*အောက်လမ်းဘိုးထင် နှင့် နွားသူခိုး*
**********************************
◾အခန်း (၁)
“လိုက်ကြဟေ့ လိုက်ကြ နွားသူခိုး ငါ့နွားကိုလာဆွဲလို့ကွ”
ပေပင်ရွာလေး၏အချိန်ခါသည် တိတ်ဆိတ်ငြိမ်သက်မနေပဲ ရွာသားများ တုတ်တပြင်ဓားတပျက်နှင့် အော်ဟစ်ဆူညံကာ နွားသူခိုးပြေးရာနောက်သို့ လိုက်နေကြသည်။နွားသူခိုးအပြင် ရွာသားများကပါ လျှင်မြန်သောအရှိန်ဖြင့် ပြေးလိုက်ကြသော ကြောင့် ဖုန်မှုန်များသည် ရွာလမ်းတွင်ထောင်းထောင်းထနေပြီး မီးတုတ်အလင်းရောင်များပင်ဖုံးလုလုဖြစ်နေသည်။ရွာသားများသည် ရွာအနောက်ဘက်သို့ဝိုင်းပြီး ပြေးလိုက်ကြသော် လည်း နွားသူခိုးအား ဖမ်းမမိခဲ့ချေ။ရွာနှင့်အတန်လှမ်းသော နေရာအထိ လိုက်ဖမ်းသည်ကိုပင်မမိ၍ စကားတပြောပြောနှင့် ရွာသို့ပြန်လာခဲ့ကြလေသည်။
“တောက် မြန်လိုက်တဲ့ သူခိုးကွာ နွားများ စီးသွားသလားအောက်မေ့ရတယ်”
“နွားစီးသွားတာပဲ နေမှာ”
“အေးကွ ဆွဲပြေးရင်တော့ ဒီကောင် ဒီလောက်မမြန်နိုင်ဘူး”
ပေပင်ရွာသားများသည် သူခိုးကို ချီးမွမ်းသူက ချီးမွမ်း၊ ဆဲရေးတိုင်းထွာသူက တိုင်းထွာနှင့် ရွာထဲပြန်ဝင်လာစဉ် အမောတကောနှင့် လမ်းလျှောက်လာနေသော ရွာလူကြီးနှင့် လူကြီးအချို့မှ ဆီးကြိုကာ သတင်းမေးလေသည် ။
“ဟေ့ကောင်တွေ သူခိုးမိခဲ့လားကွ”
“မမိပါဘူး ရွာလူကြီးရာ ”
“ဟာကွာ မင်းတို့ကောင်တွေ နွားဆွဲပြေးတဲ့ သူခိုးကိုတောင် မမိဘူး ညံ့ချက်”
“ရွာလူကြီးက အပြစ်တင်ဖို့ပဲသိတယ် အဲ့သူခိုးက တော်တော်မြန်တာဗျ”
“အဲ့ဒီသူခိုးက မြင်းကြီးတိုက်အောင်လောက် မြန်ဦးမလား ငါငယ်ငယ်ကဆို တို့ရွာရဲ့ဂုဏ်ဆောင် တိုက်အောင်ဆိုတဲ့ မြင်းကြီးပြေးနေတာကို နောက်ကပြေးလိုက်ပြီး တက်စီးခဲ့တာကွ ”
“ဟုတ်ပါပြီဗျာ အခုတော့ ရွာထဲပြန်ဝင်တော့မယ် ”
ရွာသားများသည် ရွာလူကြီးကို မကြည်သလိုကြည့်ကာ ရွာထဲဝင်သွားကြသည်။ထို့ကြောင့် သူခိုးနောက်လိုက်ရာတွင် နောက် ကျနေသော ရွာလူကြီးနှင့်အဖွဲ့သည် ရွာထဲပြန်ဝင်သောအခါတွင်လည်း နောက်ကျကျန်နေခဲ့လေသည်။
◾အခန်း (၂)
“ရွာလူကြီး ဒီကိစ္စက သွေးရိုးသားရိုးတော့ မဖြစ်နိုင်ဘူးနော် ”
“ကျုပ်လည်း အဲ့လိုပဲထင်တယ်ဗျ ဒါနဲ့ ဟိုကောင်တွေ ပြန်မရောက်ကြသေးဘူးလား”
“မရောက်သေးပါဘူး”
“အဲ့ဒီကောင်တွေရှိရင် ပြောမရဘူး သူခိုးမိရင် မိမှာ ”
“အေးဗျာ ကျုပ်တဲကနွားတွေကိုတောင် သိပ်စိတ်မချလို့ ညိုမောင်ကိုလည်း သေချာမှာနေရတယ် ”
“ဟုတ်တယ် ကိုအုန်းရေ ကျုပ်တသက် ဒီလောက်သောင်းကြမ်းတဲ့သူခိုး မတွေ့ ဖူးဘူး သူခိုးက နွားမခိုးပဲ အိမ်ကဟာကြီး ခိုးသွားရင်လည်း အကောင်းသား”
ရွာလူကြီးသည် ဦးအုန်း၊ဘကြီးမြနှင့်အတူ အိမ်အောက်တန်းလျားတွင် စကားပြောနေကြခြင်းဖြစ်သည်။ရွာလူကြီး၏ငြီးငြူသံကိုကြားလိုက်ရသည့် ရွာလူကြီးကတော်မှာ ချောင်းဟမ့်သံပေးလာ၍ ရွာလူကြီးမှာ သူ၏စကားကို ပြန်ဖြည်ပြောလာလေသည် ။
“အိမ်ကဟာကြီးဆိုတာ နင့်ကိုပြောတာ မဟုတ်ပါဘူးဟာ အိမ်က စည်းပတ်ပုတ်ကြီးကိုပြောတာပါ စပါးကျည်ရှိနေတော့ ပုတ်က မလိုတော့ဘူးမဟုတ်လား”
ထိုအခါမှသာ ရွာလူကြီးကတော်ဒေါ်သေးသွယ် ချောင်းဟမ့်သည်မှာ ရပ်သွားလေ၏။ဘကြီးမြမှာဖြင့် သဘောကျနေပြီး
“မောင်ကြီးတို့ကတော့ စကားဖြည်တာတော်သားကွ ”
“မတော်လို့ မရဘူး ဦးမြရေ တော်ကြာ ငရုတ်ကျည်ပွေ့စာမိနေမှဖြင့် ”
“ရွာလူကြီးက မိန်းမကြောက်သလား”
“ရွာလူကြီးကလည်း လူပဲ ဦးမြရယ် အစွယ်ရှိတဲ့သတ္တဝါတွေကို ကြောက်ရတာပေါ့ ”
“သေးသွယ်က အစွယ်ရှိတာလားဟ”
“သူ့အစွယ်က ကျားထက်ဆိုးတယ်ဗျ”
“မောင်ကြီးကတော့ ပေါက်ကရတွေ ဒါနဲ့ ငါတို့တွေ နွားသူခိုးကို ဘယ်လိုဖမ်းကြမလဲ သက်ဆိုင်ရာကို တိုင်ရအောင်လည်း ဘယ်ပုလိပ်ကမှ တို့ရွာလာမှာ မဟုတ်ဘူး”
“အေးဗျာ လောလောဆယ်တော့ ရွာသားတွေကို ရွာပတ်လည်အလှည့်ကျကင်းစောင့်ခိုင်းမလားလို့ ”
“အဲ့တာလည်း မဆိုးဘူး”
ဤသို့ဖြင့် ရွာလူကြီးတို့သည် နွားသူခိုးကိုတားရန် သို့တည်မဟုတ် ဖမ်းဆီးရန်အတွက် တိုင်ပင်ဆွေးနွေးနေကြပါလေတော့သည် ။
◾အခန်း (၃)
မောင်ဘိုးထင်တို့သည် ရွာတွင် နွားများပျောက်နေသည်ဆို သောသတင်းကြောင့် ရွာသို့ မဆိုင်းမတွအမြန်ပြန်လာခဲ့ကြသည်။ရွာရောက်သော် သူတို့သည် သာရ၏အိမ်သို့ ပထမဆုံးဝင်လိုက်လေသည်။အကြောင်းမှာ သူတို့နှင့် ခရီးအတူထွက်တိုင်းပါနေကြဖြစ်သော သာရ၏နွားကြီးတကောင် ပျောက်သွားခြင်းကြောင့်ဖြစ်၏။သာရသည် အိမ်ပြန်ရောက်သည်နှင့် သူ၏ နွားကြီးကိုအမှတ်ရသဖြင့် နွားတင်းကုတ်သို့ အရင်ဝင်လေသည်။
“တောက် သောက်သူခိုး ခိုးစရာရှားလို့ ငါ့နွားကောင်းကိုမှ ခိုးသွားရတယ်လို့ ဟိုသောက်သုံးမကျတဲ့ ဖိုးထွေး နွားကပ်ကို ခိုး တော့ ဘာဖြစ်မှာမို့လဲ”
“ဟေ့ကောင်”
ဖိုးထွေး မကျေမနပ်နှင့် သာရအား အပြစ်ပြောမယ်ကြံစဉ် မောင်ဘိုးထင်သည် ဖိုးထွေးအနားကပ်ပြီး စကားတိုးတိုးပြောရန် အချက်ပြလိုက်သောကြောင့် သူပြောမည့်စကားကို ရပ်တံ့လိုက်ရသည် ။
“ကိုဖိုးထွေးကလည်းဗျာ သူ စိတ်ချမ်းသာအောင်ပြောပါလေ့စေ နွားတကောင်လုံးဆုံးရှုံးထားတာ လွှတ်ထားလိုက်စမ်းပါဗျာ့”
မောင်ဘိုးထင်၏စကားမှာ နည်းလမ်းကျသည်မို့ ဖိုးထွေး ခေါင်းညိတ်လက်ခံလိုက်သည်။ထို့နောက် သာရသည် တင်းကုတ်မှ ထွက်လိုက်ပြီး အိမ်အောက်တွင်ရှိသော မိဘနှစ်ပါးနှင့် အကိုဖြစ်သူပေါက်တူးတို့အနားသွားကာ
“အဘနဲ့ အမက ဘာမှအသုံးမကျဘူး နွားကြီးတကောင်လုံးသူခိုး ခိုးတာခံရတယ်လို့ အဘတို့ ဘာတွေလုပ်နေကြတာလဲ ”
“တယ် ဒီကောင် ငါတို့ကို လာအပြစ်တင်နေတယ် လုပ်လိုက်ရ မင်းကရော ကိုယ့်အိမ်မှာကိုယ်မနေပဲ ဘယ်တွေအလေလိုက်နေတာလဲ ”
သာရသည် ဖခင်ကြီး၏ ခပ်မာမာစကားကြောင့် မည်သည့်စကားမှထပ်မပြောတော့ပဲ မသိလိုက်မမြင်လိုက်ရသည့် သူခိုးအား ကြိမ်းမောင်းနေလေတော့သည်။
“သာရဆိုတဲ့ ငါမရှိလို့ သောက်သူခိုးလွတ်သွားတာ”
“တော်စမ်းပါ သာရရာ မင်းသာရှိရင် နှစ်ကောင်လုံးပါတယ်”
တန်းလျားတွင် ရေနွေးသောက်နေသော ပေါက်တူး၏စကားကြောင့် မောင်ဘိုးထင်တို့မှာ သဘောကျ၍ ရယ်သံတိုးတိုး ထွက်သွားရာ ခက်ထန်သောအကြည့်နှင့် လှည့်ကြည့်နေသော သာရကြောင့် သူတို့မရယ်ဝံ့ပဲ ခပ်ပြုံးပြုံးဖြင့်သာ ကိုယ်ရှိန် သတ်နေလိုက်ကြရပါတော့သည်။
◾အခန်း (၄)
ပေပင်ရွာလေးရှိ ဦးအုန်း၏အိမ်တွင်ဖြစ်သည်။ရေနံဆီမီးခွက်လေး၏အလင်းရောင်အောက်တွင် မောင်ဘိုးထင်နှင့် ဦးအုန်းတို့ ထမင်းစားရင်း စကားစမြည်ပြောနေကြသည်။
“ကောင်လေး မင်းကောင်တွေရော ”
“ပေတူးနဲ့ သာအေးကတော့ ပင်ပန်းလို့တဲ့ ဟိုလူနှစ်ယောက်ကတော့ သူ့အိမ်သူ ပြန်သွားတယ် ”
“အေး မင်းလည်း သိရောပေါ့ နွားသူခိုးကိစ္စလေ ”
“ကြားတယ် ညတုန်းကတောင် တကောင်ထပ်ပြီးပါသွားသေးတယ်ဆို ဟုတ်လား ”
“ဟုတ်တယ် ညက ရွာသားတွေလိုက်ဖမ်းတာကို မမိတာကွာ ငါ့အထင် ဒီသူခိုးက မှော်အောင်နေတာလား မသိဘူး”
“အဘ မတားနိုင်ဘူးလား”
“ဒီလိုကိစ္စမျိုးက တားဖို့မလွယ်ဘူးလေကွာ ဘယ်သူ့အိမ်ကို သွားခိုးမယ်မှန်းမသိတဲ့ဟာ ငါက ဘယ်လိုသွားပြီးတားရမှာလဲ ”
“အိမ်တိုင်း အစီအရင်တွေလုပ်ပေးလိုက်လေဗျာ အဘကလည်း”
မောင်ဘိုးထင်ထိုသို့ပြောလာသောအခါ ဦးအုန်း ရယ်မောလိုက်ပြီး
“ဟိတ်ကောင်ရ မင်းတို့ငါတို့က အောက်လမ်းပညာသည်လေ ရွာသားတွေက တို့အောက်လမ်းအစီအရင်တွေကို ယူမတဲ့လား”
ဦးအုန်း၏စကားကြောင့် မောင်ဘိုးထင် တွေးမိလိုက်သည်က အဘဖြစ်သူပြောသည်မှာလည်း ဟုတ်ပေသည်။လူအများစုမှာ အထက်လမ်းဆရာများ၏အစီအရင်၊အဆောင်အဖွဲ့များကိုသာ ဆောင်လိုသည်။သူတို့လို အောက်လမ်းဆရာများ၏ အစီအရင်များကိုဖြင့် အဆောင်အဖြစ်မယူကြလို အောက်လမ်းဆရာအများစုသည်လည်း အဆောင်၊လက်ဖွဲ့ မပေးတတ်ကြပေ။ထို့ကြောင့် အိမ်တိုင်း အစီအရင်ဖြင့် ကာကွယ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။သို့သော် ရွာလူကြီးကိုပြော၍ ရွာဝန်းကျင်တွင် အစီအရင်ချလို့ရနိုင်သည်။ထို့ကြောင့် မောင်ဘိုးထင်သည် ဦးအုန်းအား နောက်ထပ်အကြံအစည်ကို ပြောပြလိုက်သည်။
“အဘ ကျုပ်တို့တွေ ရွာလူကြီးကိုပြောပြီး ရွာပတ်ဝန်းကျင်မှာ အစောင့်ချထားရင်ရော ”
“ပိုဆိုးတာပေါ့ ကောင်လေးရာ ”
“ဘာဖြစ်လို့လဲဗျ ”
“ရွာလူကြီးက လက်ခံတယ်ထားဦးတော့ ရွာသားတွေက သရဲစောင့်ခိုင်းထားတယ် ဘာဟဲ့ညာဟဲ့နဲ့ဆို မင်းနဲ့ ငါပဲ ပြဿနာ တက်မှာ ဒီအတိုင်းထားလိုက်တာပဲ ကောင်းပါတယ်ကွာ”
“တာဝန်မဲ့သလိုတော့ မနေနိုင်ဘူး အဘရာ ကျုပ်ဘာလုပ်ပေးနိုင်မလဲဆိုတာ စဉ်းစားလိုက်ဦးမယ် ကဲ ကျုပ်လည်း အိမ်ပြန်တော့မယ် ”
“အေး အေး”
မောင်ဘိုးထင်သည် ဦးအုန်းအား နှုတ်ဆက်ကာ အိမ်သို့ပြန်ခဲ့လိုက်သည်။သူ၏အိမ်သည် ရွာအစွန်တွင်ရှိသောကြောင့် အတန်ကြာအောင် လမ်းလျှောက်ရသည်။လမ်းတွင် မီးတုတ်၊ဓားလှံ၊လက်နက်များကိုင်ဆောင်ထားသော ရွာသားများနှင့် ဆုံလေရာ ရွာသားများသည် မောင်ဘိုးထင်အား နှုတ်ဆက်သွားကြလေသည် ။
“ဘိုးထင် အိမ်ပြန်မှာလား”
“ဟုတ်တယ်ဗျ ကိုငှက်ရိုးတို့ ဘာလုပ်နေကြတာလဲ”
“ကင်းစောင့်နေကြတာလေကွာ အလှည့်ကျကင်းစောင့်ရတာ ”
“နောက်နေ့ကျရင် ကျုပ်တို့လည်း စောင့်မယ်”
“အေး အေး မနက်ဖြန် မင်းနောင်တို့ ကိုမြကြီးတို့ အလှည့်ကွ ”
“ဟုတ်လား ကျုပ် သွားပြီဗျို့ ”
မောင်ဘိုးထင်သည် ကင်းလှည့်နေသော ငှက်ရိုးတို့လူစုကို နှုတ်ဆက်ကာ အိမ်သို့ပြန်လာစဉ် လမ်းဘေးရှိ အိမ်တအိမ်မှ အသံဗလံများဆူညံပြီး အမှောင်ရိပ်ထဲမှ နွားတကောင်နှင့် လူတယောက်ထွက်လာသည်ကို တွေ့လိုက်ရလေသည်။လူသည် နွားပေါ်တွင် တက်စီးလာပြီး နွားကြီးသည် ကြောက်လန့်တကြားနှင့် မောင်ဘိုးထင်၏ရှေ့မှဖြတ်ကာ ရွာအပြင်သို့ပြေးထွက်သွားလေသည်။မထင်မှတ်သောအဖြစ်ပျက်ကြောင့် မောင်ဘိုးထင်တယောက်ငေးကြောင်နေပြီး သတိပြန်၀င်သောအခါမှ နွားသူခိုးဟု အသံကုန်အော်ဟစ်လိုက်ရာ ကင်းလှည့်နေသောငှက်ရိုးတို့အပါအ၀င် အိမ်ထဲတွင်ရှိနေကြသော လူများသည် နီးစပ်ရာတုတ်ဓားများဆွဲကာ မောင်ဘိုးထင်အနား ရောက်လာကြသည်။ထို့နောက် ငှက်ရိုးသည်
“ဘယ်မှာလဲ နွားသူခိုး”
“ရွာအပြင်ကို နွားကြီးစီးပြီး ပြေးပြီဗျ”
“ဟာ လုပ်ပြန်ပြီကွာ ဒီသောက်သူခိုးကတော့ သာမာန်လူတော့ မဟုတ်လောက်ဘူး လိုက်ကြဟေ့ ”
ရွာသားများသည် သူခိုးအား ရွာအပြင်တော်တော်ဝေးအထိ ပြေးလိုက်ပါသော်လည်း ခိုးသွားသောနွားနှင့် သူခိုးကိုမတွေ့ရပဲ ဖှုန်မှုန့်များသာ မြင်တွေ့ရလေသည်။ထုံးစံအတိုင်း သူခိုးကလွတ်သွားပြန်လေပြီဖြစ်၏။ထို့နောက် ရွာထဲပြန်ဝင်သောအခါ ထုံးစံအတိုင်း ရွာလူကြီးမှ သူခိုးအကြောင်း မေးလေသည်။
“သူခိုးကို ဘယ်သူ သေချာတွေ့လိုက်တာလဲ ”
“ဘိုးထင် စတွေ့တာပဲ ဘိုးထင်ကို မေးကြည့် ရွာလူကြီး ”
ရွာသားတယောက်မှ ထိုသို့ပြောလိုက်သောအခါ ရွာလူကြီးသည် မောင်ဘိုးထင်အား ကျယ်လောင်စွာဖြင့် အော်ခေါ်လေသည်။
“ဘိုးထင် ဟေ့ဘိုးထင် ငါ့ရှေ့ လာခဲ့”
“လာပါပြီ ခင်ဗျ”
“ဘိုးထင် မင်း နွားသူခိုးကို တွေ့လိုက်တယ်ဆို”
“ကျုပ် တွေ့လိုက်တယ် ရွာလူကြီး”
“သူက ဘယ်လိုပုံစံလဲ ”
“မဲမဲပဲ ခင်ဗျ”
“မဲတာထားလိုက် သူ့ပုံစံက ဘယ်လိုလဲ”
“မဲမဲပဲ ရွာလူကြီး”
“ဟေ့ကောင် မင်း နောက်နေရမဲ့အချိန်မဟုတ်ဘူးနော် မင်းကိုငါ မေးနေတာ ကောင်းကောင်းဖြေ”
“ကျုပ်လည်း ကောင်းကောင်းဖြေနေတာပဲ မဲမဲကြီးပဲမြင်လိုက်ရတာ ဘယ်လိုလုပ်သေချာမြင်ရမလဲ ကျုပ်က သူခိုးလိုက်ကြည့်နေတဲ့ကောင်မှ မဟုတ်တာ ဘယ်သူခိုးကရော မီးအိမ်လေးကိုင်ပြီးလာခိုးမှာလဲ ”
မောင်ဘိုးထင်၏ ကက်ကက်လန်ပြန်ပြောမှုကြောင့် ရွာလူကြီးလည်း မည်သို့မှပြန်မပြောတတ်တော့ပဲ
“အေးပါကွာ ကဲ ကဲ တခုခုတော့ လုပ်မှပဲ”
ရွာလူကြီး၏စကားကြောင့် ရွာသားများသည် မကျေမနပ် နှင့် တယောက်တပေါက်စကားဆိုလာကြလေသည်။
“ရွာလူကြီး တခုခုကလည်း အခုထိမပြီးနိုင်ဘူး”
“အေးကွာ သူ့နွားမပါသေးလို့ ခုလိုပြောအားရှိနေတာ ”
ရွာသားများသည် တယောက်တပေါက်ပြောဆိုပြီး သူတို့၏ အိမ်ဆီသို့ အသီးသီး ပြန်သွားကြသည်။ထို့နောက် ရွာလူကြီးသည် ကင်းစောင့်သောငှက်ရိုးတို့အား ဩဝဒပေးနေသေးသည်။ မောင်ဘိုးထင်သည်လည်း ယခုအချိန်၌ ဘာမှမတတ်နိုင်သည်သာဖြစ်၍ အိမ်သို့သာပြန်ခဲ့လိုက်ရပါတော့သည် ။
◾အခန်း (၅)
“တောက် ”
“ဟာ ဘာဖြစ်တာလဲ ကိုသာရရာ”
“ငါ့နွားကို ခိုးတဲ့ နွားသူခိုးကို လုံးဝမကျေနပ်ဘူး ငါ့ကောင်ကြီး အသက်ရှင်လျက်တောင် ရှိနေပါဦးမလား မသိဘူးကွာ ”
“နွားတွေ အများကြီး ခိုးနေတာဆိုတော့ ရှိလောက်မှာပါ ”
သာရတယောက် မောင်ဘိုးထင်အိမ်သို့ရောက်လာကာ သူ၏ နွားပျောက်ဆုံးရခြင်းကို မကျေမနပ်ရေရွတ်လျက်ရှိသည်။ ပေပင်ရွာမှနွားများကိုခိုးသော နွားသူခိုးသည် လူစီးမခံသော နွားများကို ခိုးနေချင်းမှာ သာမာန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်နိုင်ဟု မောင်ဘိုးထင်သိသည်။ထို့ကြောင့် သူ၏စိတ်ထဲတွင် တွေးမိသည့်အရာများကို သာရအား ပြောပြလိုက်လေသည်။
“ကိုသာရ ကျုပ် ညက သူခိုးနဲ့ ဆုံလိုက်သေးတယ်။သူခိုးက နွားကို မြင်းလိုစီးသွားတယ်ဗျ နွားကလည်း တချက်ပဲအော်တယ် ဒါ သာမန်နွားခိုးတာနဲ့ မတူဘူး”
“အေး ငါ့အဘလည်း ပြောတယ် လူတွေဝိုင်းလိုက်တာတောင် နွားရော သူခိုးရော လွတ် လွတ်သွားတာ ပုံမှန်မဖြစ်န်ုင်ဘူးတဲ့ကွ အဲ့တော့ ငါတို့ ဘယ်လိုလုပ်ကြမလဲ ပြောစမ်းပါဦး”
“ကျုပ်တို့ကို ကင်းစောင့်တဲ့သူတွေ ယုံမှ ရလိမ့်မယ် ”
“ဒီည ကိုမြကြီးတို့ ကင်းကျတယ်ပြောတယ် သူတို့ဆို ငါတို့ပြောလို့ရလောက်တယ် ”
“အေးဗျာ ကင်းတဲက ရွာအဝင်မှာဆောက်ထားတယ်ထင်တယ် ကျုပ်တို့ ညနေကျရင် အဲ့ဒီကိုသွားကြတာပေါ့ ”
“အေး ကောင်းတယ် သွားကြတာပေါ့ ”
မောင်ဘိုးထင်နှင့် သာရသည် သူခိုးဖမ်းဖို့ရာ အားကြိုးမာန် တက်ရှိနေကြသော်လည်း သာအေးနှင့် ပေတူးမှာ ပင်ပန်းထားသမျှ အတိုးချအိပ်နေလေသည်။ထို့နောက် သူတို့နှစ်ယောက်သည် နွားသူခိုးကိုဖမ်းနိုင်မည့်အစီအရင်များရစေရန် ဦးအုန်း ၏ နေအိမ်ဆီသို့ ထွက်လာခဲ့လိုက်ကြပါတော့သည် ။
◾အခန်း (၆)
နေဝင်သည့်အချိန်တွင် နွားကျောင်းရာက ပြန်လာသော နွားကျောင်းသားလေးများသည် သူတို့၏ကျွဲနွားများကို ရွာထဲသို့ မောင်းသွင်းလာကြသည်။ရွာရှိကျွဲပိုင်နွားပိုင်များမှာလည်း အလုပ်တခုပိုလာလေသည်။ထိုအလုပ်မှာ အိမ်ရောက်သည်နှင့် သူတို့၏နွားများကိုစစ်ဆေးပြီး တင်းကုတ်တွင်ချည်ကာ အိမ်တိုင်းတွင်ရှိသော စားပွဲတန်းတန်းလျားနှစ်လုံးကို တင်းကုတ်၏ ရှေ့တွင် ခုတင်သဖွယ်ပူးကာ ညအိပ်စောင့်ဖို့အတွက် ပြုလုပ်ကြရသည်။အိမ်တအိမ်တွင် မတိမ်းမယိမ်းအရွယ်သားနှစ်ယောက်ရှိက အတော်တိုင်ပတ်သောကိစ္စရပ်များဖြစ်သည်။
“ဟေ့ တင်းကုတ်ရှေ့မှာ အကြီးကောင် စောင့်ရမယ်”
“ဟာ အဘကလည်းဗျာ ကျုပ်က ရွာလယ်ပိုင်းက အရီးအိမ် သွားအိပ်မလို့ပါဆို ”
“အေး အဲ့တာဆို အငယ်ကောင် စောင့်”
“အဘကလည်းဗျာ ကျုပ်လည်း ငကြွပ်တို့နဲ့ ဘင်ဂျိုတီးချင်လို့ သူ့အိမ်မှာ အိပ်မှာ ”
“အေး အေး အဲ့တာဆို ငါပဲစောင့်မယ် ခွီးတဲ့မှပဲ သားနှစ်ယောက်မွေးထားပါတယ် အေးဆေးနေရမလားအောက်မေ့တယ် တင်းကုတ်ရှေ့တန်းလျားချပြီး အိပ်ရတော့မယ် ”
“အဘရာ အေးအေးလူလူလေး အိပ်ရတာပေါ့ဗျာ ”
“ခွေးမသားတွေ မင်းတို့ကောင်တွေတော့ ”
ထိုကဲ့သို့ အဝေမတည့်မှုများသည် ပေပင်ရွာ၏အိမ်တိုင်းနီးပါးတွင် ဖြစ်ပျက်နေသောကိစ္စရပ်တခုဖြစ်လာလေသည်။ ကျေးလက်ကာလသားများသည် သူတို့၏ထုံးစံအတိုင်း လွပ်လပ်ရှိသော အပေါင်းအသင်းတယောက်ယောက်၏အိမ်တွင် သွားရောက်စုဝေးတတ်ကြပြီး အပျိုကညာအကြောင်းပြောသူပြော ဆေးပေါ့လိပ်သောက်သူသောက်၊ဘင်ဂျိုမယ်ဒလင် တီးသူ တီးနှင့် တနေ့တာပင်ပန်းထားသမျှကို အပန်းဖြေတတ်ကြသည်။ထို့ကြောင့် တချို့ကာလသားများသည် အိမ်တွင် မအိပ်ကြသဖြင့် ယခုကဲ့သို့ တဗျစ်ဗျစ်တတောက်တောက်ဖြစ်နေကြခြင်းသာ ဖြစ်သည်။ယခုကဲ့သို့ တန်းလျားနှစ်လုံးကိုပူးပြီး တင်းကုတ်ရှေ့စောင့်အိပ်သည့်တိုင် နွားခိုးသူမှာ ခိုးမြဲသာ ဖြစ်သည်။ ယခုလည်း ရွာအဝင်လမ်းအရှေ့နှင့် အနောက်ဖက်တွင် ကင်းတဲ တလုံးစီ ထားရှိပြီး ထိုကင်းတဲထဲတွင် တာဝန်ကျကင်းသမားများ ကင်းစောင့်နေကြသည်။ယခု အနောက်ဘက်ကင်းတဲတွင်တော့ ရွာ၏ပြဇာတ်မင်းသား မင်းနောင်နှင့် ကိုမြကြီးအပြင် သိန်းဆောင်၊သိန်းမောင်တို့ ညီအကိုနှစ်ယောက်တို့မှ ကင်းစောင့်ရင်း စကားပြောနေကြသည်။
“မင်းနောင် မင်းတပည့်ဂျိုးသိန်းရော မတွေ့ပါလား”
“ဒီကောင် တခြားရွာတွေဘက် ချိုးသွားထောင်နေတယ်ထင်တယ် တော်တော်တောင် ကြာနေပြီ ကျုပ်ဆီ မရောက်တာ ”
“မင်းကောင် အလုပ်တွေ တယ်ကြိုးစားနေပါလားဟ ”
“အေးဗျ ”
“ဒါနဲ့ နေပါဦး သာရနဲ့ ဘိုးထင် ငါ့အိမ်လာပြီးပြောသွားတယ် ဒီနေ့ ဒီကောင်တွေ သူခိုးဖမ်းပေးမယ်တဲ့ ”
“ကျုပ်အိမ်ကိုလည်း လာပြောသွားသေးတယ်ဗျ”
မြကြီးနှင့် မင်းနောင်တို့ စကားပြောနေသည်ကို နားထောင်နေသော သိန်းဆောင်နှင့် သိန်းမောင်အနက် သိန်းဆောင်မှ ဝင်ရောက်စကားဆိုလေသည်။
“ကိုမြကြီး ဒီကောင်တွေက မပေါ့ဘူးနော် တကယ်ဖမ်းပေးနိုင် ရင် ဖမ်းပေးနိုင်မှာ ”
“အေးကွာ ဟိုတခါနွားတွေကို ဓားပြတိုက်ခံရတုန်းကလည်း ဒီကောင်တွေပဲကယ်ပေးတာ အဲ့တာကြောင့်မို့ ငါကတော့ ခွင့်ပြုထားတယ် ”
“အရှေ့ဘက်ကင်းက ကောင်တွေရော ခွင့်ပြုလောက်လား”
“အဲ့ကောင်တွေကလည်း ငါတို့နဲ့ စိတ်တူကိုယ်တူတွေပါပဲကွာ ခွင့်ပြုလောက်ပါတယ် ”
သူတို့စကားပြောနေကြစဉ် နွားခြူသံကြားရ၍ မီးတုတ်ကိုထွန်းပြီးကြည့်လိုက်ရာ သာရနှင့် မောင်ဘိုးထင်တို့အား တွေ့လိုက်ရသဖြင့် အနားရောက်လာသောအခါ မေးမြန်းလိုက်လေသည်။
“ဟေ့ သာရနဲ့ ဘိုးထင် နွားကြီးတွေဆွဲပြီး ဘာလုပ်တာလဲကွ”
“သူခိုးဖမ်းဖို့ နွားလိုတယ်လေဗျာ ”
“ဟ မင်းတို့ဟာကလည်း အဆန်းပါလားဟ”
“နောက်မှ ပြောပြမယ် ”
မီးတုတ်များ ကိုင်ဆောင်ထားသောမြကြီးတို့ကင်းသမားအုပ်စုသည် သာရနှင့် မောင်ဘိုးထင် တယောက်တကောင်စီဆွဲထားသောနွားများကိုကြည့်ကာ
“ဟေ့ကောင် ဒါ မင်းအဘ ဦးအုန်းရဲ့နွားတွေမလား ”
“ဟုတ်တယ်လေ ကိုကြီးညိုမောင်ဆီက သွားဆွဲထားတာ”
သူတို့ မီးတုတ်အရောင်နှင့်ကြည့်လိုက်သောအခါ နွားဖြူနှစ်ကောင်၏ဝမ်းဗိုက်တွင် အိုးမဲနှင့် ရေးခြစ်ထားသော စက်ဝိုင်းပုံအက္ခရာများကို တွေ့လိုက်ရ၍
“ဟေ့ကောင်တွေ နွားမှာ မင်းတို့ ဘာတွေရေးထားတာလဲဟ”
“အဲ့တာ အစီအရင်တွေပေါ့ဗျာ ကျုပ်တို့တွေ အဘနဲ့ တိုင်ပင်ပြီး ဒီလိုလုပ်ထားတာ”
ထို့နောက် မောင်ဘိုးထင်သည် သူဆွဲလာသော နွားကို ကင်းတဲတိုင်တွင်ချည်လိုက်ပြီး အသင့်ပါလာသော လွယ်အိတ်ထဲမှ ပုဆိုးများကိုထုတ်ကာ ခေါင်းတွင်ပတ်လိုက်လေသည်။သူ့နည်းတူ သာရသည်လည်း ပုဆိုးများကိုခေါင်းတွင်ပတ်လိုက်ပြီးနောက် နွားချည်ကြိုးအသေးလေးများဖြင့် ပုဆိုးကို ခေါင်းနှင့် ပူးတွဲပြီးချည်ထားလိုက်လေသည်။ထိုသို့ ထူးထူးဆန်းဆန်းပြုမှုနေကြသည်ကို ကိုမြကြီးတို့ကင်းသမားများ ကြည့်နေကြပြီး နားမလည်နိုင်စွာဖြင့် မေးမြန်းကြလေသည်။
“ဟေ့ကောင်တွေ မင်းတို့ဘာတွေလုပ်နေကြတာလဲကွ”
“ဒါ ခေါင်းမကွဲအောင်လို့ချည်တာလေ ”
“ဟိတ်ကောင်နှစ်ယောက်ရ မင်းတို့က ခေါင်းမကွဲအောင်လို့ဆိုတော့ ဘာလုပ်မလို့လဲ ”
“သူခိုးဖမ်းမှာလေဗျာ ”
“သူခိုးဖမ်းမှာ ဒီလောက်လိုလို့လားကွ ”
“လိုတာပေါ့ဗျ အရှေ့ကင်းတဲမှာလည်း ကျုပ်တို့လိုပဲ ကိုဖိုးထွေးတို့သုံးယောက် သူနွားနဲ့ ဒီလိုလုပ်နေတယ် ”
“မင်းတို့ကောင်တွေကတော့ကွာ လုပ်လိုက်ရင် အဆန်းကြီးတွေချည်းပဲ ”
မြကြီးတို့သည် နွားများကို အစီအရင်ဟုဆိုကာ ဝမ်းဗိုက်နဲ့ နံဘေးတွင် စာများ၊သင်္ကေတများရေးထားပြီး ခေါင်းတွင်လည်း ပုဆိုးများအထပ်ထပ်ခံပြီးကြိုးနဲ့စည်းထားသော မောင်ဘိုးထင်နှင့် သာရကို ငေးကြည့်နေကြသည်။ထို့နောက် မင်းနောင်သည်
“မင်းတို့ ဘယ်လိုဖမ်းကြမှာလဲဟ ငါတို့က ဘာလုပ်ရမှာလဲ ”
“ဘာမှမလိုဘူး မီးလေးငြိမ်းပြီး တိတ်တိတ်လေးနေရုံပဲ”
“အေး အေး ”
“ဒါနဲ့ ရွာထဲမှာ လှည့်မဲ့ကင်းသမားရှိသေးလား ကိုကြီးမင်းနောင်”
“အေး ရှိတယ်လေ ငှက်ရိုးတို့က လှည့်ကင်းတာ၀န်ကွ”
“အဲ့လိုလား အဲ့တာဆို အဆင်ပြေပြီ တကယ်လို့နွားသူခိုး နွားလာခိုးရင် အရှေ့ကင်းတဲ့ ဒါမှမဟုတ် ဒီကင်းတဲက ဖြတ်မှာပဲ ”
“အေး ဒီကောင် ဒီနေ့တော့ မခိုးရဲလောက်ဘူးထင်တာပဲ”
“မထင်နဲ့ ဒီသူခိုးက သာမာန်သူခိုးမဟုတ်ဘူးဗျ ကဲ ကဲ မီးတွေငြိမ်းကြဗျာ ”
မောင်ဘိုးထင်၏စကားကြောင့် မီးတုတ်များအပါအဝင် ရေနံဆီမီးအိမ်များကိုပါ ငြိမ်းလိုက်ရာ ကင်းတဲလေးသည် မှောင်အတိကျသွားပါလေတော့သည် ။
◾အခန်း (၇)
ညသန်းခေါင်ယံအချိန်တွင် ဖြစ်သည်။ပေပင်ရွာလေး၏ အနောက်ဘက်ကင်းတဲတွင် မောင်ဘိုးထင်တို့အဖွဲ့သည် မည်သည့်အသံမှ မထွက်စေပဲငြိမ်သက်နေကြသည်။တချို့က ထိုင်နေလျက်သား ငြိမ်သက်နေကြပြီး တချို့က ကင်းတဲပေါ် တုံးလုံးလှဲရင်းက ငြိမ်သက်နေကြသည်။မကြာလှသောအချိန်တွင် အစီအရင်လုပ်ထားသောနွားနှစ်ကောင်အနက် တကောင်မှာ တတွန့်တွန့်နှင့် ဂနာမငြိမ်ဖြစ်လာရာ တက်တက်ကြွကြွရှိနေသော သာရနှင့် မောင်ဘိုးထင်မှာ ကင်းခေါင်းဆောင်ကိုမြကြီးကို အသံတိုးတိုးနှင့် စကားဆိုလေသည်။
“ကိုမြကြီး အခြေအနေတော့ ထူးပြီ ကိုမင်းနောင်တို့ကိုနှိုးပြီး မီးတုတ်တွေ အသင့်ပြင်ထားခိုင်းလိုက် ”
“ဘာဖြစ်လို့လဲကွ ငါတော့ ဘာမှမကြားပါဘူး”
“ကျုပ်တို့ပြောသလိုသာ လုပ်စမ်းပါဗျာ ”
မောင်ဘိုးထင်တို့၏စကားကြောင့် မြကြီးတယောက် အိပ်နေသော သူများကိုနှိုးကာ မီးတုတ်များကိုကိုင်ပြီး အသင့်အနေထားရှိနေကြသည်။များမကြာသောအချိန်တွင် နွားခြူသံများ နှင့်အတူ ရွာသားများ၏အော်သံများကြောင့် ကိုမြကြီးတို့အဖွဲ့ မီးတုတ်များကိုထွန်းလိုက်ရာ ကင်းတဲဝန်းကျင်တွင် မီးများလင်းထိန်သွားသည်။ဖှုန်တထောင်းထောင်းထနေသော လမ်းမကြီးတွင်တော့ နွားနီကြီးတကောင်၏ကျောတွင် ကားယားခွစီးထားသော လူတယောက်အား ဖှုန်မှု့န်များကြားမှ မီးတုတ်များ၏ အလင်းရောင်ကြောင့် ကောင်းစွာမြင်နေရလေသည်။ထိုနွားသူခိုးအား တားမည်ဟုကြံသော်လည်း အရှိန်ပြင်းပြင်းပြေးလွှားနေသော နွားနီကြီးကြောင့် ကိုမြကြီးတို့ မတားနိုင်ပဲ လွှတ်ပေးလိုက်ရသည်။ထိုအချိန်တွင် မည်သည့်အချိန်ကတည်းက နွားကျောကုန်းပေါ်ရောက်နေသည်ကိုမသိသော မောင်ဘိုးထင်နှင့် သာရသည် နွားသူခိုးနှင့် ခိုးခံရသော နွားကြီးနောက် တဟုန်ထိုးပြေးလိုက်သွားလေတော့သည်။သူတို့ထွက်သွားပြီး မကြာသောအချိန်တွင် ရွာလယ်လမ်းအတိုင်း အသံခပ်ကျယ်လောင်စွာဖြင့် လမ်းဖယ်ပေးခိုင်းသောအသံနှင့်အတူ နွားနှစ်ကောင်ကိုစီးပြီး နွားသူခိုးနောက် လိုက်သွားသောသူများမှာ ဖိုးထွေးနှင့် ပေတူးတို့ဖြစ်သည်။သူတို့၏အနောက်တွင်တော့ ရွာသားများသည် မီးတုတ်များနှင့်အတူ ညာသံပေး၍ ပြေးလိုက်သွားကြပါလေတော့သည် ။
◾အခန်း (၈)
ရှေ့မှနွားသူခိုးသည် သူခိုးထားသော နွားကြီးကိုစီးပြီး ပြေးလွှားနေသည်။နောက်မှ သူ့အားလိုက်ဖမ်းသော မောင်ဘိုးထင်တို့အဖွဲ့သည်လည်း ထပ်ကြပ်မကွာလိုက်နေလေသည်။ သာမာန်အနေထားဆိုက နွားများမှာ ငြိမ့်ငြိမ့်ညောင်းညောင်း မပြေးနိုင်ကြပေ။အောက်လမ်းအစီအရင်များကြောင့်သာ မြင်းကဲ့သို့ ပြေးနေကြဖြစ်နေခြင်းဖြစ်သည်။ပေတူးဆိုရင်ဖြင့် မြင်းဟုပင် ထင်နေပေလား မသိ။နွားကြိုးကို ဆက်တောက်ဆက်တောက်လုပ်ရင်း စီးနေလေရာ နောက်မှ ဖိုးထွေးတယောက် သတိပေးလိုက်ရသည်။
“ဟေ့ကောင် မင်းစီးနေတာ နွားဟ နွား သေချာစီး နွားလေးရဲ့”
“အေးပါဗျာ စိတ်မပူပါနဲ့ ဘိုးထင်အဘရဲ့အစီအရင်က တယ်စွမ်းပဲတာဗျ ဖင်နဲ့ နွားနဲ့က ကပ်နေတာ ”
ပေတူးပြောမှ ဖိုးထွေးသတိထားမိသည်။အမှန်တကယ် ကော်ကပ်ထားသကဲ့သို့ ဖြစ်နေ၏။သူတို့၏ရှေ့တွင်တော့ မောင်ဘိုးထင်နှင့် သာရမှာ တကျားကျားအော်ဟစ်ကာ မြင်းများစီးနေသည့်အလား နွားများစီးကာ နွားသူခိုးနောက်လိုက်နေလေသည် ။သူတို့ အတော်ကြာ နွားသူခိုးနောက်ထပ်ကြပ်မကွာလိုက်လာရာ ရွာနှင့်အတော်လှမ်းသောတနေရာအရောက်တွင်တော့ သာရစီးထားသော နွားဖြူကြီးသည် နွားသူခိုးစီးထားသော နွားနီကြီး၏ဖင်ကို ပြေးရင်းလွှားရင်းမှ ခေါင်းနှင့်တိုးဝှေ့လိုက်ရာ အခိုးခံထားရသောနွားနီကြီးမှာ ဟတ်ထိုးလဲကျသွားပြီး နွားသူခိုးသည်လည်း မြေပြင်ပေါ်သို့ တလိမ့်ခေါက်ကွေးပြုတ်ကျ သွားလေတော့သည်။ထို့နောက် မောင်ဘိုးထင်၊ဖိုးထွေးနှင့် ပေတူးတို့လည်း မှီလာပြီမို့ နွားများကို ဦးအုန်းသင်ပေးထားသည့်အတိုင်း နွားပုခုံးကို သုံးချက်ပုတ်လိုက်ရာ နွားများမှာ ရပ်တန့်သွားလေသည်။ထိုအခါမှ သူတို့သည် လဲကျနေသော နွားသူခိုး ကို ဝိုင်းဖမ်းလိုက်ကြရာ ဒဏ်ရာရနေသောနွားသူခိုးမှာ တကျွတ် ကျွတ်အော်ဟစ်နေရင်းမှ
“မ မလုပ်ကြပါနဲ့ ”
“ဟာ ဒီအသံကြားဖူးတယ် ဘိုးထင် ”
“ဟုတ်တယ် ”
သူတို့သည် နွားသူခိုးကိုဆွဲထူပြီး ကြယ်ရောင်အောက်တွင် အနားကပ်ကြည့်လိုက်သောအခါ
“ချိုးသိန်း”
“ဟာ ကိုချိုးသိန်း ခင်ဗျား”
နွားခိုးသူမှာ သူတို့နှင့်ရင်းနှီးသော ချိုးထောင်စားသည့် ချိုးသိန်းဖြစ်နေပါလေတော့သည်။
◾အခန်း (၉)
“မင်းကွာ ကိုယ့်ရွာကနွားတွေကို ပြန်ခိုးရတယ်လို့ ”
“ငါ မခိုးချင်ပါဘူးကွာ မခိုးလို့မရလို့ ခိုးရတာပါ ”
“ဟေ့လူ မခိုးလို့ မရလို့ဆိုတော့ ခင်ဗျားက ဘာဖြစ်လို့လဲ ”
နွားသူခိုး ချိုးသိန်းအား မောင်ဘိုးထင်တို့အဖွဲ့ ဝိုင်းဝန်းစစ်မေးနေသည်။ ရွာသားများ လိုက်မလာနိုင်သောနေရာဖြစ် နေ၍ တော်သေးသည်။ထို့နောက် ချိုးသိန်းသည် ငိုယိုနေရင်းမှ စကားဆိုလေသည်။
“ငါကွာ သဖန်းပိုးရွာက ကောင်မလေးနဲ့ကြိုက်နေတာကွ ငါသူ့ကို မခွဲနိုင်ဘူးကွာ အဲ့တာ သူ့အဖေက ငါ့ကို ရွာက နွားဆယ်ကောင်ခိုးပေးရမယ်ဆိုပြီး ငါ့ကိုဆေးတွေ ဘာတွေပေါက်ပေးပြီး ခိုးခိုင်းနေတာ ”
“ဪ မင်းက အဲ့လိုလား မင်းကွာ မိန်းမတယောက်အတွက်နဲ့များ တရွာလုံးကို ဒုက္ခပေးရသလားကွာ”
“ဖိုးထွေးရ ငါ ဒုက္ခပေးချင်ပါ့မလား ကောင်မလေးနဲ့ ငါက လွန်ကျုးပြီးသွားပြီကွ တကယ်လို့ ငါမယူရင် မကောင်းတဲ့ကောင်ဖြစ်မယ် အဲ့လိုအဖြစ်ခံပြီး မယူရင်လည်း ငါ့ကို သူ့အဘက သတ်မှာတဲ့ကွ နောက်ဆုံးရွေးစရာမရှိလို့ လုပ်ရတာပါကွာ ငါ မှားသွားပါတယ် ငါ့ကိုဖမ်းမယ်ဆို ဖမ်းကွာ”
မောင်ဘိုးထင်တို့သည် အမြဲတရင်းတနှီးနေခဲ့ကြသော ချိုးသိန်းကို ထိုကဲ့သို့လည်း မလုပ်ချင်ကြပေ။ထို့ကြောင့် ချိုးသိန်း ၏အခက်အခဲကို ကူညီပေးရန် စဉ်းစားမိလိုက်ပြီး ခိုးထားသော နွားနီကိုသာ ရွာသို့ပြန်ယူခဲ့ကြပြီး ချိုးသိန်းကိုဖြင့် ရေအိုးစင်ရွာရှိ ပန်းချီငို၏အိမ်တွင်နေရန်သာ ပြောလိုက်ပါလေတော့သည် ။
◾အောက်လမ်းဘိုးထင်နှင့် နွားသူခိုးသည်ကား ဤမျှသာ။ မကြာမီ အောက်လမ်းဘိုးထင်နှင့် ဒေါင်းယောင်ဆောင်သောကျီး အမည်ရ ဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
◾ကျေနာ့်ရဲ့ page လေးကို LIKE & FOLLOW လေးလုပ်ပေးကြပါဦး ခင်ဗျ။