အောင်မြတ်သာနှင့်ရုပ်သေးခေါ်သံ

အောင်မြတ်သာနှင့်ရုပ်သေးခေါ်သံ
++++++++++++++++++++++
” ကျွီ……”
ဆိုင်ရှေ့ကို ထိုးဆိုက်လာတဲ့ ကုန်ကားသံကြောင့် ကောင်တာခုံမှာထိုင်နေတဲ့ ကိုသန်းကျော်တစ်ယောက်ပြာပြာသလဲလဲနဲ့အပြင်ကိုပြေးထွက်သွားခဲ့တယ်။
” ဗျို့ ကားဆရာ…. ကျုပ်အတွက်ပို့လာတဲ့ပစ္စည်းတွေပါတယ်မဟုတ်လား”
” ပါလို့ ဆိုင်ရှေ့ထိရောက်လာပေါ့ဗျ… ကိုသန်းကျော်ပစ္စည်းက အထဲရောက်နေတာမို့ အေးဆေးထိုင်ပါဦးဗျာ”
” ရပါတယ် အေးဆေးလုပ်ကြ… ကားဆရာလဲ ဆိုင်ထဲ၀င်ထိုင်ပါဦး…”
ကိုသန်းကျော်စကားကြောင့် ကားဆရာလဲ ဆိုင်ထဲကို၀င်လာခဲ့လိုက်တယ်။
” ကိုသန်းကျော် ဆိုင်က ပစ္စည်းတွေအတော်စုံလှချည်လား…. ဒါနဲ့ ဒီကိန္နရီ ကိန္နရာအရုပ်က လက်ရာအတော်မြောက်တာပဲနော်”
” လက်ရာမြောက်ဆို… ဒီအရုပ်က မန္တလေးဘက်ကိုသွားတုန်းရလာတာလေ… ထုလုပ်တဲ့သူက နန်းတွင်းပန်းပုဆရာမျိုးရိုးလို့ပြောတာပဲ”
” ခင်ဗျားကတော့လေ ဒီလိုလက်ရာကောင်းတဲ့ပစ္စည်းတွေရှာတဲ့နေရာမှာ နံပါတ်တစ်ပဲဗျို့…”
” ဟဲဟဲ… စီးပွားရေးသမားဆိုတော့လဲ သတင်းအစနရတာနဲ့ လိုက်ရတာပေါ့ဗျာ… ကဲဗျာ လက်ဖက်ရည်အရင်သောက်ပါဦး ပြီးမှလိုက်ကြည့်လဲရပါတယ်”
ကိုသန်းကျော်က အလုပ်သမားတစ်ယောက်လာချပေးတဲ့ လက်ဖက်ရည်ခွက်ကို ကားဆရာဆီကမ်းပေးလိုက်ပြီး နေကြာပန်းပုံထွင်းထုထားတဲ့ ကုလားထိုင်ပေါ်မှာထိုင်ချလိုက်တယ်။
” လက်ဖက်ရည်က ဆိမ့်နေတာပဲ .. ဒါ ဘယ်ဆိုင်ကမှာတာလဲဗျ”
” ရွှေလက်ရာဆိုင်ကမှာလိုက်တာလေ… ဒီဆိုင်က ဖွင့်တာမကြာသေးပေမယ့် လက်ရာက မြင်တဲ့အတိုင်းပဲဗျ”
ကိုသန်းကျော်နဲ့ ကားဆရာလဲ လက်ဖက်ရည်လေးသောက်လိုက် စကားလေးပြောလိုက်နဲ့လုပ်နေရာ နာရီ၀က်လောက်ကြာတော့ ကားနောက်လိုက် ဖိုးမှင်တစ်ယောက် အနားရောက်လာပြီး
” ဆရာ…. ပစ္စည်းတွေအကုန်လုံး ကားအောက်ကိုရောက်နေပြီ… ဆိုင်ထဲထည့်မထည့်လေးသိချင်လို့လာမေးတာ”
” အေးအေး… ပို့လက်စနဲ့ ဆိုင်ထဲထိရောက်အောင်သာပို့လိုက်တော့… လွတ်တဲ့နေရာမှာသာချထားလိုက်ကွာ”
ဖိုးမှင်လဲ ကျွန်းသေတ္တာနဲ့ထည့်ထားတဲ့ပစ္စည်းတွေကို အခြားအလုပ်သမားတွေနဲ့အတူ ထမ်းပိုးရင်း ဆိုင်ထဲကိုသယ်လာခဲ့လိုက်တယ်။
” ကိုသန်းကျော်ရေ… လက်ဖက်ရည်ကလဲကောင်း စကားကလဲကောင်းဆိုပေမယ့် အခြားပစ္စည်းတွေလိုက်ချရဦးမှာမို့ ခွင့်ပြုပါဦးဗျ”
” နောက်တစ်ခေါက် ရောက်မှပဲ အေးဆေးပြောကြတာပေါ့… ‌ကားကိုလဲဖြေးဖြေးမောင်းဦး”
” စိတ်ချကိုသန်းကျော်ရေ… ကျုပ်က အဝေးပြေးလမ်းမှာသာ မောင်းတာ… မြို့ထဲကျ နွားလှည်းလိုပဲမောင်းရတယ်ဗျို့…ဟားဟား”
ကားဆရာလဲ ကိုသန်းကျော်ကိုနှုတ်ဆက်ပြီး ဆိုင်ရှေ့ကနေ ထွက်သွားလိုက်တယ်။
++++++
” ဂျောက်…”
ဆိုင်တံခါးကို ဘွန်ထိုးပြီးတာနဲ့ ရေနံဆီမီးအိမ်ရဲ့ မီးစာကိုမြှင့်တင်လိုက်ရာ အခန်းတစ်ခုလုံး အလင်းရောင်တွေဖြာထွက်လာခဲ့တယ်။
” ဦးဖြိုးငြိမ်းကတော့ ငါ့အကြိုက်လက်ရာတွေစုပေးလိုက်တယ်ဆိုပဲ… ဘယ်လိုတွေထည့်ပေးလိုက်တယ်ဆိုတာ ကြည့်ရမယ်”
ကိုသန်းကျော်က တစ်ယောက်ထဲတီးတိုးရေရွတ်ပြီး နိုင်လွန်ကြိုးနဲ့တင်းကြပ်စွာစည်းထားတဲ့ ကျွန်းသေတ္တာနားကိုသွားကာ ကြိုးထုံးကို‌ဖြေချလိုက်တယ်။ ပြီးတာနဲ့ သေတ္တာအဖုံးကို ဖွင့်ကြည့်လိုက်ရာ အထဲမှာတော့ ရွှေရောင်မျက်နှာဖုံးနဲ့ ကျောက်ပွင့်တွေစီခြယ်ထားတဲ့ ရုပ်သေးရုပ်တွေအပြင် အခြားလက်မှုပစ္စည်းတွေကိုမြင်တွေ့လိုက်ရတယ်။
” ဒီတစ်ခါ ပို့လာတဲ့ပစ္စည်းတွေက တကယ့်ကိုရှေးဟောင်းလက်ရာတွေပဲ… အသားနားတွေကအစ ဖန်တီးထားတာတွေအဆုံး အနုစိပ်လိုက်တာ”
ကိုသန်းကျော်က ပစ္စည်းတွေကို တစ်ခုချင်းထုတ်ပြီး မျက်စိအရသာခံနေတဲ့အချိန် မှန်ပြောင်းထဲမှာထွန်းထားတဲ့မီးစာက တစ်ဖြေးဖြေးမှိန်ကျလာခဲ့တယ်။ အဲဒီချိန်မှာ မင်းညီမင်းသားပုံစံ၀တ်ဆင်ထားတဲ့ ရုပ်သေးရုပ်ကို ကိုင်ကြည့်နေတဲ့ချိန်မို့ အရုပ်ကိုသေတ္တာအောက်ခြေမှာထောင်လိုက်ပြီး မီးစာကိုပြန်မြှင့်တင်လိုက်တယ်။
မီးစာကိုသေချာညှိနေတဲ့အချိန် အနောက်ကနေ ရုတ်တရက်ဖြတ်ပြေးသွားတဲ့ အရိပ်ကိုအလင်းရောင်အောက်မှာ ဖျတ်ခနဲမြင်လိုက်ရတယ်။
” ဘာတုန်းဟ…”
တော်ရုံမကြောက်လန့်တတ်သူမို့ အရိပ်ဖြတ်ပြေးရာနေရာကို လိုက်ကြည့်ပေမယ့် ဘာမှမမြင်ရတဲ့အတွက် အမြင်မှားတာနေမှာပါလို့တွေးပြီး သေတ္တာထဲက ပစ္စည်းတွေကို အပြင်ကိုထုတ်ကာ စနစ်တကျစီနေရင်း..
” မနက်ဖြန် ဦးကောင်းစည်တို့ကိုအကြောင်းကြားရဦးမှာပဲ… အခုရောက်လာတဲ့ ပစ္စည်းအရည်အသွေးဆိုရင် ဈေးတောင်ဆစ်မှာမဟုတ်လောက်ဘူး…. ဟက်ဟက်”
ကိုသန်းကျော်က ရှေ့မှာချထားတဲ့ ပစ္စည်းတွေကို ကြည့်ပြီးကိုယ့်အတွေးနဲ့ကိုယ် သဘောကျစွာရယ်လိုက်တဲ့အချိန် သေတ္တာမှာထောင်ထားတဲ့ မင်းညီမင်းသားရုပ်လေးက ဘေးကို ဘုတ်ခနဲလဲကျသွားခဲ့တယ်။
” အမယ်… မင်းတို့ကိုရောင်းမယ်ပြောလို့ ခြေထောက်တောင်မခိုင်ပဲ ခွေလဲပြနေတာပေါ့လေ အဟက်အဟက်… ” လို့စနောက်ကာ ပို့လာတဲ့ပစ္စည်းတွေအားလုံးကို အရောင်းဗီဒိုလွတ်တစ်ခုထဲ ထည့်ထားလိုက်တယ်။
+++++++
” ရှပ် ရှပ်ရှပ်… ဂလောက် ဂလောက်”
ဆိုင်ခန်း‌ထဲကနေ လမ်းလျောက်နေတဲ့ ခြေသံကြောင့် ထပ်ခိုးပေါ်မှာအိပ်ပျော်လုဆဲဆဲဖြစ်နေတဲ့ ကိုသန်းကျော် ဖျတ်ခနဲလန့်နိုးလာခဲ့တယ်။
” ရှပ် ရှပ် ရှပ်”
ခြေသံကို ကြမ်းပြင်ကိုရှပ်ပြီးလျောက်နေတဲ့အသံ။
” သူခိုးများငါ့ဆိုင်ထဲ၀င်တာလား….”
ရုတ်တရက်အတွေးထဲပေါ်လာတာကြောင့် အိပ်ယာဘေးမှာဆောင်ထားတဲ့ သားရည်ပြားပတ်ဝါးဆစ်ပိတ်တုတ်ကို လက်တစ်ဖက်နဲ့ ကောက်ကိုင်ကာ နောက်လက်တစ်ဖက်မှာ လက်နှိပ်ဓါတ်မီးကိုဆုပ်ကိုင်ကာ ခြင်ထောင်ထဲကနေ အသာထွက်လာခဲ့လိုက်တယ်။
” ရှပ် ရှပ် ရှပ်…”
” ခြေသံက အောက်ထပ်မှာပဲကြားနေတာ … သေချာပီ သူခိုးပဲ”
ကိုသန်းကျော်လဲ ဓါတ်မီးခလုပ်ပေါ်လက်တင်ပြီး အသံကြားထဲနေရာကို ထိုးကြည့်လိုက်ရာ လူရိပ်နဲ့တူတာဆိုလို့ဘာမှမမြင်ရတာကြောင့် နားကြားမှားတာများဖြစ်နေမလားလို့တွေးကာ ပြန်လှည့်လိုက်တဲ့အချိန် သူ့ကိုရပ်ကြည့်နေတဲ့လူရိပ်တစ်ခုကို ရှေ့မှာရှိတဲ့ မှန်ထဲကနေ မြင်လိုက်ရတယ်။
” မြတ်စွာဘုရား… ဘာတုန်းဟ”
မှန်ထဲမှာမြင်တာနဲ့ချက်ချင်းနောက်လှည့်ကြည့်လိုက်ပေမယ့် ဘာမှမမြင်ရသလို မှန်ကိုပြန်ကြည့်တော့လဲ အရောင်းပစ္စည်းတွေကိုသာမြင်လိုက်ရတယ်။
” ငါ ဘာဖြစ်နေတာလဲ… စိတ်ထိန်းစမ်း စိတ်ထိန်းစမ်း… ”
သန်းကျော်လဲ ကိုယ့်ကိုယ်ကိုနှစ်သိမ့်ရင်း ဆိုင်ထဲအနှံ့ကို ဓါတ်မီးနဲ့လိုက်ကြည့်နေလိုက်တယ်။ သေချာစစ်ကြည့်ပြီးတဲ့ချိန် သက်ရှိနဲ့တူတာဆိုလို့ဘာမှမတွေ့တာကြောင့် အိပ်ယာထဲပြန်၀င်ပြီး လှဲချလိုက်တယ်။ အဲဒိနောက်ပိုင်း ဘာသံမှမကြားရတော့တဲ့အတွက် ဂယောက်ဂယက်ဖြစ်နေတဲ့ အတွေးတွေကိုထိန်းချုပ်ပီး အိပ်ပျော်အောင်ကြိုးစားအိပ်လိုက်ရာ တစ်ခဏချင်းအိပ်ပျော်သွားခဲ့တယ်။
++++++++
” ငါ့ကိုအစာကျွေးပါ… ဘာမှမစားရတာ ကြာနေပီ… ငါ့ကိုအစာကျွေးကြပါ….”
အိမ်မက်လိုလိုတကယ်လိုလိုကြားလိုက်ရတဲ့အသံကြောင့် မျက်လုံးကိုဖွင့်ဖို့ကြိုးစားလိုက်ပေမယ့် မျက်ခွံနှစ်ခုက ကော်နဲ့ကပ်ထားသလို စေးကပ်နေခဲ့တယ်။
” မျက်လုံးကိုမဖွင့်မိစေနဲ့…. နင်လုပ်ရမှာက မိုးလင်းတာနဲ့ ငါ့ကိုအစာကျွေးဖို့ပဲ”
အသံက ရှေ့ကနေထွက်လာလိုက် နောက်ကနေထွက်လာလိုက်နဲ့ လေထဲဝှေ့နေသလို ကြားနေခဲ့ရတယ်။
” ငါ့ကိုခေါ်လာပြီး အစာမကျွေးရင် တစ်ဆိုင်လုံး ဗြောင်းဆန်အောင် လုပ်ရလိမ့်မယ်… အဟီးအဟီး.. မိုးလင်းတာနဲ့ ထမင်းဖြူ ထမင်းနီ ထမင်းဝါ သုံးလုံးပေါ်မှာ မကျက်တကျက်အသားတုံးတွေတင်ပြီး မောင်လူပျိုစားသောက်ဖို့အတွက်ကျွေးပါတယ်လို့ ပါးစပ်ကသုံးကြိမ်တိတိပြော၊ ပီးရင်တော့ ဆိုင်ထဲက ခုံတစ်လုံးပေါ်မှာ တင်ထားပေးရမယ်၊ ငါပြောသလိုလုပ်ပေးရင် နင့်ဆိုင်ကို လူတွေလာအောင် ခေါ်လာပေးမယ်… မလုပ်ရင်တော့ မောင်လူပျိုအကြောင်း သိရမဟေ့”
အသံနက်ကြီးနဲ့ အော်ပြီး လှည့်ပတ်ပြေးနေတဲ့ ခြေသံတွေက အရောင်းပစ္စည်းတွေထည့်ထားတဲ့ ဗီဒိုတစ်လုံးရှေ့အရောက်မှာတော့ ငြိမ်သက်သွားခဲ့သလို ကိုသန်းကျော်လဲ အိပ်မက်ကနေ လန့်နိုးလာခဲ့တယ်။
” ဟူး… ဘာအိမ်မက်ကြီးလဲကွာ… ဒီတစ်ခါရလာတဲ့ပစ္စည်းတွေထဲ မသန့်တာတွေပါလာတာများလား”
နဖူးစပ်ပေါ်က ချွေးသီးချွေးပေါက်တွေကို သုတ်လိုက်ပြီး အနားမှာရှိတဲ့ ရေဘူးထဲကရေကို ကုန်စင်တဲ့ထိ သောက်ချလိုက်တယ်။
+++++
” ဆရာ… ဦးကောင်းစည်တို့ရောက်လာပြီ”
အလုပ်သမားကောင်လေးရဲ့စကားကြောင့် ကိုသန်းကျော်တစ်ယောက် ထိုင်ရာကနေထပြီး ခရီးဦးကြိုပြုလိုက်တယ်။
” ဟေ့ မောင်သန်းကျော်… ပစ္စည်းအသစ်တွေရောက်နေတယ်ဆို”
” ဟဲဟဲ… ဦးလေးတို့အကြိုက်တွေပါတာမို့ ချက်ချင်းသွားပြောခိုင်းလိုက်တာ”
” ပြစမ်းပါဦး… မင်းဆီရောက်လာတဲ့ပစ္စည်းတွေ”
‌ကိုသန်းကျော်လဲ ဗီဒိုထဲထည့်ထားတဲ့ ပစ္စည်းတွေကို တစ်ခုချင်းထုတ်ပြလိုက်ရာ ဦးကောင်းစည်က သေချာကြည့်ပြီး
” လက်ရာတွေက အတော်ကောင်းတာပဲ ဘယ်နယ်ဘက်ကနေ ရလာတာလဲကွ”
” နယ်ကတော့အစုံပဲ ဦးလေးရေ… ကျွန်တော် ဘကြီးက ခရီးစုံသွားနေတာဆိုတော့ သူရောက်တဲ့နေရာမှာ ပစ္စည်းကောင်းတွေ့ရင် ကြိုက်ဈေးပေးပြီး ၀ယ်ခဲ့တာပဲ”
ဦးကောင်းစည်က ရှေ့မှာရှိနေတဲ့ အရုပ်တွေကို ကြည့်နေရင်း မင်းညီမင်းသားပုံစံဖန်တီးထားတဲ့ရုပ်သေးရုပ်ကိုတွေ့တော့ မျက်မှောင်ကျုံ့ကာကြည့်လိုက်ပြီး
” ဒီအရုပ်က အတော်လိုက်ရာမြောက်တာပဲ… မျက်နှာကအစ အ၀တ်စားတွေအဆုံး အသေးစိတ်ဖန်တီးထားတာနော်”
” ကျွန်တော်လဲ ဒီအရုပ်ကို သဘောကျနေတာ… ဦးလေး ယူမယ်ဆို ဈေးလဲသင့်တင့်အောင်လုပ်ပေးမယ်”
” ဟုတ်ပီလေ… ဒီအရုပ်အပြင် အခြားအရုပ်တွေလဲယူပါဦးမယ်… ”
” ဟုတ်ကဲ့ပါဗျ…”
ကိုသန်းကျော်က ပစ္စည်းတွေရောင်းထွက်တော့မယ်ဆိုတော့ သွားကြီးဖြီးပြီးသဘောကျစွာပြုံးရယ်နေခဲ့တယ်။
+++++++
” ဖိုးသံလုံးရေ… ကားပေါ်က ပစ္စည်းတွေ ငါ့အခန်းထဲထည့်ပေးဦး”
ကားပေါ်ကဆင်းဆင်းချင်း ပြောလိုက်တဲ့ ဦးကောင်းစည်အသံကြောင့် ခြံထဲမှာမြက်ရှင်းနေတဲ့ ဖိုးသံလုံးက ကပြာကယာ ပြေးလာပြီး အရုပ်တွေထည့်ထားတဲ့ ကတ်ထူပုံးကိုယူကာ အိမ်ထဲကို၀င်သွားခဲ့တယ်။
” ဒေါ်ကုလားမ… ခဏနေကျရင် ဈေးထဲသွားပြီး ကြက်အဖြူတစ်ကောင်၀ယ်လာခဲ့.. တစ်ကိုယ်လုံးဖြူဆွတ်နေမှရမယ်နော်”
” ဟုတ်ကဲ့ ဦးလေး… သေချာရွေး၀ယ်လာခဲ့ပါမယ်”
ဦးကောင်းစည်က စားပွဲပေါ်ကို ပိုက်ဆံတင်ပေးလိုက်ပြီး အခန်းထဲကို၀င်လာခဲ့လိုက်တယ်။ အထဲရောက်တော့ ကတ်ထူပုံးထဲမှာပါလာတဲ့ အရုပ်တွေကို ထုတ်ယူလိုက်ပြီး သေချာစွာတန်းစီလိုက်တယ်။
” ဦးလေး… ကျွန်တော်ရောက်ပါပြီ”
” မောင်ငယ် လားဟေ့”
” ဟုတ်ပါတယ် ဦးလေး”
” အေးအေး ခဏစောင့်”
ဦးကောင်းစည်က အခန်းတံခါးကိုဖွင့်လိုက်ရာ အသက်၃၀အရွယ်လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
” ဦးလေးခေါ်ထဲက တစ်ခုခုထူးတော့မယ်ဆိုတာ ရိပ်မိတယ်…ဘာတွေရထားလို့လဲဗျ”
” မနက်က သန်းကျော်ဆိုင်ကိုရောက်တော့ ထူးဆန်းတဲ့ရုပ်သေးရုပ်တစ်ခုတွေ့ခဲ့တယ်… အဲဒီအရုပ်က ငါကိုင်လိုက်တာနဲ့ ရုန်းကန်နေသလိုလဲခံစားရတယ်…”
” ဒါဆို ဦးလေးရလာတဲ့အရုပ်က ခိုင်းစားလို့ရမယ့်ပုံပဲ”
” ငါလဲသေချာအောင် စမ်းကြည့်မလို့ ဒေါ်ကုလားမကို ကြက်တစ်ကောင်၀ယ်ခိုင်းထားတယ်… ခဏနေ လုပ်ငန်းစကြရအောင်”
မကြာခင် ဒေါ်ကုလားမရောက်လာပြီး ခြေထောက်တွေကိုကြိုးနဲ့ချည်ထားတဲ့ကြက်အဖြူတစ်ကောင်ကို လာပေးသွားခဲ့တယ်။ မောင်ငယ်လဲ ကြက်အဖြူကိုအရှင်လတ်လတ်လည်ပင်းလှီးဖြတ်လိုက်ပြီး တတောက်တောက်ကျလာတဲ့သွေးတွေကို ခွက်တစ်လုံးနဲ့ခံကာ ယူထားလိုက်တယ်။ ပြီးတာနဲ့ ဦးကောင်းစည်က အသင့်လုပ်ထားတဲ့ အင်းကွက်တစ်ရွက်ကို ရုပ်သေးရုပ်ရဲ့ ကျောမှာချည်ပြီး ဦးခေါင်းထက်ကနေ သွေးစိမ်းတွေကို တစ်စက်ချင်းချလိုက်ရာ မှိတ်နေတဲ့မျက်လုံးတွေ ဖျတ်ခနဲပွင့်လာခဲ့တယ်။
” မင်းက ဒီအရုပ်ကိုယ်ထဲမှာ ရှိနေတာလား… ဟုတ်တယ်ဆိုရင် မျက်တောင်နှစ်ချက်ခတ်ပြစမ်း”
ဦးကောင်းစည်စကားအဆုံးမှာ ရုပ်သေးရုပ်ရဲ့မျက်တောင်က နှစ်ချပ်တိတိခတ်သွားခဲ့တယ်။
” အခုကစပြီး ငါတို့ပြောတဲ့အတိုင်း လုပ်မယ်ဆိုရင် မင်းကို အစားကောင်းကောင်းကျွေးမယ်… ငါ့အမိန့်ကိုနာခံမှာလား”
ဒီတစ်ခါတော့ ရုပ်သေးရုပ်ရဲ့ ဦးခေါင်းက သိသိသာသာကြီး ငိုက်ကျသွားခဲ့တယ်။
” ဒီကောင်က ဘယ်ဆိုးလို့တုန်း… ပြောတဲ့အတိုင်းရသားပဲ”
” ဦးလေး… ဒီညသူ့ကိုစခိုင်းကြည့်မလား…”
” မင်းကိုအလုပ်အပ်ထားတဲ့သူရှိနေလို့လား မောင်ငယ်”
” အလုပ်အပ်ထားတယ်လို့တော့မဟုတ်ပေမယ့် ဒီကောင်ရဲ့ လုပ်ရည်ကိုင်ရည်ကို သိရအောင်စမ်းကြည့်ချင်လို့လေ… ”
” မင်းဘယ်သူနဲ့စမ်းမှာလဲ”
မောင်ငယ်က ဦးကောင်းစည် အနားကိုကပ်ပြီး တီးတိုးပြောလိုက်ရာ
” ဒါဆိုလဲ လုပ်ကြည့်ပေါ့ကွာ” လို့ပြောပြီး ရုပ်သေးရုပ်ကို ရှေးဟောင်းဗီဒိုတစ်လုံးထဲ ထည့်ထားလိုက်တယ်။
ဗီဒိုထဲမှာတော့ ကလေးကစားစရာအရုပ်တွေအပြင်၊ ပန်းပုရုပ်ပေါင်းများစွာရှိနေပြီး အားလုံးကို အနီရောင်ချည်ကြိုးတွေနဲ့ရစ်ပတ်ထားတာကိုလဲမြင်တွေ့လိုက်ရတယ်။
++++++
” ဆရာ…ဆရာ….”
” ဟေ ဘာဖြစ်တာတုန်း မောင်စံရ”
” ဆရာအမေ သတိလစ်သွားလို့တဲ့… ”
” ဟာ ဒုက္ခပါပဲ…. အေးအေး ငါအခုသွားလိုက်ဦးမယ်.. ဆိုင်ကိုသေချာကြည့်ထားပေးဦး”
ကျော်သန်းက ချက်ချင်းဆိုသလို ကောင်တာကနေ ထပြီး ဆိုင်ရှေ့မှာရှိနေတဲ့စက်ဘီကိုနင်းကာ ထွက်သွားခဲ့တယ်။ အိမ်ရှေ့ရောက်တော့ လူတွေစုပြုံနေတာကြောင့် အတင်းတိုး၀င်ပြီးကြည့်လိုက်ရာ မျက်ဖြူလန်ပြီး သတိရတစ်ချက်မရတစ်ချက်ဖြစ်နေတဲ့ မိခင်ဖြစ်သူကိူမြင်လိုက်ရတယ်။
” ဒေါ်မေသိန်း… အမေက ဘယ်လိုဖြစ်ရတာလဲ”
” ငါလဲသေချာမသိဘူး သန်းကျော်ရယ်… မနက်က ၀က်စာလာယူတော့ သတိလစ်နေတာတွေ့လို့ နင့်ဆိုင်က ကောင်လေးကို ပြောခိုင်းလိုက်တာ”
” အမေ… အမေ… သတိထားပါဦး…”
သန်းကျော်က ခြေတွေလက်တွေကိုနှိပ်နယ်ပေးနေတဲ့အချိန် အိမ်နီးနားချင်းတွေပင့်ထားတဲ့ ဆရာ၀န်ရောက်လာပြီး လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပေးတော့မှ သတိပြန်လည်လာခဲ့တယ်။
” ဆရာ.. အမေက ဘာဖြစ်တာလဲ”
” ရောဂါကတော့ ထွေထွေထူးထူးမစမ်းမိဘူးဗျ… သွေးခုန်နှုန်းလဲပုံမှန်ပဲ… ဆီးချိုစစ်တော့လဲမရှိဘူး… ဆရာထင်တာကတော့ အသက်ကြီးလာတဲ့အတွက် အားနည်းပြီးမေ့လဲတယ်လို့ပဲမြင်တယ်”
” ဟုတ်ကဲ့ပါဆရာ… ကျွန်တော်တို့ဘာဆေးတွေတိုက်ရမယ်ဆိုတာ ပြောခဲ့ပေးပါဦး”
” ဆေးညွှန်းတော့ရေးပေးလိုက်မယ်.. အဓိကကတော့ အားရှိတဲ့အစားအစာတွေကျွေးပေးပါ…အိပ်ရေးပျက်လဲမခံဖို့ပြောပေးပါ”
သန်းကျော်လဲ ဆရာ၀န်ပြောတဲ့အတိုင်း လိုက်မှတ်ပြီး ဆေး၀ယ်ဖို့ပြန်ထွက်လာခဲ့လိုက်တယ်။ ဆေးမ၀ယ်ခင် ဆိုင်ကိုသုံးရက်လောက်ပိတ်ဖို့ပြန်လာတဲ့အချိန် ဆိုင်ခန်းထဲမှာ လူသုံးယောက်ထိုင်နေတာကိုမြင်လိုက်ရတယ်။
” ဧည့်သည်တွေရောက်နေတာလား မောင်စံ”
” ဆရာကိုတွေ့ချင်တယ်ပြောလို့ ဆိုင်ထဲခေါ်ထားလိုက်တာ”
” ဟေ… ငါလဲတစ်ခါမှမတွေ့ပါဘူး… မင်းတို့လဲ ပစ္စည်းတွေသိမ်းလိုက်ကြတော့ ငါ့အမေ နေမကောင်းတာကြောင့် ဆိုင်ကိုသုံးရက်လောက်ပိတ်ရမယ်ထင်တယ်”
အလုပ်သမားတွေလဲ ခင်းကျင်းထားတဲ့ပစ္စည်းတွေကိုသိမ်းဆည်းနေတဲ့အချိန် သန်းကျော်က ဆိုင်ခန်းထဲလှည့်ပတ်ကြည့်နေတဲ့ ဧည့်သည်တွေဆီကိုသွားပြီး
” ဟိုလေ… ကျွန်တော်ကိုတွေ့ချင်တယ်ဆိုလို့…ဘယ်သူများလဲမသိဘူး”
” ဆိုင်မှာ လွန်ခဲ့တဲ့ရက်တွေတုန်းက ရုပ်သေးရုပ်အသစ်တွေရောက်လာသေးလား”
” မန္တလေးဘက်ကနေ ပို့လာတဲ့အရုပ်တွေတော့ ရောက်လာတယ်… ဘာများဖြစ်လို့လဲ”
” အဲဒီအရုပ်တွေရောက်လာတော့ ထူးထူးခြားခြား ဖြစ်စဉ်တွေဖြစ်သေးလား”
” ဟင်… ခင်ဗျားတို့က ဘယ်လိုသိတာလဲ”
” ဘယ်လိုသိလဲဆိုတာထက် အဲဒီအရုပ်တွေကြောင့် ဖြစ်လာမယ့်အရာတွေကိုပိုသတိထားရတော့မယ်”
” အရုပ်တွေအကြောင်းပြောဖို့ဆို ဆိုင်ဖွင့်မှ ပြန်လာလို့မရဘူးလား… ကျုပ်အမေနေမကောင်းဖြစ်တာကြောင့် ဆိုင်ကိုပိတ်ရဦးမယ်ထင်တယ်”
” ကောင်းပါပြီ… သင့်အနေနဲ့ ကျုပ်တို့ကိုတွေ့ချင်တယ်ဆိုရင် ဓမ္မရံသီဘုန်းကြီးကျောင်းကိုလာခဲ့ပါ..”
” ဟုတ်ပီ ဟုတ်ပီ ကျုပ်အခြားကိစ္စတွေရှိနေသေးတာမို့ သွားလိုက်ပါဦးမယ်”
သန်းကျော်လဲ ဆေး၀ယ်ဖို့ကိစ္စနဲ့လောနေတာမို့ စကားစကိုဖြတ်ပြီး ဆေးဆိုင်ဘက်ကိုပြန်ထွက်သွားခဲ့တယ်။
++++++++
ညသန်းခေါင်အချိန်….
” ဂလုန်း ဂွမ်း…”
အိမ်နောက်ဖေးကနေ ဒန်အိုးတွေပြုတ်ကျတဲ့အသံကြောင့် ဧည့်ခန်းမှာစာထိုင်ဖတ်နေတဲ့ သန်းကျော်တစ်ယောက် ခေါင်းထောင်လာပြီး
” ကြောင်တွေ သောင်းကျန်းနေပြန်ပီထင်တယ်…အမေ… အိပ်နေပီလား”
အခန်းထဲမှာအိပ်နေတဲ့ မိခင်ဖြစ်သူကိုလှမ်းမေးလိုက်ပေမယ့် အသံမကြားတာကြောင့် ဖတ်လက်စစာအုပ်ကို ချပြီးအိမ်နောက်ဖေးကိုထွက်လာခဲ့ရာ မနက်အတွက်ချက်ထားတဲ့ဟင်းအိုးကမှောက်လျက်အနေအထားဖြစ်နေတဲ့အပြင် တစ်ကိုယ်လုံးဟင်းဆီတွေပေကျန်နေတဲ့ မိခင်ဖြစ်သူကိုမြင်လိုက်ရတယ်။
” အမေ… ဘယ်လိုဖြစ်တာလဲ… ဒီအချိန်ကြီး ဟင်းအိုးနား ဘာသွားလုပ်တာလဲဗျ”
သန်းကျော်က စိတ်တိုသွားပေမယ့် မိခင်ဖြစ်သူနေမကောင်းဖြစ်နေတာကြောင့် စကားကိုထိန်းပြောလိုက်ပြီး ပေကျံနေတဲ့အ၀တ်တွေကို လဲရန် ဆွဲထူလိုက်တဲ့ချိန်
” ငါ့ကိုလွှတ်စမ်း…. ”
” အမေ … ဘာဖြစ်နေတာလဲ… အ၀တ်တွေမှာ ဟင်း‌ဆီတွေပေနေတာ လဲရမယ်လေဗျာ”
” ဘာလို့လဲရမှာလဲ… ဒီအနံ့လေးကို ငါကြိုက်တယ်… သူ့အရသာကိုလဲကြိုက်တယ်ဟဲ့”
မိခင်ဖြစ်သူက အ၀တ်မှာပေနေတဲ့ ဟင်းအဆီတွေကို လျာနဲ့ကုန်းယက်ပြီး စားနေတဲ့ပုံစံကြောင့် သန်းကျော်ရဲ့ ခန္ဓာကိုယ်ကနေ ကြက်သီးမွှေးညှင်းတွေ ထောင်တက်လာခဲ့တယ်။
” အမေ… အမေ စားချင်ရင် အသစ်ပြန်ချက်ပေးမယ်လေ… ဒီလိုကြီးတော့မလုပ်ပါနဲ့ အမေ့ကိုကြည့်ရတာ မသိရင် ဘီလူးသရဲစီးနေတဲ့ပုံစံကြီး”
” နင့်ပါးစပ်ကိုပိတ်ထားစမ်း… ငါ့ဘာသာ ဘာဖြစ်ဖြစ် နင်ပြောစရာမလိုဘူး… ငါနေချင်သလိုနေမယ် လာမပြောနဲ့”
“ဟာ တစ်ခုခုတော့ လွဲနေပြီ…”
သန်းကျော်က စကားပြောနေရင်း အိမ်ရှေ့ဘုရားကျောင်းဆောင်မှာတင်ထားတဲ့ ပရိတ်ရေဘူးကို ယူဖို့ထသွားတဲ့အချိန် လဲကျနေတဲ့မိခင်ဖြစ်သူက ရုတ်တရက်ကောက်ထလာပြီး အိမ်နံရံမှာချိတ်ထားတဲ့ ဓါးကိုဆွဲယူလိုက်ကာ
” အဲဒီရေဘူးကို ကိုင်တာနဲ့ ဒီဓါးကို ငါ့လည်ပင်းထဲထိုးစိုက်လိုက်မယ်… အဟီးအဟီးဟက်ဟက်… ယူရဲရင်ယူကြည့်စမ်း”
” အမေ သတိထားပါဦး… ဒုက္ခပါပဲဗျာ”
” နင့်အမေကို မသနားဘူးလား … သူ့လည်ပင်းထဲကနေ သွေးတွေထွက်လာတာမြင်ချင်လို့လား”
” ဟုတ်ပြီ … ရေမန်းဘူးကိုလဲမယူတော့ဘူး… လက်ထဲက ဓါးကိုလဲချထားလိုက်တော့”
သန်းကျော်စကားကြောင့် မိခင်ဖြစ်သူက ဗြီတီတီမျက်နှာထားနဲ့ ရယ်လိုက်ပြီး ကြမ်းပြင်ပေါ်ကျနေတဲ့ အသားတုံးတစ်တုံးကိုကောက်ယူကာ ပါးစပ်ထဲထိုးထည့်လိုက်တယ်။
သန်းကျော်လဲ ပတ်၀န်းကျင်ကို လှမ်းပြောဖို့လုပ်တဲ့အချိန် ဟင်းအိုးဘေးမှာ ငုတ်တုပ်ထိုင်နေတဲ့ မိခင်ဖြစ်သူက မျက်ထောင့်နီနဲ့စိုက်ကြည့်ပြီး
” အသံမထွက်နဲ့ တိတ်တိတ်လေးနေ… ငါကဆူညံတာမကြိုက်ဘူးနော်” လို့ပြောလိုက်တာကြောင့် သန်းကျော်လဲ ကြောက်လန့်တကြားနဲ့ ငုတ်တုတ်ထိုင်ကာ ကြည့်နေခဲ့ရတယ်။
မိခင်ဖြစ်သူက ဟင်းအိုးထဲကဟင်းတွေကုန်စင်အောင် စားပြီးချိန်မှာတော့ သမ်းဝေလာကာ ဟင်းတွေဖိတ်ကျနေတဲ့နေရာမှာတင်လှဲကာ အိပ်ချလိုက်တယ်။
သန်းကျော်လဲ ထူးဆန်းတဲ့ဖြစ်ရပ်ကြောင့် ကြက်သီးမွှေးညှင်းတွေထလောက်တဲ့ထိ ထိတ်လန့်သွားခဲ့ပေမယ့် စိတ်ကိုပြန်ထိန်းကာ အိပ်မောကျနေတဲ့မိခင်ဖြစ်သူကို အသာပွေ့ချီကာ အခန်းထဲကိုခေါ်သွားခဲ့လိုက်တယ်။ အခန်းထဲရောက်တော့ ညစ်ပတ်ပေရေနေတဲ့ အ၀တ်အစားတွေကိုလဲလှယ်ပေးပြီး သုတ်သင်ဆေးကြောပီးချိန်မှာတော့ ညကအတော်နက်နေပီမို့ အိပ်မောကျနေတဲ့မိခင်ဖြစ်သူရဲ့ဘေးမှာတင်ကျောဆန့်ချလိုက်ရာ ခဏလေးအတွင်းအိပ်ပျော်သွားခဲ့တယ်။
မနက်မိုးလင်းတော့ မိခင်ဖြစ်သူကို အိမ်နီးနားချင်းတွေနဲ့ ခဏအပ်ပြီး ဆိုင်ကိုလာသွားတဲ့သူတွေတည်းခိုရာ ဓမ္မရံသီဘုန်းကြီးကျောင်းဘက်ကိုထွက်လာခဲ့လိုက်တယ်။ ကျောင်းပေါ်ရောက်တော့ ဆရာတော်နဲ့ စကားလက်ဆုံကြနေတဲ့ လူသုံးယောက်ကိုမြင်တာနဲ့ အနားမှာထိုင်လိုက်ပြီး စကားပြောပြီးတဲ့ထိစောင့်နေခဲ့လိုက်တယ်။ တစ်အောင့်လောက်အကြာမှာတော့ ဆရာတော်က စကားစကိုဖြတ်ပြီး ကျက်သရေတိုက်ထဲပြန်ကြွသွားတဲ့အချိန်
” အိမ်မှာလဲထူးခြားတာတွေကြုံနေရပီလား” ဆိုတဲ့စကားကိုကြားလိုက်ရတယ်။
” ဟုတ်တယ်ဗျာ… ကျုပ်ဖြင့်တစ်ခါမှမကြုံဖူးတဲ့ဖြစ်ရပ်ကိုမျက်ဝါးထင်ထင်မြင်လိုက်ရတာပဲ… ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ သိအောင်လုပ်လို့ရမလားဗျ”
” ဒါကတော့ အိမ်ကိုလိုက်ပြီးကြည့်ပေးမှရမယ်…”
” ရပါတယ်ဗျ… ခြေကြွခလဲထိုက်တန်အောင်ပေးပါ့မယ်… ကူညီပေးပါဦးဗျာ”
သန်းကျော်စကားကြောင့် ဥပဓိရုပ်ကောင်းကောင်းနဲ့လူက သဘောကျစွာပြုံးရယ်လိုက်ပြီး
” ခြွေကြွခထက် မဖြစ်သင့်တာမဖြစ်ရအောင် ကျုပ်တို့ကလုပ်ပေးချင်တာပါ… ကဲ ရှေ့ကနေ လမ်းပြပြီးခေါ်သွားပေးပါဦး”
” ဟုတ်ကဲ့… ဟိုလေ ဆရာတို့ ဆိုင်ကိုလာတုန်းက ကျုပ်ဧည့်၀တ်မကျေတာတောင်းပန်ပါတယ်ဗျာ… အဲဒီတုန်းက မိဘအပူနဲ့မို့ ကိုယ်တိုင်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေလို့ပါ”
” မိဘအပေါ်သိတတ်တဲ့စိတ်ထားလေးကို မြင်တွေ့ရတာနဲ့တင် အရာအားလုံးကိုနားလည်ပေးလို့ရပါတယ်”
” ကျေးဇူးတင်ပါတယ်ဆရာတို့ရယ်… ဒါနဲ့ ဆရာတို့နာမည်လေးကိုသိပါရစေ”
” ကျုပ်ကိုတော့ အောင်မြတ်သာလို့ခေါ်ပါ… သူတို့နှစ်ယောက်က မောင်ကောင်းနဲ့ ခွန်းလှပါ”
” ဟုတ်ကဲ့ ဆရာအောင်မြတ်သာ… ဒီက ဆရာလေးတို့နာမည်ကိုလဲမှတ်ထားပါ့မယ်… ကျွန်တော်နာမည်ကတော့ သန်းကျော်ပါ”
ဒီလိုနဲ့ အောင်မြတ်သာတို့လဲ သန်းကျော်ရဲ့နေအိမ်ကို ရောက်သွားခဲ့ကြတယ်။ အိမ်ကိုရောက်တော့ အားနည်းတဲ့ပုံစံနဲ့ လှဲလျောင်းနေတဲ့ မိန်းမကြီးတစ်ယောက်ကိုမြင်တွေ့လိုက်ရပြီး သူ့ဘေးမှာတော့ ယပ်တောင်တဖျတ်ဖျတ်ခတ်ပေးနေတဲ့ အသက်၄၀အရွယ်မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။
” ဒေါ်လှမျိုး.. ဆရာတို့အတွက် ရေနွေးနဲ့ လက်ဖက်သုတ်လေးပြင်ပေးပါဦး”
” အေးအေး… ငါလုပ်လိုက်မယ်”
” ဆရာ ဒါကတော့ ကျွန်တော်အမေပါ… အခုရက်ပိုင်းမှာမှ ကျန်းမာရေးချို့တဲ့လာသလို အခြားထူးခြားမှုတွေလဲ ကြုံနေရတယ်ဆရာ”
သန်းကျော်စကားကြောင့် အောင်မြတ်သာတို့သုံးယောက်လဲ အိမ်အတွင်းဘက်ကို မျက်လုံးဝေ့ကြည့်လိုက်ရာ အိမ်နံရံမှာအလှချိတ်ဆွဲထားတဲ့ ရွှေရောင်မျက်နှာဖုံးတစ်ခုဆီကို အကြည့်ရောက်သွားခဲ့တယ်။
” ကိုသန်းကျော်… ဟိုးမှာချိတ်ထားတဲ့ မျက်နှာဖုံးက ဘယ်ကနေရလာတာလဲ”
” ဆရာပြောတာ ရွှေမျက်နှာဖုံးကိုပြောတာလား… အဲဒါက မန္တလေးဘက်ကရလာတာဆရာ…”
” ဒီပစ္စည်းရောက်တာ ဘယ်လောက်ကြာပြီလဲ”
” တစ်ပတ်လောက်တော့ရှိပြီ… ဘာများဖြစ်လို့လဲဆရာ”
” စိတ်ထဲမှာ ဒီမျက်နှာဖုံးကိုဘ၀င်မကျဖြစ်နေလို့ပါ… ကဲ မောင်ကောင်းနဲ့ ခွန်းလှတို့က အိမ်အတွင်းအပြင်အန္တရာယ်ကင်းအောင် လုပ်ပေးလိုက်ကြ… ငါကတော့ ဒီပြဿနာရဲ့ရင်းမြစ်ကို ‌ခေါ်ထုတ်လိုက်မယ်”
အောင်မြတ်သာလဲစကားဆုံးတာနဲ့ ဘုရားကျောင်းဆောင်မှာ ဖယောင်းတိုင်အမွှေးတိုင်တွေထွန်းပြီး ငါးပါးသီလခံယူကာ အထက်ဆရာတွေထံခွင့်ပြုမိန့်တောင်းခံလိုက်တယ်။ ပြီးတာနဲ့ ရေသန့်သန့်တစ်ခွက်ကိုတောင်းယူပြီး ညာဘက်လက်ညိုးထည့်ကာ မန်းမှုတ်ပြီး အိမ်အနှံ့ကိုဖက်ဖြန်းလိုက်တဲ့အချိန် နံရံမှာချိတ်ထားတဲ့ ရွှေရောင်မျက်နှာဖုံးက အသက်၀င်သကဲ့သလို့ တဆတ်ဆတ်တုန်လာပြီး ကြမ်းပေါ်ကို ပြုတ်ကျလာခဲ့တယ်။
ကြမ်းပေါ်ရောက်တော့လဲ ပုစွန်ဆိတ်ခုန်သလို တဖျတ်ဖျတ်ခုန်နေတာကြောင့် ရေမန်းကိုလက်ညိုးနဲ့ယူပြီး မျက်နှာဖုံးကို ဝိုင်းလိုက်တော့မှ ငြိမ်သက်သွားခဲ့တယ်။
” ဆရာ… ဒီမျက်နှာဖုံးကြောင့် အခုလိုဖြစ်နေတာများလား”
” ဖြစ်နိုင်ခြေများတယ်ဗျ… ခဏနေ သေချာသိအောင်ပြပေးပါ့မယ်”
ခဏနေတော့ သဲမန်းဆန်မန်းတွေကိုအိမ်အတွင်းအပြင်ပက်ဖြန်းနေတဲ့ မောင်ကောင်းနဲ့ ခွန်းလှတို့ပြန်ရောက်လာပြီး
” ခြံထဲမှာတော့ ထူးခြားတာမတွေ့ဘူးဆရာ… အိမ်ကိုဆန်မန်းနဲ့ပက်တဲ့ချိန်မှာတော့ ကြောက်လန့်ပီးအော်ဟစ်တဲ့ ယောင်္ကျားတစ်ယောက်ရဲ့အသံကိုကြားလိုက်ရတယ်”
” မင်းတို့ကြားတဲ့အသံက ဒီထဲကလာတာဖြစ်မယ်… ”
အောင်မြတ်သာကစကားပြောနေရင်း‌ ရွှေရောင်မျက်နှာဖုံးကို လက်ညိုးထိုးကာ အစောင့်ရှိရင် ထခုန်စမ်းလို့အမိန့်ပေးလိုက်ရာ ကြမ်းပေါ်မှာရှိနေတဲ့ မျက်နှာဖုံးက အပေါ်ကိုတစ်တောင်လောက်မြောက်တက်သွားတာကိုမြင်လိုက်ရတယ်။
” သေချာပြီ… ဒီကောင်ကြောင့်ပဲဖြစ်ရမယ်… ခွန်းလှ ရေမန်းစည်းကိုဖျက်ပေးလိုက်”
ခွန်းလှလဲ ရေမန်းစည်းကိုဖျက်ပေးလိုက်တဲ့အချိန် အိပ်ယာပေါ်မှာလှဲနေတဲ့ သန်းကျော်ရဲ့မိခင်က ဆောင့်ကြောင့်ထထိုင်ပြီး
” ငါ့နေရာ ငါ့ကိုပြန်ပို့ပေး… ဒီမှာနေရတာ ပူတယ်… နင်တို့တွေဘာလုပ်ထားကြတာလဲ” ဆိုပြီး၀မ်းခေါင်းသံနဲ့ အော်ပြောပါလေရော။
” သင်ဘယ်သူလဲ… ဘယ်လိုကြောင့် ဒီအိမ်ထဲကိုရောက်နေရတာလဲ”
” ငါ့ကို‌ဒီအိမ်ခေါ်လာတာလေ… ငါကလာတာမဟုတ်ဘူး”
” ဒါဆို သင်က မျက်နှာဖုံးနဲ့အတူ ပါလာတာလား”
” ဟုတ်တယ်… ငါက မျက်နှာဖုံးကိုစောင့်တဲ့သူပဲ”
” ကောင်းပြီ… သင့်ကို ဘယ်ပြန်ပို့ပေးရမလဲဆိုတာ ပြော.. နောက်ပြီး အိမ်သူအိမ်သားတွေကို ဖျားနာအောင်ပြုလုပ်ထားတာတွေ၊ ပူးကပ်နှောက်ယှက်တာတွေအားလုံး သင်နဲ့အတူတစ်ပါထဲယူသွားပေးပါ”
” ငါအခုသွားလို့မရသေးဘူး… မောင်လူပျိုမပါပဲ ငါသွားလို့မရဘူး”
” မောင်လူပျိုဆိုတာက ဘာကိုဆိုလိုတာလဲ”
” ငါနဲ့အတူပါလာတဲ့ ရုပ်သေးရုပ်… သူ့ကိုခေါ်ပေး”
အောင်မြတ်သာလဲ သန်းကျော်ကိုကြည့်လိုက်ပြီး ဘယ်လိုလဲဆိုတဲ့သဘောနဲ့ မေးငေါ့ပြလိုက်ရာ
” မောင်လူပျိုဆိုတာ မင်းညီမင်းသား၀တ်စုံ၀တ်ထားတဲ့ရုပ်သေးရုပ်ကိုပြောတာလား”
” ဟုတ်တယ် … မောင်လူပျိုက အဲဒီအရုပ်မှာနေတာ…”
” ဆရာ အဲဒီရုပ်သေးရုပ်က ကျွန်တော်မှာမရှိတော့ဘူး… ဦးကောင်းစည်လာ၀ယ်လို့ရောင်းပေးလိုက်တယ်”
” ဦးကောင်းစည်ဆိုတာက ဘာလုပ်တဲ့သူလဲ”
” သူက ရှေးဟောင်းပစ္စည်းတွေ၊ အနုပညာပစ္စည်းတွေကိုစုဆောင်းတဲ့သူတစ်ယောက်ပဲ… ကျွန်တော်ဆိုင်ရဲ့ဖောက်သည်ဆိုလဲမမှားဘူး”
” ဒါဆို သူ့ဆီသွားပြီး အကျိုးအကြောင်းပြောပြရတော့မှာပေါ့… သူ့အိမ်ရှိရာလမ်းပြပေးလို့ရလား”
” ရပါတယ်… ကျွန်တော်ကိုယ်တိုင်လမ်းပြပေးပါ့မယ်”
အောင်မြတ်သာလဲ စကားဆုံးတာနဲ့ မျက်နှာဖုံးစောင့်ပုဂ္ဂိုလ်၀င်ပူးနေတဲ့ သန်းကျော်ရဲ့မိခင်ကို ရေမန်းနဲ့တောက်လိုက်ရာ ခွေခနဲလဲကျသွားခဲ့တယ်။
” မောင်ကောင်း ဒီမျက်နှာဖုံးကို လွယ်အိတ်ထဲထည့်လာခဲ့”
မောင်ကောင်းလဲ မျက်နှာဖုံးကို လွယ်အိတ်ထဲထည့်ဖို့ကောက်ယူလိုက်တဲ့ချိန် တဆတ်ဆတ်နဲ့ခုန်နေတာကြောင့် အင်းကွက်ထိုးထားတဲ့လက်ဝါးနဲ့ နှစ်ချက်လောက်ရိုက်ချလိုက်တော့မှငြိမ်သက်သွားခဲ့တယ်။
သန်းကျော်လဲ မိခင်ဖြစ်သူကို ဒေါ်လှမျိုးနဲ့အပ်ပြီး ဦးကောင်းစည်နေထိုင်တဲ့အိမ်ရှိရာဘက်ကို လမ်းပြခေါ်ဆောင်လာခဲ့လိုက်တယ်။ မြို့အစွန်နေရာကိုရောက်တော့ အနီရောင်ဆေးတွေသုတ်ထားတဲ့ အုတ်တံတိုင်းတစ်ခုကိုတွေ့လိုက်ရပြီး အထဲမှာတော့ နို့နှစ်ရောင်ဆေးသုတ်ထားတဲ့ နှစ်ထပ်တိုက်တစ်လုံးကို ထည်ဝါစွာ‌ဆောက်ထားတာကိုမြင်တွေ့လိုက်ရတယ်။
အိမ်နားကိုရောက်တော့ မောင်ကောင်း လွယ်အိတ်ထဲမှာ ထည့်ထားတဲ့ မျက်နှာဖုံးရုပ်က ထိန်းမရအောင်ရုန်းကန်လာတာကို သတိထားမိခဲ့ကြတယ်။
” ဆရာ… အိတ်ထဲကကောင် အတော်ရုန်းနေတယ်… ”
” ဒီကိုပေး… မောင်ကောင်း”
အောင်မြတ်သာလဲ မောင်ကောင်းဆီက အိတ်ကိုလက်ဆင့်ကမ်းယူပြီး ညာလက်နဲ့ဖိထားလိုက်မှ ရုန်းကန်နေတာငြိမ်သက်သွားခဲ့တယ်။
” ဦးကောင်းစည်ရှိလား… ”
” ဘယ်သူလဲကွယ့်”
” ကျွန်တော်ပါ သန်းကျော်လို့ပြောရင်သူသိပါတယ်”
အသားမဲမဲမိန်းမကြီးက ခြံထဲကနေ သန်းကျော်ကိုလှမ်းကြည့်ပြီး အိမ်ထဲကို၀င်သွားကာ ခဏနေတော့ အရပ်မြင့်မြင့်ကိုယ်ထည်တောင့်တောင့် လူကြီးတစ်ယောက် အပြင်ကိုထွက်လာခဲ့တာကိုမြင်လိုက်ရတယ်။
“ဘယ်သူများလဲလို့… မောင်သန်းကျော်ပါလား …ဒါနဲ့ ဧည့်သည်တွေလဲပါလာတာဆိုတော့ အထဲ၀င်ကြလေ… ”
ဦးကောင်းစည်က အောင်မြတ်သာတို့ကို မသိမသာအကဲခတ်လိုက်ပြီး အိမ်ထဲကို၀င်ဖို့ပြောလိုက်တယ်။ အထဲရောက်တော့ လက်ရာမြောက်တဲ့ပန်းချီကားတွေနဲ့ အလှဆင်ထားတဲ့ အိမ်အပြင်အဆင်ကိုမြင်တွေ့လိုက်ရပြီး တိရိစ္ဆာန်တွေရဲ့ ဂျိုတွေကိုလဲ သူ့နေရာနဲ့သူ လှပသေသပ်စွာချိတ်ဆွဲထားတာကိုလဲမြင်တွေ့လိုက်ရတယ်။
” မောင်သန်းကျော်… ဘာကိစ္စများလဲကွယ့်”
” ကိစ္စကတော့ ဒီက ဆရာတွေက ဦးလေးနဲ့တွေ့ချင်တယ်ဆိုလို့ ခေါ်လာပေးတာပါ”
” အော်… ဒီက မိတ်ဆွေတွေက ကျုပ်ကိုသိနေတာလား”
” သိတာတော့မကြာသေးပါဘူး… ဦးကောင်းစည်အနေနဲ့ မောင်လူပျိုရုပ်သေးရုပ်လေးကို သူ့ဆိုင်ကနေ၀ယ်သွားတယ်ဆိုလို့ ဒီကိုရောက်လာခဲ့ကြတာပါ”
” ဟုတ်ပါတယ်… အဲဒါနဲ့မိတ်ဆွေတို့က ဘယ်လိုပတ်သတ်နေလို့ပါလဲ”
” ကျွန်တော်တို့နဲ့ပတ်သတ်တာတော့မဟုတ်ပါဘူး… ဒီမျက်နှာဖုံးနဲ့ပတ်သတ်လို့ရောက်လာခဲ့တာပါ”
အောင်မြတ်သာက လွယ်အိတ်ထဲထည့်ထားတဲ့ မျက်နှာဖုံးရုပ်ကိုထုတ်ပြလိုက်ရာ ဦးကောင်းစည်က အဖြစ်သဘောမျိုးနဲ့လှမ်းကြည့်လိုက်ပြီး
” ဒီမျက်နှာဖုံးနဲ့ ကျုပ်၀ယ်ထားတဲ့ရုပ်သေးရုပ်က ဘယ်လိုများပတ်သတ်နေလို့လဲ”
” တကယ်တော့ ဒီအရုပ်နှစ်ခုက သာမန်အရုပ်တွေမဟုတ်ဘူး… ဒီပစ္စည်းတွေထဲမှာ စောင့်‌ရတဲ့သူတွေရှိနေကြပါတယ်… သူတို့နှစ်ရုပ်ကို မူလယူခဲ့တဲ့နေရာကိုပြန်ထားပေးမှရမှာမို့ ဦးကောင်းစည်၀ယ်ယူထားတဲ့ မောင်လူပျိုရုပ်ကို ပြန်ရောင်းပေးဖို့ စကားကမ်းလှမ်းပါတယ်”
” ကျုပ်က ဒါတွေကိုအယုံအကြည်မရှိတဲ့အတွက် ပြန်မရောင်းနိုင်ပါဘူး… သန်းကျော် … မင်းနဲ့ငါနဲ့အလုပ်လုပ်လာတာကြာပီနော် ငါက ဒီလိုရှုပ်ရှုပ်ယှက်ယှက်တွေမကြိုက်ဘူးဆိုတာ မင်းသိပါတယ်… ကဲကဲ ငါလဲလုပ်စရာရှိသေးတာမို့ ဧည့်သည်တွေကိုပြန်ခေါ်သွားတော့”
ဦးကောင်းစည်က စကားဆုံးတာနဲ့ အခန်းထဲကိုတန်း၀င်သွားခဲ့တာကြောင့် အောင်မြတ်သာတို့လဲ အိမ်ထဲကနေ ပြန်ထွက်လာခဲ့လိုက်တယ်။
” ကျွန်တော်ကြောင့် အားလုံးမျက်နှာပျက်ကြရပြီ… တကယ်တောင်းပန်ပါတယ်ဗျာ”
” ရပါတယ်… ဒါတွေက သာမန်မျက်စိနဲ့မမြင်နိုင်တာတွေမို့ ဘယ်သူ့ကိုမှအပြစ်တင်လို့မရဘူး… စိတ်ထဲမထားနေပါနဲ့ဗျာ… အိမ်ရောက်ရင် မိခင်ဖြစ်သူကို သေချာဂရုစိုက်လိုက်ပါ”
” အမေက ဘာမှထပ်မဖြစ်တော့ဘူးလားဆရာ”
” ပုံစံကြည့်ရတာ အားနည်းနေတယ်လို့ထင်ရတယ်… အိမ်ရောက်ရင် အားရှိတာတွေ သုံးလေးရက်လောက်ကျွေးလိုက်ပါ… နောက်နေ့တွေအချိန်ရရင် အိမ်ကို၀င်လာခဲ့ပါ့မယ်”
အောင်မြတ်သာတို့လဲ သန်းကျော်နဲ့လမ်းခွဲပြီး ဘုန်းကြီးကျောင်းကိုပြန်လာခဲ့လိုက်ကြတယ်။
ဘုန်းကြီးကျောင်းကိုရောက်တော့ ဆရာတပည့်တွေ ခေါင်းချင်းဆိုင်ထိုင်ပြီး
” ဒီလူကြီးပုံစံက မူမမှန်ဘူးနော်ဆရာ…”
” ဟုတ်တယ်ဆရာ… သူ တစ်ခုခုကိုသိထားတဲ့ပုံပဲ”
” ငါလဲ မင်းတို့ထင်သလိုပဲ တွေးမိတယ်…. ငါတို့ထင်တာဟုတ်မဟုတ်ကို သေချာအောင် လုပ်လို့ရမယ့်နည်းတော့ရှိတယ်”
” ဘာနည်းလမ်းလဲဆရာ”
” မျက်နှာဖုံးစောင့်ပုဂ္ဂိုလ်ကို လွှတ်ပြီး မောင်လူပျိုကိုခေါ်ခိုင်းကြည့်ရမှာပဲ”
+++++
လမိုက်ညဖြစ်တဲ့အတွက် ဘုန်းကြီးကျောင်းတစ်ခုလုံး အမှောင်ထုကကြီးစိုးနေခဲ့တယ်။ အဲဒီအချိန် ဧည့်သည်တွေတည်းတဲ့အခန်းထဲမှာတော့ ဖယောင်းတိုင်မီးအလင်းရောင်ထွက်ပေါ်လာခဲ့တယ်။
” မောင်လူပျိုကိုပြန်ခေါ်ဖို့အတွက် သင့်အကူအညီလိုတယ်… သင်တို့နှစ်ယောက် ကိုယ့်နေရာကိုယ်ပြန်ချင်တယ်ဆိုရင် ကျုပ်ပြောတဲ့အတိုင်း လုပ်ပါ”
အောင်မြတ်သာက အရှေ့မှာချထားတဲ့ မျက်နှာဖုံးရုပ်ကို လက်ညိုးထိုးကာအမိန့်ပေးလိုက်ပြီး လက်နဲ့သပ်ချလိုက်ရာ မျက်နှာဖုံးထဲကနေ လူတစ်ယောက်ပုံစံအခိုးငွေ့တွေထွက်လာပြီး အတက်အဆင်းလှေကား၀မှာ ရပ်နေတာကိုမြင်တွေ့လိုက်ရတယ်။
” မောင်လူပျိုဘယ်မှာရှိတယ်ဆိုတာ သင်ခံစားမိတယ်မဟုတ်လား… “လို့မေးလိုက်တော့ မျက်နှာဖုံးစောင့်ပုဂ္ဂိုလ်ကခေါင်းငြိမ့်ပြခဲ့တယ်။
” ကျုပ်တို့လဲသင့်အနောက်ကလိုက်လာခဲ့မယ်… အခုချိန်ကစပြီး သင်ကို မောင်လူပျိုကိုပြန်ခေါ်ဖို့ တာ၀န်ပေးလိုက်ပြီ” လို့ပြောလိုက်ရာ အပေါက်၀မှာရပ်နေတဲ့ လူရိပ်က လှေကားကနေဆင်းကာ ဘုန်းကြီးကျောင်းအပြင်ဘက်ကိုထွက်သွားခဲ့လိုက်တယ်။
အောင်မြတ်သာတို့လဲ ရှေ့ကနေ သွားနေတဲ့ လူရိပ်နောက်ကိုထပ်ချပ်မကွာလိုက်သွားခဲ့ရာ ‌မနက်ကသွားခဲ့တဲ့ ဦးကောင်းစည်ရဲ့နေအိမ်ရှေ့ကိုရောက်လာခဲ့တယ်။ ဒါပေမယ့် မျက်နှာဖုံးစောင့်ပုဂ္ဂိုလ်က ခြံထဲကိုမ၀င်ပဲ တွန့်ဆုတ်နေတာကြောင့် အာရုံကိုစုစည်းပြီးကြည့်လိုက်ရာ ခြံ၀င်းထဲမှာ ဥဒဟိုသွားလာနေကြတဲ့ အရိပ်မဲမဲတွေကိုမြင်တွေ့လိုက်ရတယ်။
” ဆရာ… ဟိုမှာ လက်ညိုးထိုးပြနေတယ်”
အောင်မြတ်သာလဲ လက်ညိုးထိုးပြတဲ့နေရာကို ကြည့်လိုက်ရာ တောင်ရှည်ပုဆိုးကို သေသပ်စွာ၀တ်ဆင်ထားပြီး ဦးခေါင်းထက်မှာ ပန်းနီနီပန်ထားတဲ့ ယောင်္ကျားတစ်ယောက်က ခက်ထန်တဲ့မျက်နှာထားတဲ့ ခြံ၀င်းထဲလိုက်ကြည့်နေတာကိုမြင်တွေ့လိုက်ရတယ်။
မျက်နှာဖုံးစောင့်ပုဂ္ဂိုလ်က မောင်လူပျိုကိုမြင်တော့ ခြံထဲကို၀င်ဖို့လှမ်းလိုက်ရာ အထဲမရောက်ခင်မှာပဲ အနောက်ကိုပြန်ယိုင်ကျသွားခဲ့တယ်။
” ဆရာ သူ၀င်လို့မရဘူးထင်တယ်… ”
” ခြံ၀င်းထဲကို သူ့ခွင့်ပြုချက်မရပဲ ဘယ်သူမှ၀င်မရအောင်လုပ်ထားတာပဲ…”
မျက်နှာဖုံးစောင့်ပုဂ္ဂိုလ်က မောင်လူပျိုကို ခြေဟန်လက်ဟန်နဲ့ ခေါ်ပေမယ့် ဟိုက အဖက်တောင်မလုပ်ပဲ နေနေတာကြောင့် အောင်မြတ်သာအနားကိုပြန်ရောက်လာပြီး
” မောင်လူပျိုကို စိတ်ရိုင်း၀င်အောင်လုပ်ထားပြီနဲ့တူတယ်ဆရာ”
” သူရဲ့မူလစိတ်သဘောထားက ဘယ်လိုရှိလဲ”
” မောင်လူပျိုက လူတွေကိုကြောက်လန့်အောင်စနောက်တတ်တာကလွဲပြီး ကျန်တဲ့နေရာ အကူအညီပေးတဲ့သူပါ… အခုသူ့မျက်နှာက အရင်ထက်ပိုပြီးခက်ထန်နေသလိုပဲ”
” သင်အနေနဲ့ မောင်လူပျိုကိုခေါ်မရတာမို့ ကိုယ့်နေရာကိုယ်ပြန်နေပါ… ကျန်တာ ငါတို့စီစဉ်လိုက်မယ်”
အောင်မြတ်သာစကားအဆုံးမှာပဲ မျက်နှာဖုံးစောင့်ပုဂ္ဂိုလ်က ဖျတ်ခနဲပျောက်ကွယ်သွားကာ လွယ်အိတ်ထဲမှာရှိတဲ့မျက်နှာဖုံးထဲကိုပြန်၀င်သွားခဲ့တယ်။
” ဆရာ… ဘယ်လိုလုပ်ကြမလဲ… သူများနေအိမ်ထဲကိုမသိပဲ၀င်ရင် အပြစ်ကဖြစ်ဦးမယ်… မ၀င်ပဲနေရင်လဲ ဒီကောင်ကို ခေါ်ထုတ်လို့မရဖြစ်နေတယ်”
” အတတ်နိုင်ဆုံး ခေါ်ထုတ်ကြည့်ရမှာပေါ့…”
အောင်မြတ်သာက အမှောင်ထုထဲမှာ ရပ်နေရင်း မျက်လုံးကိုမှိတ်ကာအာရုံခံလိုက်ရင်ပဲ မင်းညီမင်းသား၀တ်စုံပုံစံဖန်တီးထားတဲ့ ရုပ်သေးရုပ်တစ်ရုပ်ကို အနီရောင်ကြိုးတွေနဲ့ရစ်ပတ်ထားတာမြင်တွေ့လိုက်ရတယ်။
” သူ့ရဲ့မူလကိုယ်က အိမ်ထဲမှာရှိနေတာပဲ…”
” ကျွန်တော် အသာလေး၀င်ပြီး အရုပ်ကိုယူလာခဲ့ရမလားဆရာ”
” သူတစ်ပါးအိမ်ထဲကပစ္စည်းကို ပိုင်ရှင်မသိပဲယူတယ်ဆိုတာ ခိုးတာပဲကွ… ငါတို့လဲ တတ်စွမ်းသလောက်ကြိုးစားခဲ့ပေမယ့် ကာယကံရှင်က ခွင့်မပြုတော့လဲ ဘယ်တတ်နိုင်ပါ့မလဲ”
” ဒါဆို လက်လျော့လိုက်ကြတော့မှာလားဆရာ”
” ဦးကောင်းစည်ဆိုတဲ့လူက ခေသူတော့မဟုတ်ဘူး… သူသာ ဒီလိုအတတ်ပညာနဲ့ သူတစ်ပါးကိုထိခိုက်အောင်လုပ်မယ်ဆိုရင်တော့ ငါတို့နဲ့ပြန်ဆုံရမှာပါ… အခုတော့ သူ့ဘက်ကအရေးသာနေတာမို့ မောင်လူပျိုကို ဒီတိုင်းထားခဲ့လိုက်ရတော့မှာပဲ”
အောင်မြတ်သာ စကားအဆုံးမှာ လွယ်အိတ်ထဲမှာရှိတဲ့ မျက်နှာဖုံးဆီကနေ ပြင်းထန်တဲ့လှုပ်ရှားမှုကိုခံစားလိုက်ရတယ်။
” စိတ်မကောင်းမဖြစ်ပါနဲ့… သင့်သူငယ်ချင်းက တစ်ချိန်ကျရင်သင်တို့ဆီပြန်ရောက်လာအောင် ကျုပ်ကူညီပေးပါ့မယ်… အခုတော့ သင်တစ်ယောက်ထဲ မူလနေရာကိုပြန်သွားရတော့မယ်” လို့ပြောကာ ဘုန်းကြီးကျောင်းရှိတဲ့ဘက်ကိုပြန်ထွက်လာခဲ့လိုက်တယ်။
+++++
” ဆရာကြီး… ကိုမောင်ငယ်ရောက်နေတယ်”
အိမ်ဖော်အလုပ်သမားဒေါ်ကုလားမအသံကြောင့် ကော်ဖီသောက်နေတဲ့ ဦးကောင်းစည်က ၀င်လာဖို့လက်နဲ့ပြလိုက်ပြီး မုန့်ခြောက်တစ်ခုကိုယူစားလိုက်တယ်။
” ဦးလေး…. ကျွန်တော်ရောက်ပါပြီ”
” အေး မောင်ငယ် လာထိုင်…မင်းကိစ္စရောအဆင်ပြေရဲ့လား”
” မောင်လူပျိုကျေးဇူးနဲ့ ခြံတစ်ကွက်ကို ဈေးပေါပေါနဲ့ရလိုက်တယ်”
” ဒါဆို ဒီကောင်ကိုခိုင်းလို့ရသားပဲ”
” မနေ့ညက ဘာဖြစ်သွားသေးလဲဦးလေး”
” သူတို့ရောက်လာကြပေမယ့် ခြံထဲကိုတော့မ၀င်ခဲ့ဘူး..”
” ဦးလေးရဲ့ ပညာကိုမယှဉ်နိုင်လို့ မ၀င်လာကြတာနေမှာ”
” မဟုတ်ဘူး မောင်ငယ်ရဲ့… သူတို့ရဲ့ဟိတ်ကလဲ ငါခံစားမိရသလောက်အတော်ကိုကြီးတယ်… ဒီလိုပုံစံနဲ့ဆို ခြံထဲ၀င်ပြီး အကုန်လုံးကို ဗြောင်းဆန်အောင် လုပ်သွားလို့ရတယ်ကွ… ဒါပေမယ့် သူတို့မလုပ်ခဲ့ဘူး”
” ဒါဆို ဦးလေးက သူတို့ကိုစောင့်ကြည့်နေခဲ့တာပေါ့”
” သန်းကျော်ခေါ်လာထဲက ငါကရိပ်မိနေတာ ဒါကြောင့် မင်းခေါ်သွားတဲ့ မောင်လူပျိုကို ချက်ချင်းပြန်ပို့ခိုင်းခဲ့တာပဲ…”
” မောင်လူပျိုက ခြောက်လှန့်တဲ့နေရာ အတော်အားကိုးရတယ်… အဲဒါကို ဦးလေးက ချက်ချင်းပြန်ခေါ်လာဆိုတော့ အစကအံ့အားသင့်သွားသေးတာ…”
မောင်ငယ်ရဲ့စကားကို ဦးကောင်းစည်က ခပ်ပြုံးပြုံးမျက်နှာထားနဲ့ နားထောင်ပြီး အပြင်မှာချိတ်ထားတဲ့ မောင်လူပျိုရုပ်သေးရုပ်ကို ဗီဒိုထဲထည့်ကာ တံခါးနှစ်ချပ်ကို ဆွဲပိတ်လိုက်တယ်။
++++++++
အောင်မြတ်သာတို့လဲ ဓမ္မရံသီဘုန်းကြီးကျောင်းမှာ ဆယ်ရက်လောက်တည်းခိုပြီးတဲ့နောက်မှာတော့ ကျောင်းထိုင်ဘုန်းကြီးရဲ့တူဖြစ်သူနေတဲ့ မြို့မှာကြုံတွေ့နေရတဲ့ မြေပြဿနာတစ်ခုကို ဖြေရှင်းပေးခဲ့ကြတယ်။
မြေပြဿနာနဲ့နောက်ကွယ်မှာ ဘယ်သူရှိနေမလဲဆိုတာကိုတော့အောင်မြတ်သာနှင့် ခြောက်စားလှန့်စားပေတများဆိုတဲ့၀တ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)