“အောက်လမ်းဘိုးထင် နှင့် စပါးပွဲစား ကဝေ”(စ/ဆုံး)
==============================
◾အခန်း (၁)
အင်းတောရွာသားသူရွာသားများသည် ယခုအချိန်တွင် တိရိစ္ဆန်သွေးများသောက်ခဲ့သည့် သူတို့အကြောင်းအား တွေးမိတိုင်း ပျို့အန်မိကြ၏။မောင်ဘိုးထင်တို့သည် ရွာလူကြီး ဦးထွန်း၏ အိမ်၌ပင် ဆက်လက်တည်းခိုလေသည်။ဦးထွန်းသည် မောင်ဘိုးထင်တို့အား ကျေးဇူးတင်လွန်း၍ ခဏ ခဏ လက်အုပ်ချီကာ ကျေးဇူးတင်စကားပြောပြီး အသက်အရွယ် နှင့် မမျှအောင်ပင် ရိုသေလေးစားမှုပေးနေ၍ အားနာလာကာ တားယူရသည်အထိပင် ဖြစ်သည် ။
“ရပါတယ် ဦးထွန်းရယ် လက်အုပ်ချီတဲ့အထိတော့ ကျုပ်တို့ကို မလုပ်ပါနဲ့ မနေတတ်ဘူးဗျ”
“ဟုတ်တယ် ဦးထွန်း ကျုပ်တို့က ရွာဦးကျောင်းက ဘုန်းကြီးတွေမဟုတ်ဘူးလေဗျာ ”
ပေတူး၏ စကားကြောင့် ဦးထွန်း ပြုံးလိုက်မိသည်။ဤသို့ဖြင့် ဦးထွန်း၏ အိမ်ပေါ်တွင် ထိုင်နေကြရင်း ဖိုးထွေးမှ စကားဆိုလိုက်လေသည် ။
“ဦးထွန်း ကျုပ်တို့ကို စပါးပွဲစားအကြောင်း ပြောပြမယ်ဆို ”
“ပြောပြမှာပေါ့ တကယ်တော့လည်း ဒီကိစ္စမှာ သူအမှားချည်းပဲတော့ မဟုတ်ဘူး ကျုပ်တို့ ရွာသားအချို့ရဲ့လည်း အမှားလည်းပါ ပါတယ် ”
“မှားတယ်ဆိုတိုင်း တရွာလုံး ကလေးပါမကျန် အခုလို လုပ်တာကတော့ အတော်ကို အောက်တန်းကျပါတယ် ဦးထွန်းရာ ”
“အဲ့တာလည်း ဟုတ်တယ် လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ပေါ့ ကောင်လေးတို့ရာ တို့ရွာကို စပါးပွဲစားတယောက် ရောက် လာတယ်ကွ”
ဦးထွန်းသည် ရေနွေးကြမ်းတခွက်ကို ငှဲ့သောက်ရင်း လွန်ခဲ့ သောနှစ်က အဖြစ်အပျက်အား ပြန်ပြောင်းပြောပြပါလေတော့ သည်။
◾အခန်း (၂)
အင်းတောရွာလေးသည် ဆည်ရေသောက်လယ်များမရှိ သော်လည်း မိုးသင့်တင့်သောဒေသ ဖြစ်သည်မို့ မိုးစပါး ကောင်းကောင်းထွက်သောရွာဖြစ်သည်။လျှိုမြောင်စိမ့်စမ်းပေါ သော ထိုရွာလေးသည် စပါး အပါအဝင် တခြားသော လယ်ယာထွက်ကုန် နှင့် တောတောင်ထွက်ကုန်များ ပေါများစွာ ထွက်ရှိသည့် ရွာလေးဖြစ်သည်။သာယာသော နေ့တနေ့၌ ရွာလယ်လမ်းမပေါ်တွင် ဆံပင်အရှည်ကို နောက်သို့ စုစည်းထားပြီး အဝတ်စားတောက်တောက်ပြောင်ပြောင် ဝတ်ဆင်ထားသော လူရည်သန့်တဦးသည် ရွာလယ်လမ်းအတိုင်း လွယ်အိတ်ကြီးတလုံးကို ဘေးတစောင်းလွယ်လျက် လမ်းလျှောက်လာနေသည်။ထိုသူသည် လမ်းတွင် ဆုံသော အင်းတောရွာသားတယောက်အား ခေတ္တရပ်စေပြီး
“နောင်ကြီး ခဏလောက်ဗျာ ကျုပ် မေးစရာလေးရှိလို့”
“မေးပါဗျာ ဘာမေးမလို့လဲ ”
“ကျုပ်က စပါးပွဲစားတယောက်ပါ ဒီရွာမှာ စပါးရောင်းမဲ့ သူများရှိမလားလို့ ”
“အင်း ဟိုတလောက ရွာလူကြီး ဦးထွန်း စပါးရောင်းမယ်လို့တော့သတင်းကြားတယ် တခြားသူတွေလည်း ရောင်းဦးမယ် ထင်တယ် ရွာလူကြီး အိမ်အရင်သွားဗျာ ကျုပ် လမ်းပြမယ် တခါတည်း ကျုပ်နောက်က လိုက်ခဲ့ပေတော့ ”
“ကျေးဇူးပါဗျာ ”
အင်းတောရွာသားသည် လူစိမ်းစပါးပွဲစားအား ရွာလူကြီး အိမ်သို့လိုက်ပို့ပေးလေသည်။ရွာလူကြီး အိမ်ဝိုင်းဝသို့ ရောက်သောအခါ ရွာသားသည်
“ဒီအိမ်က ရွာလူကြီး ဦးထွန်းရဲ့အိမ်ပဲ ကျုပ်မှာ သွားစရာရှိနေလို့ သွားလိုက်ဦးမယ် ”
“ကျေးဇူးနောင်ကြီးရေ ကျေးဇူးဗျ”
“ရပါတယ်ဗျာ ကျုပ်နာမည် လူလှ လို့ခေါ်တယ်။အကူညီလိုရင် လူလှလို့ မေးပြီး အိမ်ကိုသာလာခဲ့ဗျာ ”
လူလှဟု အမည်ရသော ရွာသားသည် စပါးပွဲစားကို နှုတ် ဆက်ကာ သူသွားရမည့်နေရာသို့ ဆက်သွားလေ၏။စပါးပွဲစားသည်လည်း ရွာလူကြီးဦးထွန်း၏ အိမ်ဝိုင်းထဲသို့ ဝင်ခဲ့လိုက်ပါသည်။
“အိမ်ရှင်တို့ ”
“အိမ်ရှင်တို့ ”
“ဘယ်သူလဲဟေ့ အိမ်အောက်က တန်းလျားမှာ ခဏ ထိုင်ဦး ရေနွေးခပ်လိုက်ဦးမယ် ”
အိမ်ပေါ်မှ အသံနှင့်သာ စကားဆိုလိုက်ရာ စပါးပွဲစားသည်လည်း အိမ်အောက်ရှိ စားပွဲတန်းလျားတွင် ၀င်ထိုင်လိုက်လေသည်။မကြာသောအချိန်တွင် ရေနွေးအိုးကို လက်ကဆွဲပြီး ရွာလူကြီး ဦးထွန်းရောက်လာလေသည်။ ဦးထွန်းသည် လွတ်နေသော တန်းလျားတွင် ၀င်ထိုင်လိုက်ပြီး ရေနွေးအိုးထဲမှ ရေနွေး ကြမ်းအား ရေနွေးပန်းကန်လုံးထဲ ငှဲ့ထည့်ပေးရင်း
“ကဲ ရေနွေးလေးသောက်ဦးဗျာ လာရင်းကိစ္စလေးပြောပါဦး ”
“ကျုပ်က စပါးပွဲစားပါ ရွာလူကြီး အိမ်မှာ စပါးရောင်းစရာ များ ရှိမလားလို့ ”
“ရောင်းစရာတော့ ရှိတယ် စပါးဈေးက ဘယ်လောက်လဲဗျ ”
“ကျုပ် ကောက်တဲ့ ဈေးကတော့ နှစ်ဆယ်ပါ ”
“အဲ့တာဆို တရာ နှစ်ထောင်ဈေးပေါ့ ”
“ဟုတ်ပါတယ်ဗျ ဈေးတက်တယ်လို့ ပြောရမယ် ပြီးခဲ့တဲ့လကတောင် တထောင့်ရှစ်ရာဈေးပဲ ရှိတာ ”
“ဒါဆိုရင်တော့ တရာလောက် ရောင်းချင်တယ်ဗျာ ”
“ရပါတယ် ရွာလူကြီး အိမ်အရောက် ကျုပ်တို့ဘာသာ တိုက်မှာပါ ”
“ကျုပ် စပါးတွေက မျိုးကောင်းတယ်ဗျို့ အဟောင်းတွေဗျ သန့်မှ သန့်ပဲ ”
ရွာလူကြီးသည် စပါးပွဲစားဖြစ်သူအား သူ၏ စပါးကျည်သို့ ခေါ်သွားပြီး စပါးများကို ပြလေသည်။ထိုအခါ စပါးပွဲစားသည် စပါးများကို လက် နှင့် အနည်းငယ် ယူကြည့်ပြီး
“စပါးက အတော်သန့်တာပဲဗျ ”
“သန့်ဆို ကျုပ်တို့က ထွန်ခြစ် နဲ့ သေချာဆွဲပြီး နေလှမ်းထားတာကိုး ခင်ဗျား လာတာ နောက်ကျသွားတယ် ဟိုတလောကမှ စပါးတွေ အတော် ရောင်းပစ်လိုက်တာ၊ကြုံတုန်းလေး ပြောရဦး မယ် ရွာထဲက စပါးရောင်းမယ်ဆိုတဲ့ သူတွေဆီက ၀ယ်ရင်သေချာကြည့်ဝယ်နော် အမှန်အကန်သမားတွေက ရောင်းပြီးပြီ ကျုပ်က မရောင်းတော့ဘူးဆိုပြီး နေတာ အခုမှ အသုံးလိုလို့ ရောင်းရမှာ ”
စပါးပွဲစားသည် ရွာလူကြီး၏ သတင်းပေးစကားကို သိပ်ပြီး ဂရုမစိုက်ပေ။စပါးကောင်းများရ၍ ဝမ်းသာနေသည်။ထို့နောက် စရံချခဲ့ပြီး ရွာလူကြီးကို နှုတ်ဆက်ကာ အိမ်ဝိုင်းထဲမှ ထွက်လာခဲ့သည်။နောက်ထပ် စပါးရောင်းမည့်သူများအား ရှာရန် ရွာလယ်လမ်းအတိုင်း ပြန်၍ လမ်းလျှောက်နေပါလေသည် ။
◾အခန်း (၃)
အင်းတောရွာတွင် လူလည်ပွဲစားများ များစွာရှိသည်။သူတို့ သည် စပါးကောင်းများကို တခြားပွဲစားများထံပြပြီး စရံကို အတော်များများ ယူထားလိုက်သည်။တကယ်တမ်း ချိန်တွယ်ယူသောအခါ စပါးအသစ်များ နှင့် လှေ့ထားသည်မှာ မပြောင်သော စပါးများဖြင့် အစားထိုးကာ ပေးလေသည်။စပါးဝယ်သူမှာ ညစ်မှန်းသိ၍ မဝယ်တော့သောအခါ စရံအဆုံး ခံခိုင်းခြင်းဖြင့် လူလည်း ကျနေသူများဖြစ်၏။ရွာလူကြီး ဦးထွန်းသည် ထိုသူများအား သတိပေးသော်လည်း မကောင်းသူများသည် အချင်းချင်းစည်းလုံးနေကြ၍ ရွာလူကြီးလည်း ဘာမှမတတ်နိုင်ပဲ သူ၏ရွာသို့ စပါးလာဝယ်သောသူများကိုသာ သတိပေးနေရခြင်းဖြစ်၏ ။စပါးပွဲစားသည် ရွာလယ်လမ်းအတိုင်း လမ်း လျှောက်လာနေစဉ် ညစ်သောရွာခံစပါးပွဲစားတယောက် နှင့် ဆုံလေသည် ။
“နောင်ကြီးက ဒီရွာက မဟုတ်ဘူးထင်တယ် ”
“ဟုတ်တယ် ကျုပ်က စပါးလာဝယ်တာပါ ”
“အဲ့တာဆို သင့်တာပဲ ကျုပ်တို့က စပါးရောင်းမဲ့သူတွေ လိုက်ရှာနေတာ ”
“အဲ့တာဆို မပူတော့နဲ့ ကျုပ်အပေါင်းအသင်းတွေနဲ့ဆို စပါးထောင်ချီဝယ်လို့ ရတယ် ငွေ အလုံအလောက်ပါဖို့ပဲ လိုတာ ”
“ငွေကတော့ စိတ်ချပါဗျာ ရောင်းသလောက် ဝယ်မယ်ဗျာ ”
“ကဲ ကဲ အဲ့တာဆိုလည်း ကျုပ် အိမ်ကို အရင်လိုက်ခဲ့ ကျုပ် စပါးတွေကို လိုက်ကြည့်ပေါ့ အကုန်ရောင်းမှာ”
စပါးပွဲစားသည်လည်း ရိုးရိုးသားသားအောက်မေ့၍ ထိုသူခေါ်ရာနောက်သို့ လိုက်သွားလေသည်။ရိုင်ပတ်ထားသော ပုတ်နှစ်လုံး အနားသို့ စပါးပွဲစားအားခေါ်သွာသည်။ထိုပုတ်နှစ်လုံး အနက် တလုံးမှ စပါးများကို ပြလေသည်။စပါးများသည် ကောင်းသည်မို့ စပါးပွဲစားမှာ ကျေကျေနပ်နပ် ဝယ်ယူလိုက်လေသည်။ဈေးစကားများပြောပြီးသောအခါ စရံချလေ၏။ ထိုအခါ အကြံသမား ရွာခံပွဲစားသည်
“စရံက နည်းတယ်ဗျာ ကျုပ်လည်း ဒီနေ့ ငွေ အသုံးလိုနေတာမို့ နည်းနည်း ပိုပေးလို့ မရဘူးလား ”
“ရတာတော့ ရပါတယ် ”
“ရရင် နှစ်ဆယ်ဖိုး လေးရာလောက်တော့ စရံချခဲ့ဗျာ ကျုပ်လည်း ငွေ အသုံးလိုနေလို့ပါ ”
“အင်းပါ ကျုပ်လည်း ငွေပါလာတယ်ဆိုတော့ ပေးခဲ့ပါ့မယ် နောက်တရက် နှစ်ရက်ဆို လာမယ်နော် ”
“ဒီနေ့ ချိန်ပြီး ယူသွားလေ ကြိုက်လေပါပဲ ကျုပ်ကတော့ ”
“ဟုတ်ပါပြီဗျာ ”
“ကဲ ကဲ ကျုပ် အပေါင်းသင်းတွေလည်း စပါးရောင်းဖို့ရှိတယ် သူတို့ကိုလည်း စရံများများတော့ ပေးရလိမ့်မယ် ”
“စပါးသာ ကောင်းရင် ကျုပ်က ပေးပြီးသာပါဗျာ ”
စပါးပွဲစားသည်လည်း ရွာခံလူလည်များကို ယုံကြည်ကာ နောက်ထပ် ညစ်မည့်သူများထံသို့ စပါးသွားဝယ်ရန် ထွက်သွားပါတော့သည် ။
◾အခန်း (၄)
အချိန်နှစ်ရက်ခန့်ကြာသောအခါ စပါးပွဲစားသည် စပါးတိုက်ဖို့ရာအတွက် လှည်းလေးစီးဖြင့် ရောက်လာသည်။ရွာလူကြီး၏အိမ်သို့ အရင်မဝင်ပဲ နောက်ဆုံးဝယ်ခဲ့သော ရွာခံစပါးပွဲစား လူညစ်၏အိမ်သို့ အရင်ဝင်လေသည်။ထိုလူများသည် အကြံသမားများဖြစ်သည်မို့ စပါးပွဲစား ရောက်နေသော အိမ်တွင် စုဝေးပြီး ခပ်တည်တည် နှင့် ကြည့်နေသည်။တချို့သောသူများ၏ လက်ထဲတွင် ဝါးရင်းတုတ်ပါ ကိုင်ထားသေး၏။စပါးပွဲစားသည်လည်း သာမာန် ရိုးရိုးသားသားသာ ထင်နေပြီး လှည်းသမားများကို အိမ်ထဲဝင်စေကာ အိမ်ရှင်အား စပါးချိန်ဖို့ အတွက် ပြောလေ၏။
“ကျုပ်စပါးချိန်ပြီး တပါတည်း တိုက်မလို့ ဒီမှာ ငွေတခါတည်း ရှင်းပေးမယ် ”
“နေပါဦး စပါး အရင်ချိန်ပါ ”
“ဟေ့ကောင်တွေ ဟိုပုတ်ထဲက စပါးတွေချိန်ပြီး လှည်းပေါ်တင်ကြ”
စပါးပွဲစား၏ လူများသည် တင်းတောင်းများကို ကိုင်ကာ သူတို့စပါးပွဲစားညွှန်ပြသော ပုတ်အနားသို့ သွားလိုက်ကြသည်။ထိုအခါ စပါးရောင်းသောသူသည် မျက်နှာထား တင်းတင်းဖြင့်
“ဟေ့ကောင်တွေ အဲ့ဘက်က စပါးကို ချိန်ရမှာ မဟုတ်ဘူး ဟို ဘက်က ပုတ်ထဲက ချိန် ”
“နောင်ကြီး မဟုတ်ဘူးလေ ကျုပ်လာဝယ်တုန်းက ဒီဘက် ပုတ်ထဲကပါ ”
“ကျုပ်ပြောတယ် အဲ့ဘက် မဟုတ်ဘူး ဒီဘက် ပုတ်လို့ ”
စပါးပွဲစားသည်လည်း စပါးရောင်းသူ ညွှန်ပြနေသောပုတ်ထဲ မှ စပါးများကို ကြည့်လိုက်သည့်အခါ နေသေချာမလှမ်းရသေးပဲ အဖျင်းများ ပရပွနှင့် အတော်ကို ဆိုးသောစပါးများဖြစ်နေ ၏။ကောက်သစ်ဖြစ်သလို ဆန်ပျော့ ဖြစ်၍ ပေါက်ဈေးထက် အတော်ကို နိမ့်သော စပါးများဖြစ်၏။ထိုအခါ စပါးပွဲစားသည်
“နောင်ကြီးရေ မဟုတ်သေးဘူးလေဗျာ ကျုပ်ကို ရောင်းတော့ တမျိုး ပေးတော့ တမျိုး မလုပ်ပါနဲ့ ”
“ဟာ မင်းမဝယ်ချင်ရင် နေလေ ”
“ဒီစပါးဆိုရင်တော့ မဝယ်ချင်ဘူး ”
“မဝယ်နဲ့လေ ”
ကျန်စပါးရောင်းထားသော လူညစ်များသည်လည်း စပါးပွဲစားကို ကြည့်ကာ
“ဟေ့ ငါတို့ စပါးတွေလည်း အကုန် ဒီလိုပဲကွ မင်းဝယ်မှာဆို သွားချိန် ”
“ဟေ့လူတွေ ခင်ဗျားတို့ မတရားမလုပ်ကြနဲ့ ကျုပ်ကို ပြတုန်းက စပါးက တမျိုး အခုကျတော့ တမျိုး ”
“ဟေ့ကောင် မင်း မဝယ်ချင်ရင်နေ စကားမများနဲ့ ”
“ဒီ စပါးတွေကိုတော့ ကျုပ် မဝယ်နိုင်ဘူး စရံ ပြန်ပေး ”
“ဟေ့ကောင် ငါတို့က ရောင်းတယ် မင်းက မဝယ်တာ ဘာစရံမှ ပြန်ပေးရိုး ထုံးစံမရှိဘူး ”
“ဟေ့လူတွေ ခင်ဗျားတို့ မတရားမလုပ်ကြနဲ့ ကျုပ်ပေးထားတဲ့စရံ ပြန်ပေးစမ်းဗျာ ”
“ဟေ့ကောင် မင်းက ငါတို့ ရွာထဲကို လာပြီး အော်ကြီးဟစ် ကျယ် လာလုပ်နေပါလား ငါတို့ ရွာသားတွေ ဘယ်လောက် သွေးစည်းတယ်ဆိုတာ ပြပေးရမလား ”
“ဟေ့ မင်းတို့က တရွာလုံး ယုတ်မာတာလား ”
သူတို့၏ အော်ကြီးဟစ်ကျယ် စကားသံများကြောင့် ထင်၏။ ဘေးအိမ်မှ လူများ၊ကလေးများပါမကျန် စပါးပွဲစားနှင့် အဖွဲ့ကို ကြည့်ပြီး ရန်လိုနေလေရာ စပါးပွဲစားသည် တရွာလုံး ဒီပုတ်ထဲက ဒီ ပဲ ဟု ထင်မှတ်သွားပြီး မကျေမနပ်ဖြင့် တောက်ခေါက်ကာ ယုတ်မာသော ရွာခံစပါးပွဲစား၏အိမ်မှ လှည်းများ မောင်းထွက်သွားလေသည်။စင်စစ် စပါးပွဲစားတွေ့လိုက်ရသော လူများသည် လူညစ်မိသားစု တစုစာသာဖြစ်ပြီး တခြားသော ရွာသားများမပါပေ။ရွာလူကြီး နှင့် တခြားသော ရွာသားများ ရောက်လာချိန်တွင်တော့ စပါးပွဲစားမှာ ရှိမနေတော့ပဲ ရွာအပြင်သို့ ထွက်သွားပြီဖြစ်၏။ရွာလူကြီးသည် သူ့ရွာသားအချို့ ၏ လုပ်ရပ်ကြောင့် အကြီးအကျယ် ဒေါသထွက်ကာ ထိုရွာသားများကို ထိတ်တုံး ခတ်လိုက်သည်။စပါးပွဲစား၏ စရံများကို လည်း ပြန်တောင်းလိုက်ပြီး ပြဿနာများကို ဖြေရှင်းရာ မိုးချုပ်မှ ဖြေရှင်းပြီးသွား၍ နောက်နေ့မနက်မိုးလင်းမှ စပါးပွဲစားအား စုံစမ်းပြီး စရံငွေ ပြန်ပေးမည်ဟု ဆုံးဖြတ်လိုက်သည် ။
◾အခန်း (၅)
အင်းတောရွာလေးသည် မှောင်မိုက်နေ၏။ထို့အတူ ရွာသားများသည်လည်း အိပ်မောကျနေကြသည်။ထိုသို့ အိပ်မောကျအောင်လည်း လူတစုက ပြုလုပ်ထားခြင်းဖြစ်သည်။ထိုလူများမှာ စပါးပွဲစားနှင့် လှည်းသမားများဖြစ်သည်။သူတို့သည် အင်းတော ရွာသားများအား အိပ်မောကျအောင် အစီအရင်များဖြင့်ပြုလုပ်ထားသည်။သူတို့သည် ဒေါသထွက်နေသောကြောင့် အင်းတောရွာသားများကို တသက်လုံး လူရာမဝင်အောင် နှင့် ပြဿနာ အကြီးအကျယ် တက်အောင် လုပ်မည် ဖြစ်သည်။ အမှန်စင်စစ် စပါးပွဲစားမှာ ကဝေပညာရှင်ဖြစ်ပြီး ကျန်သော သူများမှာ သူ၏ တပည့်များဖြစ်သော အောက်လမ်း နှင့် စုန်း ကဝေများသာ ဖြစ်သည်။သူတို့သည် ရွာထိပ်ရှိ မန်ကျည်းပင် အောက်တွင် ကျင်းတကျင်းကို တူးနေပြီး ပြီးလျှင် လူနှစ်ယောက် သယ်လာသော အလောင်းတလောင်းအား ကျင်းထဲ ထည့်လိုက်သည် ။ထိုအလောင်းသည် အတော်ကို ရုပ်ဆိုးအကျည်းတန်သော အလောင်းကောင်ဖြစ်ပြီး ဆံပင်တို့သည် ရှုပ်ပွပြီး အကြည့်ရဆိုး၏။ စပါးပွဲစား ကဝေသည် အလောင်းကို ကျင်းထဲထည့်ပြီးနောက် သူ၏လက်ဖဝါးအား ဓားနှင့် လှီးပြီး ထွက်လာသော သွေးအနည်းငယ်အား အလောင်းကောင်ပေါ်သို့ လောင်းလိုက်၏။သူ့နည်းတူ ကျန်သော တပည့်များသည်လည်း သူတို့၏ လက်ဖဝါးအား ဓားနှင့် လှီးကာ သွေးအနည်း ငယ်အား အလောင်းကောင်ပေါ် အစက်ချလိုက်သည်။အားလုံး ပြီးစီးသွားသောအခါ စပါးပွဲစားကဝေသည်
“ကဲ ဒီရွာထိပ်ကနေ ရွာအဆုံးထိ ရှိရှိသမျှ လူတွေ အကုန်လုံး သွေးသောက်ချင်စိတ် ပေါ်စမ်း။ဒီအစီအရင်ကို မဖော်မချင်း ဒီရွာက သွေးစုပ်မှ နေသာ ထိုင်သာရှိတဲ့ရွာ ဖြစ်စေရမယ် ဟားးးဟားးး”
စပါးပွဲစား ကဝေသည် သူ့စကားသူ သဘောကျကာ တဟားဟား ရယ်မောလိုက်သည်။ထို့နောက် အလောင်းကို မြေဖို့လိုက်ချိန် အင်းတောရွာလေးသည် အရိပ်အမဲများ အိမ်တိုင်းတွင် ၀င်ရောက်၍ သွားကြပါလေတာ့သည်။
◾အခန်း (၆)
မောင်ဘိုးထင်တို့သည် ရွာလူကြီးပြောပြနေသော စပါးပွဲစားအကြောင်းကို နားထောင်ရင်း စပါးလိမ်ရောင်းကြသောသူများကို ဒေါသထွက်မိသွားသည်။
“တော်တော် ဆိုးတဲ့လူတွေဗျာ ဘာလို့များ လိမ်ရတာလဲ အဲ့လူတွေ အခုရှိသေးလား ”
“ရှိတော့ရှိတယ် ဒါပေမဲ့ ဘဝပျက်နေပါပြီကွာ ”
“ဒါနဲ့ စပါးပွဲစားရဲ့ငွေတွေ ပြန်မပေးရသေးဘူးပေါ့”
“ဘယ်ပေးရအုံးမလဲ ကောင်လေးတို့ရယ် နောက်နေ့ကြတော့ ငါတို့ သွားရှာပါတယ် ဒါပေမဲ့ သူတို့ရဲ အစအနကိုတောင် မတွေ့ရတော့ပါဘူး ”
“ဒီစပါးပွဲစားက တရွာလုံး မကောင်းဘူးလို့ ထင်သွားပုံပဲ ဒါပေမဲ့ သူ့ လုပ်ရပ်ကတော့ အတော်ဆိုးတယ်ဗျ ”
“ဟုတ်တယ် ဘိုးထင် အခန့်မသင့်ရင် ဘေးရွာတွေပါ ဒုက္ခများမှာ ”
“ကဲ ဦးထွန်းရေ ကျုပ်တို့ စပါးပွဲစားကိုတော့ ရှာမှ ရတော့မယ် တွေ့ရင် သူနဲ့တိုက်ခိုက်ရင် တိုက်ခိုက်နေရဦးမှာ တကယ်လို့ ကောင်းကောင်းမွန်မွန် ဖြေရှင်းလို့ရရင်တော့ ကောင်းတာပေါ့ ဗျာ သူ့ကိုပေးရမဲ့ ငွေတွေ ကျုပ်တို့ကို ယုံရင် ပေးနိုင်ပါတယ်”
မောင်ဘိုးထင်မှ ဦးထွန်းထံသို့ ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်ရာ ဦးထွန်းမှ
“မယုံကြည်စရာ မရှိပါဘူးကွာ မင်းတို့ကယ်လို့သာ ငါတို့ သာမာန်လူတွေလို ပြန်ဖြစ်တာပါ ပေးလိုက်ပါ့မယ် ”
ဤသို့ဖြင့် မောင်ဘိုးထင်တို့သည် မနက်ဖြန် ရွာသို့မပြန်မှီ စပါးပွဲစားကို ရှာကြမည်ဖြစ်ရာ ရွာလူကြီးအား စပါးပွဲစား၏ ပုံပန်းသဏ္ဍန်ကို သေချာ မေးမြန်းခဲ့လိုက်ပါသည်။
◾အခန်း (၇)
နံနက်အလင်းရောင်ကောင်းစွာရသည် နှင့် ရွာလူကြီးဦးထွန်း၏ နေအိမ် အိမ်ဝိုင်းထဲတွင် ကလေး၊လူကြီး၊လူငယ် ၊လူရွယ်များ စုရုံးပြီး သူတို့၏ ကျေးဇူးရှင်များဖြစ်သော မောင်ဘိုးထင်တို့ အိမ်ပေါ်မှ ဆင်းအလာကို စောင့်နေကြသည်။မောင်ဘိုးထင်တို့မှာတော့ အိပ်ကောင်းကောင်း နှင့် အိပ်နေကြဆဲ ဖြစ် ၏။မကြာမှီ ကလေးငိုသံကြားသောကြောင့် မောင်ဘိုးထင် စတင် နိုးလာသည်။သူ့နည်းတူ တခြားသောသူများလည်း နိုးလာကြသည်။ထိုအခါ ရွာလူကြီး ဦးထွန်းသည် မောင်ဘိုးထင်တို့ကို ပြုံးပြီးကြည့်နေကာ
“ဆရာလေး ကျုပ်က ဆရာလေးတို့ကို စောင့်နေတာ ”
“ဘာဆရာလေးလဲ ဗျာ ခေါ်နေကြအတိုင်း ကောင်လေးလို့ ပဲခေါ်ပါ ဦးထွန်းရာ ”
“ကျုပ် ညတုန်းက သေချာစဉ်းစားကြည့်တယ် ဆရာလေးတို့သာ ကျုပ်တို့ကို မကယ်ရင် ကျုပ်တို့ အခုလောက်ဆို မကောင်း ဆိုးဝါးတွေ ဖြစ်နေမှာ ကဲ ကဲ ဆရာလေးတို့ မျက်နှာသစ်လိုက်ဦး ကျုပ် မနက်စာ ပြင်ဆင်ထားလိုက်မယ် ”
ဦးထွန်းသည် မောင်ဘိုးထင်တို့ သွားတိုက်ရန်အတွက် မီးသွေးခဲ နှင့် ဆားကို ကမ်းပေးရင်းမှ စကားဆိုနေခြင်းဖြစ်၏။ မောင်ဘိုးထင်တို့သည် အိမ်ပေါ် မှ အိမ်အောက်သို့ ဆင်းလိုက်သည့်အခါ သူတို့အား ပြုံးကြည့်နေသော အင်းတောရွာသားများကို မြင်ရ၍ အံ့ဩနေလေသည်။ထိုအရာကို သိသော အင်းတော ရွာသားများသည်
“ဆရာလေးတို့ကို ကျေးဇူးတင်လွန်းလို့ ကျုပ်တို့က မနက်စာ လာပို့ရင်း လာနှုတ်ဆက်တာ ”
ရွာသားများသည် ဦးထွန်း၏ အိမ်အောက်တွင် စားပွဲခုံလေးခုံ ဆက်ထားကာ ထိုစားပွဲရှည်ပေါ်ရှိ စားစရာများကို လက်ညှိုး ညွှန်ပြရင်း ဆိုလေသည်။
“စားစရာတွေကလည်း များလိုက်တာ ”
“ဒါတောင် နောက်ထပ်လာပို့ချင်တဲ့ သူတွေ ရှိသေးတာ တားထားလို့ ”
“အေးဗျာ ကျုပ်တို့လည်း ပြန်တော့မှာဆိုတော့ အားလုံးကို နှုတ်ဆက်ပါတယ် ”
မောင်ဘိုးထင်နည်းတူ ကျန်သော သူများသည်မျက်နှာသစ်ဖို့ သွားရင်း နှုတ်ဆက်လိုက်လေသည်။ထို့နောက် မျက်နှာသစ်၊သွားတိုက်ကြပြီး မနက်စာပြင်ထားပေးသော စားပွဲရှည်ဆီ သွားလိုက်လေ၏။ထူးခြားသည်မှာ ထမင်း၊ဟင်း များ နှင့် ကောက်ညှင်း၊အကြော်စုံ ဟင်းအကုန်လုံးသည် သားသတ်လွတ် ဖြစ်နေ၏။အသားကြိုက်သော ပေတူး နှင့် သားအေးသည် အသားဟင်းလိုက်ရှာနေလေရာ ရွာလူကြီး ဦးထွန်းမှ
“ဆရာလေးတို့ အခုချိန်ကစပြီး ကျုပ်တို့ ရွာသားတွေက သားသတ်လွတ် စားမလို့တဲ့ ဆရာလေးရေ ”
ဦးထွန်း၏ စကားကြောင့် အသားဟင်းရှာနေသော ပေတူး နှင့် သာအေး တို့ လက်လျှော့လိုက်ကြပြီး ကောက်ညှင်းပေါင်း နှင့် အကြော်ကို သာ လွေးနေလိုက်လေ၏။မနက်စာ စားပြီးသော အခါ အထုပ်အပိုးများကို ခွဲသယ်ပြီးအင်းတောရွာလူကြီး နှင့် ရွာသားများကို နှုတ်ဆက်ကာ အင်းတောရွာမှ ထွက်လာခဲ့လေတော့သည်။သူတို့သွားမည့်နေရာမှာ စပါးပွဲစားကဝေဆီသို့ ဖြစ်ပါလေသည် ။
◾အခန်း (၈)
စပါးပွဲစားကဝေအား ရှာရန်အတွက် မောင်ဘိုးထင်တို့လမ်း တလျှောက် စဉ်းစားနေလေသည်။ထိုအခါ သူတို့၏ ရှေ့တည့်တည့် မှ လင်းတငှက်ကြီးတကောင် ပျံသွားရာ မောင်ဘိုးထင်မှ
“အဘ ကူညီပြီထင်တယ် ”
“ဘာလို့တုန်း ဘိုးထင်ရ ”
“ဟိုမှာ လင်းတပျံသွားတာ မတွေ့ကြဘူးလား လင်းတက တကောင်တည်း ဒီလိုနေရာမှာ မပျံဘူးလေ အဲ့တာ ကျုပ်တို့ကို လမ်းပြတာ ဖြစ်မှာပေါ့ ”
“ဟုတ်မှလည်း လုပ်ပါကွာ မင်းအဘဆို သိပ်မယုံရဲဘူး လင်းတတွေဆို ပို မယုံရဲတာ ”
“ဟိုတခါ မင်းမိုးကြိုးစက် တောင်ဝှေးကြီးကို သုတ်သွားတာ လည်း လင်းတတွေနော် ”
ဖိုးထွေးမှ ထိုသို့ပြောလိုက်သောအခါ ကျန်သူများ၏ မျက်နှာ များသည် ညှိုးငယ် သွားကြလေ၏။သူ၏ စကားကြောင့် မျက် နှာ ပျက်သွားသဖြင့် ဖိုးထွေး ကြောင်အမ်းအမ်းဖြစ်ကာ
“ဘာဖြစ်ကြတာတုန်းဟ ”
“ကျုပ်တို့ လေးမကြီးကို သတိရလို့ပါဗျာ မိုကြိုးစက်တောင် ဝှေးကို သူတို့ ခိုးခိုင်းပြီး ရောင်းတာကို အမှတ်ရလို့ပါ။အခုချိန် လေးမကြီး သာရှိနေရင် ကျုပ် မိုးကြိုးစက်တောင် ဝှေးကို ပေးလိုက်မှာ ”
“လာမှ မယူနိုင်တာ မင်းက အဲ့ဒီလိုပြောမှာပေါ့ ဘိုးထင်ရာ ”
“ငါတကယ် ဝမ်းနည်းနေတာ မနောက်နဲ့ သာအေး”
သူတို့ စကားများတပြောပြော နှင့် လင်းတကြီး ပျံသန်းရာ နောက်သို့လိုက်လာကြသည်။။လင်းတကြီးသည် လမ်းအတိုင်းမပျံပါပဲ တောကြို ချုံကြားမှ ပျံသောကြောင့် မောင်ဘိုးထင်တို့ တို့တောင်တက်ရနှင့် လမ်းလျှောက်ရနှင့် အတော်ကို ဒုက္ခများနေကြသည်။အထုတ် သယ်ကြသော ကျန်သောသူများသည် မောင်ဘိုးထင်ကို မယုံမကြည် ဖြစ်နေကြသည်။
“ဘိုးထင်ရေ ဟုတ်မှလည်း လုပ်နော် မင်းလင်းတကြီးတွေက လမ်းအတိုင်း မပျံပဲ တောကြို တောင်ကြားတွေထဲ ပတ်ပျံနေတယ်။အခုဆိုကွာ တောင်အောက်မှာ လမ်းရှိပါလျက်နဲ့ သူက ဒီ တောင်ကြီးကို ကွေ့ပျံပြီး တောင်ခြေကလမ်းကိုပဲ ပြန်ရောက်နေတာ ဟုတ်တော့ မဟုတ်ဘူးကွာ ”
“ဟုတ်တယ် ကိုဖိုးထွေးပြောတာ မှန်တယ် ဘာကြောင့် တောင် ပေါ်တက်ခိုင်းပြီးမှ ဒီလမ်းကို ပြန်လာရတာလဲ”
မောင်ဘိုးထင် သူတို့ပြောစကားများကို ခွန်းတုံ့ပြန် နိုင်ခြင်း မရှိပါ။သူတို့ပြောသည်မှာလည်း ဟုတ်ပေ၏။လမ်းပြသည် ဟုထင်ထားသော လမ်းပြ လင်းတကြီးသည် တောင်ပေါ် ပျံလိုက် တောထဲ ပျံလိုက် ခြုံထဲ တိုးလိုက် နှင့် နောက်မှ လိုက်နေရသည်။ မောင်ဘိုးထင်တို့ ဒုက္ခခံကာ လိုက်ပြီးမှ ထိုလင်းတကြီးသည်သူတို့သွားနေသည့် လမ်းဆီသို့ ပြန်ခေါ်လာသောအခါ ကျန်သူများ စိတ်မကြည်သည်မှာ မဆန်းပေ။သို့ပေမဲ့ မောင်ဘိုးထင်သည် သူတို့ရှေ့ ကောင်းကင်တွင် ပျံနေသော လင်းတကြီးမှာ လမ်းပြလင်းတကြီး ဟုသာ ယုံကြည် ထားပါလေတော့သည် ။
◾အခန် (၉)
မောင်ဘိုးထင်တို့သည် လင်းတကြီးပျံသန်းရာ နောက်သို့ လက်မလျှော့ပါပဲ ဆက်လိုက်နေလေသည်။ ဒီတခါတွင်တော့ လင်းတကြီးသည် တောင်တတောင်ပေါ် ပျံသွားပြန်သည်။ထိုအတွက် မောင်ဘိုးထင်သည် ရှေ့မှ ဦးဆောင်ပြီး ထိုတောင်ပေါ်တက်လိုက်လာသည်။ထိုအခါ နောက်မှ လေးကန်နေသော ခြေလှမ်းများဖြင့် တလှမ်းချင်း လမ်းလျှောက်နေသော ပေတူးသည်
“ဟေ့ကောင် ဘိုးထင် မင်းက ရှေ့ကနေ မိုးကြိုးစက် တောင် ဝှေးလေးကိုင်ပြီး တောင်ပေါ်ကို အေးဆေး တက်နေ ငါတို့ကို လည်း ကြည့်ဦး အင်းတောရွာကနေ မနက် အစောကြီးထွက်လာတာ အခု ညနေတောင် ရောက်ပြီ ရွာပြန်ရင် ရွာတောင် ပြနါရောက်နေလောက်ပြီ အခုက ဘယ်ပေါက်လို့ ဘယ်ရောက်နေမှန်းကို မသိတော့ဘူး”
“ငါ့ကို ယုံစမ်းပါ ပေတူးရာ ဒီလင်းတကြီးက အင်းတောရွာကို ပြုစားခဲ့တဲ့ စပါးပွဲစား ရှိတဲ့နေရာကို သွားနေတာ သေချာတယ် ”
“အေးပေါ့ကွာ ယုံရမှာပေါ့ တို့ထဲမှာ ပညာတတ်တာ ဆိုလို့ မင်းပဲ ရှိတာကို သွား သွား”
မောင်ဘိုးထင်တို့ တောင်ထိပ်ပေါ်ရောက်သည့်တိုင် လင်းတကြီးသည် ရပ်၍ မသွားသေးဘဲ တောင်ဟိုဘက်ခြမ်းသို့ဆက်ပျံသွားလေသည်။မောင်ဘိုးထင်တို့လည်း လိုက်ရပြန်သည် ။ဤသို့ဖြင့် တောင်ခြေကို ရောက်ချိန်တွင်တော့ နွား၊ခလောက်သံများကို စတင်ကြားလာရသည်။ ထိုအချိန် လင်းတကြီးသည်လည်း ပျောက်ချင်းမလှ ပျောက်ကွယ်လို့ သွားပြီ ဖြစ်သည် ။ မောင်ဘိုးထင်တို့လည်း လှည်းလမ်းလေးကို တွေ့ ၍ လှည်းလမ်းလေးဘေးရှိ သစ်ပင်အောက်တွင် ရပ်စောင့်နေကြသည်။မကြာလှသော အချိန်တွင် နွားလှည်းလေးမှာ ချူသံ တချွင်ချွင်ဖြင့် သူတို့ အနားရောက်လာလေ၏။မောင်ဘိုးထင် သည် လှည်းသမားများကို သေချာကြည့်လိုက်ရာ ရှေ့ဆုံး လှည်းပေါ်တွင် လှည်းသမားမဟုတ်သော ဆံပင်ရှည်နှင့် လူတယောက်ကို တွေ့ရာ မောင်ဘိုးထင်မှ
“ဟိုလူစပါး ပွဲစား မဟုတ်လား ဟေ့လူတွေ လှည်းခဏ လောက် ရပ်ပါဦး ”
“ဟေ့ ကောင်လေးမင်းက ငါ့ကို စပါးပွဲစားမှန်း ဘယ်လို လုပ်သိတာလဲ ”
“သိတာပေါ့ဗျာ ဒါနဲ့ ခင်ဗျား အင်းတောရွာကို ပြန်မသွားတော့ဘူးလား ”
ဖိုးထွေး၏ စကားကြောင့် စပါးပွဲစားသည် မောင်ဘိုးထင်တို့ကို စူးစိုက်ကြည့်ကာ
“မင်း မင်းတို့ ဘယ်သူတွေ လဲ အင်းတောရွာအကြောင်း မင်းတို့ ဘယ်လိုလုပ်သိတာလဲ ”
“ခင်ဗျားလည်း အင်းတောရွာကို မမေ့သေးဘူးကိုး စိတ်ထင် ရာတွေ တွေးပြီး ဘာလို့တရွာလုံးကို ဒုက္ခပေးတာလဲ ”
“အော် မင်းတို့က ငါ့အကြောင်းကိုတောင် သိနေမှကိုး အင်းတောရွာက လွတ်လာတယ် ဆိုတော့ နည်းတဲ့ အဆင့်တော့ မဟုတ်ဘူး ”
စပါးပွဲစားမှ မလေးမခန့်ဖြင့် မောင်ဘိုးထင်တို့ကို စကားဆိုလေရာ ပေတူးမှ
“ဟို လွတ်ရုံတင် ဘယ်ဟုတ်ရမှာလဲ ခင်ဗျား မြုပ်ထားတဲ့ လူသေအလောင်းကြီးကိုတောင် ကျုပ်တို့ မီးရှို့ပစ်လိုက်တာ ”
“ဘာ ဘာပြောတယ် မင်းတို့က ငါ့အစီအရင်တွေကိုတောင် ရှာနိုင်တယ် ဟုတ်လား မင်းတို့ ဘာကောင်တွေလဲ ”
“ကျုပ်လည်း ခင်ဗျားတို့လို့ ပညာသည်ပဲ ဒါပေမဲ့ အကျိုး အကြောင်းကို သေချာမသိပဲ လူတွေကို ဒုက္ခမပေးဘူး ”
“ဘာအကျိုးအကြောင်း မသိတာလဲ အဲ့ရွာက ကလေးအစ ခွေးအဆုံး အတူတူတွေချည်းပဲ ရွာလူကြီးက အစ လူညစ်ပတ်တွေ ”
“ရော့ ဒီမှာကြည့် အဲ့တာ ခင်ဗျားပေးခဲ့တဲ့ စရံငွေတွေမဟုတ်လား ခင်ဗျားပေးခဲ့တဲ့ ငွေတွေပဲနော် တခြား စိုက်ပေးထားတဲ့ ငွေ မဟုတ်ဘူး ”
မောင်ဘိုးထင်သည် သာရ၏လက်ထဲမှ လွယ်အိတ် နှင့် ထည့်ထားသောငွေအိတ်အား စပါးပွဲစားဆီသို့ ပစ်ပေးလိုက်လေသည်။ ထိုအခါ စပါးပွဲစားသည် လွယ်အိတ်ကို ဖမ်းလိုက်ပြီး ငွေများကို ကြည့်ကာ
“ဟုတ်တယ် ဒီငွေတွေ မင်းဘယ်က ရတာလဲ ”
“ခင်ဗျားက ရွာလူကြီးကို မိစ္ဆာဖြစ်အောင် လုပ်ခဲ့ပေမဲ့ ရွာလူ ကြီးက သူ့စိတ်ကို ထိန်းပြီး ရွာကို ထိန်းထားတာ ပြီးတော့ ခင်ဗျားကို ညစ်ထားတဲ့ သူတွေဆီက ခင်ဗျားငွေတွေကို တောင်း ပြီး သူ့ကို ခင်ဗျားပေးခဲ့တဲ့ ငွေတွေကိုပါ နောက်နေ့မနက် ပေးဖို့ကြိုးစားတာ မသိဘူး မဟုတ်လား ခင်ဗျားကို ညစ်တဲ့ သူတွေကိုလည်း ထိတ်တုံးခတ်ပြီး တရွာလုံးက အဖက်မလုပ်တော့တာ မသိဘူးမဟုတ်လား ခင်ဗျားကသာ သူတို့ကို ဒုက္ခပေးတာ သူတို့က ခင်ဗျားငွေကို ပြန်ပေးဖို့ ကြိုးစားနေတာ ”
“မင်းပြောတာ တကယ်လား အဲ့ဒီနေ့က ကလေးတွေရော တခြားလူတွေရော အများသားနော် ”
“အ လိုက်တာ အိမ်တအိမ် လူတယောက်တယောက်တည်း ရှိရမယ် ထင်နေတာလား ခင်ဗျားကို ညစ်တဲ့ သူတွေက သူတို့ မိသားစုတွေပါ ခေါ်ပြီး ခြိမ်းခြောက်တာ တရွာလုံးဆို ခင်ဗျားတို့ ပြေးလို့တောင် လွတ်မှာ မဟုတ်ဘူး ”
“ငါတို့ သီသီလေး လွတ်တာကွာ ရွာလူကြီးက လူတွေခေါ်ပြီး တို့ ဆီလာနေတာ ”
“ခက်ပြီဗျာ ခင်ဗျား ဆီလာတာ မဟုတ်ဘူး ခင်ဗျားကို ညစ်ပတ်သွားတဲ့ သူတွေကို ဆုံးမဖို့လာတာ သူသာ ညစ်ပတ် ချင်စိတ်ရှိရင် ခင်ဗျားပေးခဲ့တဲ့ ငွေတွေ အခုချိန်ထိ ရှိပါ့အုံးမ လား ”
မောင်ဘိုးထင်၏ စကားကို ကြားသောအခါ စပါးပွဲစားကဝေသည် ခေါင်းကိုညိတ်ကာ
“ငါ ငါ မှားပြီ ကောင်လေးတွေ ငါ တကယ်ကို မစဉ်းစားမိခဲ့ဘူး ငါတောင်းပန်ပါတယ်ကွာ ”
“တောင်းပန်မနေနဲ့ ခင်ဗျား ထပ်ပြီး အင်းတောရွာကို ဒုက္ခမပေးရင် ရပြီ ”
“စိတ်ချပါကွာ ငါ ဒုက္ခမပေးပါဘူး အခုက သူများဒုက္ခပေးဖို့ နေနေသာသာ ငါတို့တောင် ရှောင်နေရတာ အခု မင်းသတင်းမကြားဘူးလား အထက်လမ်းဆရာကြီးတယောက် ငါတို့ လိုအမှောင် ပညာသည်တွေမှန်သမျှကို ရန်လိုက်ပြုနေတာ ငါသတင်းကြားတာတော့ ပေပင်ရွာဘက်သွားနေတယ် ဆိုလား ”
“ဗျာ ပေပင်ရွာဟုတ်လား ပေပင်ရွာဆိုတာ ကျုပ်တို့ရွာဗျ ”
“အေး ငါတို့လည်း ရှောင်နေတာ အခုတောင် ရိုးမတောထဲက ပညာသည်တွေ ရွာကိုပဲ သွားနေမလို့ ဆုံးဖြတ်ထားတာ ”
“အဲ့အထက်လမ်းဆရာက ဘာဖြစ်လို့ လိုက်ဒုက္ခပေးနေတာလဲ ”
“သူမြေးလေးကို သေအောင် ပြုစားလိုက်လို့ဆိုလားကွာ ငါနာမည်တောင် သိသေးတယ် အထက်လမ်းဆရာကြီး ဆရာဩ တဲ့ကွာ ”
“ပြဿနာလည်း ရှင်းပြီဆိုတော့ ကျုပ်တို့လည်း ပေပင်ရွာကို ပြန်လိုက်ဦးမယ် လမ်း ပြပါဦး ”
“လာလာ လှည်းပေါ်တက်ကြ ပေပင်ရွာဘက်သွားတဲ့ လမ်းကို ရောက်ရင် ဆင်းကြပေါ့ ”
မောင်ဘိုးထင်တို့သည်လည်း စပါးပွဲစားကဝေ ပြောသည့် အတိုင်း လှည်းပေါ်သို့ တက်လိုက်ကြလေသည်။ထို့နောက် လှည်းလေးသည် ချူသံတချွင်ချွင်ဖြင့် စတင်ထွက်ခွာလို့ သွားနေပါတော့သည် ။
◾အောက်လမ်းဘိုးထင် နှင့် စပါးပွဲစား ကဝေသည်က ဤမျှသာ။
ရေးသားသူ- မောင်တင်ဆန်း
#မောင်တင်ဆန်း
#crd