် ခင်ဗျားက တတ်ထားတဲ့ ပညာတွေနဲ့ လူတွေကို ဒုက္ခပေးခဲ့လို့ ကျုပ်တို့က လုပ်ရတာ ကျုပ်တို့ကို အပြစ်မြင်ခဲ့ရင်လည်း ဂရုမစိုက်ဘူး “
မောင်ဘိုးထင်တို့မှ တယောက်တပေါက် ပြောနေသောအခါ သာရ ချုပ်ထားသော ဦးပေါက်စကြီး သက်သာရာရလေ၏။လက်ထဲမှ ရုန်းလိုက်ကာ အုတ်ဂူတလုံးကို မှီပြီး ထိုင်လိုက်ကာ ငိုရှိုက် နေလေသည်။မထင်မှတ်ထားသော အပြုအမူမို့ မောင်ဘိုးထင်တို့ ကြောင်ငေးနေကြသည်။ထို့နောက် ဦးပေါက်စထံမှ စကားသံ ထွက်ပေါ်လာလေသည်။
“ငါမရူးဘူး ရူးချင်ရောင်ဆောင်နေတာ။ငါ လူကောင်းတယောက်လို လူတွေကြားမှာ မနေဝံ့တော့ဘူးကွ မင်းတို့ ပြောတာ မှန်ပါတယ် ငါလူတွေကို ဒုက္ခအများကြီး ပေးခဲ့တယ်။အဲ့တာ ကြောင့် ငါပေးဆပ်နေရတာ ကျေနပ်တယ် ငါ့သမီးလေး သေတာလည်း ငါ ၀မ်းမနည်းဘူး သူလည်း ငါ့လိုပဲ အမြင်မှန် ရပြီးမှ သေသွားတာ “
“ဟုတ်တယ် ကျုပ်တို့ သိတယ် ဒါပေမဲ့ မမြကေသီက အခုမှ ဘာလို့ ဒီလိုတွေ လုပ်နေတာလဲ ကျုပ်တို့ နားမလည်တော့ဘူး “
ငိုကြွေးပြီးစကားဆိုနေသော ဦးပေါက်စအား သူတို့ နာမလည်သည့် အကြောင်းရင်းကို ပြောလိုက်လေသည်။ထိုအခါ ဦးပေါက်စသည် တောက်တချက်ကို ပြင်းစွာခေါက်ကာ
“အခု ငါ့သမီး ဆွဲခေါ်သွားတဲ့နှစ်ကောင်က ငါ့ ငါ့သမီးရဲ့ အသက်မရှိတော့တဲ့ ရုပ်အလောင်းကို ဟီးး ဟီးး “
ဦးပေါက်စ၏ ငိုသံကြောင့် မောင်ဘိုးထင်တို့ အားလုံး ရင်ထိတ်သွားကြသည်။ထို့‌နောက် ဦးပေါက်စမှာ ဖြစ်ကြောင်းကုန် စင်အား ပြောပြလိုက်သောအခါ
“တောက် လူမှ ဟုတ်ရဲ့လားကွာ ဒီလိုကောင်မျိုးတွေကို ကျုပ်ကိုယ်တိုင် သတ်ချင်တာ “
“ဟုတ်တယ်ဗျာ မကြားဝံ့မနာသာ ခွေးသူတောင်းစားတွေ “
“ဒါကို ကိုသိန်းဇော်တို့ သိလား ဦးကြီး “
“သိန်းဇော်တို့က သိမှာ မဟုတ်ဘူး ဒီကောင်တွေက ငါ့ကို လွှဲ ချသွားတာ “
“အဲ့တာဆို ကိုသိန်းဇော်တို့နဲ့ ဘာမှ မဆိုင်ဘူးပေါ့ “
“အေး မဆိုင်ဘူး အစက ငါ့သမီးက အားလုံးကို သတ်မယ် လုပ်တာ ငါဖျောင်းဖျထားလို့ လုပ်တဲ့သူနှစ်ယောက်ကိုပဲ ဆွဲခေါ်သွားတာ မင်းတို့ ဘာဆက်လုပ်မလဲ ငါ့သမီးနောက်ကို လိုက်တာမလား အဲ့တာဆို မင်းတို့ကို ငါ အသေခံပြီး တားရမှာပဲ “
“ကျုပ်တို့လည်း အဲ့ဒီလို လုပ်ရပ်ကိုတော့ အားမပေးပါဘူး။ ဒီလိုကောင်တွေကို ကျုပ်တို့က အသက်ပေးပြီး ကယ်စရာလား “
ဖိုးထွေးသည် ဦးပေါက်စ၏ အနားထိုင်ပြီး ထိုသို့ပြောလိုက်ချိန် သာအေးမှလည်း စကားဆိုလာသည် ။
“ဒီကိစ္စကို ကျုပ်တို့ ကိုသိန်းဇော် နဲ့ ဦးစံလှကို ပြောရမယ် “
“ပြောရမှာပေါ့ ဒါနဲ့ အခု ငါတို့က ဘာဆက်လုပ်ကြမလဲ “
သာရ၏အမေးအား မည်သူမှ ဖြေကြားခြင်းမရှိပေ။ထို့ နောက် မောင်ဘိုးထင်သည် ဦးပေါက်စ၏ ရှေ့ထိုင်လိုက်ကာ
“ဦးကြီး ဟိုလူနှစ်ယောက်က ဘယ်လိုဖြစ်ဖြစ်သေမှာ မဟုတ်လား “
ဦးပေါက်စ ခေါင်းညိတ်ပြလိုက်သည် ။
“သူတို့သေရင် ဦးကြီးသမီးက ဘာဆက်လုပ်ဦးမှာလဲ ရွာကို ဒုက္ခပေးဦးမယ်ဆိုရင်တော့ ကျုပ်တို့ကတော့ တားရမှာပဲ “
“ရွာကိုတော့ သူက ဒုက္ခမပေးပါဘူး။အဲ့ဒီကောင်တွေကို သတ် ပြီးရင် သူ့နေရာ သူ ပြန်နေလိမ့်မယ် ဒီကောင်တွေကို ကြက်မတွန်ခင်အထိ ခြောက်လှန့်နေဦးမယ် ထင်တယ် “
“အဲ့တာသူ့ကိစ္စ ကျုပ်တို့လည်း ဒီအတိုင်းစောင့်နေရမဲ့အတူတူ ကနားဖျင်းလေး ပြန်ပြင်လိုက်ကြမလား “
မောင်ဘိုးထင်၏ အကြံပေးမှုကို အားလုံး သဘော‌တူလိုက်ပြီး ပြိုပျက်နေသော ကနားဖျင်းအား ပြင်လိုက်ပြီး ဖျာများကို သေချာခင်းထားလိုက်သည်။ထို့နောက် အလောင်းစင်တွင် ရှိနေသော မီးအိမ်အား မီးထွန်းထားလိုက်ပြီး သူတို့သည်က ကနား ဖျင်းထဲတွင် ထိုင်ကာ ဖဲသမားများကျန်ခဲ့သော ဖဲထုတ်နှင့် ဖဲရိုက်နေကြသည်၊၊ဦးပေါက်စသည် အရက်သမားများကျန်ခဲ့သော မဖိတ်မစင်ရှိနေသည့် အရက်ပုလင်းကို ဖွင့်လိုက်ပြီး မော့ချလိုက်ကာ
“ကောင်လေးတို့ မင်းတို့ကို ငါ ကျေးဇူးတင်တယ် “
“ဗျာ ရုတ်တရက်ကြီး ဘယ်လိုဖြစ်တာလဲဗျ “
“မင်းတို့သာ ငါ့ကို လာမတားဘူးဆိုရင် ငါလူတွေကို ဘယ် လောက် ဒုက္ခပေးမိမယ်မှန်းမသိဘူး “
“ဦးကြီးကလည်း တကယ့်အရူးကြီးလို နေတတ်တယ်နော်။ ကျုပ်ဖြင့် တကယ် ရူးနေတယ် ထင်တာ “
“ဟကောင်ရ မင်းတို့ ငါ့ပညာတွေနှုတ်ခံရပြီး တပတ်ကျော် ကျော် က တကယ်ရူးနေတာကွ။နောက်တော့ ရွာသားတွေက ငါရူးနေတာကို သနားနေတာနဲ့ အရူးအယောင်ဆောင်ဘ၀မှာ ဆက်သောင်တင်နေတာ “
“မ မြကေသီက ဦးကြီး မရူးဘူးဆိုတာ မသိဘူးလား။သူကျုပ်တို့ကို ဒုက္ခလိုက်ပေးတာ ဦးကြီးက တားသင့်တယ် “
“ဟကောင်ရ ငါ တကယ် ရူးနေတဲ့အချိန်မှာ ဖြစ်တဲ့ကိစ္စတွေဟ “
“ဦးကြီးရဲ့ သမီးမေးတာကိုတောင် အခု ဦးကြီးက ပြူံးစိစိ နဲ့နော် မသိရင် ပျော်နေသလိုတောင် ထင်ရ “
“ဟေ့ကောင်တွေရ ငါတကယ်ပျော်နေတာဟ ငါ့သမီးဖြစ်ချင်တာတွေကို သူသေပြီးတာတောင် ငါကူညီခွင့်ရတယ်လေ ပြီးတော့ မင်းတို့ကောင်တွေကို အစက အတော်တားရမယ် ထင်တာ။ ပြီးတော့ ငါ့သမီးကိုလည်း ဒုက္ခပေးမယ် ထင်ထားတာ အခုလို ဖဲအတူတူ ရိုက်ရမယ်လို့ အစက မထင်ထားဘူးလေကွာ အေးအေးချမ်းချမ်းလေးဖြစ်သွားတော့ ပျော်တာပေါ့ဟ “
“ကျုပ်တို့ကလည်း လူလောကမှာ မရှိသင့်တဲ့ကောင်ကို ကျုပ်အသက် နဲ့ လောင်းကြေးထပ်ပြီး ကယ်ရအောင် ငတုံးတွေ မှ မဟုတ်တာဗျာ “
ဖိုးထွေး၊သာရ နှင့် ဦးပေါက်စတို့ စကားပြောနေတုန်း မောင်ဘိုးထင်တို့ သုံးယောက်သည် ဖဲများအား ခိုးနေကြသည်။၊ ထို့နက် မောင်ဘိုးထင်မှ
“ဟေ့ ဟေ့ ကျုပ်တို့ နိုင်ပြီနော် ကိုဖိုးထွေး ခင်ဗျားရွာရောက်ရင် တကယ် ကြက်ပေးရမှာနော် ကိုသာရ ခင်ဗျားက ကြက်မရှိတော့ မြေပဲနော် မြေပဲ။ ဦးပေါက်စကတော့ ဘာမှ မရှိတော့ဘူး နောက်မနေပါနဲ့ “
“ဟကောင် မင်းငါ့ကို အထင်သေးတာပဲကွာ အိမ်ကြီးရှိသေးတယ်ဟ “
“အိမ်က သယ်သွားလို့မှ မရတာ မယူချင်ဘူး။နဖူး‌တော့တောက်မယ်ဗျာနော် အလောင်းအစားလေးမပါရင် မဆော့တတ်လို့ပါ “
“အေးပါကွာ အေးပါ မင်းတို့နဲ့ ငါ အရင်ကတည်းက ပေါင်းရမှာ စံလှတို့ သိန်းဇော်တို့ မင်းတို့ကို ဘာကြောင့် ပြန်မလွှတ်ချင်တာလဲဆိုတာ အခုမှ သိတယ်ဟေ့ မင်းတို့ နဲ့ ရှိရတာ စိတ်ချမ်း သာတယ်ကွာ ငါ့သမီးလေးသာ အသက်ရှင်နေရင် မင်းတို့ကို သဘောကျမှာကွ သူက ငါနဲ့ မတူဘူး ငါ့ကြောင့်သာ “
မောင်ဘိုးထင်သည် ပြောရင်း စိတ်မကောင်းသည့်အသံ ပေါ်လာသော ဦးပေါက်စ၏ နဖူးကို တောက်လိုကာ
“ကျုပ်ကို သနားအောင်လုပ်လည်း ကျုပ်တို့က မသနားဘူး ဗျ “
“အတော်လေး နာလိုက်တာကွာ မင်းတို့ကတော့ တကယ့် ကောင်တွေပဲဟေ့ ဟားးး ဟားးး “
ဦးပေါက်စကြီး၏ ကျယ်လောင်သောရယ်သံ နှင့် မရှေးမ နှောင်းမှာပင် လမ်းလျှောက်လာသော မြကေသီ၏ အလောင်းသည် ကနားဖျင်းဘက်သို့ တချက်ကြည့်ကာ ပြုံးလိုက်ပြီး အလောင်းစင်ပေါ်သို့ ပြန်၍ လှဲလိုက်တော့သည်။ထိုအချင်းအရာကိုဖြင့် ဖဲကို အာရုံရောက်နေကြသော မောင်ဘိုးထင်တို့အဖွဲ့ မတွေ့လိုက်၊မမြင်လိုက်ရပါတော့ပါ ။
◾အခန်း (၆)
မနက်မိုးသောက်အာရုံတက်သောအခါ မောင်ဘိုးထင်တို့ သည် ကနားဖျင်းထဲတွင် အိပ်နေရာမှ ထလိုက်ပြီး အလောင်း စင်သို့ အရင်သွားကြည့်လိုက်ကြသည်။အလောင်းစင်တွင်တော့ မြကေသီ၏ အလောင်းကြီးသည် ဆန့်ဆန့်တန်းတန်းပင် လဲ လျောင်းလျက်သား ရှိနေသည်။ထို့နောက် ဦးပေါက်စသည်
“ကောင်လေးတွေ ငါ လူကောင်းဆိုတာကို မင်းတို့တွေ မပြောကြပါနဲ့ကွာ တော်ကြာ ငါ့ကို ရွာသားတွေမုန်း “
“ကိုပေါက်စ ခင်ဗျားကို ဘယ်သူမှ မမုန်းဘူး။အဲ့ဒီ‌ကောင်တွေထဲက ပေတူး နဲ့ သာအေးက အစောကြီးလာပြီး ကျုပ်တို့ကို အဖြစ်မှန် အကုန်ပြောပြီးသား “
“စံ စံလှ သိန်းဇော် “
“ဦးလေး အမှားသိလို့ အမှန်ပြင်တာက ကောင်းတာပဲဗျာ ကျုပ်တို့က အဲ့ဒီလောက်ဆိုးတဲ့ လူတွေမှ မဟုတ်တာ ကဲ ဒီနေ့ ဦးလေးရဲ့ အိမ်ဝိုင်းပြင်ပေးဖို့ ရွာသားတွေကို ပြောပြီးပြီ “
“ကျေး ကျေးဇူးတင်လိုက်တာကွာ “
“ကျေးဇူးတင်ချင်ရင် ဘိုးထင်တို့ကိုသာတင်ပေတော့ ကဲ ဦးလေး သမီးရဲ့ အလောင်းကို ဒီနေ့ မြေချလိုက်ကြစို့ဗျာ “
မောင်ဘိုးထင်၊ဦးစံလှ နှင့် ဦးပေါက်စတို့ သင့်သင့်မြတ်မြတ် ဖြစ်သွားသည်ကို ကြည့်ရင်း ပြုံးရယ်ကာ
“ဦးကြီးပေါက်စ “
“ဟေ့ “
“နဖူး စမ်းကြည့်ဦး‌နော် ကျုပ် အမှတ်တရပေးထားတယ် “
“ဟာ ဟုတ်ပါ့ကွာ မင်း လူကြီးကို လူကြီးမှန်းမသိဘူး “
“အောက်လမ်းပါဆိုမှ သိမလားဗျ “
“ဟုတ်ပါပြီကွာ “
“ကျုပ်တို့ မမြကေသီ၏အလောင်း မြေချပြီးရင် ပြန်‌တော့မယ် “
“ဘာလို့လဲ မပြန်ပါသေးနဲ့အုံးကွာ “
တားလိုက်သူများမှာ ဦးပေါက်စ တယောက်တည်း မဟုတ် ဘဲ တခြားသော သူများပါ ဖြစ်၏။ထို့နောက် ဖိုးထွေးသည်
“မပြန်လို့ မရတော့ဘူးဗျ သာရနွား နဲ့ လှည်းယူလာတာ လယ်စိုက်ချိန်အမှီ ပြန်ရမှာ”
“အေးပါ မင်းတို့ကိုတော့ ငါတို့ အမြဲတမ်း သတိရနေမှာပါ “
မောင်ဘိုးထင်တို့သည် သူတို့အား နှစ်လိုဖွယ် ပြုံးပြနေသော သူဌေးကုန်းရွာသားများကို နှုတ်ဆက်ကာ ကိုသိန်းဇော်ကို ခေါ်ပြီး သူတို့ ပြန်ဖို့အတွက် ပြင်ဆင်ရန် ရွာထဲသို့ ပြန်ဝင်သွားကြပါတော့သည် ။
◾အောက်လမ်း ဘိုးထင် နှင့် မသာမ အညှိုးသည်က ဤမျှသာ။ မကြာမီ အောက်လမ်းဘိုးထင် နှင့် ကြက်တောင် အမည်ရ ဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
📝မောင်တင်ဆန်း