Unicode Version
” အောင်မြတ်သာနှင့်နတ်ဆရာဘွမ်ခါ “(စ/ဆုံး)
————————————————————-
မိုးရေတွေနဲ့စိုစွတ်နေတဲ့ မြေသားလမ်းလေးပေါ်ကနေ ဖြတ်လျောက်လာကြတဲ့ ခြေသံတွေကြောင့် တဂွမ်ဂွမ်အော်ဟစ်နေကြတဲ့ ဖားအော်သံတွေက ရုတ်ချည်းတိတ်ဆိတ်သွားခဲ့တယ်။
“ ဂျာစိုင်း… မင်းကိုအစထဲက ငါတို့ပြောသားပဲ၊ ဘာလို့ ငါတို့စကားနားမထောင်တာလဲ”
ခြေလှမ်းကျဲကြီးတွေနဲ့ရှေ့ကနေ လျောက်သွားတဲ့ ဂျာစိုင်းက အနောက်ဘက်ကိုလှည့်ကြည့်ပြီး
“ ငါလဲ သာမန်နေမကောင်းဖြစ်တာလို့ထင်နေတာလေ၊ ဒါကြောင့် ရွာက ဆေးဆရာတွေနဲ့ပဲကုတာပေါ့”
“ ငါအစထဲကသိတယ်.. ဒီလိုကိစ္စက နတ်စာမကျွေးလို့ဖြစ်ရတာ၊ အခု ငါတို့သွားနေတဲ့ဆရာကြီးက အဲဒီလိုကိစ္စတွေ အားကြီးပိုင်နိုင်တာကွ”
“ ဟုတ်တယ် ဂျာစိုင်း.. ငါလဲသူဆေးကုတာမြင်ဖူးတယ်၊ ဒါကြောင့် သူ့ဆီကိုသွားဖို့ အကြံပေးခဲ့တာ”
“ နင်တို့ပြောတဲ့အတိုင်း ငါလဲအခုသွားနေပြီလေ၊ ဒါပေမယ့် ဆရာကြီးက နတ်ပူဇော်ဖို့ပြောလာရင် ငါ့မှာဘာမှမရှိဘူး”
“ အဲဒါတွေစိတ်မပူနေနဲ့ … နင်နဲ့ငါတို့က ငယ်ငယ်ထဲက ပေါင်းလာတဲ့သူငယ်ချင်းတွေ မဟုတ်လား၊ နင့်မှာမရှိလဲ ငါတို့နိုင်သလောက် လုပ်ပေးမယ်”
သူငယ်ချင်းလေးယောက်စကားတပြောပြောနဲ့ လျောက်လာခဲ့တာ ကျောက်တုံးတွေနဲ့ဝန်းရံထားတဲ့ နတ်ကွန်းတစ်ခုရှိတဲ့အိမ်ရှေ့ကိုရောက်လာခဲ့တယ်။
“ ဆရာကြီး… ဆရာကြီး ရှိလား”
“ ဘယ်သူတွေလဲ”
“ ဟိုဘက်တစ်တောင်ကျော်ရွာကနေလာတဲ့ သူတွေပါ”
“ အိမ်ပေါ်တက်ခဲ့ကြ… ဖိနပ်မစီးထားတဲ့သူကတော့ ခြေထောက်ဆေးပြီးမှတက်လာခဲ့”
အိမ်ထဲကနေပြောလိုက်တဲ့အသံကြောင့် ပါလာတဲ့သူတွေ အချင်းချင်းကြည့်လိုက်ပြီး
“ ဂျာစိုင်း… နင့်ကိုပြောတာ.. သူက နင်ဖိနပ်မစီးလာတာမြင်နေတယ်ထင်တယ်”
“ ဘယ်လိုဖြစ်နိုင်မှာလဲ.. သူကအထဲမှာ ငါကအပြင်မှာလေ”
“ ဖြစ်နိုင်တာပေါ့ သူက လပြည့်လကွယ်နေ့တွေဆိုရင် ရေကိုတောင်ခဲအောင်လုပ်နိုင်တယ်လို့ ငါ့အဖေပြောတာကြားဖူးတယ်”
ဂျာစိုင်းလဲ စိတ်ထဲဘဝင်မကျပေမယ့် သူငယ်ချင်းတွေ စကားကြောင့် ကျောက်အင်တုံထဲကရေနဲ့ခြေထောက်ကိုဆေးကြောလိုက်ပြီး အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။ အိမ်ထဲရောက်တော့ ယစ်ကောင်တွေရဲ့ ဦးခေါင်းခွံတွေချိတ်ဆွဲထားတာကိုမြင်လိုက်ရတယ်။
“ ကျန်းမာရေးကိစ္စမေးမယ့်သူနဲ့ အဖော်တစ်ယောက်ပဲ ဝင်လာကြ”
အခန်းထဲကနေ ထွက်လာတဲ့ အသံကြောင့် ဂျာစိုင်းနဲ့ နော်မွန်းတို့နှစ်ယောက်ထဲ အခန်းထဲကိုဝင်လာခဲ့လိုက်ကြတယ်။ အခန်းထဲမှာတော့ အမဲရောင်ဝတ်စုံဝတ်ထားပြီး ခေါင်းပေါင်းကို ပေါင်းထုပ်သဖွယ်ထူထူထဲထဲ ပေါင်းထားတဲ့လူတစ်ယောက် ထိုင်နေတာကိုမြင်လိုက်ရတယ်။
“ ထိုင်ကြ ထိုင်ကြ… နင်တို့လာရင်းအကြောင်းအသေးစိတ်ပြောပြ”
“ ငါ့အမေ ကျန်းမာရေးမကောင်းလို့ ဘာကြောင့်နေမကောင်းတာလဲသိချင်တယ်”
“ နင့်အမေ မွေးတဲ့ရက်လခုနှစ်ကိုပြော ငါကြည့်ပေးမယ်”
ဂျာစိုင်းလဲ မိခင်ဖြစ်သူရဲ့မွေးသက္ကရာဇ်ကိုပြောလိုက်ရာ ထိုင်နေတဲ့သူက စာရွက်ပေါ်မှာရေးခြစ်ပြီး မျက်လုံးကိုမှိတ်ကာ အာရုံခံနေခဲ့တယ်။ ခဏနေတော့ အရိုးသေးသေးလေးတွေထည့်ထားတဲ့ ဘူးကို ခွက်ထဲသွန်ချကာ ကြည့်လိုက်ပြီး
“ နင့်အမေက နတ်ပြုစားထားတာပဲ၊ သူတို့မကျေနပ်အောင် ဘာတွေလုပ်ထားသေးလဲ”
“ သူဘာတွေလုပ်ထားတယ်ဆိုတာ ငါမသိဘူး… ငါဘယ်လိုလုပ်ရမလဲ”
“ နင်တို့ကိုပြုစားထားတဲ့ နတ်တွေကျေနပ်အောင် နွားနောက်ဦးခေါင်းနှစ်လုံးကို ခြံအဝင်ဝမှာ ချိတ်ဆွဲရမယ်”
“ ငါတို့အဲဒီလောက်မလုပ်နိုင်ဘူး.. အခြားကုလို့ရမယ့်နည်းလမ်းဘာရှိသေးလဲ”
“ ငါမြင်တာတော့ အဲဒီတစ်နည်းပဲရှိတယ်၊ သူတို့အရမ်းစိတ်ဆိုးနေတာကြောင့် အမြန်ဆုံး လုပ်ပေးမှ နေကောင်းလိမ့်မယ်”
“ နွားနောက်နှစ်ကောင်ကျတော့ ငါတို့အဆင်မပြေဘူး ဆရာကြီး၊ အခြားခြေလေးချောင်းယစ်ကောင်ဆို မရဘူးလား”
“ နင့်အမေ ရောဂါက နွားနောက်နှစ်ကောင်မှရမယ်၊ နင်တို့လုပ်မှာလား မလုပ်ဘူးလား”
“ ဂျာစိုင်း… နင်ဘယ်လိုလုပ်မှာလဲ”
“ ဘယ်လိုလုပ်ရမလဲ ငါ့အမေ နေကောင်းဖို့အတွက်ဆို ကြွေးယူပြီးလုပ်ရတော့မှာပေါ့”
ဂျာစိုင်းက ဖြစ်ချင်ရာဖြစ်ဆိုပြီး စိတ်ဆုံးဖြတ်ကာ
“ ကုမယ်ဆရာကြီး… ဘယ်နေ့အသင့်ပြင်ထားရမလဲ”
“ လကွယ်နေ့ငါဆင်းလာခဲ့မယ်… ယစ်ကောင်ကို သန့်ရှင်းအောင်လုပ်ထား”
ဂျာစိုင်းတို့လဲ နတ်ဆရာအိမ်ကနေ ထွက်လာတဲ့ လမ်းတစ်လျောက် ယစ်ကောင်နှစ်ကောင်ရဖို့အကြောင်းကို ပြောလာခဲ့ကြတယ်။
“ ဂျာစိုင်း… နင်ဘယ်သူဆီကကြွေးယူမလဲ”
“ မသိသေးဘူး… ငါ့မှာက နွားနောက်တစ်ကောင်ပဲရှိတာ ကျန်တဲ့တစ်ကောင် ဘယ်ကသွားရှာရမလဲ”
“ ငါ့တို့မှာစုထားတဲ့ငွေအချို့တော့ရှိတယ် မင်းလိုရင်ယူထားလေ”
“ မယူချင်ဘူး… နင်တို့လဲ သုံးစရာရှိမှာပဲလေ”
“ ရှိတဲ့အခါ နင့်ကိုပြောမယ်၊ အဲဒီငွေတွေနဲ့ဆို ယစ်ကောင်တစ်ကောင်ဝယ်ဖို့ နည်းနည်းပဲလိုတော့မှာမဟုတ်လား”
ဂျာစိုင်းတို့အဖွဲ့ စကားတပြောပြောနဲ့ လမ်းလျောက်လာတဲ့အချိန် တောင်အဆင်းလမ်းတစ်ခုမှာ လူသုံးယောက် အနားယူနေတာကိုမြင်လိုက်ရတယ်။
“ ဟဲခပါးရွာကိုရောက်ဖို့ ဘယ်လောက်လိုသေးလဲဗျ”
မျက်နှာစိမ်းဧည့်သည်တွေရဲ့စကားကြောင့် ဂျာစိုင်းက လမ်းလျောက်နေတာကိုရပ်လိုက်ပြီး
“ ဟဲခပါးရွာကို ဘာသွားလုပ်မှာလဲ.. နင်တို့ကိုကြည့်ရတာ ဒီအရပ်ကမဟုတ်သလိုပဲ”
“ ကျုပ်တို့က အောက်ပြည်ကနေတက်လာတာပါ၊ ဟဲခပါးရွာမှာရှိတဲ့ မိတ်ဆွေတစ်ယောက်ဆီလာလည်ကြတာ”
ဂျာစိုင်းတို့လဲ ဧည့်သည်တွေရဲ့စကားကြောင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး
“ ဟဲခပါးရွာမှာရှိတဲ့သူနာမည်ကဘယ်လိုခေါ်လဲ”
“ သူ့နာမည်က ဂွမ်ရမ်လို့ခေါ်တယ်”
ဂွမ်ရမ်ဆိုတဲ့နာမည်ကြောင့် ဂျာစိုင်းတို့ အံ့အားသင့်သွားပြီး
“ နင်တို့က ရွာလူကြီးရဲ့အသိတွေပဲ…”
“ မိတ်ဆွေတို့အဲဒီလူရှိတဲ့အိမ်ကို လမ်းပြပေးလို့ရလား”
“ ငါတို့လဲ ဟဲခပါးမှာပဲနေတာလေ… လိုက်လာခဲ့ကြ”
ဂျာစိုင်းတို့လဲ ဧည့်သည်သုံးယောက်ကိုခေါ်ပြီး ပြန်လာတဲ့လမ်းမှာ အချင်းချင်းမိတ်ဆက်ဖြစ်ခဲ့ကြတယ်။
“ နင့်နာမည်က အောင်မြတ်သာနော်၊ ဟိုတစ်ယောက်က မောင်ကောင်း၊ သူက ခွန်းလှ ဟုတ်တယ်မလား”
“ ဟုတ်ပါတယ်… နင်က ငါတို့စကားကို ကောင်းကောင်းမွန်မွန်နားလည်သားပဲ”
“ ငါတို့လေးယောက်က အတန်းကျောင်းကို လေးတန်းအထိနေဖူးတယ်လေ၊ ဒါကြောင့် ဗမာစကားပြောတတ်တာ”
“ နင့်နာမည်က ဂျာစိုင်းနော်”
“ ဟုတ်တယ် ငါ့နာမည်က ဂျာစိုင်း… ကျန်တဲ့သူတွေက နော်မွန်း၊ ဆိုင်းအောင်၊ မော်ဂန်လို့ခေါ်တယ်၊ လကွယ်နေ့အထိ နင်တို့ရွာမှာရှိကြမှာမဟုတ်လား”
“ ရှိမယ်ထင်တယ် ဘာဖြစ်လို့လဲ”
“ လကွယ်နေ့ကျရင် ငါတို့အိမ်မှာ ယစ်ကောင်ပူဇော်ဖို့ရှိတယ်၊ နင်တို့လာခဲ့လေ”
“ ယစ်ပူဇော်တာကဘာအတွက်လုပ်တာလဲ”
“ ငါ့အမေ နေမကောင်းလို့ သူ့အတွက်ရည်ရွယ်ပြီးလုပ်ပေးတာ”
အောင်မြတ်သာတို့လဲ ဂျာစိုင်းပြောတဲ့စကားကို အလိုက်သင့်ပြန်ပြောခဲ့ရာ ရွာမရောက်ခင်မှာပဲ ခင်မင်ရင်းနှီးတဲ့သူတွေအဆင့်ရောက်သွားခဲ့ကြတယ်။
ရွာထိပ်ရောက်တော့ အတန်သင့်ကြီးတဲ့ နတ်ကွန်းတစ်ခုကိုမြင်လိုက်ရပြီး အထဲမှာတော့ ရွာဓလေ့အရတင်မြှောက်ပသထားတဲ့ အစားအသောက်အချို့ရှိနေခဲ့တယ်။
“ ဟေ့ အောင်မြတ်သာ.. ဒါက ငါတို့ရွာနတ်ကွန်းလေ… သူက ရွာကိုစောင့်ရှောက်ပေးတယ်.. ငါ့အမေ နေကောင်းမှ နင်တို့ကိုနေရာအစုံလိုက်ပို့ပေးမယ်”
“ ကျေးဇူးတင်ပါတယ် ဂျာစိုင်း… နင့်အမေလဲ အမြန်ဆုံးသက်သာပါစေလို့ ငါဆုတောင်းပေးနေပါတယ်”
အောင်မြတ်သာတို့ ရွာလူကြီးအိမ်ရှေ့ရောက်တော့ အထဲကနေ ဆေးတံတစ်လက်ခဲထားတဲ့ အသက်ငါးဆယ်အရွယ် လူတစ်ယောက်ထိုင်နေတာကိုမြင်လိုက်ရတယ်။
“ ရွာလူကြီး… ဒီမှာ နင့်ဧည့်သည်တွေရောက်နေတယ်”
ဂျာစိုင်းအသံကြောင့် ရွာလူကြီးလဲ ထိုင်ရာကနေ ထပြီးကြည့်လိုက်ရာ
“ နင် နင် အောက်ပြည်မှာ ငါ့အသက်ကိုကယ်ပေးခဲ့တဲ့သူမဟုတ်လား၊ အဲဒီတုန်းက ငါသေလုမျောပါးဖြစ်နေတာလေ”
“ မတွေ့တာ အတော်ကြာပီနော် ဂွမ်ရမ်”
“ အေး… နှစ်ပေါင်းသုံးဆယ်…”
ရွာလူကြီးစကားမဆုံးခင်မှာပဲ အောင်မြတ်သာက သူ့မျက်လုံးကိုစိုက်ကြည့်လိုက်ရာ
“ မတွေ့တဲ့ သုံးနှစ်အတွင်း နင်ဘယ်တွေရောက်နေတာလဲ”
“ ခြေဦးတည့်ရာလိုက်သွားနေတာပေါ့… အခုတောင် နင့်ရွာဘက်ရောက်လို့ဝင်လာတာ”
“ အိမ်ပေါ်မှာ နားကြဦး… နင်တို့စားသောက်ဖို့ ငါစီစဉ်ခိုင်းလိုက်မယ်”
“ ဒါဆို ငါပြန်လိုက်ဦးမယ်နော်၊ အိမ်မှာ အမေတစ်ယောက်ထဲရှိနေလို့”
အောင်မြတ်သာလဲ ဂျာစိုင်းကိုနှုတ်ဆက်ပြီး ရွာလူကြီးအိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။
“ နင်က ဒီအသက်အရွယ်ရောက်တဲ့ထိ အခုလိုလျောက်သွားနေတုန်းပဲလား”
ရွာလူကြီးစကားကြောင့် အောင်မြတ်သာက ပြုံးရယ်လိုက်ပြီး
“ ငါက အခုထိကျန်းမာနေတုန်းပဲလေ…ဒါကြောင့် သွားလာနိုင်တာပေါ့”
“ ငါဆို ဒူးတွေမကောင်းတော့ဘူး မျက်စိလဲမှုန်လာပြီ၊ နင်ကတော့ သန်တုန်းမြန်တုန်းပဲ”
အောင်မြတ်သာက ရွာလူကြီးရဲ့အမြင်ကို လှည့်စားထားတဲ့အတွက် အသက်ခြောက်ဆယ်အရွယ်ပုံစံကိုမြင်တွေ့ပြီးပြောနေခြင်းဖြစ်ပါတယ်။
“ နင်လဲကျန်းမာရေးကောင်းတယ်မဟုတ်လား”
“ ဒူးနာတာကလွဲပြီး ကျန်တာကောင်းတယ်”
“ နင့်ဒူးပြစမ်းပါဦး”
အောင်မြတ်သာက ရွာလူကြီးရဲ့ လုံကွင်းကို ဆွဲမပြီး ဒူးဆစ်နေရာကို အနားမှာရှိတဲ့ ထုံးနဲ့ကွင်းပေးလိုက်ရာ ချက်ချင်းဆိုသလို နာကျင်တဲ့ဝေဒနာသက်သာသွားခဲ့တယ်။
“ နင် ဘာလုပ်လိုက်တာလဲ”
“ ငါဘာလုပ်လို့လဲ”
“ နင်ငါ့ဒူးကို ထုံးနဲ့ကွင်းလိုက်တာ နာတာတွေသက်သာသွားပါလား၊ နင်က အတော်ထူးဆန်းတာပဲ”
အောင်မြတ်သာကတော့ ရွာလူကြီးပြောတဲ့စကားတွေကို ခပ်ပြုံးပြုံးနဲ့နားထောင်နေခဲ့တယ်။
“ ရွာမှာ နင်တို့ပျော်သလောက်နေ… ငါနင်တို့စားဖို့အတွက် လုပ်ခိုင်းလိုက်ဦးမယ်”
ရွာလူကြီးအိမ်ပေါ်ကနေဆင်းသွားတော့ အောင်မြတ်သာအနားကို မောင်ကောင်းနဲ့ ခွန်းလှတို့ ရောက်လာပြီး
“ ဆရာ… ဒီလောက်ဝေးတဲ့ရွာကိုလာတာ ဒီလူနဲ့တွေ့ဖို့ပဲလား”
“ ဘာဖြစ်လို့လဲ မောင်ကောင်း”
“ ကျွန်တော်တို့စိတ်ထဲ အခြားကိစ္စကြီးကြီးမားမားတစ်ခုရှိနေတယ်လို့ ခံစားမိလို့မေးကြည့်တာပါ”
“ ဟုတ်တယ်… ငါဒီရွာကိုလာတာက အကြောင်းရင်းနှစ်ခုရှိတယ်၊ ဒါတွေကို မကြာခင် မင်းတို့သိလာမှာပါ၊ အခုတော့ အနားယူလိုက်ကြဦး”
အောင်မြတ်သာက မောင်ကောင်းနဲ့ ခွန်းလှတို့ပခုံးကိုကိုင်ကာပြောလိုက်ပြီး အိမ်အောက်ကိုဆင်းကာ ခြံဝင်းထဲလှည့်ပတ်ကြည့်ရှုနေခဲ့လိုက်တယ်။
++++++++
တူရိယာပေါင်းစုံတီးမှုတ်ကခုန်နေကြတဲ့ ယစ်ပူဇော်ပွဲတစ်ခုရဲ့အလယ်မှာတော့ ရိုးရာဝတ်စုံဝတ်ဆင်ထားတဲ့ နတ်ဆရာတစ်ဦးက နားမလည်တဲ့ဘာသာစကားတစ်ခုနဲ့ မန်းမှုတ်ရွတ်ဖတ်နေခဲ့တယ်။
ဂျာစိုင်းကတော့ နာမကျန်းဖြစ်နေတဲ့ မိခင်ဖြစ်သူကို တွဲပြီး နတ်ဆရာရှေ့မှာ ကျုံ့ကျုံ့လေးထိုင်နေသလို ယစ်ပူဇော်တာကိုလာကြည့်ကြတဲ့ ရွာသားအချို့ကလဲ မှိုင်းညို့ညို့မိုးသားအောက်မှာ ကြိတ်ကြိတ်တိုးစည်ကားနေခဲ့တယ်။
“ ဂျာစိုင်း…နင့်အမေက မြေနတ်ကို ပူဇော်ပသမှုတွေမလုပ်ဘူးလို့ ငါသိရတယ်၊ ငါဘက်က နောက်နောင်မဖြစ်စေရဘူးလို့ ပြောထားလို့ ယစ်ပွဲပြီးတာနဲ့ နင့်အမေ ရောဂါသက်သာပြီလို့သာမှတ်ပေတော့”
နတ်ဆရာရဲ့စကားကြောင့် လူအုပ်ကြားထဲမှာရပ်နေတဲ့ အောင်မြတ်သာရဲ့ နှုတ်ဖျားကနေ ခပ်ထေ့ထေ့အပြုံးတစ်ခုထွက်လာခဲ့တယ်။
“ ဆရာ… နတ်ဆရာရဲ့ အယူအဆက တစ်ခုခုတော့လွဲနေပြီထင်တယ်နော်”
“ လွဲနေတယ်ဆိုတာသိပေမယ့် သူ့အရပ်သူ့ဇာတ်မို့ အခွင့်သာတာကိုစောင့်ရလိမ့်မယ်”
“ ကျွန်တော်တို့စောင့်နေတဲ့အချိန် အပြစ်မရှိတဲ့ နွားနောက်နှစ်ကောင်က အလဟဿအသက်ဆုံးတော့မှာ”
ခွန်းလှက စိတ်မကောင်းတဲ့လေသံနဲ့ ရေရွတ်ပြီး ယစ်ပွဲဘက်ကိုကြည့်လိုက်ရာ နတ်ဆရာက ချွန်ထက်လှတဲ့ငွေဓါးတစ်ချောင်းကို ကိုင်ဆောင်ကာ နွားနောက်နှစ်ကောင်အနားကပ်လာတာကိုမြင်လိုက်ရတယ်။
“ ယစ်ကောင်ရဲ့လည်ချောင်းသွေးကိုသောက်သုံးပြီး နာမကျန်းဖြစ်နေတဲ့အရှင့်အစေခံကို ကုသပေးပါ၊ ဝေဒနာသက်သာအောင် ကယ်တင်ပေးပါ”
နတ်ဆရာက ဝမ်းခေါင်းသံနဲ့ပြောပြီး နွားနောက်တစ်ကောင်ရဲ့လည်ချောင်းကို ငွေဓါးနဲ့ထိုးချလိုက်ရာ ဓါးဦးက သားရည်ထဲကိုမဝင်ပဲ ဘေးကိုချော်ထွက်သွားခဲ့တယ်။ ဒုတိယအကြိမ် ထိုးလိုက်တော့လဲ ချွန်မြနေတဲ့ဓါးဦးက သားရည်ထဲကိုမပေါက်ခဲ့ပေ။
“ ဟင်”
နတ်ဆရာက အံ့ဩစွာရေရွတ်လိုက်ပြီး စုပြုံတိုးဝေ့နေတဲ့လူအုပ်ထဲကို စူးရဲတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်တယ်။
“ ယစ်ပွဲကိုနှောက်ယှက်တဲ့သူရှိနေတယ်…”
နတ်ဆရာက ပါးစပ်ကနေ တတွတ်တွတ်ပြောပြီး ပရိတ်သတ်ထဲကိုလိုက်ကြည့်နေရင်း အောင်မြတ်သာနဲ့အကြည့်ချင်းဆုံသွားခဲ့တယ်။ ဒါပေမယ့် နတ်ဆရာက ချက်ချင်းအကြည့်လွှဲကာ သူနဲ့အတူပါလာတဲ့ လူတွေကို ခေါ်ပြီး တစ်ခုခုပြောနေတာမြင်လိုက်ရတယ်။
“ ဂျာစိုင်း… အဲဒီလူတွေကဘယ်သူလဲ”
“ ရွာလူကြီးရဲ့အသိတွေလို့ပြောတယ်၊ ဘာဖြစ်လို့လဲ”
“ ဆရာက အဲဒီလူတွေကို ယစ်ပွဲကနေ ထွက်သွားဖို့ပြောခိုင်းလိုက်တယ်၊ သူတို့ရှိနေရင် နင့်အမေကို မကုပေးနိုင်ဘူးတဲ့”
“ နင်တို့က ဘာစကားပြောတာလဲ… သူတို့ရှိနေလို့ယစ်ပွဲလုပ်မရဘူးဆိုတာတော့ ငါလက်မခံနိုင်ဘူး… ဒါက နင်တို့ဆရာ မကုနိုင်လို့ အခြားသူကိုအပြစ်ပုံချနေတယ်လို့ ငါထင်တယ်”
“ ဒီမှာ ဂျာစိုင်း… ငါတို့ဆရာက ဒီနယ်တစ်ခွင်မှာ နာမည်ကြီးနတ်ဆရာတစ်ယောက်အဖြစ်ရပ်တည်နေတာနင်လဲအသိပဲ… အခုလိုမျိုး သူ့ကိုစော်ကားတာတော့ ငါတို့သည်းမခံနိုင်ဘူး”
ဂျာစိုင်းနဲ့ နတ်ဆရာတပည့်တွေ ကတောက်ကဆဖြစ်နေတာမြင်တော့ ရွာလူကြီးက အနားရောက်လာပြီး
“ ငါ့မိတ်ဆွေတွေကို အခုလိုရိုင်းပြတာတော့ လက်မခံနိုင်ဘူး… နင်တို့ဆရာမကုနိုင်ရင် အခြားနတ်ဆရာခေါ်ပြလိုက်မယ်လို့ပြောလိုက်”
ရွာလူကြီးရဲ့အသံက အတော်ကိုကျယ်တဲ့အတွက် ယစ်ကောင်တွေဘေးမှာရပ်နေတဲ့ နတ်ဆရာက လွယ်အိတ်ကိုကောက်ယူကာ ယစ်ပွဲအပြင်ဘက်ကို ထွက်သွားခဲ့တယ်။
နတ်ဆရာက အောင်မြတ်သာဘေးကိုရောက်တော့ ခက်ထန်တဲ့မျက်လုံးနဲ့စိုက်ကြည့်ပြီး
“ နင်တို့ကြောင့် ဒီတစ်ရွာလုံး ပျက်စီးရတော့မယ်၊ ကိုယ်နဲ့မဆိုင်တာ ဝင်ရှုပ်တဲ့ရလဒ်က ဘာလဲဆိုတာ မကြာခင် လက်တွေ့သိအောင်ပြမယ်” လို့ပြောကာ ခြေလှမ်းကျဲကြီးတွေနဲ့ ရွာပြင်ကိုထွက်သွားခဲ့လိုက်တယ်။
အောင်မြတ်သာတို့လဲ နတ်ဆရာထွက်သွားတာနဲ့ နွားနောက်နှစ်ကောင်အနားကိုကပ်ပြီး ပွတ်သပ်လိုက်ရာ လည်ပင်းမှာဆွဲထားတဲ့ ခလောက်ထဲကနေ သေးငယ်စွာလိပ်ထားတဲ့ ကြေးပြားနှစ်ချပ်ထွက်လာခဲ့တယ်။
“ နင်တို့ကို အားနာလိုက်တာ…”
“ ရပါတယ် ဂျာစိုင်း… ငါတို့နားလည်ပါတယ်၊ ဒါနဲ့ နင့်အမေက ဘာဖြစ်တာလဲ”
“ ငါလဲမသိဘူး… ညဘက်ရောက်ရင် ကိုယ်က မီးကျီခဲလိုပူလာပြီး ချောင်းတွေမနားတမ်းဆိုးတော့တာပဲ အခုလဲ ချောင်းဆိုးနေလို့စကားတောင်မပြောနိုင်ဘူး”
“ နင့်အမေရောဂါကိုငါကြည့်ပေးမယ်၊ အခုလာတဲ့သူတွေထဲမှာလဲ နေမကောင်းတဲ့သူရှိရင် ငါ့ဆီလာဖို့ပြောပေး”
“ ဟေ… နင်တို့ကဆေးဆရာတွေလား”
“ ဆေးပညာကို နည်းနည်းပါးပါး လေ့လာထားတဲ့သူတွေပါ…”
အောင်မြတ်သာတို့လဲ ဂျာစိုင်းအမေကို စစ်ဆေးကြည့်ရာ သူတစ်ပါးပြုစားထားတာမဟုတ်ပဲ သာမန်နာတာရှည်ရောဂါဖြစ်နေတာကို သတိထားမိခဲ့ကြတယ်။
“ ဂျာစိုင်း… နင့်အိမ်မှာ ပျားရည်ရှိလား”
“ အေး ရှိတယ်… နင်ယူမလို့လား”
“ ငါအသုံးလိုလို့ ရှိတဲ့ပုလင်းယူလာပေးပါလား”
ဂျာစိုင်းလဲ သူကိုယ်တိုင်ဖွတ်ထားတဲ့ပျားရည်ပုလင်းကိုယူလာပေးရာ အောင်မြတ်သာက အဖုံးပေါက်ထဲ ညာလက်ညိုးထည့်ပြီး မန္တာန်တစ်ပုဒ်ကို ၂၇အုပ်ရွတ်ဖတ်နေခဲ့လိုက်တယ်။ မန္တာန်ရွတ်ဖတ်ပြီးတာနဲ့ ပျားရည်ထဲကို အင်းပြာအချို့ထည့်ပြီးတိုက်လိုက်ရာ ချောင်းဆိုးနေတဲ့လူနာက ချက်ချင်းငြိမ်ကျသွားခဲ့တယ်။
“ နင်ပျားရည်ထဲ ဘာထည့်လိုက်တာလဲ…ငါ့အမေ ချောင်းဆိုးတာ ချက်ချင်းကိုရပ်သွားပါလား”
“ ငါတို့ပညာနဲ့ကုလိုက်တာလေ၊ နင်အံ့ဩနေတာလား”
“ နင်တို့ပညာက ထူးဆန်းလိုက်တာ… ဒါဆို ငါ့အမေကိုပြုစားထားတဲ့အရာတွေ အကုန်ပျောက်သွားပြီပေါ့”
“ နင့်အမေကို ဘယ်သူမှပြုစားထားတာမဟုတ်ဘူး.. နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့တဲ့ ဒဏ်တွေကြောင့် အခုလိုရောဂါဖြစ်နေတာပဲ”
“ နတ်ဆရာပြောတော့ ငါ့အမေကို နတ်ပြုစားထားတာဆို”
“ မဟုတ်ဘူး ဂျာစိုင်း… နတ်ဆရာတွေက နင်တို့အသိတွေကိုဝေဝါးအောင်လုပ်နေတာ”
“ ဟင်”
“ ဟုတ်တယ်… သူက နင်တို့ရဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်နေခဲ့တာ၊ နင်သာ ယစ်ကောင်တွေကိုသတ််မယ်ဆိုရင်တောင်
နင့်အမေက နေပြန်ကောင်းလာမှာမဟုတ်ဘူး”
“ ငါတော့ နင့်ကိုယုံကြည်သွားပြီ… အခြားသူတွေယုံကြည်အောင် နင်တို့အစွမ်းကို ပြပေးပါ၊ ဒါမှ ငါ့ရွာကလူတွေ ပိုယုံကြလိမ့်မယ်”
အောင်မြတ်သာတို့လဲ ဂျာစိုင်းစကားကြောင့် ရွာထဲမှာရှိတဲ့ လူမမာတွေကို သုံးနေရာခွဲပြီး ကြည့်ရှုပေးခဲ့ရာ တစ်နေ့နဲ့ တစ်ညတိတိအချိန်တွေကုန်သွားခဲ့ပေမယ့် ပင်ပန်းမှုရဲ့ ရလဒ်အဖြစ် ဟဲခပါးရွာသူရွာသားတွေရဲ့ ယုံကြည်မှုကိုရရှိခဲ့ကြတယ်။
နောက်ရက်တွေမှာလဲ အိမ်မှာတစ်ခုခုပျောက်တာကအစ နွားကလေးနေမကောင်းတာအဆုံး အောင်မြတ်သာတို့ဆီကိုလာမေးနေတာကြောင့် ရွာလူကြီးကိုယ်တိုင် သေနတ်ပစ်ဖောက်ပြီး မောင်းထုတ်ရတဲ့အထိဖြစ်လာခဲ့တယ်။
+++++
အောင်မြတ်သာတို့ ဟဲခပါးရွာကိုရောက်ပြီး တစ်ပတ်ခန့်အကြာ…
“ ဆေးဆရာ ဆေးဆရာ”
“ ဟေ့ ဒူလွမ်… ဘာဖြစ်လာတာလဲ”
“ ငါ့အိမ်ဘေးက ညီအစ်ကိုနှစ်ယောက် ဘာဖြစ်လဲမသိဘူး… လာကြည့်ပေးဦး”
အောင်မြတ်သာတို့လဲ ဒူလွမ်ဆိုတဲ့ရွာသားရဲ့စကားကြောင့် ဆေးလွယ်အိတ်ကိုကောက်လွယ်ကာ လိုက်သွားခဲ့ကြတယ်။ အိမ်ရှေ့ရောက်တော့ အပေါက်ဝမှာ အံကြိတ်ပြီး ဆောင့်ကြောင့်ထိုင်နေတဲ့ အသက်၂၀အရွယ် လူငယ်နှစ်ယောက်ကိုမြင်တွေ့ လိုက်ရတယ်။
မျက်လုံးပြူးပြီး အံကြိတ်နေတဲ့သူနှစ်ယောက်က အောင်မြတ်သာတို့ဝင်လာတာကိုလဲမြင်ရော ချက်ချင်းဆိုသလို ကျောပေးလျက်အနေအထားကိုပြောင်းသွားခဲ့တယ်။
“ နင်ပြောတာသူတို့နှစ်ယောက်လား”
“ ဟုတ်တယ် ဆေးဆရာ… မနက်အိပ်ယာကနိုးထဲက အခုလို ထိုင်နေတာပဲ၊ သူတို့ဘာဖြစ်တာလဲ”
“ ကြည့်ရတာတော့ အပမှီနေတဲ့ပုံပဲ… မနေ့က သူတို့ဘယ်ကိုသွားကြသေးလဲ”
“တောထဲကိုအမဲလိုက်ထွက်သွားတာတော့မြင်တယ်၊ ဒါပေမယ့် ဘယ်အချိန် ပြန်ရောက်လာတယ်ဆိုတာတော့ငါလဲမသိဘူး”
အောင်မြတ်သာလဲ ဒူလွမ်စကားကြောင့် ဆောင့်ကြောင့်ထိုင်နေတဲ့သူနှစ်ယောက်ကို စိုက်ကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ သူနှစ်ယောက် သူတို့ရဲ့ခန္ဓာကိုယ်ထဲပူးကပ်နေတာကို မြင်လိုက်ရတယ်။
“ အပမှီတာသေချာပြီ… မောင်ကောင်း ရေတစ်ခွက်ယူလာပေး”
အောင်မြတ်သာလဲ မောင်ကောင်း ယူလာတဲ့ ရေထဲကို အင်းစမတစ်ရွက်ထည့်ပြီး လက်ညိုးနဲ့မွှေနေတဲ့အချိန် အိမ်ပေါက်ဝမှာ ထိုင်နေတဲ့သူနှစ်ယောက်ဆီကနေ ငှက်ဖျားတက်သလို ညဉ်းသံတွေထွက်လာခဲ့တယ်။
“ ဆရာ… ဟိုမှာကြည့်ဦး”
ခွန်းလှစကားကြောင့် လှည့်ကြည့်လိုက်ရာ ခြံဝင်းထဲမှာရှိနေတဲ့ နတ်ကွန်းထဲကနေ မီးလောင်နေသလို အလင်းတွေထွက်နေတာကိုမြင်တွေ့လိုက်ရတယ်။
“ အဲဒီကိစ္စနောက်မှ လုပ်ကြမယ်၊ အခု ဒီရေမန်းနဲ့ နှစ်ယောက်လုံးကိုဖြန်းလိုက်”
မောင်ကောင်းလဲ ရေမန်းခွက်ကိုယူပြီး ထိုင်နေတဲ့လူနှစ်ယောက်ရဲ့နောက်ကျောကို လက်နဲ့တောက်လိုက်ရာ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ လူနှစ်ယောက် ခန္ဓာကိုယ်ထဲကနေထွက်ပြေးသွားတာကိုမြင်လိုက်ရတယ်။
အဲဒီတော့မှ ဆောင့်ကြောင့်ထိုင်နေတဲ့သူနှစ်ယောက်လဲ မျက်ဖြူလန်ကာ ဗိုင်းခနဲလဲကျသွားခဲ့တယ်။
“ သူတို့နှစ်ယောက်ကိုရေမန်းတိုက်လိုက်ဦး”
မောင်ကောင်းလဲ သတိလစ်နေတဲ့ သူနှစ်ယောက်ရဲ့ ပါးစပ်ထဲကိုရေစက်ချပေးလိုက်ရာ ချက်ချင်းသတိပြန်လည်လာခဲ့တယ်။
“ ဒူလွမ်… သူတို့မနေ့က ဘာဖြစ်ခဲ့တယ်ဆိုတာ မေးကြည့်ပေး”
ဒူလွမ်လဲ အောင်မြတ်သာစကားကြောင့် ညီအစ်ကိုနှစ်ယောက်နားကပ်သွားပြီး တိုင်းရင်းသားဘာသာနဲ့မေးလိုက်၊ ဟိုကပြန်ပြောတာကိုနားထောင်လိုက်လုပ်နေခဲ့တယ်။ ခဏနေတော့ အနားကိုပြန်ရောက်လာပြီး
“ သူတို့မနေ့က အမဲလိုက်သွားတော့ ဖယောင်းတိုင်နှစ်တိုင်ထွန်းထားတဲ့ နတ်စင်တစ်ခုကိုတွေ့တယ်လို့ပြောတယ်၊ အရင်က အဲဒီနေရာမှာ နတ်စင်မရှိဘူးလို့လဲပြောတယ်”
“ အင်း… နောက်တော့ ဘာဖြစ်ခဲ့သေးလဲ”
“ သူတို့နှစ်ယောက် နတ်စင်ကိုကန်တော့နေတဲ့အချိန် လုံကွင်းခပ်တိုတိုဝတ်ထားတဲ့လူနှစ်ယောက်ရဲ့ခြေထောက်ကိုမြင်လိုက်ရတယ်တဲ့၊ အဲဒီနောက်ပိုင်း ဘာမှမသိတော့ပဲ အိပ်ပျော်သလိုဖြစ်သွားတာ အခုမှနိုးလာတယ်တဲ့”
အောင်မြတ်သာလဲ ဒူလွမ်စကားကြောင့် ဘေးမှာပါလာတဲ့ ရွာလူကြီးဘက်ကိုလှည့်ပြီး
“ ဒီရက်ပိုင်း ရွာသားတွေကို တောမလိုက်ကြဖို့ ပြောပေးပါ”
“ အေးအေး ငါပြောခိုင်းထားလိုက်မယ်၊ နင်တို့အခုပြန်တော့မှာလား”
“ ငါတို့ သွားစရာတစ်ခုရှိသေးတယ်၊ နင်ပြန်ချင်ပြန်တော့လေ”
“ ဒါဆို ငါပြန်လိုက်ဦးမယ်”
ရွာလူကြီးထွက်သွားတော့ အောင်မြတ်သာက နတ်စင်ကိုစိုက်ကြည့်ပြီး ရွာထိပ်က နတ်ကွန်းဆီကို ထွက်လာခဲ့လိုက်တယ်။
+++++
တောပန်းအချို့နဲ့ အရက်ပုလင်းအချို့ ဆက်သထားတဲ့နတ်ကွန်းရှေ့ရောက်တော့ အောင်မြတ်သာက လူသွားလူလာကို အကဲခတ်လိုက်ပြီး ရွာစောင့်နတ်ကို စိတ်ထဲကနေ ပင့်လိုက်ရာ ကချင်ရိုးရာဝတ်စုံဝတ်ဆင်ထားတဲ့ အဖိုးအိုတစ်ယောက် ခါးကုန်းကုန်းနဲ့ထွက်လာခဲ့တယ်။
ဦးခေါင်းကမြေကြီးနဲ့ထိလုမတတ်ဖြစ်နေတဲ့အဖိုးအိုက အောင်မြတ်သာရှေ့ကိုရောက်ရော ခါးကိုမတ်လိုက်ရာ ဆယ်ပေလောက်ရှိတဲ့အထိ မြင့်တက်သွားခဲ့တယ်။
“ သင်က ဒီရွာစောင့်နတ်လား”
“ ဟုတ်တယ်… ငါဒီရွာကိုစောင့်ရှောက်လာတာ နှစ်ပေါင်း၁၅၀ကျော်ပြီ”
“ ကျုပ်တို့ကိုခေါ်တဲ့အကြောင်းက ဘာများလဲ”
“ နင်တို့ နတ်ဆရာကို စိတ်ဆိုးအောင်လုပ်လိုက်တယ်မဟုတ်လား၊ အဲဒါသူက အတော်ဒေါသထွက်နေတယ်၊ ရွာသားတွေကိုလဲ ဒုက္ခရောက်အောင်လုပ်မယ်လို့ပြောတယ်”
“ ဒါဆို ခုနကဖြစ်တဲ့ကိစ္စက နတ်ဆရာကြောင့်ပေါ့”
“ အေး… သူက နင်တို့ကို ရွာကနေ မောင်းထုတ်ချင်နေတာ၊ နင်တို့ရွာမှာရှိနေတာကို မကြိုက်ဘူး၊ နင်တို့ ရွာကနေ ထွက်သွားကြတော့”
“ သင်က ကိုယ့်ရွာကို ကာကွယ်ရမယ့်အစား နတ်ဆရာအလိုကိုလိုက်နေပါလား၊ ရွာထဲက လူတွေကိုလဲ သင်နဲ့ နတ်ဆရာပေါင်းပြီး ခြောက်လှန့်ဖမ်းစားနေကြတာမဟုတ်လား ဟမ်”
အောင်မြတ်သာစကားကြောင့် ရွာစောင့်နတ်အဖိုးအိုမျက်နှာတင်းသွားပြီး မျက်ထောင့်နီနဲ့စိုက်ကြည့်ကာ
“ ငါ့ရွာကို နင်တို့ကြောင့်ပျက်စီးမှာမလိုချင်ဘူး… နင်တို့မထွက်သွားဘူးဆိုရင် ငါ့အကြောင်းသိမယ်” လို့ပြောပြီး လှည့်ထွက်ဖို့အလုပ်
“ ဖြောင်း” ဆိုတဲ့အသံနဲ့အတူ ရွာစောင့်နတ်တစ်ပတ်လည်ကာလွင့်ထွက်သွားခဲ့တယ်။
အောင်မြတ်သာကတော့ ခပ်ပြုံးပြုံးမျက်နှာထားနဲ့ ဘေးကိုကြည့်လိုက်ရာ ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာရပ်နေတဲ့ ပုဂ္ရိုလ်တစ်ပါးကိုမြင်တွေ့လိုက်ရတယ်။
ရွာစောင့်နတ်လဲ သူ့ကိုရိုက်ချလိုက်တဲ့ ပုဂ္ဂိုလ်ကိုမြင်တော့ ကြောက်လန့်စွာနဲ့ မြေကြီးပေါ်ဝပ်ချလိုက်ပြီး
“ မြေနတ်မင်း ဘာအကြောင်းများရှိလို့ ကိုယ်တိုင်ကြွလာပါလဲ”
“ ငမိုက်သား… နင့်အပြစ်နင်မသိဘူးလား”
ရွာစောင့်နတ်ဆီက ဘာသံမှထွက်မလာပဲ လက်အစုံက မြေကြီးပေါ်မှာတုန်ရီနေခဲ့တယ်။
“ နင်က ရွာသူရွာသားတွေကိုစောင့်ရှောက်ရမယ့်အစား ဆွမ်နဲ့ ဂျထုန်လိုမျိုးလုပ်နေပါလား”
(ကချင်နတ်များအနက် ဆွမ်နဲ့ဂျထုန် နတ်တို့ကား ကောင်းကျိုးထက် ဆိုးကျိုးကိုပိုပေးစွမ်းနိုင်တယ်လို့ ယူဆကြသည်)
“ မှားမှန်းသိပါပြီ … ခွင့်လွှတ်ပေးပါ မြေနတ်မင်း”
“ နင့်ကို အခုချိန်ကစပြီး ငါကိုယ်တိုင်စောင့်ကြည့်မယ်၊ နင်လဲ နတ်ကွန်းအပြင်ကို တစ်လက်မတောင် မထွက်မိစေနဲ့”
မြေနတ်မင်းရဲ့ကြိမ်းဝါးသံအဆုံးမှာ ရွာစောင့်နတ်ပျောက်ကွယ်သွားခဲ့တယ်။
“ သင်က ဒီမြေကိုစောင့်ရှောက်တဲ့ ဘုမ္မစိုးနတ်ကြီးဖြစ်မယ်ထင်တယ်”
“ ဟုတ်ပါတယ်ဆရာ… ဆရာရဲ့မနောနဲ့ပင့်ဖိတ်မှုကြောင့် ကျွန်ုပ်ရောက်လာရခြင်းဖြစ်ပါတယ်”
“ မနေ့က တောလိုက်သွားတဲ့သူနှစ်ယောက် အပမှီတာကိုလဲ ဘုမ္မစိုးနတ်ကြီးသိမယ်ထင်တယ်”
“ အပမှီတာက ဂျေဝါးနတ်ဆရာလက်ချက်ကြောင့်ဖြစ်လာတာပါ”
“ ဂျေဝါးနတ်ဆရာဟုတ်လား”
“ ဂျေဝါးတွေက နတ်ဆရာခြောက်မျိုးထဲမှာ အမြင့်ဆုံးသူတွေပဲဖြစ်တယ်၊ သူတို့ရဲ့ ညွန်ကြားချက်နဲ့ နတ်တွေကိုရွေးချယ်ပသကြတရာမို့ သူတို့ရဲ့ဩဇာက အတန်သင့်ကြီးမားကြတယ်”
“ ဒါကြောင့် ရွာသားတွေက သူပြောတာကို တစ်သွေမတိမ်းလိုက်လုပ်ကြတာကိုး”
“ ဂျေဝါးတွေထဲမှာ ကောင်းတဲ့သူတွေရှိသလို ဆိုးတဲ့သူတွေလဲရှိတယ်၊အခုဆရာပြောတဲ့နတ်ဆရာ ဘွန်ခါဆိုတဲ့သူက စုန်းအတတ်ကိုလဲ ပေါက်ပေါက်မြောက်မြောက်ဖြစ်အောင် တတ်သလို ရွာစောင့်နတ်၊ ခြံစောင့်နတ်တွေကိုလဲ လိုသလိုစေခိုင်းနိုင်တဲ့အထိ စွမ်းတယ်၊ သူအမျက်ထွက်တဲ့ရွာတွေဆိုရင် တစ်ရွာလုံးပျက်တဲ့ထိ ဒုက္ခပေးတတ်တာ”
“ ဘုမ္မစိုးနတ်ကြီးပြောပြတဲ့အချက်တွေက ကျုပ်တို့အတွက် တကယ်အကျိုးရှိပါတယ်၊ ဒီအရပ်ဒီဒေသမှာ ဘွန်ခါလို လူစားမျိုးမရှိအောင် ကျုပ်တို့ကြိုးစားပေးခဲ့ပါမယ်၊ သင်လဲ ကိုယ့်ဗိမ္မာန်ကိုယ်ပြန်ကြွချင်ပြန်ကြလို့ရပါပြီ”
အောင်မြတ်သာစကားကြောင့် ဘုမ္မစိုးနတ်ကြီးရဲ့ ခန္ဓာကိုယ်က အခိုးငွေ့တွေအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့တယ်။
“ ဆရာ … ခုနက ပုဂ္ရိုလ်ဘာတွေပြောသွားတာလဲ”
“ ငါတို့တွေ့ခဲ့တဲ့နတ်ဆရာက စုန်းအတတ်လဲတတ်တဲ့အပြင် သူ့ကိုမထီလေးစားလုပ်တဲ့ရွာတွေကိုလဲ ပျက်အောင်လုပ်တဲ့အကျင့်ရှိတယ်လို့ပြောသွားတာ”
“ ဒါဆိုရင် အပမှီအောင်လုပ်တဲ့ကိစ္စက သူ့လက်ချက်များလား”
“ ဟုတ်တယ်… ငါတို့အနေနဲ့ ဒီနေရာမှာ သူ့ကိုထိုင်မစောင့်နေပဲ သူရှိတဲ့နေရာထိ လိုက်သွားမှဖြစ်တော့မယ်”
“ ဒါပေမယ့် သူကဘယ်မှာနေတယ်ဆိုတာ ကျွန်တော်တို့မှမသိတာ”
“ ငါတို့မသိပေမယ့် ဂျာစိုင်းကတော့သိမှာပဲလေ၊ သူ့ကိုမေးပြီးသွားကြတာပေါ့”
အောင်မြတ်သာတို့လဲ ချက်ချင်းပဲ ဂျာစိုင်းနေတဲ့အိမ်ကိုထွက်လာခဲ့လိုက်တယ်။
အိမ်ရောက်တော့ အကျိုးအကြောင်းပြောပြလိုက်ရာ
“ သူနေတဲ့နေရာ ငါသိတယ်… နင်တို့ သုံးယောက်ထဲသွားရင် တောထဲလည်နေလိမ့်မယ်”
“ နင်အမေ ကျန်းမာရေးနဲ့ အဆင်မပြေလောက်ဘူးထင်တယ်”
“ အဟား ငါ့အမေက နင်တို့ကုပေးလို့ သက်သာနေပြီ၊ စိတ်မပူနဲ့”
“ ဒါဆိုရင် မနက်အရုဏ်တက်တာနဲ့ ငါတို့နင့်ဆီလာခဲ့မယ်”
“ အေးအေး… လာခဲ့၊ ဒါနဲ့လေ ငါလဲ နင်တို့လို ပညာတွေတတ်ချင်တယ်”
“ ငါတို့ပညာသင်ချင်ရင် အရက်သောက်လို့မရဘူး၊ နွားသားကျွဲသားစားလို့မရဘူး၊ မိန်းမရှိလျက်သားနဲ့ အခြားတစ်ယောက်ကို ယူလို့မရဘူး၊ ဒါတွေနင် လုပ်နိုင်ပါ့မလား”
အောင်မြတ်သာစကားကြောင့် ဂျာစိုင်းက ခေါင်းကုတ်လိုက်ပြီး
“ ငါစဉ်းစားဦးမယ်…”လို့ခပ်ပြတ်ပြတ်ပြန်ဖြေ ခဲ့တယ်”
++++++
ညကအရမ်းကြီးမနက်သေးပေမယ့် တစ်ရွာလုံးက တိတ်ဆိတ်ပြီး ငြိမ်သက်နေခဲ့တယ်။ မကြာခင် အောင်မြတ်သာရဲ့နားထဲမှာ လေတိုးသံလိုလို အသံတစ်ခုကြားလိုက်ရတာကြောင့် မောင်ကောင်းနဲ့ ခွန်းလှကိုနှိုးပြီး အိမ်ရှေ့ထွက်ကြည့်လိုက်ရာ သပိတ်လုံးလောက်ရှိတဲ့ မီးလုံးတစ်လုံးက ဟဲခပါးရွာအပေါ်မှာ ရွေ့လျားနေတာမြင်လိုက်ရတယ်။
“ ဆရာ… စုန်းတောက်စားနေတာ၊ နည်းတဲ့အရွယ်မဟုတ်ဘူးဗျ”
“ မီးအရောင်ကလဲ ရဲခံနေတာပဲ… သာမန်ပညာသည်တော့မဟုတ်လောက်ဘူးထင်တယ်”
မောင်ကောင်းနဲ့ ခွန်းလှတို့က သူတို့ထင်မြင်ချက်ကို ပြောနေကြတဲ့အချိန် အမျိုးအမည်မသိတဲ့ စက်တစ်ခုက အောင်မြတ်သာရဲ့မျက်နှာကိုလာစင်တာ
သတိထားမိခဲ့တယ်။
“ သူ့ပညာစက်တွေ ရွာပေါ်ကိုဖြန့်နေပြီ… ဒါအခွင့်ကောင်းပဲ၊ မောင်ကောင်း တစ်ရွာလုံး နိုးအောင် တစ်ခုခုလုပ်လိုက်၊ ငါသူ့ကို ပြေးမရအောင် ချုပ်ထားမယ်”
မောင်ကောင်းလဲ တစ်ရွာလုံးနိုးအောင် ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန် ရွာလူကြီးအိမ်ရှေ့မှာ ချိတ်ထားတဲ့ သံချောင်းကိုသတိရသွားခဲ့တယ်။
“ ဒေါင် ဒေါင် ဒေါင် ဒေါင်”
သံချောင်းခေါက်သံကျယ်လောင်စွာပေါ်လာတဲ့အတွက် အိပ်နေတဲ့သူတွေအားလုံး လန့်နိုးလာပြီး အိမ်ပြင်ကိုထွက်လာခဲ့ကြတယ်။
အောင်မြတ်သာကတော့ စုန်းတောက်စားနေတဲ့ မီးလုံးကို ရွေ့လျားလို့မရအောင် လက်ညိုးနဲ့ထိုးကာ ဖမ်းချုပ်ထားလိုက်တယ်။
“ မီးလုံးကြီး ကောင်းကင်မှာ ပျံနေပါလား”
“ တစ်ခါမှမမြင်ဖူးဘူး… အဲဒါဘာကြီးလဲ”
ရွာသားတွေရဲ့အသံတွေကြောင့် အောင်မြတ်သာက မီးလုံးကို လက်နဲ့အောက်ကိုဆွဲချပြလိုက်ရာ “ ဝုန်း”ဆိုတဲ့အသံနဲ့အတူ မြေပြင်ပေါ်ကို ထိုးကျလာခဲ့တယ်။
“ ဟင်”
“ အို”
“ ဟာ”
မီးလုံးကြီးက မြေကြီးပေါ်ရောက်တာနဲ့ နတ်ဆရာကြီးဖြစ်သွားတာကြောင့် ရပ်ကြည့်နေတဲ့သူတွေအကုန်လုံး အံ့ဩသွားခဲ့ကြတယ်။
“ နတ်ဆရာက ဘယ်လိုလုပ်ပြီး မိုးပေါ်ကကျလာတာလဲ၊ သူကတန်ခိုးရှိနေတာလား”
“ ဒါကြောင့်လဲ နာမည်ကြီးနေတာကိုး”
ရွာသားတွေရဲ့တစ်ယောက်တစ်ပေါက်စကားတွေကြောင့် အောင်မြတ်သာက နတ်ဆရာကိုလွှတ်ပေးလိုက်ပြီး
“ နင်ပညာအမှန်က ဘာလဲဆိုတာ မပြောဘူးဆိုရင် ငါက လူတိုင်းသိအောင်လုပ်ပြရလိမ့်မယ်”
“ ငါ့ပညာကို အကုန်လုံးသိနေပြီလေ၊ သူတို့က နင်ပြောတာကိုယုံမယ်ထင်လား အဟက်အဟက်”
နတ်ဆရာစကားကြောင့် အောင်မြတ်သာက လွယ်အိတ်ထဲကနေ နတ်မျက်စိအင်းကို ထုတ်လိုက်ပြီး သိမ်ဝင်သပိတ်ကွဲပေါ်မှာမီးရှို့လိုက်တယ်။ ပြီးတာနဲ့ရလာတဲ့ပြာကို လက်ပေါ်တင်ပြီး မိုးပေါ်ကိုမှုတ်ထုတ်လိုက်ရာ ပြာမှုန်တွေက နေရာအနှံ့ကိုပျံ့လွင့်သွားခဲ့တယ်။
ရွာသားတွေကလဲ တလက်လက်လွင့်ပျံ့နေတဲ့ပြာမှုန်တွေကိုငေးကြည့်နေတဲ့အချိန် မျက်လုံးတွေကျိမ်းစပ်လာပြီး မျက်ရည်ပူတွေစီးကျလာခဲ့တယ်။
“ ဂျာစိုင်း… နင့်မျက်လုံးကိုပွတ်ပြီးကြည့်လိုက် ဘာမြင်ရလဲ”
“ နတ်ဆရာမျက်နှာက ကြောက်စရာအသွင်ဖြစ်နေပါလား၊ သူ့ကိုယ်ထဲကနေလဲ မီးခိုးငွေ့တွေထွက်နေတယ်၊ ဘေးမှာလဲ ရုပ်ဆိုးဆိုးကောင်တွေ အများကြီးပဲ”
“ ဟုတ်တယ်… အဲဒါသူ့ရဲ့ပုံစံအမှန်ပဲ၊ ရွာသားတွေကိုလဲ မကြောက်ကြဖို့ သတိပေးလိုက်”
ဂျာစိုင်းလဲ ရွာသားတွေနားလည်အောင် အော်ပြောနေတဲ့အချိန် နတ်ဆရာက သူ့အရှေ့မှာ မီးဟုန်းဟုန်းတောက်နေတဲ့ စည်းတစ်ခုဖန်ဆင်းလိုက်တယ်။
အောင်မြတ်သာကလဲ နတ်ဆရာရဲ့အနီးကိုကပ်လာပြီး လက်ညိုးနဲ့စည်းတားလိုက်ရာ အပြာရောင်မီးတောက်တွေ ဟုန်းခနဲထတောက်လာခဲ့တယ်။
ဒီမြင်ကွင်းတွေက သာမန်လူတွေအဖို့ ဘာမှမြင်ရမှာမဟုတ်ပေမယ့် အမြင်ဖွင့်ခံထားရတဲ့ ရွာသားတွေအဖို့ အထူးဆန်းသဖွယ်ဖြစ်နေခဲ့ကြတယ်။
နတ်ဆရာက ရွာသားတွေအရှေ့မှာ ပညာပြိုင်ရမှာဆိုတော့ သူ့တတ်မြောက်ထားတဲ့ပညာတွေ အကုန်ထုတ်သုံးပါလေရော။
ပထမဆုံးအနေနဲ့ မီးစွဲလောင်နေတဲ့ နာနာဘာဝတစ်ကောင်စေလွတ်ပြီး တိုက်ခိုင်းခဲ့ရာ အောင်မြတ်သာက ငွေဖလားနဲ့ သပြေခက်
ကိုင်ထားတဲ့ နတ်ရေစင်ကိုပင့်ဖိတ်ပြီး ယှဉ်ပြိုင်စေခဲ့တယ်။
နတ်ရေစင်က သူ့ဆီဝင်လာတဲ့ နာနာဘာဝကို သပြေခက်နဲ့ ပင့်ရိုက်လိုက်ရာ အနောက်ကို ဆယ်ပေလောက်လွင့်ထွက်သွားခဲ့တယ်။
နတ်ဆရာက သူမွေးထားတဲ့တပည့်ကို အလွယ်တကူအနိုင်ယူလိုက်တာကြောင့် အနည်းငယ်ဖြုံသွားပြီး ဆေးဘီလူးရုပ်နှစ်ရုပ်ကို မီးတောက်ထဲပစ်ထည့်ချလိုက်တယ်။
ဒီတစ်ခါမှာတော့ မီးတောက်ထဲကနေ တစ်ကိုယ်လုံးကြွက်သားတွေဖုထစ်နေတဲ့ ပုံဆိုးပန်းဆိုးဘီလူးနှစ်ကောင် ထွက်လာခဲ့တယ်။
နတ်ရေစင်လဲ ငွေဖလားကို လက်ထဲမှာလှည့်ပတ်ကစားရင်း ဘီလူးနှစ်ကောင်ကြားထဲကို ပြေးဝင်သွားခဲ့တယ်။ ညာဘက်မှာကိုင်ထားတဲ့ သပြေခက်နဲ့ ဆေးဘီလူးနှစ်ကောင်ကို ရိုက်ချလိုက်ရာ ဖြန်းခနဲ မီးတွေပွင့်ထွက်လာရုံမှအပ ဘီလူးနှစ်ကောင်က တုပ်တုပ်ပင်မလှုပ်။
ရွာသားတွေကလဲ တစ်ခါမှမမြင်ဖူးတဲ့ ပညာပြိုင်မှုကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတဲ့အတွက် အသက်ရှုဖို့ပင်မေ့လောက်တဲ့ထိ ဖြစ်နေခဲ့ကြတယ်။
ဘီလူးနှစ်ကောင်က နတ်ရေစင်ရဲ့ ရိုက်ချက်တွေကို ထုံပေပေနဲ့ခံရင်း ရုတ်တရက် ရှေ့နောက်ညှပ်လိုက်ရာ ဘယ်လက်မှာကိုင်ထားတဲ့ ငွေဖလားလွတ်ကျသွားခဲ့တယ်။
ငွေဖလားမရှိတဲ့အတွက် သပြေခက်က လက်ထဲကိုင်ထားရင်း ညိုးနွမ်းလာကာ ပြာမှုန်တွေအဖြစ်ပြောင်းသွားချိန်မှာတော့ ဆေးဘီလူးနှစ်ကောင်ရဲ့ တိုက်ခိုက်မှုတွေက ပိုမိုပြင်းထန်လာခဲ့တယ်။
လက်နက်မရှိတော့တဲ့ နတ်ရေစင်က ဆေးဘီလူးနှစ်ကောင်ရဲ့ တိုက်ခိုက်မှုတွေကို အသဲအသည်ခုခံနေရင်း အောင်မြတ်သာချထားတဲ့ စည်းနားထိရောက်လာခဲ့တယ်။ အဲဒီအချိန် အပြာရောင်မီးတောက်တွေဟုန်းခနဲထတောက်လာပြီး နတ်ရေစင်ပျောက်ကာ ဆူးကြိမ်လုံးကိုင် အင်းစောင့်နှစ်ပါးထွက်ပေါ်လာခဲ့တယ်။
တောင်ရှည်ချိတ်ပုဆိုးကို ခါးတောင်းကျိုက်ထားပြီး အနီရောင်သိုရင်းအင်္ကျီဝတ်ထားတဲ့ အင်းစောင့်နှစ်ပါးက ဆေးဘီလူးနှစ်ကောင်ကို ကြိမ်းနဲ့ရိုက်ရာ မာကျောပါတယ်ဆိုတဲ့ အသားတွေက ဖွာလန်ကျဲထွက်ကုန်ကာ စီရင်ထားတဲ့ ဆေးဘီလူးရုပ်တွေ တစ်စစီလွင့်ထွက်ကုန်တယ်။
နတ်ဆရာလဲ သူ့ရဲ့အကြမ်းရမ်းဆုံး ဆေးရုပ်နှစ်ရုပ် ပျက်စီးသွားတာကြောင့် ဒေါသထွက်ပြီး ခန္ဓာကိုယ်မှာရှိတဲ့ စက်တွေကိုစုပေါင်းကာ အောင်မြတ်သာဆီကိုပစ်လွှတ်လိုက်တယ်။ ဒါပေမယ့် တားထားတဲ့စည်းကိုမကျော်နိုင်ပဲ တစ်စစီဖြစ်သွားခဲ့တာကြောင့် အခြေအနေမဟန်မှန်းသိပြီး စုန်းတောက်စားကာစက်ကြိုးဆင် တက်ပြေးပါလေရော။
အောင်မြတ်သာအနေနဲ့ ဒီတစ်ခါတော့ မလွှတ်ပေးတော့ပဲ ဆင်ထားတဲ့စက်ကြိုးတွေကို လက်ဝါးစောင်းနဲ့ ခုတ်ချလိုက်ရာ ပေနှစ်ဆယ်လောက်အမြင့်ကနေ ဝုန်းဆိုပြုတ်ကျလာခဲ့တယ်။
မြေကြီးပေါ်ရောက်တော့ ပါးစပ်ထဲကနေ ထွက်နေတဲ့သွေးတွေကို ထွေးထုတ်လိုက်ပြီး ထီမထင်တဲ့အကြည့်နဲ့ မော့ကြည့်နေတာကိုမြင်လိုက်ရတယ်။
“ အရှုံးပေးပြီလား”
“ ထွီ… ငါဘဝမှာ အရှုံးပေးတယ်ဆိုတာမရှိဘူး၊ နင့်လိုလူဆီမှာလဲ ငါ့ပညာကိုမစွန့်လွှတ်နိုင်ဘူး”
“ ဒါဆိုရင် နင်က ပညာကို မစွန့်ဘူးပေါ့”
နတ်ဆရာက အောင်မြတ်သာကို ခါးခါးသီးသီးကြည့်ပြီး
“ နင့်ဆီမှာ ပညာစွန့်မယ့်အစား ငရဲပဲသွားမယ်ဟေ့” လို့ကြိမ်းဝါးပြီး လည်ပင်းမှာဆွဲထားတဲ့ ကျုတ်ကိုဖွင့်ကာသောက်ချလိုက်တယ်။
မြန်ဆန်တဲ့အဖြစ်ပျက်၊ ပြင်းထန်လွန်းတဲ့အဆိပ်ကြောင့် စက္ကန့်ပိုင်းအတွင်းမှာပင် တစ်ကိုယ်လုံးတွန့်လိမ်ကာ ငြိမ်သက်သွားခဲ့တယ်။
အောင်မြတ်သာကတော့ စုတ်တစ်ချက်သပ်လိုက်ပြီး
“ ဒီလိုပညာသည်တွေက ငရဲမကြောက်ဘူးဆိုတာ တကယ်ပါပဲလား”လို့ရေရွတ်ရင်း ရွာလူကြီး အိမ်ထဲကိုပြန်ဝင်သွားခဲ့တယ်။
နောက်တစ်နေ့မနက်ရောက်တော့ ရွာထဲကအိမ်တွေမှာရှိတဲ့ နတ်စင်တွေကို လိုက်စစ်ကြည့်ရာ အားလုံးနီးပါး နတ်ဆရာမွေးထားတဲ့သရဲတွေ ခိုအောင်းနေတာမြင်လိုက်ရတယ်။ အချို့ကောင်တွေဆိုရင် အစွယ်တောင်ပေါက်နေတာကြောင့် ဆန်မန်း၊သဲမန်းတွေအသုံးပြုပြီး မောင်းထုတ်ပေးခဲ့ရတယ်။
အောင်မြတ်သာတို့လဲ ဟဲခပါးရွာမှာ တစ်လနီးပါးနေထိုင်ပြီးချိန်မှာတော့ ဂျာစိုင်းအပါအဝင် အမျိုးသားငါးယောက်ကို ဂိုဏ်းဝင်အဖြစ်လက်ခံပေးခဲ့ပြီး တောင်တန်းဒေသမှာ ဂိုဏ်းတော်မျိုးစေ့စတင်ချပေးခဲ့တယ်။
ဟဲခပါးရွာကနေ ပြန်ထွက်လာပြီးနောက်ပိုင်းမှာလဲ ပဌာန်းဆက်ပါတဲ့အရပ်ဒေသတွေကို လှည့်ပတ်သွားလာခဲ့ရာ မြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ မြို့တစ်မြို့ကိုရောက်လာခဲ့တယ်။
မြို့ရဲ့အရှေ့ဘက်မှာတော့ မြန်မာဘုရင်တွေလက်ထက်ထဲက အသုံးပြုခဲ့တဲ့ လူသတ်ကုန်းတစ်ခုရှိနေပြီး လပြည့်လကွယ်နေ့တွေဆိုရင် ကွပ်မျက်ခံရမယ့်သူတွေရဲ့ အော်ဟစ်ငိုကြွေးသံတွေလဲကြားရတယ်ဆို့ ဆိုစမှတ်ရှိခဲ့တယ်။
အောင်မြတ်သာတို့အနေနဲ့ အခြောက်အလှန့်ကြမ်းတဲ့ လူသတ်ကုန်းကို ဘာကြောင့်ရောက်လာမလဲ၊ လူသတ်ကုန်းကရော တကယ်ပဲအခြောက်လှန့်ကြမ်းတာလားဆိုတာကိုတော့ အောင်မြတ်သာနှင့် သုံးဘဝခရီးကြမ်း
ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
Zawgyi Version
” ေအာင္ျမတ္သာႏွင့္နတ္ဆရာဘြမ္ခါ “(စ/ဆုံး)
————————————————————-
မိုးေရေတြနဲ႔စိုစြတ္ေနတဲ့ ေျမသားလမ္းေလးေပၚကေန ျဖတ္ေလ်ာက္လာၾကတဲ့ ေျခသံေတြေၾကာင့္ တဂြမ္ဂြမ္ေအာ္ဟစ္ေနၾကတဲ့ ဖားေအာ္သံေတြက ႐ုတ္ခ်ည္းတိတ္ဆိတ္သြားခဲ့တယ္။
“ ဂ်ာစိုင္း… မင္းကိုအစထဲက ငါတို႔ေျပာသားပဲ၊ ဘာလို႔ ငါတို႔စကားနားမေထာင္တာလဲ”
ေျခလွမ္းက်ဲႀကီးေတြနဲ႔ေရွ႕ကေန ေလ်ာက္သြားတဲ့ ဂ်ာစိုင္းက အေနာက္ဘက္ကိုလွည့္ၾကည့္ၿပီး
“ ငါလဲ သာမန္ေနမေကာင္းျဖစ္တာလို႔ထင္ေနတာေလ၊ ဒါေၾကာင့္ ႐ြာက ေဆးဆရာေတြနဲ႔ပဲကုတာေပါ့”
“ ငါအစထဲကသိတယ္.. ဒီလိုကိစၥက နတ္စာမေကြၽးလို႔ျဖစ္ရတာ၊ အခု ငါတို႔သြားေနတဲ့ဆရာႀကီးက အဲဒီလိုကိစၥေတြ အားႀကီးပိုင္ႏိုင္တာကြ”
“ ဟုတ္တယ္ ဂ်ာစိုင္း.. ငါလဲသူေဆးကုတာျမင္ဖူးတယ္၊ ဒါေၾကာင့္ သူ႔ဆီကိုသြားဖို႔ အႀကံေပးခဲ့တာ”
“ နင္တို႔ေျပာတဲ့အတိုင္း ငါလဲအခုသြားေနၿပီေလ၊ ဒါေပမယ့္ ဆရာႀကီးက နတ္ပူေဇာ္ဖို႔ေျပာလာရင္ ငါ့မွာဘာမွမရွိဘူး”
“ အဲဒါေတြစိတ္မပူေနနဲ႔ … နင္နဲ႔ငါတို႔က ငယ္ငယ္ထဲက ေပါင္းလာတဲ့သူငယ္ခ်င္းေတြ မဟုတ္လား၊ နင့္မွာမရွိလဲ ငါတို႔ႏိုင္သေလာက္ လုပ္ေပးမယ္”
သူငယ္ခ်င္းေလးေယာက္စကားတေျပာေျပာနဲ႔ ေလ်ာက္လာခဲ့တာ ေက်ာက္တုံးေတြနဲ႔ဝန္းရံထားတဲ့ နတ္ကြန္းတစ္ခုရွိတဲ့အိမ္ေရွ႕ကိုေရာက္လာခဲ့တယ္။
“ ဆရာႀကီး… ဆရာႀကီး ရွိလား”
“ ဘယ္သူေတြလဲ”
“ ဟိုဘက္တစ္ေတာင္ေက်ာ္႐ြာကေနလာတဲ့ သူေတြပါ”
“ အိမ္ေပၚတက္ခဲ့ၾက… ဖိနပ္မစီးထားတဲ့သူကေတာ့ ေျခေထာက္ေဆးၿပီးမွတက္လာခဲ့”
အိမ္ထဲကေနေျပာလိုက္တဲ့အသံေၾကာင့္ ပါလာတဲ့သူေတြ အခ်င္းခ်င္းၾကည့္လိုက္ၿပီး
“ ဂ်ာစိုင္း… နင့္ကိုေျပာတာ.. သူက နင္ဖိနပ္မစီးလာတာျမင္ေနတယ္ထင္တယ္”
“ ဘယ္လိုျဖစ္ႏိုင္မွာလဲ.. သူကအထဲမွာ ငါကအျပင္မွာေလ”
“ ျဖစ္ႏိုင္တာေပါ့ သူက လျပည့္လကြယ္ေန႔ေတြဆိုရင္ ေရကိုေတာင္ခဲေအာင္လုပ္ႏိုင္တယ္လို႔ ငါ့အေဖေျပာတာၾကားဖူးတယ္”
ဂ်ာစိုင္းလဲ စိတ္ထဲဘဝင္မက်ေပမယ့္ သူငယ္ခ်င္းေတြ စကားေၾကာင့္ ေက်ာက္အင္တုံထဲကေရနဲ႔ေျခေထာက္ကိုေဆးေၾကာလိုက္ၿပီး အိမ္ေပၚကိုတက္လာခဲ့လိုက္တယ္။ အိမ္ထဲေရာက္ေတာ့ ယစ္ေကာင္ေတြရဲ႕ ဦးေခါင္းခြံေတြခ်ိတ္ဆြဲထားတာကိုျမင္လိုက္ရတယ္။
“ က်န္းမာေရးကိစၥေမးမယ့္သူနဲ႔ အေဖာ္တစ္ေယာက္ပဲ ဝင္လာၾက”
အခန္းထဲကေန ထြက္လာတဲ့ အသံေၾကာင့္ ဂ်ာစိုင္းနဲ႔ ေနာ္မြန္းတို႔ႏွစ္ေယာက္ထဲ အခန္းထဲကိုဝင္လာခဲ့လိုက္ၾကတယ္။ အခန္းထဲမွာေတာ့ အမဲေရာင္ဝတ္စုံဝတ္ထားၿပီး ေခါင္းေပါင္းကို ေပါင္းထုပ္သဖြယ္ထူထူထဲထဲ ေပါင္းထားတဲ့လူတစ္ေယာက္ ထိုင္ေနတာကိုျမင္လိုက္ရတယ္။
“ ထိုင္ၾက ထိုင္ၾက… နင္တို႔လာရင္းအေၾကာင္းအေသးစိတ္ေျပာျပ”
“ ငါ့အေမ က်န္းမာေရးမေကာင္းလို႔ ဘာေၾကာင့္ေနမေကာင္းတာလဲသိခ်င္တယ္”
“ နင့္အေမ ေမြးတဲ့ရက္လခုႏွစ္ကိုေျပာ ငါၾကည့္ေပးမယ္”
ဂ်ာစိုင္းလဲ မိခင္ျဖစ္သူရဲ႕ေမြးသကၠရာဇ္ကိုေျပာလိုက္ရာ ထိုင္ေနတဲ့သူက စာ႐ြက္ေပၚမွာေရးျခစ္ၿပီး မ်က္လုံးကိုမွိတ္ကာ အာ႐ုံခံေနခဲ့တယ္။ ခဏေနေတာ့ အ႐ိုးေသးေသးေလးေတြထည့္ထားတဲ့ ဘူးကို ခြက္ထဲသြန္ခ်ကာ ၾကည့္လိုက္ၿပီး
“ နင့္အေမက နတ္ျပဳစားထားတာပဲ၊ သူတို႔မေက်နပ္ေအာင္ ဘာေတြလုပ္ထားေသးလဲ”
“ သူဘာေတြလုပ္ထားတယ္ဆိုတာ ငါမသိဘူး… ငါဘယ္လိုလုပ္ရမလဲ”
“ နင္တို႔ကိုျပဳစားထားတဲ့ နတ္ေတြေက်နပ္ေအာင္ ႏြားေနာက္ဦးေခါင္းႏွစ္လုံးကို ၿခံအဝင္ဝမွာ ခ်ိတ္ဆြဲရမယ္”
“ ငါတို႔အဲဒီေလာက္မလုပ္ႏိုင္ဘူး.. အျခားကုလို႔ရမယ့္နည္းလမ္းဘာရွိေသးလဲ”
“ ငါျမင္တာေတာ့ အဲဒီတစ္နည္းပဲရွိတယ္၊ သူတို႔အရမ္းစိတ္ဆိုးေနတာေၾကာင့္ အျမန္ဆုံး လုပ္ေပးမွ ေနေကာင္းလိမ့္မယ္”
“ ႏြားေနာက္ႏွစ္ေကာင္က်ေတာ့ ငါတို႔အဆင္မေျပဘူး ဆရာႀကီး၊ အျခားေျခေလးေခ်ာင္းယစ္ေကာင္ဆို မရဘူးလား”
“ နင့္အေမ ေရာဂါက ႏြားေနာက္ႏွစ္ေကာင္မွရမယ္၊ နင္တို႔လုပ္မွာလား မလုပ္ဘူးလား”
“ ဂ်ာစိုင္း… နင္ဘယ္လိုလုပ္မွာလဲ”
“ ဘယ္လိုလုပ္ရမလဲ ငါ့အေမ ေနေကာင္းဖို႔အတြက္ဆို ေႂကြးယူၿပီးလုပ္ရေတာ့မွာေပါ့”
ဂ်ာစိုင္းက ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး စိတ္ဆုံးျဖတ္ကာ
“ ကုမယ္ဆရာႀကီး… ဘယ္ေန႔အသင့္ျပင္ထားရမလဲ”
“ လကြယ္ေန႔ငါဆင္းလာခဲ့မယ္… ယစ္ေကာင္ကို သန႔္ရွင္းေအာင္လုပ္ထား”
ဂ်ာစိုင္းတို႔လဲ နတ္ဆရာအိမ္ကေန ထြက္လာတဲ့ လမ္းတစ္ေလ်ာက္ ယစ္ေကာင္ႏွစ္ေကာင္ရဖို႔အေၾကာင္းကို ေျပာလာခဲ့ၾကတယ္။
“ ဂ်ာစိုင္း… နင္ဘယ္သူဆီကေႂကြးယူမလဲ”
“ မသိေသးဘူး… ငါ့မွာက ႏြားေနာက္တစ္ေကာင္ပဲရွိတာ က်န္တဲ့တစ္ေကာင္ ဘယ္ကသြားရွာရမလဲ”
“ ငါ့တို႔မွာစုထားတဲ့ေငြအခ်ိဳ႕ေတာ့ရွိတယ္ မင္းလိုရင္ယူထားေလ”
“ မယူခ်င္ဘူး… နင္တို႔လဲ သုံးစရာရွိမွာပဲေလ”
“ ရွိတဲ့အခါ နင့္ကိုေျပာမယ္၊ အဲဒီေငြေတြနဲ႔ဆို ယစ္ေကာင္တစ္ေကာင္ဝယ္ဖို႔ နည္းနည္းပဲလိုေတာ့မွာမဟုတ္လား”
ဂ်ာစိုင္းတို႔အဖြဲ႕ စကားတေျပာေျပာနဲ႔ လမ္းေလ်ာက္လာတဲ့အခ်ိန္ ေတာင္အဆင္းလမ္းတစ္ခုမွာ လူသုံးေယာက္ အနားယူေနတာကိုျမင္လိုက္ရတယ္။
“ ဟဲခပါး႐ြာကိုေရာက္ဖို႔ ဘယ္ေလာက္လိုေသးလဲဗ်”
မ်က္ႏွာစိမ္းဧည့္သည္ေတြရဲ႕စကားေၾကာင့္ ဂ်ာစိုင္းက လမ္းေလ်ာက္ေနတာကိုရပ္လိုက္ၿပီး
“ ဟဲခပါး႐ြာကို ဘာသြားလုပ္မွာလဲ.. နင္တို႔ကိုၾကည့္ရတာ ဒီအရပ္ကမဟုတ္သလိုပဲ”
“ က်ဳပ္တို႔က ေအာက္ျပည္ကေနတက္လာတာပါ၊ ဟဲခပါး႐ြာမွာရွိတဲ့ မိတ္ေဆြတစ္ေယာက္ဆီလာလည္ၾကတာ”
ဂ်ာစိုင္းတို႔လဲ ဧည့္သည္ေတြရဲ႕စကားေၾကာင့္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၿပီး
“ ဟဲခပါး႐ြာမွာရွိတဲ့သူနာမည္ကဘယ္လိုေခၚလဲ”
“ သူ႔နာမည္က ဂြမ္ရမ္လို႔ေခၚတယ္”
ဂြမ္ရမ္ဆိုတဲ့နာမည္ေၾကာင့္ ဂ်ာစိုင္းတို႔ အံ့အားသင့္သြားၿပီး
“ နင္တို႔က ႐ြာလူႀကီးရဲ႕အသိေတြပဲ…”
“ မိတ္ေဆြတို႔အဲဒီလူရွိတဲ့အိမ္ကို လမ္းျပေပးလို႔ရလား”
“ ငါတို႔လဲ ဟဲခပါးမွာပဲေနတာေလ… လိုက္လာခဲ့ၾက”
ဂ်ာစိုင္းတို႔လဲ ဧည့္သည္သုံးေယာက္ကိုေခၚၿပီး ျပန္လာတဲ့လမ္းမွာ အခ်င္းခ်င္းမိတ္ဆက္ျဖစ္ခဲ့ၾကတယ္။
“ နင့္နာမည္က ေအာင္ျမတ္သာေနာ္၊ ဟိုတစ္ေယာက္က ေမာင္ေကာင္း၊ သူက ခြန္းလွ ဟုတ္တယ္မလား”
“ ဟုတ္ပါတယ္… နင္က ငါတို႔စကားကို ေကာင္းေကာင္းမြန္မြန္နားလည္သားပဲ”
“ ငါတို႔ေလးေယာက္က အတန္းေက်ာင္းကို ေလးတန္းအထိေနဖူးတယ္ေလ၊ ဒါေၾကာင့္ ဗမာစကားေျပာတတ္တာ”
“ နင့္နာမည္က ဂ်ာစိုင္းေနာ္”
“ ဟုတ္တယ္ ငါ့နာမည္က ဂ်ာစိုင္း… က်န္တဲ့သူေတြက ေနာ္မြန္း၊ ဆိုင္းေအာင္၊ ေမာ္ဂန္လို႔ေခၚတယ္၊ လကြယ္ေန႔အထိ နင္တို႔႐ြာမွာရွိၾကမွာမဟုတ္လား”
“ ရွိမယ္ထင္တယ္ ဘာျဖစ္လို႔လဲ”
“ လကြယ္ေန႔က်ရင္ ငါတို႔အိမ္မွာ ယစ္ေကာင္ပူေဇာ္ဖို႔ရွိတယ္၊ နင္တို႔လာခဲ့ေလ”
“ ယစ္ပူေဇာ္တာကဘာအတြက္လုပ္တာလဲ”
“ ငါ့အေမ ေနမေကာင္းလို႔ သူ႔အတြက္ရည္႐ြယ္ၿပီးလုပ္ေပးတာ”
ေအာင္ျမတ္သာတို႔လဲ ဂ်ာစိုင္းေျပာတဲ့စကားကို အလိုက္သင့္ျပန္ေျပာခဲ့ရာ ႐ြာမေရာက္ခင္မွာပဲ ခင္မင္ရင္းႏွီးတဲ့သူေတြအဆင့္ေရာက္သြားခဲ့ၾကတယ္။
႐ြာထိပ္ေရာက္ေတာ့ အတန္သင့္ႀကီးတဲ့ နတ္ကြန္းတစ္ခုကိုျမင္လိုက္ရၿပီး အထဲမွာေတာ့ ႐ြာဓေလ့အရတင္ေျမႇာက္ပသထားတဲ့ အစားအေသာက္အခ်ိဳ႕ရွိေနခဲ့တယ္။
“ ေဟ့ ေအာင္ျမတ္သာ.. ဒါက ငါတို႔႐ြာနတ္ကြန္းေလ… သူက ႐ြာကိုေစာင့္ေရွာက္ေပးတယ္.. ငါ့အေမ ေနေကာင္းမွ နင္တို႔ကိုေနရာအစုံလိုက္ပို႔ေပးမယ္”
“ ေက်းဇူးတင္ပါတယ္ ဂ်ာစိုင္း… နင့္အေမလဲ အျမန္ဆုံးသက္သာပါေစလို႔ ငါဆုေတာင္းေပးေနပါတယ္”
ေအာင္ျမတ္သာတို႔ ႐ြာလူႀကီးအိမ္ေရွ႕ေရာက္ေတာ့ အထဲကေန ေဆးတံတစ္လက္ခဲထားတဲ့ အသက္ငါးဆယ္အ႐ြယ္ လူတစ္ေယာက္ထိုင္ေနတာကိုျမင္လိုက္ရတယ္။
“ ႐ြာလူႀကီး… ဒီမွာ နင့္ဧည့္သည္ေတြေရာက္ေနတယ္”
ဂ်ာစိုင္းအသံေၾကာင့္ ႐ြာလူႀကီးလဲ ထိုင္ရာကေန ထၿပီးၾကည့္လိုက္ရာ
“ နင္ နင္ ေအာက္ျပည္မွာ ငါ့အသက္ကိုကယ္ေပးခဲ့တဲ့သူမဟုတ္လား၊ အဲဒီတုန္းက ငါေသလုေမ်ာပါးျဖစ္ေနတာေလ”
“ မေတြ႕တာ အေတာ္ၾကာပီေနာ္ ဂြမ္ရမ္”
“ ေအး… ႏွစ္ေပါင္းသုံးဆယ္…”
႐ြာလူႀကီးစကားမဆုံးခင္မွာပဲ ေအာင္ျမတ္သာက သူ႔မ်က္လုံးကိုစိုက္ၾကည့္လိုက္ရာ
“ မေတြ႕တဲ့ သုံးႏွစ္အတြင္း နင္ဘယ္ေတြေရာက္ေနတာလဲ”
“ ေျခဦးတည့္ရာလိုက္သြားေနတာေပါ့… အခုေတာင္ နင့္႐ြာဘက္ေရာက္လို႔ဝင္လာတာ”
“ အိမ္ေပၚမွာ နားၾကဦး… နင္တို႔စားေသာက္ဖို႔ ငါစီစဥ္ခိုင္းလိုက္မယ္”
“ ဒါဆို ငါျပန္လိုက္ဦးမယ္ေနာ္၊ အိမ္မွာ အေမတစ္ေယာက္ထဲရွိေနလို႔”
ေအာင္ျမတ္သာလဲ ဂ်ာစိုင္းကိုႏႈတ္ဆက္ၿပီး ႐ြာလူႀကီးအိမ္ေပၚကိုတက္လာခဲ့လိုက္တယ္။
“ နင္က ဒီအသက္အ႐ြယ္ေရာက္တဲ့ထိ အခုလိုေလ်ာက္သြားေနတုန္းပဲလား”
႐ြာလူႀကီးစကားေၾကာင့္ ေအာင္ျမတ္သာက ၿပဳံးရယ္လိုက္ၿပီး
“ ငါက အခုထိက်န္းမာေနတုန္းပဲေလ…ဒါေၾကာင့္ သြားလာႏိုင္တာေပါ့”
“ ငါဆို ဒူးေတြမေကာင္းေတာ့ဘူး မ်က္စိလဲမႈန္လာၿပီ၊ နင္ကေတာ့ သန္တုန္းျမန္တုန္းပဲ”
ေအာင္ျမတ္သာက ႐ြာလူႀကီးရဲ႕အျမင္ကို လွည့္စားထားတဲ့အတြက္ အသက္ေျခာက္ဆယ္အ႐ြယ္ပုံစံကိုျမင္ေတြ႕ၿပီးေျပာေနျခင္းျဖစ္ပါတယ္။
“ နင္လဲက်န္းမာေရးေကာင္းတယ္မဟုတ္လား”
“ ဒူးနာတာကလြဲၿပီး က်န္တာေကာင္းတယ္”
“ နင့္ဒူးျပစမ္းပါဦး”
ေအာင္ျမတ္သာက ႐ြာလူႀကီးရဲ႕ လုံကြင္းကို ဆြဲမၿပီး ဒူးဆစ္ေနရာကို အနားမွာရွိတဲ့ ထုံးနဲ႔ကြင္းေပးလိုက္ရာ ခ်က္ခ်င္းဆိုသလို နာက်င္တဲ့ေဝဒနာသက္သာသြားခဲ့တယ္။
“ နင္ ဘာလုပ္လိုက္တာလဲ”
“ ငါဘာလုပ္လို႔လဲ”
“ နင္ငါ့ဒူးကို ထုံးနဲ႔ကြင္းလိုက္တာ နာတာေတြသက္သာသြားပါလား၊ နင္က အေတာ္ထူးဆန္းတာပဲ”
ေအာင္ျမတ္သာကေတာ့ ႐ြာလူႀကီးေျပာတဲ့စကားေတြကို ခပ္ၿပဳံးၿပဳံးနဲ႔နားေထာင္ေနခဲ့တယ္။
“ ႐ြာမွာ နင္တို႔ေပ်ာ္သေလာက္ေန… ငါနင္တို႔စားဖို႔အတြက္ လုပ္ခိုင္းလိုက္ဦးမယ္”
႐ြာလူႀကီးအိမ္ေပၚကေနဆင္းသြားေတာ့ ေအာင္ျမတ္သာအနားကို ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ ေရာက္လာၿပီး
“ ဆရာ… ဒီေလာက္ေဝးတဲ့႐ြာကိုလာတာ ဒီလူနဲ႔ေတြ႕ဖို႔ပဲလား”
“ ဘာျဖစ္လို႔လဲ ေမာင္ေကာင္း”
“ ကြၽန္ေတာ္တို႔စိတ္ထဲ အျခားကိစၥႀကီးႀကီးမားမားတစ္ခုရွိေနတယ္လို႔ ခံစားမိလို႔ေမးၾကည့္တာပါ”
“ ဟုတ္တယ္… ငါဒီ႐ြာကိုလာတာက အေၾကာင္းရင္းႏွစ္ခုရွိတယ္၊ ဒါေတြကို မၾကာခင္ မင္းတို႔သိလာမွာပါ၊ အခုေတာ့ အနားယူလိုက္ၾကဦး”
ေအာင္ျမတ္သာက ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ပခုံးကိုကိုင္ကာေျပာလိုက္ၿပီး အိမ္ေအာက္ကိုဆင္းကာ ၿခံဝင္းထဲလွည့္ပတ္ၾကည့္ရႈေနခဲ့လိုက္တယ္။
++++++++
တူရိယာေပါင္းစုံတီးမႈတ္ကခုန္ေနၾကတဲ့ ယစ္ပူေဇာ္ပြဲတစ္ခုရဲ႕အလယ္မွာေတာ့ ႐ိုးရာဝတ္စုံဝတ္ဆင္ထားတဲ့ နတ္ဆရာတစ္ဦးက နားမလည္တဲ့ဘာသာစကားတစ္ခုနဲ႔ မန္းမႈတ္႐ြတ္ဖတ္ေနခဲ့တယ္။
ဂ်ာစိုင္းကေတာ့ နာမက်န္းျဖစ္ေနတဲ့ မိခင္ျဖစ္သူကို တြဲၿပီး နတ္ဆရာေရွ႕မွာ က်ဳံ႕က်ဳံ႕ေလးထိုင္ေနသလို ယစ္ပူေဇာ္တာကိုလာၾကည့္ၾကတဲ့ ႐ြာသားအခ်ိဳ႕ကလဲ မႈိင္းညိဳ႕ညိဳ႕မိုးသားေအာက္မွာ ႀကိတ္ႀကိတ္တိုးစည္ကားေနခဲ့တယ္။
“ ဂ်ာစိုင္း…နင့္အေမက ေျမနတ္ကို ပူေဇာ္ပသမႈေတြမလုပ္ဘူးလို႔ ငါသိရတယ္၊ ငါဘက္က ေနာက္ေနာင္မျဖစ္ေစရဘူးလို႔ ေျပာထားလို႔ ယစ္ပြဲၿပီးတာနဲ႔ နင့္အေမ ေရာဂါသက္သာၿပီလို႔သာမွတ္ေပေတာ့”
နတ္ဆရာရဲ႕စကားေၾကာင့္ လူအုပ္ၾကားထဲမွာရပ္ေနတဲ့ ေအာင္ျမတ္သာရဲ႕ ႏႈတ္ဖ်ားကေန ခပ္ေထ့ေထ့အၿပဳံးတစ္ခုထြက္လာခဲ့တယ္။
“ ဆရာ… နတ္ဆရာရဲ႕ အယူအဆက တစ္ခုခုေတာ့လြဲေနၿပီထင္တယ္ေနာ္”
“ လြဲေနတယ္ဆိုတာသိေပမယ့္ သူ႔အရပ္သူ႔ဇာတ္မို႔ အခြင့္သာတာကိုေစာင့္ရလိမ့္မယ္”
“ ကြၽန္ေတာ္တို႔ေစာင့္ေနတဲ့အခ်ိန္ အျပစ္မရွိတဲ့ ႏြားေနာက္ႏွစ္ေကာင္က အလဟႆအသက္ဆုံးေတာ့မွာ”
ခြန္းလွက စိတ္မေကာင္းတဲ့ေလသံနဲ႔ ေရ႐ြတ္ၿပီး ယစ္ပြဲဘက္ကိုၾကည့္လိုက္ရာ နတ္ဆရာက ခြၽန္ထက္လွတဲ့ေငြဓါးတစ္ေခ်ာင္းကို ကိုင္ေဆာင္ကာ ႏြားေနာက္ႏွစ္ေကာင္အနားကပ္လာတာကိုျမင္လိုက္ရတယ္။
“ ယစ္ေကာင္ရဲ႕လည္ေခ်ာင္းေသြးကိုေသာက္သုံးၿပီး နာမက်န္းျဖစ္ေနတဲ့အရွင့္အေစခံကို ကုသေပးပါ၊ ေဝဒနာသက္သာေအာင္ ကယ္တင္ေပးပါ”
နတ္ဆရာက ဝမ္းေခါင္းသံနဲ႔ေျပာၿပီး ႏြားေနာက္တစ္ေကာင္ရဲ႕လည္ေခ်ာင္းကို ေငြဓါးနဲ႔ထိုးခ်လိုက္ရာ ဓါးဦးက သားရည္ထဲကိုမဝင္ပဲ ေဘးကိုေခ်ာ္ထြက္သြားခဲ့တယ္။ ဒုတိယအႀကိမ္ ထိုးလိုက္ေတာ့လဲ ခြၽန္ျမေနတဲ့ဓါးဦးက သားရည္ထဲကိုမေပါက္ခဲ့ေပ။
“ ဟင္”
နတ္ဆရာက အံ့ဩစြာေရ႐ြတ္လိုက္ၿပီး စုၿပဳံတိုးေဝ့ေနတဲ့လူအုပ္ထဲကို စူးရဲတဲ့မ်က္လုံးေတြနဲ႔ စိုက္ၾကည့္လိုက္တယ္။
“ ယစ္ပြဲကိုေႏွာက္ယွက္တဲ့သူရွိေနတယ္…”
နတ္ဆရာက ပါးစပ္ကေန တတြတ္တြတ္ေျပာၿပီး ပရိတ္သတ္ထဲကိုလိုက္ၾကည့္ေနရင္း ေအာင္ျမတ္သာနဲ႔အၾကည့္ခ်င္းဆုံသြားခဲ့တယ္။ ဒါေပမယ့္ နတ္ဆရာက ခ်က္ခ်င္းအၾကည့္လႊဲကာ သူနဲ႔အတူပါလာတဲ့ လူေတြကို ေခၚၿပီး တစ္ခုခုေျပာေနတာျမင္လိုက္ရတယ္။
“ ဂ်ာစိုင္း… အဲဒီလူေတြကဘယ္သူလဲ”
“ ႐ြာလူႀကီးရဲ႕အသိေတြလို႔ေျပာတယ္၊ ဘာျဖစ္လို႔လဲ”
“ ဆရာက အဲဒီလူေတြကို ယစ္ပြဲကေန ထြက္သြားဖို႔ေျပာခိုင္းလိုက္တယ္၊ သူတို႔ရွိေနရင္ နင့္အေမကို မကုေပးႏိုင္ဘူးတဲ့”
“ နင္တို႔က ဘာစကားေျပာတာလဲ… သူတို႔ရွိေနလို႔ယစ္ပြဲလုပ္မရဘူးဆိုတာေတာ့ ငါလက္မခံႏိုင္ဘူး… ဒါက နင္တို႔ဆရာ မကုႏိုင္လို႔ အျခားသူကိုအျပစ္ပုံခ်ေနတယ္လို႔ ငါထင္တယ္”
“ ဒီမွာ ဂ်ာစိုင္း… ငါတို႔ဆရာက ဒီနယ္တစ္ခြင္မွာ နာမည္ႀကီးနတ္ဆရာတစ္ေယာက္အျဖစ္ရပ္တည္ေနတာနင္လဲအသိပဲ… အခုလိုမ်ိဳး သူ႔ကိုေစာ္ကားတာေတာ့ ငါတို႔သည္းမခံႏိုင္ဘူး”
ဂ်ာစိုင္းနဲ႔ နတ္ဆရာတပည့္ေတြ ကေတာက္ကဆျဖစ္ေနတာျမင္ေတာ့ ႐ြာလူႀကီးက အနားေရာက္လာၿပီး
“ ငါ့မိတ္ေဆြေတြကို အခုလို႐ိုင္းျပတာေတာ့ လက္မခံႏိုင္ဘူး… နင္တို႔ဆရာမကုႏိုင္ရင္ အျခားနတ္ဆရာေခၚျပလိုက္မယ္လို႔ေျပာလိုက္”
႐ြာလူႀကီးရဲ႕အသံက အေတာ္ကိုက်ယ္တဲ့အတြက္ ယစ္ေကာင္ေတြေဘးမွာရပ္ေနတဲ့ နတ္ဆရာက လြယ္အိတ္ကိုေကာက္ယူကာ ယစ္ပြဲအျပင္ဘက္ကို ထြက္သြားခဲ့တယ္။
နတ္ဆရာက ေအာင္ျမတ္သာေဘးကိုေရာက္ေတာ့ ခက္ထန္တဲ့မ်က္လုံးနဲ႔စိုက္ၾကည့္ၿပီး
“ နင္တို႔ေၾကာင့္ ဒီတစ္႐ြာလုံး ပ်က္စီးရေတာ့မယ္၊ ကိုယ္နဲ႔မဆိုင္တာ ဝင္ရႈပ္တဲ့ရလဒ္က ဘာလဲဆိုတာ မၾကာခင္ လက္ေတြ႕သိေအာင္ျပမယ္” လို႔ေျပာကာ ေျခလွမ္းက်ဲႀကီးေတြနဲ႔ ႐ြာျပင္ကိုထြက္သြားခဲ့လိုက္တယ္။
ေအာင္ျမတ္သာတို႔လဲ နတ္ဆရာထြက္သြားတာနဲ႔ ႏြားေနာက္ႏွစ္ေကာင္အနားကိုကပ္ၿပီး ပြတ္သပ္လိုက္ရာ လည္ပင္းမွာဆြဲထားတဲ့ ခေလာက္ထဲကေန ေသးငယ္စြာလိပ္ထားတဲ့ ေၾကးျပားႏွစ္ခ်ပ္ထြက္လာခဲ့တယ္။
“ နင္တို႔ကို အားနာလိုက္တာ…”
“ ရပါတယ္ ဂ်ာစိုင္း… ငါတို႔နားလည္ပါတယ္၊ ဒါနဲ႔ နင့္အေမက ဘာျဖစ္တာလဲ”
“ ငါလဲမသိဘူး… ညဘက္ေရာက္ရင္ ကိုယ္က မီးက်ီခဲလိုပူလာၿပီး ေခ်ာင္းေတြမနားတမ္းဆိုးေတာ့တာပဲ အခုလဲ ေခ်ာင္းဆိုးေနလို႔စကားေတာင္မေျပာႏိုင္ဘူး”
“ နင့္အေမေရာဂါကိုငါၾကည့္ေပးမယ္၊ အခုလာတဲ့သူေတြထဲမွာလဲ ေနမေကာင္းတဲ့သူရွိရင္ ငါ့ဆီလာဖို႔ေျပာေပး”
“ ေဟ… နင္တို႔ကေဆးဆရာေတြလား”
“ ေဆးပညာကို နည္းနည္းပါးပါး ေလ့လာထားတဲ့သူေတြပါ…”
ေအာင္ျမတ္သာတို႔လဲ ဂ်ာစိုင္းအေမကို စစ္ေဆးၾကည့္ရာ သူတစ္ပါးျပဳစားထားတာမဟုတ္ပဲ သာမန္နာတာရွည္ေရာဂါျဖစ္ေနတာကို သတိထားမိခဲ့ၾကတယ္။
“ ဂ်ာစိုင္း… နင့္အိမ္မွာ ပ်ားရည္ရွိလား”
“ ေအး ရွိတယ္… နင္ယူမလို႔လား”
“ ငါအသုံးလိုလို႔ ရွိတဲ့ပုလင္းယူလာေပးပါလား”
ဂ်ာစိုင္းလဲ သူကိုယ္တိုင္ဖြတ္ထားတဲ့ပ်ားရည္ပုလင္းကိုယူလာေပးရာ ေအာင္ျမတ္သာက အဖုံးေပါက္ထဲ ညာလက္ညိဳးထည့္ၿပီး မႏၲာန္တစ္ပုဒ္ကို ၂၇အုပ္႐ြတ္ဖတ္ေနခဲ့လိုက္တယ္။ မႏၲာန္႐ြတ္ဖတ္ၿပီးတာနဲ႔ ပ်ားရည္ထဲကို အင္းျပာအခ်ိဳ႕ထည့္ၿပီးတိုက္လိုက္ရာ ေခ်ာင္းဆိုးေနတဲ့လူနာက ခ်က္ခ်င္းၿငိမ္က်သြားခဲ့တယ္။
“ နင္ပ်ားရည္ထဲ ဘာထည့္လိုက္တာလဲ…ငါ့အေမ ေခ်ာင္းဆိုးတာ ခ်က္ခ်င္းကိုရပ္သြားပါလား”
“ ငါတို႔ပညာနဲ႔ကုလိုက္တာေလ၊ နင္အံ့ဩေနတာလား”
“ နင္တို႔ပညာက ထူးဆန္းလိုက္တာ… ဒါဆို ငါ့အေမကိုျပဳစားထားတဲ့အရာေတြ အကုန္ေပ်ာက္သြားၿပီေပါ့”
“ နင့္အေမကို ဘယ္သူမွျပဳစားထားတာမဟုတ္ဘူး.. ႏွစ္ေပါင္းမ်ားစြာအလုပ္လုပ္ခဲ့တဲ့ ဒဏ္ေတြေၾကာင့္ အခုလိုေရာဂါျဖစ္ေနတာပဲ”
“ နတ္ဆရာေျပာေတာ့ ငါ့အေမကို နတ္ျပဳစားထားတာဆို”
“ မဟုတ္ဘူး ဂ်ာစိုင္း… နတ္ဆရာေတြက နင္တို႔အသိေတြကိုေဝဝါးေအာင္လုပ္ေနတာ”
“ ဟင္”
“ ဟုတ္တယ္… သူက နင္တို႔ရဲ႕ယုံၾကည္မႈကို အလြဲသုံးစားလုပ္ေနခဲ့တာ၊ နင္သာ ယစ္ေကာင္ေတြကိုသတ္္မယ္ဆိုရင္ေတာင္
နင့္အေမက ေနျပန္ေကာင္းလာမွာမဟုတ္ဘူး”
“ ငါေတာ့ နင့္ကိုယုံၾကည္သြားၿပီ… အျခားသူေတြယုံၾကည္ေအာင္ နင္တို႔အစြမ္းကို ျပေပးပါ၊ ဒါမွ ငါ့႐ြာကလူေတြ ပိုယုံၾကလိမ့္မယ္”
ေအာင္ျမတ္သာတို႔လဲ ဂ်ာစိုင္းစကားေၾကာင့္ ႐ြာထဲမွာရွိတဲ့ လူမမာေတြကို သုံးေနရာခြဲၿပီး ၾကည့္ရႈေပးခဲ့ရာ တစ္ေန႔နဲ႔ တစ္ညတိတိအခ်ိန္ေတြကုန္သြားခဲ့ေပမယ့္ ပင္ပန္းမႈရဲ႕ ရလဒ္အျဖစ္ ဟဲခပါး႐ြာသူ႐ြာသားေတြရဲ႕ ယုံၾကည္မႈကိုရရွိခဲ့ၾကတယ္။
ေနာက္ရက္ေတြမွာလဲ အိမ္မွာတစ္ခုခုေပ်ာက္တာကအစ ႏြားကေလးေနမေကာင္းတာအဆုံး ေအာင္ျမတ္သာတို႔ဆီကိုလာေမးေနတာေၾကာင့္ ႐ြာလူႀကီးကိုယ္တိုင္ ေသနတ္ပစ္ေဖာက္ၿပီး ေမာင္းထုတ္ရတဲ့အထိျဖစ္လာခဲ့တယ္။
+++++
ေအာင္ျမတ္သာတို႔ ဟဲခပါး႐ြာကိုေရာက္ၿပီး တစ္ပတ္ခန႔္အၾကာ…
“ ေဆးဆရာ ေဆးဆရာ”
“ ေဟ့ ဒူလြမ္… ဘာျဖစ္လာတာလဲ”
“ ငါ့အိမ္ေဘးက ညီအစ္ကိုႏွစ္ေယာက္ ဘာျဖစ္လဲမသိဘူး… လာၾကည့္ေပးဦး”
ေအာင္ျမတ္သာတို႔လဲ ဒူလြမ္ဆိုတဲ့႐ြာသားရဲ႕စကားေၾကာင့္ ေဆးလြယ္အိတ္ကိုေကာက္လြယ္ကာ လိုက္သြားခဲ့ၾကတယ္။ အိမ္ေရွ႕ေရာက္ေတာ့ အေပါက္ဝမွာ အံႀကိတ္ၿပီး ေဆာင့္ေၾကာင့္ထိုင္ေနတဲ့ အသက္၂၀အ႐ြယ္ လူငယ္ႏွစ္ေယာက္ကိုျမင္ေတြ႕ လိုက္ရတယ္။
မ်က္လုံးျပဴးၿပီး အံႀကိတ္ေနတဲ့သူႏွစ္ေယာက္က ေအာင္ျမတ္သာတို႔ဝင္လာတာကိုလဲျမင္ေရာ ခ်က္ခ်င္းဆိုသလို ေက်ာေပးလ်က္အေနအထားကိုေျပာင္းသြားခဲ့တယ္။
“ နင္ေျပာတာသူတို႔ႏွစ္ေယာက္လား”
“ ဟုတ္တယ္ ေဆးဆရာ… မနက္အိပ္ယာကႏိုးထဲက အခုလို ထိုင္ေနတာပဲ၊ သူတို႔ဘာျဖစ္တာလဲ”
“ ၾကည့္ရတာေတာ့ အပမွီေနတဲ့ပုံပဲ… မေန႔က သူတို႔ဘယ္ကိုသြားၾကေသးလဲ”
“ေတာထဲကိုအမဲလိုက္ထြက္သြားတာေတာ့ျမင္တယ္၊ ဒါေပမယ့္ ဘယ္အခ်ိန္ ျပန္ေရာက္လာတယ္ဆိုတာေတာ့ငါလဲမသိဘူး”
ေအာင္ျမတ္သာလဲ ဒူလြမ္စကားေၾကာင့္ ေဆာင့္ေၾကာင့္ထိုင္ေနတဲ့သူႏွစ္ေယာက္ကို စိုက္ၾကည့္လိုက္ရာ အနက္ေရာင္ဝတ္စုံဝတ္ထားတဲ့ သူႏွစ္ေယာက္ သူတို႔ရဲ႕ခႏၶာကိုယ္ထဲပူးကပ္ေနတာကို ျမင္လိုက္ရတယ္။
“ အပမွီတာေသခ်ာၿပီ… ေမာင္ေကာင္း ေရတစ္ခြက္ယူလာေပး”
ေအာင္ျမတ္သာလဲ ေမာင္ေကာင္း ယူလာတဲ့ ေရထဲကို အင္းစမတစ္႐ြက္ထည့္ၿပီး လက္ညိဳးနဲ႔ေမႊေနတဲ့အခ်ိန္ အိမ္ေပါက္ဝမွာ ထိုင္ေနတဲ့သူႏွစ္ေယာက္ဆီကေန ငွက္ဖ်ားတက္သလို ညဥ္းသံေတြထြက္လာခဲ့တယ္။
“ ဆရာ… ဟိုမွာၾကည့္ဦး”
ခြန္းလွစကားေၾကာင့္ လွည့္ၾကည့္လိုက္ရာ ၿခံဝင္းထဲမွာရွိေနတဲ့ နတ္ကြန္းထဲကေန မီးေလာင္ေနသလို အလင္းေတြထြက္ေနတာကိုျမင္ေတြ႕လိုက္ရတယ္။
“ အဲဒီကိစၥေနာက္မွ လုပ္ၾကမယ္၊ အခု ဒီေရမန္းနဲ႔ ႏွစ္ေယာက္လုံးကိုျဖန္းလိုက္”
ေမာင္ေကာင္းလဲ ေရမန္းခြက္ကိုယူၿပီး ထိုင္ေနတဲ့လူႏွစ္ေယာက္ရဲ႕ေနာက္ေက်ာကို လက္နဲ႔ေတာက္လိုက္ရာ အနက္ေရာင္ဝတ္စုံဝတ္ထားတဲ့ လူႏွစ္ေယာက္ ခႏၶာကိုယ္ထဲကေနထြက္ေျပးသြားတာကိုျမင္လိုက္ရတယ္။
အဲဒီေတာ့မွ ေဆာင့္ေၾကာင့္ထိုင္ေနတဲ့သူႏွစ္ေယာက္လဲ မ်က္ျဖဴလန္ကာ ဗိုင္းခနဲလဲက်သြားခဲ့တယ္။
“ သူတို႔ႏွစ္ေယာက္ကိုေရမန္းတိုက္လိုက္ဦး”
ေမာင္ေကာင္းလဲ သတိလစ္ေနတဲ့ သူႏွစ္ေယာက္ရဲ႕ ပါးစပ္ထဲကိုေရစက္ခ်ေပးလိုက္ရာ ခ်က္ခ်င္းသတိျပန္လည္လာခဲ့တယ္။
“ ဒူလြမ္… သူတို႔မေန႔က ဘာျဖစ္ခဲ့တယ္ဆိုတာ ေမးၾကည့္ေပး”
ဒူလြမ္လဲ ေအာင္ျမတ္သာစကားေၾကာင့္ ညီအစ္ကိုႏွစ္ေယာက္နားကပ္သြားၿပီး တိုင္းရင္းသားဘာသာနဲ႔ေမးလိုက္၊ ဟိုကျပန္ေျပာတာကိုနားေထာင္လိုက္လုပ္ေနခဲ့တယ္။ ခဏေနေတာ့ အနားကိုျပန္ေရာက္လာၿပီး
“ သူတို႔မေန႔က အမဲလိုက္သြားေတာ့ ဖေယာင္းတိုင္ႏွစ္တိုင္ထြန္းထားတဲ့ နတ္စင္တစ္ခုကိုေတြ႕တယ္လို႔ေျပာတယ္၊ အရင္က အဲဒီေနရာမွာ နတ္စင္မရွိဘူးလို႔လဲေျပာတယ္”
“ အင္း… ေနာက္ေတာ့ ဘာျဖစ္ခဲ့ေသးလဲ”
“ သူတို႔ႏွစ္ေယာက္ နတ္စင္ကိုကန္ေတာ့ေနတဲ့အခ်ိန္ လုံကြင္းခပ္တိုတိုဝတ္ထားတဲ့လူႏွစ္ေယာက္ရဲ႕ေျခေထာက္ကိုျမင္လိုက္ရတယ္တဲ့၊ အဲဒီေနာက္ပိုင္း ဘာမွမသိေတာ့ပဲ အိပ္ေပ်ာ္သလိုျဖစ္သြားတာ အခုမွႏိုးလာတယ္တဲ့”
ေအာင္ျမတ္သာလဲ ဒူလြမ္စကားေၾကာင့္ ေဘးမွာပါလာတဲ့ ႐ြာလူႀကီးဘက္ကိုလွည့္ၿပီး
“ ဒီရက္ပိုင္း ႐ြာသားေတြကို ေတာမလိုက္ၾကဖို႔ ေျပာေပးပါ”
“ ေအးေအး ငါေျပာခိုင္းထားလိုက္မယ္၊ နင္တို႔အခုျပန္ေတာ့မွာလား”
“ ငါတို႔ သြားစရာတစ္ခုရွိေသးတယ္၊ နင္ျပန္ခ်င္ျပန္ေတာ့ေလ”
“ ဒါဆို ငါျပန္လိုက္ဦးမယ္”
႐ြာလူႀကီးထြက္သြားေတာ့ ေအာင္ျမတ္သာက နတ္စင္ကိုစိုက္ၾကည့္ၿပီး ႐ြာထိပ္က နတ္ကြန္းဆီကို ထြက္လာခဲ့လိုက္တယ္။
+++++
ေတာပန္းအခ်ိဳ႕နဲ႔ အရက္ပုလင္းအခ်ိဳ႕ ဆက္သထားတဲ့နတ္ကြန္းေရွ႕ေရာက္ေတာ့ ေအာင္ျမတ္သာက လူသြားလူလာကို အကဲခတ္လိုက္ၿပီး ႐ြာေစာင့္နတ္ကို စိတ္ထဲကေန ပင့္လိုက္ရာ ကခ်င္႐ိုးရာဝတ္စုံဝတ္ဆင္ထားတဲ့ အဖိုးအိုတစ္ေယာက္ ခါးကုန္းကုန္းနဲ႔ထြက္လာခဲ့တယ္။
ဦးေခါင္းကေျမႀကီးနဲ႔ထိလုမတတ္ျဖစ္ေနတဲ့အဖိုးအိုက ေအာင္ျမတ္သာေရွ႕ကိုေရာက္ေရာ ခါးကိုမတ္လိုက္ရာ ဆယ္ေပေလာက္ရွိတဲ့အထိ ျမင့္တက္သြားခဲ့တယ္။
“ သင္က ဒီ႐ြာေစာင့္နတ္လား”
“ ဟုတ္တယ္… ငါဒီ႐ြာကိုေစာင့္ေရွာက္လာတာ ႏွစ္ေပါင္း၁၅၀ေက်ာ္ၿပီ”
“ က်ဳပ္တို႔ကိုေခၚတဲ့အေၾကာင္းက ဘာမ်ားလဲ”
“ နင္တို႔ နတ္ဆရာကို စိတ္ဆိုးေအာင္လုပ္လိုက္တယ္မဟုတ္လား၊ အဲဒါသူက အေတာ္ေဒါသထြက္ေနတယ္၊ ႐ြာသားေတြကိုလဲ ဒုကၡေရာက္ေအာင္လုပ္မယ္လို႔ေျပာတယ္”
“ ဒါဆို ခုနကျဖစ္တဲ့ကိစၥက နတ္ဆရာေၾကာင့္ေပါ့”
“ ေအး… သူက နင္တို႔ကို ႐ြာကေန ေမာင္းထုတ္ခ်င္ေနတာ၊ နင္တို႔႐ြာမွာရွိေနတာကို မႀကိဳက္ဘူး၊ နင္တို႔ ႐ြာကေန ထြက္သြားၾကေတာ့”
“ သင္က ကိုယ့္႐ြာကို ကာကြယ္ရမယ့္အစား နတ္ဆရာအလိုကိုလိုက္ေနပါလား၊ ႐ြာထဲက လူေတြကိုလဲ သင္နဲ႔ နတ္ဆရာေပါင္းၿပီး ေျခာက္လွန႔္ဖမ္းစားေနၾကတာမဟုတ္လား ဟမ္”
ေအာင္ျမတ္သာစကားေၾကာင့္ ႐ြာေစာင့္နတ္အဖိုးအိုမ်က္ႏွာတင္းသြားၿပီး မ်က္ေထာင့္နီနဲ႔စိုက္ၾကည့္ကာ
“ ငါ့႐ြာကို နင္တို႔ေၾကာင့္ပ်က္စီးမွာမလိုခ်င္ဘူး… နင္တို႔မထြက္သြားဘူးဆိုရင္ ငါ့အေၾကာင္းသိမယ္” လို႔ေျပာၿပီး လွည့္ထြက္ဖို႔အလုပ္
“ ေျဖာင္း” ဆိုတဲ့အသံနဲ႔အတူ ႐ြာေစာင့္နတ္တစ္ပတ္လည္ကာလြင့္ထြက္သြားခဲ့တယ္။
ေအာင္ျမတ္သာကေတာ့ ခပ္ၿပဳံးၿပဳံးမ်က္ႏွာထားနဲ႔ ေဘးကိုၾကည့္လိုက္ရာ ကိုယ္ေရာင္ကိုယ္ဝါေတာက္ပစြာရပ္ေနတဲ့ ပုဂ္ရိဳလ္တစ္ပါးကိုျမင္ေတြ႕လိုက္ရတယ္။
႐ြာေစာင့္နတ္လဲ သူ႔ကို႐ိုက္ခ်လိုက္တဲ့ ပုဂၢိဳလ္ကိုျမင္ေတာ့ ေၾကာက္လန႔္စြာနဲ႔ ေျမႀကီးေပၚဝပ္ခ်လိုက္ၿပီး
“ ေျမနတ္မင္း ဘာအေၾကာင္းမ်ားရွိလို႔ ကိုယ္တိုင္ႂကြလာပါလဲ”
“ ငမိုက္သား… နင့္အျပစ္နင္မသိဘူးလား”
႐ြာေစာင့္နတ္ဆီက ဘာသံမွထြက္မလာပဲ လက္အစုံက ေျမႀကီးေပၚမွာတုန္ရီေနခဲ့တယ္။
“ နင္က ႐ြာသူ႐ြာသားေတြကိုေစာင့္ေရွာက္ရမယ့္အစား ဆြမ္နဲ႔ ဂ်ထုန္လိုမ်ိဳးလုပ္ေနပါလား”
(ကခ်င္နတ္မ်ားအနက္ ဆြမ္နဲ႔ဂ်ထုန္ နတ္တို႔ကား ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကိုပိုေပးစြမ္းႏိုင္တယ္လို႔ ယူဆၾကသည္)
“ မွားမွန္းသိပါၿပီ … ခြင့္လႊတ္ေပးပါ ေျမနတ္မင္း”
“ နင့္ကို အခုခ်ိန္ကစၿပီး ငါကိုယ္တိုင္ေစာင့္ၾကည့္မယ္၊ နင္လဲ နတ္ကြန္းအျပင္ကို တစ္လက္မေတာင္ မထြက္မိေစနဲ႔”
ေျမနတ္မင္းရဲ႕ႀကိမ္းဝါးသံအဆုံးမွာ ႐ြာေစာင့္နတ္ေပ်ာက္ကြယ္သြားခဲ့တယ္။
“ သင္က ဒီေျမကိုေစာင့္ေရွာက္တဲ့ ဘုမၼစိုးနတ္ႀကီးျဖစ္မယ္ထင္တယ္”
“ ဟုတ္ပါတယ္ဆရာ… ဆရာရဲ႕မေနာနဲ႔ပင့္ဖိတ္မႈေၾကာင့္ ကြၽႏ္ုပ္ေရာက္လာရျခင္းျဖစ္ပါတယ္”
“ မေန႔က ေတာလိုက္သြားတဲ့သူႏွစ္ေယာက္ အပမွီတာကိုလဲ ဘုမၼစိုးနတ္ႀကီးသိမယ္ထင္တယ္”
“ အပမွီတာက ေဂ်ဝါးနတ္ဆရာလက္ခ်က္ေၾကာင့္ျဖစ္လာတာပါ”
“ ေဂ်ဝါးနတ္ဆရာဟုတ္လား”
“ ေဂ်ဝါးေတြက နတ္ဆရာေျခာက္မ်ိဳးထဲမွာ အျမင့္ဆုံးသူေတြပဲျဖစ္တယ္၊ သူတို႔ရဲ႕ ၫြန္ၾကားခ်က္နဲ႔ နတ္ေတြကိုေ႐ြးခ်ယ္ပသၾကတရာမို႔ သူတို႔ရဲ႕ဩဇာက အတန္သင့္ႀကီးမားၾကတယ္”
“ ဒါေၾကာင့္ ႐ြာသားေတြက သူေျပာတာကို တစ္ေသြမတိမ္းလိုက္လုပ္ၾကတာကိုး”
“ ေဂ်ဝါးေတြထဲမွာ ေကာင္းတဲ့သူေတြရွိသလို ဆိုးတဲ့သူေတြလဲရွိတယ္၊အခုဆရာေျပာတဲ့နတ္ဆရာ ဘြန္ခါဆိုတဲ့သူက စုန္းအတတ္ကိုလဲ ေပါက္ေပါက္ေျမာက္ေျမာက္ျဖစ္ေအာင္ တတ္သလို ႐ြာေစာင့္နတ္၊ ၿခံေစာင့္နတ္ေတြကိုလဲ လိုသလိုေစခိုင္းႏိုင္တဲ့အထိ စြမ္းတယ္၊ သူအမ်က္ထြက္တဲ့႐ြာေတြဆိုရင္ တစ္႐ြာလုံးပ်က္တဲ့ထိ ဒုကၡေပးတတ္တာ”
“ ဘုမၼစိုးနတ္ႀကီးေျပာျပတဲ့အခ်က္ေတြက က်ဳပ္တို႔အတြက္ တကယ္အက်ိဳးရွိပါတယ္၊ ဒီအရပ္ဒီေဒသမွာ ဘြန္ခါလို လူစားမ်ိဳးမရွိေအာင္ က်ဳပ္တို႔ႀကိဳးစားေပးခဲ့ပါမယ္၊ သင္လဲ ကိုယ့္ဗိမၼာန္ကိုယ္ျပန္ႂကြခ်င္ျပန္ၾကလို႔ရပါၿပီ”
ေအာင္ျမတ္သာစကားေၾကာင့္ ဘုမၼစိုးနတ္ႀကီးရဲ႕ ခႏၶာကိုယ္က အခိုးေငြ႕ေတြအျဖစ္ေျပာင္းလဲကာ ေပ်ာက္ကြယ္သြားခဲ့တယ္။
“ ဆရာ … ခုနက ပုဂ္ရိဳလ္ဘာေတြေျပာသြားတာလဲ”
“ ငါတို႔ေတြ႕ခဲ့တဲ့နတ္ဆရာက စုန္းအတတ္လဲတတ္တဲ့အျပင္ သူ႔ကိုမထီေလးစားလုပ္တဲ့႐ြာေတြကိုလဲ ပ်က္ေအာင္လုပ္တဲ့အက်င့္ရွိတယ္လို႔ေျပာသြားတာ”
“ ဒါဆိုရင္ အပမွီေအာင္လုပ္တဲ့ကိစၥက သူ႔လက္ခ်က္မ်ားလား”
“ ဟုတ္တယ္… ငါတို႔အေနနဲ႔ ဒီေနရာမွာ သူ႔ကိုထိုင္မေစာင့္ေနပဲ သူရွိတဲ့ေနရာထိ လိုက္သြားမွျဖစ္ေတာ့မယ္”
“ ဒါေပမယ့္ သူကဘယ္မွာေနတယ္ဆိုတာ ကြၽန္ေတာ္တို႔မွမသိတာ”
“ ငါတို႔မသိေပမယ့္ ဂ်ာစိုင္းကေတာ့သိမွာပဲေလ၊ သူ႔ကိုေမးၿပီးသြားၾကတာေပါ့”
ေအာင္ျမတ္သာတို႔လဲ ခ်က္ခ်င္းပဲ ဂ်ာစိုင္းေနတဲ့အိမ္ကိုထြက္လာခဲ့လိုက္တယ္။
အိမ္ေရာက္ေတာ့ အက်ိဳးအေၾကာင္းေျပာျပလိုက္ရာ
“ သူေနတဲ့ေနရာ ငါသိတယ္… နင္တို႔ သုံးေယာက္ထဲသြားရင္ ေတာထဲလည္ေနလိမ့္မယ္”
“ နင္အေမ က်န္းမာေရးနဲ႔ အဆင္မေျပေလာက္ဘူးထင္တယ္”
“ အဟား ငါ့အေမက နင္တို႔ကုေပးလို႔ သက္သာေနၿပီ၊ စိတ္မပူနဲ႔”
“ ဒါဆိုရင္ မနက္အ႐ုဏ္တက္တာနဲ႔ ငါတို႔နင့္ဆီလာခဲ့မယ္”
“ ေအးေအး… လာခဲ့၊ ဒါနဲ႔ေလ ငါလဲ နင္တို႔လို ပညာေတြတတ္ခ်င္တယ္”
“ ငါတို႔ပညာသင္ခ်င္ရင္ အရက္ေသာက္လို႔မရဘူး၊ ႏြားသားကြၽဲသားစားလို႔မရဘူး၊ မိန္းမရွိလ်က္သားနဲ႔ အျခားတစ္ေယာက္ကို ယူလို႔မရဘူး၊ ဒါေတြနင္ လုပ္ႏိုင္ပါ့မလား”
ေအာင္ျမတ္သာစကားေၾကာင့္ ဂ်ာစိုင္းက ေခါင္းကုတ္လိုက္ၿပီး
“ ငါစဥ္းစားဦးမယ္…”လို႔ခပ္ျပတ္ျပတ္ျပန္ေျဖ ခဲ့တယ္”
++++++
ညကအရမ္းႀကီးမနက္ေသးေပမယ့္ တစ္႐ြာလုံးက တိတ္ဆိတ္ၿပီး ၿငိမ္သက္ေနခဲ့တယ္။ မၾကာခင္ ေအာင္ျမတ္သာရဲ႕နားထဲမွာ ေလတိုးသံလိုလို အသံတစ္ခုၾကားလိုက္ရတာေၾကာင့္ ေမာင္ေကာင္းနဲ႔ ခြန္းလွကိုႏႈိးၿပီး အိမ္ေရွ႕ထြက္ၾကည့္လိုက္ရာ သပိတ္လုံးေလာက္ရွိတဲ့ မီးလုံးတစ္လုံးက ဟဲခပါး႐ြာအေပၚမွာ ေ႐ြ႕လ်ားေနတာျမင္လိုက္ရတယ္။
“ ဆရာ… စုန္းေတာက္စားေနတာ၊ နည္းတဲ့အ႐ြယ္မဟုတ္ဘူးဗ်”
“ မီးအေရာင္ကလဲ ရဲခံေနတာပဲ… သာမန္ပညာသည္ေတာ့မဟုတ္ေလာက္ဘူးထင္တယ္”
ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔က သူတို႔ထင္ျမင္ခ်က္ကို ေျပာေနၾကတဲ့အခ်ိန္ အမ်ိဳးအမည္မသိတဲ့ စက္တစ္ခုက ေအာင္ျမတ္သာရဲ႕မ်က္ႏွာကိုလာစင္တာ
သတိထားမိခဲ့တယ္။
“ သူ႔ပညာစက္ေတြ ႐ြာေပၚကိုျဖန႔္ေနၿပီ… ဒါအခြင့္ေကာင္းပဲ၊ ေမာင္ေကာင္း တစ္႐ြာလုံး ႏိုးေအာင္ တစ္ခုခုလုပ္လိုက္၊ ငါသူ႔ကို ေျပးမရေအာင္ ခ်ဳပ္ထားမယ္”
ေမာင္ေကာင္းလဲ တစ္႐ြာလုံးႏိုးေအာင္ ဘာလုပ္ရမွန္းမသိျဖစ္ေနတဲ့အခ်ိန္ ႐ြာလူႀကီးအိမ္ေရွ႕မွာ ခ်ိတ္ထားတဲ့ သံေခ်ာင္းကိုသတိရသြားခဲ့တယ္။
“ ေဒါင္ ေဒါင္ ေဒါင္ ေဒါင္”
သံေခ်ာင္းေခါက္သံက်ယ္ေလာင္စြာေပၚလာတဲ့အတြက္ အိပ္ေနတဲ့သူေတြအားလုံး လန႔္ႏိုးလာၿပီး အိမ္ျပင္ကိုထြက္လာခဲ့ၾကတယ္။
ေအာင္ျမတ္သာကေတာ့ စုန္းေတာက္စားေနတဲ့ မီးလုံးကို ေ႐ြ႕လ်ားလို႔မရေအာင္ လက္ညိဳးနဲ႔ထိုးကာ ဖမ္းခ်ဳပ္ထားလိုက္တယ္။
“ မီးလုံးႀကီး ေကာင္းကင္မွာ ပ်ံေနပါလား”
“ တစ္ခါမွမျမင္ဖူးဘူး… အဲဒါဘာႀကီးလဲ”
႐ြာသားေတြရဲ႕အသံေတြေၾကာင့္ ေအာင္ျမတ္သာက မီးလုံးကို လက္နဲ႔ေအာက္ကိုဆြဲခ်ျပလိုက္ရာ “ ဝုန္း”ဆိုတဲ့အသံနဲ႔အတူ ေျမျပင္ေပၚကို ထိုးက်လာခဲ့တယ္။
“ ဟင္”
“ အို”
“ ဟာ”
မီးလုံးႀကီးက ေျမႀကီးေပၚေရာက္တာနဲ႔ နတ္ဆရာႀကီးျဖစ္သြားတာေၾကာင့္ ရပ္ၾကည့္ေနတဲ့သူေတြအကုန္လုံး အံ့ဩသြားခဲ့ၾကတယ္။
“ နတ္ဆရာက ဘယ္လိုလုပ္ၿပီး မိုးေပၚကက်လာတာလဲ၊ သူကတန္ခိုးရွိေနတာလား”
“ ဒါေၾကာင့္လဲ နာမည္ႀကီးေနတာကိုး”
႐ြာသားေတြရဲ႕တစ္ေယာက္တစ္ေပါက္စကားေတြေၾကာင့္ ေအာင္ျမတ္သာက နတ္ဆရာကိုလႊတ္ေပးလိုက္ၿပီး
“ နင္ပညာအမွန္က ဘာလဲဆိုတာ မေျပာဘူးဆိုရင္ ငါက လူတိုင္းသိေအာင္လုပ္ျပရလိမ့္မယ္”
“ ငါ့ပညာကို အကုန္လုံးသိေနၿပီေလ၊ သူတို႔က နင္ေျပာတာကိုယုံမယ္ထင္လား အဟက္အဟက္”
နတ္ဆရာစကားေၾကာင့္ ေအာင္ျမတ္သာက လြယ္အိတ္ထဲကေန နတ္မ်က္စိအင္းကို ထုတ္လိုက္ၿပီး သိမ္ဝင္သပိတ္ကြဲေပၚမွာမီးရႈိ႕လိုက္တယ္။ ၿပီးတာနဲ႔ရလာတဲ့ျပာကို လက္ေပၚတင္ၿပီး မိုးေပၚကိုမႈတ္ထုတ္လိုက္ရာ ျပာမႈန္ေတြက ေနရာအႏွံ႔ကိုပ်ံ႕လြင့္သြားခဲ့တယ္။
႐ြာသားေတြကလဲ တလက္လက္လြင့္ပ်ံ႕ေနတဲ့ျပာမႈန္ေတြကိုေငးၾကည့္ေနတဲ့အခ်ိန္ မ်က္လုံးေတြက်ိမ္းစပ္လာၿပီး မ်က္ရည္ပူေတြစီးက်လာခဲ့တယ္။
“ ဂ်ာစိုင္း… နင့္မ်က္လုံးကိုပြတ္ၿပီးၾကည့္လိုက္ ဘာျမင္ရလဲ”
“ နတ္ဆရာမ်က္ႏွာက ေၾကာက္စရာအသြင္ျဖစ္ေနပါလား၊ သူ႔ကိုယ္ထဲကေနလဲ မီးခိုးေငြ႕ေတြထြက္ေနတယ္၊ ေဘးမွာလဲ ႐ုပ္ဆိုးဆိုးေကာင္ေတြ အမ်ားႀကီးပဲ”
“ ဟုတ္တယ္… အဲဒါသူ႔ရဲ႕ပုံစံအမွန္ပဲ၊ ႐ြာသားေတြကိုလဲ မေၾကာက္ၾကဖို႔ သတိေပးလိုက္”
ဂ်ာစိုင္းလဲ ႐ြာသားေတြနားလည္ေအာင္ ေအာ္ေျပာေနတဲ့အခ်ိန္ နတ္ဆရာက သူ႔အေရွ႕မွာ မီးဟုန္းဟုန္းေတာက္ေနတဲ့ စည္းတစ္ခုဖန္ဆင္းလိုက္တယ္။
ေအာင္ျမတ္သာကလဲ နတ္ဆရာရဲ႕အနီးကိုကပ္လာၿပီး လက္ညိဳးနဲ႔စည္းတားလိုက္ရာ အျပာေရာင္မီးေတာက္ေတြ ဟုန္းခနဲထေတာက္လာခဲ့တယ္။
ဒီျမင္ကြင္းေတြက သာမန္လူေတြအဖို႔ ဘာမွျမင္ရမွာမဟုတ္ေပမယ့္ အျမင္ဖြင့္ခံထားရတဲ့ ႐ြာသားေတြအဖို႔ အထူးဆန္းသဖြယ္ျဖစ္ေနခဲ့ၾကတယ္။
နတ္ဆရာက ႐ြာသားေတြအေရွ႕မွာ ပညာၿပိဳင္ရမွာဆိုေတာ့ သူ႔တတ္ေျမာက္ထားတဲ့ပညာေတြ အကုန္ထုတ္သုံးပါေလေရာ။
ပထမဆုံးအေနနဲ႔ မီးစြဲေလာင္ေနတဲ့ နာနာဘာဝတစ္ေကာင္ေစလြတ္ၿပီး တိုက္ခိုင္းခဲ့ရာ ေအာင္ျမတ္သာက ေငြဖလားနဲ႔ သေျပခက္
ကိုင္ထားတဲ့ နတ္ေရစင္ကိုပင့္ဖိတ္ၿပီး ယွဥ္ၿပိဳင္ေစခဲ့တယ္။
နတ္ေရစင္က သူ႔ဆီဝင္လာတဲ့ နာနာဘာဝကို သေျပခက္နဲ႔ ပင့္႐ိုက္လိုက္ရာ အေနာက္ကို ဆယ္ေပေလာက္လြင့္ထြက္သြားခဲ့တယ္။
နတ္ဆရာက သူေမြးထားတဲ့တပည့္ကို အလြယ္တကူအႏိုင္ယူလိုက္တာေၾကာင့္ အနည္းငယ္ၿဖဳံသြားၿပီး ေဆးဘီလူး႐ုပ္ႏွစ္႐ုပ္ကို မီးေတာက္ထဲပစ္ထည့္ခ်လိုက္တယ္။
ဒီတစ္ခါမွာေတာ့ မီးေတာက္ထဲကေန တစ္ကိုယ္လုံးႂကြက္သားေတြဖုထစ္ေနတဲ့ ပုံဆိုးပန္းဆိုးဘီလူးႏွစ္ေကာင္ ထြက္လာခဲ့တယ္။
နတ္ေရစင္လဲ ေငြဖလားကို လက္ထဲမွာလွည့္ပတ္ကစားရင္း ဘီလူးႏွစ္ေကာင္ၾကားထဲကို ေျပးဝင္သြားခဲ့တယ္။ ညာဘက္မွာကိုင္ထားတဲ့ သေျပခက္နဲ႔ ေဆးဘီလူးႏွစ္ေကာင္ကို ႐ိုက္ခ်လိုက္ရာ ျဖန္းခနဲ မီးေတြပြင့္ထြက္လာ႐ုံမွအပ ဘီလူးႏွစ္ေကာင္က တုပ္တုပ္ပင္မလႈပ္။
႐ြာသားေတြကလဲ တစ္ခါမွမျမင္ဖူးတဲ့ ပညာၿပိဳင္မႈကို မ်က္ဝါးထင္ထင္ျမင္ေတြ႕လိုက္ရတဲ့အတြက္ အသက္ရႈဖို႔ပင္ေမ့ေလာက္တဲ့ထိ ျဖစ္ေနခဲ့ၾကတယ္။
ဘီလူးႏွစ္ေကာင္က နတ္ေရစင္ရဲ႕ ႐ိုက္ခ်က္ေတြကို ထုံေပေပနဲ႔ခံရင္း ႐ုတ္တရက္ ေရွ႕ေနာက္ညႇပ္လိုက္ရာ ဘယ္လက္မွာကိုင္ထားတဲ့ ေငြဖလားလြတ္က်သြားခဲ့တယ္။
ေငြဖလားမရွိတဲ့အတြက္ သေျပခက္က လက္ထဲကိုင္ထားရင္း ညိဳးႏြမ္းလာကာ ျပာမႈန္ေတြအျဖစ္ေျပာင္းသြားခ်ိန္မွာေတာ့ ေဆးဘီလူးႏွစ္ေကာင္ရဲ႕ တိုက္ခိုက္မႈေတြက ပိုမိုျပင္းထန္လာခဲ့တယ္။
လက္နက္မရွိေတာ့တဲ့ နတ္ေရစင္က ေဆးဘီလူးႏွစ္ေကာင္ရဲ႕ တိုက္ခိုက္မႈေတြကို အသဲအသည္ခုခံေနရင္း ေအာင္ျမတ္သာခ်ထားတဲ့ စည္းနားထိေရာက္လာခဲ့တယ္။ အဲဒီအခ်ိန္ အျပာေရာင္မီးေတာက္ေတြဟုန္းခနဲထေတာက္လာၿပီး နတ္ေရစင္ေပ်ာက္ကာ ဆူးႀကိမ္လုံးကိုင္ အင္းေစာင့္ႏွစ္ပါးထြက္ေပၚလာခဲ့တယ္။
ေတာင္ရွည္ခ်ိတ္ပုဆိုးကို ခါးေတာင္းက်ိဳက္ထားၿပီး အနီေရာင္သိုရင္းအက်ႌဝတ္ထားတဲ့ အင္းေစာင့္ႏွစ္ပါးက ေဆးဘီလူးႏွစ္ေကာင္ကို ႀကိမ္းနဲ႔႐ိုက္ရာ မာေက်ာပါတယ္ဆိုတဲ့ အသားေတြက ဖြာလန္က်ဲထြက္ကုန္ကာ စီရင္ထားတဲ့ ေဆးဘီလူး႐ုပ္ေတြ တစ္စစီလြင့္ထြက္ကုန္တယ္။
နတ္ဆရာလဲ သူ႔ရဲ႕အၾကမ္းရမ္းဆုံး ေဆး႐ုပ္ႏွစ္႐ုပ္ ပ်က္စီးသြားတာေၾကာင့္ ေဒါသထြက္ၿပီး ခႏၶာကိုယ္မွာရွိတဲ့ စက္ေတြကိုစုေပါင္းကာ ေအာင္ျမတ္သာဆီကိုပစ္လႊတ္လိုက္တယ္။ ဒါေပမယ့္ တားထားတဲ့စည္းကိုမေက်ာ္ႏိုင္ပဲ တစ္စစီျဖစ္သြားခဲ့တာေၾကာင့္ အေျခအေနမဟန္မွန္းသိၿပီး စုန္းေတာက္စားကာစက္ႀကိဳးဆင္ တက္ေျပးပါေလေရာ။
ေအာင္ျမတ္သာအေနနဲ႔ ဒီတစ္ခါေတာ့ မလႊတ္ေပးေတာ့ပဲ ဆင္ထားတဲ့စက္ႀကိဳးေတြကို လက္ဝါးေစာင္းနဲ႔ ခုတ္ခ်လိုက္ရာ ေပႏွစ္ဆယ္ေလာက္အျမင့္ကေန ဝုန္းဆိုျပဳတ္က်လာခဲ့တယ္။
ေျမႀကီးေပၚေရာက္ေတာ့ ပါးစပ္ထဲကေန ထြက္ေနတဲ့ေသြးေတြကို ေထြးထုတ္လိုက္ၿပီး ထီမထင္တဲ့အၾကည့္နဲ႔ ေမာ့ၾကည့္ေနတာကိုျမင္လိုက္ရတယ္။
“ အရႈံးေပးၿပီလား”
“ ထြီ… ငါဘဝမွာ အရႈံးေပးတယ္ဆိုတာမရွိဘူး၊ နင့္လိုလူဆီမွာလဲ ငါ့ပညာကိုမစြန႔္လႊတ္ႏိုင္ဘူး”
“ ဒါဆိုရင္ နင္က ပညာကို မစြန႔္ဘူးေပါ့”
နတ္ဆရာက ေအာင္ျမတ္သာကို ခါးခါးသီးသီးၾကည့္ၿပီး
“ နင့္ဆီမွာ ပညာစြန႔္မယ့္အစား ငရဲပဲသြားမယ္ေဟ့” လို႔ႀကိမ္းဝါးၿပီး လည္ပင္းမွာဆြဲထားတဲ့ က်ဳတ္ကိုဖြင့္ကာေသာက္ခ်လိုက္တယ္။
ျမန္ဆန္တဲ့အျဖစ္ပ်က္၊ ျပင္းထန္လြန္းတဲ့အဆိပ္ေၾကာင့္ စကၠန႔္ပိုင္းအတြင္းမွာပင္ တစ္ကိုယ္လုံးတြန႔္လိမ္ကာ ၿငိမ္သက္သြားခဲ့တယ္။
ေအာင္ျမတ္သာကေတာ့ စုတ္တစ္ခ်က္သပ္လိုက္ၿပီး
“ ဒီလိုပညာသည္ေတြက ငရဲမေၾကာက္ဘူးဆိုတာ တကယ္ပါပဲလား”လို႔ေရ႐ြတ္ရင္း ႐ြာလူႀကီး အိမ္ထဲကိုျပန္ဝင္သြားခဲ့တယ္။
ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ ႐ြာထဲကအိမ္ေတြမွာရွိတဲ့ နတ္စင္ေတြကို လိုက္စစ္ၾကည့္ရာ အားလုံးနီးပါး နတ္ဆရာေမြးထားတဲ့သရဲေတြ ခိုေအာင္းေနတာျမင္လိုက္ရတယ္။ အခ်ိဳ႕ေကာင္ေတြဆိုရင္ အစြယ္ေတာင္ေပါက္ေနတာေၾကာင့္ ဆန္မန္း၊သဲမန္းေတြအသုံးျပဳၿပီး ေမာင္းထုတ္ေပးခဲ့ရတယ္။
ေအာင္ျမတ္သာတို႔လဲ ဟဲခပါး႐ြာမွာ တစ္လနီးပါးေနထိုင္ၿပီးခ်ိန္မွာေတာ့ ဂ်ာစိုင္းအပါအဝင္ အမ်ိဳးသားငါးေယာက္ကို ဂိုဏ္းဝင္အျဖစ္လက္ခံေပးခဲ့ၿပီး ေတာင္တန္းေဒသမွာ ဂိုဏ္းေတာ္မ်ိဳးေစ့စတင္ခ်ေပးခဲ့တယ္။
ဟဲခပါး႐ြာကေန ျပန္ထြက္လာၿပီးေနာက္ပိုင္းမွာလဲ ပဌာန္းဆက္ပါတဲ့အရပ္ေဒသေတြကို လွည့္ပတ္သြားလာခဲ့ရာ ျမန္မာႏိုင္ငံအလယ္ပိုင္းမွာရွိတဲ့ ၿမိဳ႕တစ္ၿမိဳ႕ကိုေရာက္လာခဲ့တယ္။
ၿမိဳ႕ရဲ႕အေရွ႕ဘက္မွာေတာ့ ျမန္မာဘုရင္ေတြလက္ထက္ထဲက အသုံးျပဳခဲ့တဲ့ လူသတ္ကုန္းတစ္ခုရွိေနၿပီး လျပည့္လကြယ္ေန႔ေတြဆိုရင္ ကြပ္မ်က္ခံရမယ့္သူေတြရဲ႕ ေအာ္ဟစ္ငိုေႂကြးသံေတြလဲၾကားရတယ္ဆို႔ ဆိုစမွတ္ရွိခဲ့တယ္။
ေအာင္ျမတ္သာတို႔အေနနဲ႔ အေျခာက္အလွန႔္ၾကမ္းတဲ့ လူသတ္ကုန္းကို ဘာေၾကာင့္ေရာက္လာမလဲ၊ လူသတ္ကုန္းကေရာ တကယ္ပဲအေျခာက္လွန႔္ၾကမ္းတာလားဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္ သုံးဘဝခရီးၾကမ္း
ဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။
ေလးစားစြာျဖင့္
ေဇယန(ရာမည)