“အောင်မြတ်သာနှင့်သွေးရောင်လွှမ်းသောည”(စ/ဆုံး)

Unicode Version

“အောင်မြတ်သာနှင့်သွေးရောင်လွှမ်းသောည”(စ/ဆုံး)
——————————————————————

ရွှေရောင်အဆင်းတွေ တဖိတ်ဖိတ်တောက်ပနေတဲ့ နန်းဆောင်တစ်ခုရဲ့အလယ်မှာတော့ လွန်စွာခမ်းနားထည်ဝါတဲ့အဆင်တန်ဆာကို ဝတ်ဆင်ထားတဲ့နတ်တစ်ပါးစံမြန်းနေခဲ့တယ်။ သူ့ရဲ့ ဘေးပတ်ပတ်လည်မှာတော့ လက်နက်မျိုးစုံကိုင်စွဲ ထားတဲ့နတ်စစ်သည်ပေါင်းများစွာက ပြုံးရယ်ခြင်း အလျှင်းမရှိတဲ့မျက်နှာထားနဲ့ ခြံရံထားကြတယ်။

နန်းဆောင်တစ်ခုလုံး အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်ငြိမ်သက်နေသလို ခစားနေကြတဲ့ နတ်သားနတ်သမီးအပေါင်းကလဲ ပလ္လင်ထက်မှာ ထိုင်နေတဲ့ပုဂ္ဂိုလ်ရဲ့ နှုတ်ထွက်စကားကို စောင့်စား နေခဲ့ကြတယ်။

“ ဒေဝပုတ္တကို အခုထိမတွေ့ကြသေးဘူးလား”

ဟိန်းခနဲထွက်လာတဲ့အသံကြောင့် အသွားကိုးခုရှိတဲ့ လှံကို ကိုင်ဆောင်ထားတဲ့ နတ်စစ်သေနာပတိက ရှေ့ကိုထွက်လာပြီး

“ နတ်မင်းကြီးရဲ့အမိန့်နဲ့ ဒေဝပုတ္တကို သွားရောက်ခေါ်ဆောင်နေကြတဲ့ နတ်စစ်သည်တွေ အခုထိမရောက်လာသေးကြောင်းပါ”

“ ဒေဝပုတ္တကိုစောင့်ကြည့်ထားဖို့ မိန့်ထားတာတောင် ဘယ်လိုကြောင့် လွှတ်သွားတာလဲဆိုတာ လျောက်တင်စမ်း”

“ ဒေဝပုတ္တက သူ့ကိုယ်သူသေးငယ်တဲ့ ပျားတစ်ကောင်အဖြစ်ဖန်ဆင်းပြီး စောင့်ကြပ်နေတဲ့ စစ်သည်တွေကိုလှည့်စားသွားတယ်လို့သိရပါတယ်”

“ မျက်စိအောက်ကပျောက်တာနဲ့ ပြဿနာရှာဖို့ပဲ တွေးတောနေတာပါလား၊ ဒါနဲ့ သူပညာစွမ်းတွေ ပေးထားတဲ့ လူကိုရော ရှာတွေ့ပြီလား”

“ လွန်ခဲ့တဲ့အချိန်အနည်းငယ်က ‌ဒေဝပုတ္တပေးထားတဲ့ အစွမ်းကိုသုံးပြီး နာမ်လောကတံခါးကို ဖျောက်ဖျက်လိုက်တာကို ခြေရာခံမိပါတယ်၊ ဒါပေမယ့် တည်ရှိနေတဲ့ အစွမ်းပကားတွေကိုတော့ မနှုတ်ယူရသေး ကြောင်းပါဘုရား”

နတ်စစ်သေနာပတိစကားအဆုံးမှာ ဗိမ္ဗာန်အပြင်ကနေ မြင်းဟီးသံကြားလိုက်ရတာကြောင့် ခစားနေတဲ့သူတွေအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး အဝင်ဝကိုလှမ်းကြည့်လိုက်ကြတယ်။

“ ဒေဝပုတ္တရောက်လာပြီထင်ပါတယ်ဘုရား”

နတ်မင်းကြီးလဲ အပြင်ကိုကြည့်လိုက်ရာ မြင်းဖြူအကောင်သုံးဆယ်ကတဲ့ နတ်မြင်းရထားပေါ်ကနေ ဘယ်သူ့ကိုမှ ထီမထင်တဲ့ မျက်နှာထားတဲ့ ဆင်းလာတဲ့ ဒေဝပုတ္တကို မြင်လိုက် ရတယ်။

သူ့အနောက်မှာတော့ လက်နက်မျိုးစုံကိုင်ဆောင် ထားတဲ့ ပရနိမ္မိတတဝသဝတီပြည်က အထင်ကရ နတ်စစ်သည်တွေလိုက်ပါလာခဲ့တယ်။

‌ဒေဝပုတ္တက ရွှေရောင်တဖိတ်ဖိတ်တောက်နေတဲ့ နတ်ဝတ်တန်ဆာကို ခါယမ်းပြီးလျောက်လမ်းထဲ ဝင်လာခဲ့ပေမယ့် သူ့မျက်နှာက တစ်စုံတစ်ခုကို မကျေမနပ်ဖြစ်နေသလို တင်းမာနေတာကို ခစား နေတဲ့သူအားလုံး သတိထားမိခဲ့ကြတယ်။

‌ဒေဝပုတ္တအနေနဲ့ ရွှေရောင်တဖိတ်ဖိတ်တောက်‌ နေတဲ့ ပလ္လင်ရှေ့ကိုအရောက်မှာတော့ နတ်စစ်သေနာပတိကို မျက်စောင်းတစ်ချက်ထိုးပြီး လက်ကိုနောက်ပစ်ကာ ရပ်နေလိုက်တယ်။

“ ဒေဝပုတ္တ … သင့်အပြစ်သင်သိသလား”

“ အပြစ်ဟုတ်လား… ကျုပ်မှာဘာအပြစ်ရှိလို့လဲ”

“ သူတော်စင်တွေပျော်မွေ့ရာအရပ်ဒေသကို ဖျက်လို ဖျက်စီးလုပ်ခဲ့တာတွေက သင့်အပြစ် မဟုတ်ပေဘူးလား”

“ ကျုပ်ဒီမှာနေရတာပျင်းလာလို့ စိတ်ပြေလက်ပျောက်ကစားခဲ့တာပဲရှိတာ၊ ဒါကအပြစ်မဟုတ်ပါဘူး”

“ ဒီကောင်တော့ ဘယ်သူ့ရှေ့မှာ မခန့်လေးစား လုပ်နေတာလဲ”

နတ်မင်းကြီးအသံက ခက်ထန်နေသလို ခန္ဓာကိုယ်ကနေလဲ စိတ်ပြင်းပြမှုကြောင့် ဖြစ်ပေါ်လာတဲ့ နီညိုရောင်အလင်းတန်းတွေ ဖြာထွက်နေခဲ့ပေမယ့် ဒေဝပုတ္တကတော့ သူ့ကိုခေါ်လာတဲ့ နတ်စစ်သည်တွေရဲ့ မျက်နှာကို လိုက်ကြည့်နေခဲ့တယ်။

“ ဒီတစ်ခေါက် ဖြစ်ရပ်က ကျုပ်စိတ်ကို အနည်းငယ်တောင်ကျေနပ်မှုမရှိခဲ့ဘူး၊ ကျုပ်လူရွေးမှားသွားတာဖြစ်မယ်ထင်တယ်”

“ သင် အခုထိအသိတရားမရသေးဘူးလား ဒေဝပုတ္တ”

“ အသိတရားရတာမရတာထက် နတ်မင်းကြီး ပေးတဲ့အပြစ်ကိုခံယူမယ်ဆိုတာပဲပြောပါရစေ”

“ နတ်စစ်သည်များ.. ဒေဝပုတ္တကို သူစံမြန်းရာ နန်းဆောင်ကိုပို့ဆောင်လိုက်ကြ၊ ဗိမ္မာန်အပြင်မှာလဲ နတ်စစ်သည်တွေ အထပ်ထပ်စောင့်ကြပ်စေ၊ မည်သည့်သဏ္ဍာန်နဲ့မှ လွတ်ထွက်မသွားစေနဲ့”

“ နတ်မင်းကြီးအမိန့်အတိုင်း ဆောင်ရွက်လိုက်ပါ့မယ်”

နတ်မင်းကြီးရဲ့အမိန့်ကိုကြားတော့ ဒေဝပုတ္တက သဘောကျစွာရယ်လိုက်ပြီး သူ့နန်းဆောင်ရှိရာကို မရေမတွက်နိုင်အောင် များပြားတဲ့ နတ်စစ်သည်တွေခြံရံလျက် လိုက်ပါသွားခဲ့တယ်။

++++++

အမှောင်ထုကသိပ်သည်းနေပြီး

ကိုယ့်လက်ကို မမြင်ရတဲ့တောကြီးမျက်မည်းထဲ မှာတော့ မရဏတစ်ယောက် ငြိမ်သက်စွာတရားထိုင် နေခဲ့တယ်။ လေအဝှေ့မှာ ပခုံးပေါ်ကျနေတဲ့ ဆံပင်ရှည်တွေက တလွင့်လွင့်လှုပ်ရှားနေတာက လွဲပြီး ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်နေခဲ့တယ်။

ထိုစဉ် လမ်းလျောက်လာတဲ့ ခြေသံတစ်ခုက တရားထိုင်နေတဲ့နေရာရဲ့ တစ်လံအကွာလောက်မှာ ရပ်သွားခဲ့တာကြောင့် မျက်လုံးကိုဖွင့်ကြည့်လိုက်ရာ အသားအရည်ရွံ့တွနေတဲ့ အဖိုးအိုတစ်ယောက်ကို မြင်လိုက်ရတယ်။

မရဏကအဖိုးအိုကိုမြင်တော့ မနှစ်မြို့တဲ့ဟန်နဲ့ကြည့်လိုက်ပြီး

“ အဖိုးကြီး… ဒီကိုဘာလာလုပ်တာလဲ၊ ‌ခင်ဗျားကို နောက်တစ်ခါမြင်ရင် သတ်ပစ်မယ်ပြောထားတာ မသိဘူးလား”

“ လူလေး… မင်းသတ်မယ်ဆိုလဲ သတ်ပါ၊ ဒါပေမယ့် ပြောစရာရှိတာတော့ပြောရမှာပဲ”

“ စကားများတဲ့အကျင့်က အခုထိမပျောက်သေးဘူးပဲ၊ ဘာပြောမှာလဲ ပြော”

“ လူလေး လမ်းစဉ်က လွဲချော်နေပြီ၊ ဒီအတိုင်းဆို မကြာခင် လူလေး ဒုက္ခရောက်တော့မယ်”

“ ကျုပ်လျောက်တဲ့လမ်းကို ခင်ဗျား ဘာမှဝေဖန်စရာမလိုဘူး၊ လမ်းချော်ရုံမကလို့ ချောက်ထဲပဲကျနေပါစေ ခင်ဗျားနဲ့မသက်ဆိုင်ဘူး”

“ ဟင်း… မင်းက အရင်တုန်းကလိုပဲ ခေါင်းမာနေဆဲပါလား၊ ငါက မင်းအပေါ်ထားတဲ့ သံယောဇဉ်ကြောင့် သတိလာပေးတာဖြစ်လို့ ရှေ့ဆက်တိုးမလား နောက်‌ဆုတ်မလား‌ဆိုတာက မင်းကိုယ်တိုင်‌ဆုံးဖြတ်ပါ”

“ ခင်ဗျားပြောချင်တာ ဒါပဲမဟုတ်လား… ပြောပီးရင် ထွက်သွားတော့၊ မဟုတ်ရင် ကျုပ်ဒေါသတွေ ခင်ဗျားအပေါ် ပုံကျသွားလိမ့်မယ်”

မရဏစကားကြောင့် အဖိုးအိုက ခေါင်းကိုတွင်တွင် ခါယမ်းပြီး အမှောင်ထုထဲကို တရွေ့ရွေ့တိုးဝင် ပျောက်ကွယ်သွားခဲ့တယ်။

အဖိုးအိုထွက်သွားတော့ မရဏက ပခုံးပေါ်မှာ ပြန့်ကျဲနေတဲ့ဆံပင်တွေကို လက်နဲ့သိမ်းယူကာ စည်းလိုက်ပြီး

“ မရဏဆိုတဲ့ကောင်က ဘယ်အရာကိုမှ မကြောက်လို့ဒီလမ်းကိုရွေးခဲ့တာ၊ ငါကအခုဘာလို့ ပုန်းရှောင်နေရတာလဲ” လို့ရေရွတ်ကာ ခြေလှမ်းကျဲကြီးတွေနဲ့ တောအုပ်အပြင်ဘက်ကို လျောက်လှမ်းသွားခဲ့တယ်။

+++++++

တောရိပ်တောင်ရိပ်တွေဖုံးလွှမ်းနေတဲ့ စိန်ပန်းရွာအပြင်ဘက် တောစပ်တစ်နေရာက အရိပ်ရသစ်ပင်တစ်ခုအောက်မှာတော့ အောင်မြတ်သာတို့ဆရာတပည့်တွေ ခေတ္တအနားယူနေခဲ့ကြတယ်။

“ ဆရာ… ဒီရွာက လူသွားလူလာလဲမရှိပါလား၊ နည်းနည်းထူးဆန်းနေသလိုပဲ”

ခွန်းလှစကားကြောင့် အောင်မြတ်သာက ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တဲ့အချိန် ဆံပင်တွေဆွတ်ဆွတ်ဖြူနေတဲ့ အဖိုးအိုတစ်ယောက် ရွာထဲကနေ အပြင်ကိုထွက်လာတာမြင်လိုက် ရတယ်။ အဖိုးအိုက အောင်မြတ်သာတို့ ထိုင်နေတဲ့ နေရာစီကို တန်းတန်းမတ်မတ်လျောက်လာပြီး

“ ဆရာလေးတို့က နတ်ဖွက်ရွာကိုမသွားပဲ ဒီမှာဘာထိုင်လုပ်နေကြတာလဲ”

“ နတ်ဖွက်ရွာ ဟုတ်လား… ကျုပ်တို့က ရွာနာမည်ကို အခုမှကြားဖူးတာ”

“ နတ်ဖွက်ရွာမှာ ဆရာလေးတို့ကို စောင့်နေတဲ့သူတွေရှိတယ်၊ မြန်မြန်သွားကြ”

“ နတ်ဖွက်ရွာကို ဘယ်လမ်းကနေသွားရတာလဲ”

“ ကျုပ်အခုထွက်လာတဲ့ တောလမ်းအတိုင်း တည့်တည့်သွားရင် ညောင်မုတ်ဆိတ်တွေ တွဲကျနေတဲ့အပင်တစ်ပင်ကိုတွေ့လိမ့်မယ်၊ ညောင်ပင်ကိုတွေ့ရင် ကျီးပေါင်းတက်နေတဲ့ နေရာကို လက်နဲ့သုံးချက်ခေါက်လိုက်ပါ၊ သူတို့ထွက်လာကြလိမ့်မယ်”

အောင်မြတ်သာက သတင်းစကားလာပေးတဲ့ အဖိုးအိုကို ခြေအဆုံးခေါင်းအဆုံးကြည့်လိုက်ပြီး

“ သင်ကဘယ်သူလဲ… ဘာကြောင့် ကျုပ်တို့ကို အခုလိုသတင်းစကား‌ပါးရတာလဲ”

“ ကျုပ်ဘယ်သူလဲဆိုတာသိတော့ရော ဘာထူးမှာလဲ၊ ကဲကဲ အချိန်မရှိတော့ဘူး မြန်မြန်သွားကြတော့”

အဖိုးအိုက စကားပါးပြီးတာနဲ့ လူတစ်ရပ်စာခန့်မြင့်တဲ့ ခြုံပုတ်နောက်ကိုဝင်ရောက်သွားခဲ့တယ်။

“ ဆရာ… ခုနကအဖိုးအိုက အရိပ်လဲမထွက်ဘူး၊ မျက်တောင်လဲမခတ်ဘူးဗျ”

“ ဟုတ်တယ်… ဒီပုဂ္ဂိုလ်က လူမဖြစ်နိုင်ဘူး… ငါတို့ကို နတ်ဖွက်ရွာဆီသွားဖို့ လာပြောရတာလဲ အကြောင်းကိစ္စ တစ်ခုခုရှိမယ်ထင်တယ်”

“ သူပြောတဲ့အတိုင်း သွားကြည့်ရင် တစ်ခုခုတော့ ထူးခြားမယ်လို့ထင်တယ်”

“ ဒါဖြင့်လဲ သွားကြတာပေါ့…”

အောင်မြတ်သာလဲ လွယ်အိတ်ကိုကောက်လွယ်ပြီး တောလမ်းဘက်ကိုသွားဖို့အလုပ် ဆူးခြုံတစ်ခုက လေမတိုက်ပဲလှုပ်နေတာမြင်လိုက်ရတယ်။

“ ဆူးခြုံအနောက်မှာ ပုန်းနေတာ ဘယ်သူလဲဟေ့… ထွက်လာစမ်း” လို့ပြောလိုက်ရာ လွယ်အိတ်ကို ထုံးပြီးလွယ်ထားတဲ့ လူတစ်ယောက်ထွက်လာ ခဲ့တယ်။

“ ဟင်… ဖိုးကတုံး.. မင်း မင်းဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ”

“ ဆရာတို့ရွာကနေ ထွက်သွားတော့ အနောက်ကနေ ခိုးပြီးလိုက်လာခဲ့တာ”

“ မင်းကငယ်သေးတယ်ကွ… ငါတို့နဲ့လိုက်ရင် မင်းအသက်အန္တရာယ်စိတ်ပူရတယ်”

“ သေမှာကိုမကြောက်ပါဘူးဗျာ… အိမ်မှာနေလဲ ကျွန်တစ်ယောက်လိုလုပ်နေရတာဆိုတော့ ဆရာတို့နောက်လိုက်ပြီးသေတာက ပိုတောင် ကောင်းသေးတယ်”

“ ဒီကောင်နဲ့တော့ခက်ပြီကွာ… မင်း ဒီလောက်စိတ်အားထက်သန်နေလဲ လိုက်ခဲ့ပေတော့၊ မောင်စမရေ သူ့ကို ဒိဗ္ဗစက္ခူအင်းနဲ့ အမြင်ဖွင့်ပေးလိုက်ကွာ”

မောင်စမလဲ အောင်မြတ်သာစကားကြောင့် ဖိုးကတုံးရဲ့ အမြင်အာရုံကို ဒိဗ္ဗစက္ကူအင်း နှစ်ချပ်နဲ့ အမြင်ဖွင့်ပေးပြီး တစ်ပါထဲခေါ်ဆောင်လာခဲ့ လိုက်တယ်။

+++++++

မရဏအနေနဲ့ ပုန်းအောင်းရာ နေရာကနေ အပြင်ကို ထွက်လိုက်တာနဲ့ သူ့ရဲ့ဘေးပတ်ပတ်လည်မှာ ပြိုးပြိုးပျက်ပျက်အဆင်တန်ဆာတွေ ဝတ်ဆင် ထားတဲ့ နတ်စစ်သည်အချို့ကို မြင်လိုက်ရတယ်။

“ အသင်လူသား…ဒူးထောက်စမ်း”

“ သင်တို့ကဘယ်သူတွေလဲ…”

“ ငါတို့က သင့်ကိုလိုက်ရှာနေကြတဲ့ ပရနိမ္မိတဝသဝတီပြည်က နတ်စစ်သည်တွေပဲ”

“ ကျုပ်ကိုလိုက်ရှာပြီး ဘာလုပ်မလို့လဲ”

“ သင်ရဲ့ အရှင်ဒေဝပုတ္တပေးအပ်ထားတဲ့ အစွမ်းတန်ခိုးတွေကို နှုတ်ယူဖို့ ရောက်လာရခြင်း ဖြစ်တယ်”

ဒီတော့မှ မရဏ သဘောပေါက်သွားပြီး လေလိုလျှင်မြန်တဲ့အရှိန်နဲ့ထွက်ပြေးရာ နတ်စစ်သည်တွေက သူ့ထက်မြန်တဲ့ အလျှင်နဲ့ ဘေးကနေ ထပ်ချပ်မကွာ လိုက်လာတာမြင်လိုက် ရတယ်။

“ ဟိတ် ငမိုက်သား…. သင် ပြေးလို့လွတ်ရိုးလား”

နတ်စစ်သည်တွေထဲက တစ်ယောက်က ရိပ်ခနဲ ရိပ်ခနဲပြေးနေတဲ့ မရဏရဲ့ဆံပင်ကို အနောက်ကနေ လှမ်းဆွဲပြီး ဖွတ်ချလိုက်ရာ ခန္ဓာကိုယ်က မြေကြီးပေါ်ကို ပြုတ်ကျသွားခဲ့တယ်။

ခန္ဓာကိုယ်ကမြေကြီးပေါ်ကျတာနဲ့ ရတနာတွေစီခြယ် ထားတဲ့လှတံတစ်ချောင်းက လည်မြိုပေါ်ရောက်လာခဲ့သလို တည်ကြည်တဲ့ မျက်နှာထားရှိတဲ့ နတ်စစ်သည်ဆီကနေ

“ ဒီ ငမိုက်သားကို ‌ပေးအပ်ထားတဲ့အစွမ်းတွေ လှံတံထဲ စီးဝင်စမ်း” ဆိုတဲ့အသံထွက်လာခဲ့တယ်။

အမိန့်စကားသံအဆုံးမှာ ရင်ညွန့်ထဲကနေ အရောင်သွေးစုံလင်တဲ့ ရောင်စဉ်တန်းတွေ လှံဖျားထဲကိုစီးဝင်နေတာမြင်လိုက်ရတယ်။ ခဏနေတော့ နတ်စစ်သည်က လှံတံကို နှုတ်ယူလိုက်တဲ့အချိန် မရဏဆီကနေ

“ ငါကျင့်ကြံခဲ့တဲ့စွမ်းအားတွေ ကျန်နေသေးပါလား” ဆိုတဲ့အသံထွက်လာခဲ့တယ်။

“ ဟဲ့ ငမိုက်သား… နင့်ရဲ့ လောကီစိတ်စွမ်းအားတွေက မကြာခင် တစ်စစီပျက်စီးတော့မယ်ဆိုတာ မသိတာလား”

“ ကျုပ်ကို အသင်တို့လို နတ်ဒေဝါတွေက လွဲပြီး ဘယ်သူက ဖျက်ဆီးနိုင်မှာလဲ အဟား အဟား”

“ သင်ဘယ်အချိန်ထိ မာန်တက်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့၊ ကဲ ငါတို့တာဝန်ပြီးပြီ ဆိုတော့ အမှောင်တိုက်ဖုံးလွှမ်းနေတဲ့ ဒီနေရာကနေ သွားကြစို့ဟေ့”

နတ်စစ်သည်တွေက ကောင်းကင်ခရီးနဲ့ ပျံထွက်သွားတဲ့ချိန်မှာတော့ မရဏတစ်ယောက် လဲကျနေရာကနေ လူးလဲထလိုက်တယ်။ ပြီးတာနဲ့ သူ့ဩဇာခံ တပည့်ရင်းတွေကို ဆင့်ခေါ်လိုက်တယ် ဆိုရင်ပဲ အချိန်အနည်းငယ်အတွင်းမှာပင် လူဆယ်ယောက်ခန့် စက်ကြိုးစီးကာရောက်လာခဲ့ ကြတယ်။

“ မင်းတို့ရောက်လာကြပြီလား”

“ အရှင်ဆင့်ခေါ်တာနဲ့ ချက်ချင်းလာရောက်ခဲ့ခြင်း ဖြစ်ပါတယ်”

“ ဟဲ့ မယ်ရှင်…. နင်မျက်နှာက ဘယ်လိုကြောင့် မီးလောင်ထားသလို ဖြစ်နေတာလဲ”

“ နာမ်တံခါးကိုကူးသွားတဲ့ လူကို နှောက်ယှက်စဉ်က ရခဲ့တဲ့ဒဏ်ရာတွေပါအရှင်”

“ ဒီနားတိုးလာစမ်း..”

မရဏက မယ်ရှင်ရဲ့ မျက်နှာပေါ်က မီးလောင်ဒဏ်ရာကို လက်နဲ့သပ်ချလိုက်ရာ အသားအရည်က နဂိုအတိုင်းပြန်ဖြစ်သွားခဲ့တယ်။

“ အရှင်ကုသပေးတာကို ကျေးဇူးတင်ပါတယ်”

“ အခု ဒီကောင်တွေ ဘယ်အရပ်ဒေသမှာရှိနေကြလဲ”

“ သူတို့က လူသူအင်အားစုစည်းပြီး အရှင့်ကို လိုက်ရှာနေကြပါတယ်”

“ ဟုတ်ပါတယ်အရှင်…. မယ်ရှင်ကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့သူတွေရဲ့ အစွမ်းကလဲ ကြောက်စရာကောင်းလှပါတယ်”

“ တောက်ထိန်…မင်းက သူတို့ကို ကြောက်နေတာလား”

မရဏရဲ့စကားကို တောက်ထိန်က ဘာမှပြန်မဖြေပဲ အင်တင်လုပ်နေတာကြောင့် လက်တစ်ဖက်က ရင်ညွန့်ထဲကို အိခနဲနစ်ဝင်သွားခဲ့တယ်။

“ အရှင်… အာ့ အာ့”

မရဏက တောက်ထိန်ရဲ့ နှလုံးကို အရှင်လတ်လတ်ဆွဲထုတ်လိုက်ပြီး

“ ငါ့နောက်ကိုလိုက်မယ်ဆိုရင် အကြောက်တရားတွေကို ဘေးဖယ်ထားရမယ်၊ ဒီလိုမှမဟုတ်ရင်တော့ ဒီကောင်လိုဖြစ်မယ်ဆိုတာ ကြည့်ထားကြ”

မရဏက သွေးတစ်စက်စက်ကျပြီး လှုပ်ရှားနေတဲ့ နှလုံးကိုအစိပ်စိပ်အမွှာမွှာကျေအောင် ဖျစ်ညှစ်လိုက်တဲ့အချိန် သွေးစက်တွေက အသက်မဲ့နေတဲ့ တောက်ထိန်ရဲ့ ခန္ဓာကိုယ်ပေါ်ကို တစ်တောက်တောက် ကျဆင်းနေခဲ့တယ်။

++++++

အောင်မြတ်သာတို့လဲ တောလမ်းအတိုင်းဝင်လာ ခဲ့ရာ ထမင်းအိုးတစ်လုံးကျက်အချိန်လဲရောက်ရော ညောင်မုတ်ဆိတ်တွေတွဲလောင်းကျနေတဲ့ ညောင်ပင်တစ်ပင်အောက်ကို ရောက်လာခဲ့တယ်။

ပင်စည်က လူကြီးလေးဖက်စာလောက်ကြီးမားပြီး အကိုင်းအခက်တွေဖြာထွက်နေတဲ့ ညောင်ပင်ရဲ့ ပင်စည်မှာတော့ ကျီးပေါင်းတက်နေသလို ဖြစ်နေတဲ့ သစ်ဖုတစ်ကိုတွေ့လိုက်ရတယ်။

“ ဟိုလူပြောတာ ဒါပဲဖြစ်ရမယ်ဆရာ…”

မောင်စမစကားကြောင့် အောင်မြတ်သာက အရှေ့တိုးပြီး လက်နဲ့သုံးချက်ခေါက်လိုက်ရာ ညောင်ပင်ကိုရစ်ပတ်ထားတဲ့ နွယ်တွေက အသက်ရှင်နေတဲ့အလားရွှေ့လျားသွားပြီး လူတစ်ကိုယ်ဝင်လို့ရတဲ့အပေါက်တစ်ခု ပေါ်လာခဲ့တယ်။

ဖိုးကတုံးကတော့ ပါးစပ်အဟောင်းသားနဲ့ ပြူးကြည့်နေတဲ့အချိန် အောင်မြတ်သာက ပင်စည်ထဲကိုတိုးဝင်သွားခဲ့တယ်။

ပင်စည်ထဲကိုဝင်လိုက်တာနဲ့ သာယာလှပတဲ့ ရွာအဝင်လမ်းနဲ့အတူစနစ်တကျ ဆောက်လုပ်ထားတဲ့အိမ်အချို့ကိုအဝေးကနေ မြင်လိုက်ကြရတယ်။

“ သင်တို့ရောက်လာကြပြီလား”

ရုတ်တရက်ထွက်လာတဲ့အသံကြောင့် လှည့်ကြည့်လိုက်ရာ အသက်၇၀အရွယ် လူကြီးတစ်ဦးနဲအတူ အသက်၃၀အရွယ် ယောင်္ကျားသုံးယောက်၊ အသက်၂၀အရွယ် မိန်းမ တစ်ယောက်ရပ်နေတာမြင်လိုက်ရတယ်။

“ အဖိုးက ကျုပ်တို့လာမှာ သိနေတာလား”

“ ဆရာတို့လာမယ်ဆိုတာ ကြိုတင်ပြောထားတဲ့ ပုဂ္ဂိုလ်ကြောင့် အခုလိုသိနေတာပါ”

“ ဒီရွာမှာနေတဲ့သူတွေက လူစင်စစ်တွေပဲလား”

မောင်ကောင်းစကားကြောင့် အဖိုးအိုအနောက်မှာ ပါလာတဲ့သူတွေက ပြုံးစိစိဖြစ်သွားခဲ့ကြတယ်။

“ ဒီရွာမှာနေတဲ့သူတွေအားလုံးက လူသားစစ်စစ် တွေပါ၊ ဒါပေမယ့် တစ်ရွာလုံးက မှော်စဉ်ပညာရပ်ကိုတတ်မြောက်ကြပါတယ်”

“ တစ်ရွာလုံး ဟုတ်လား”

“ ကျုပ်အိမ်ကိုရောက်ရင် အားလုံးရှင်းပြပါ့မယ်၊ လိုက်ခဲ့ကြပါ”

အောင်မြတ်သာတို့လဲအဖိုးအိုခေါ်တဲ့နောက်ကို လိုက်သွားရာ ခြေတံရှည်ပျဉ်ထောင်အိမ်တစ်လုံး ဆီကိုရောက်လာခဲ့ကြတယ်။

“ အားလုံး ထိုင်ကြပါဦး… မုန်း ရေ ဧည့်သည်တွေအတွက် တစ်ခုခုလုပ်‌ပေးပါဦး”

အဖိုးအိုစကားကြောင့် မုန်း ဆိုတဲ့မိန်းကလေးက အိမ်ပေါ်ကိုတက်သွားပြီး ပဲကြော်ကို ကြက်သွန်နဲ့သုတ်ထားတဲ့ပန်းကန်တစ်ချပ်နဲ့ ရေနွေးကရားတစ်လုံးယူကာ ပြန်ဆင်းလာခဲ့တယ်။

မောင်ကောင်းတို့လဲ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ ရွံ့ရုပ်တွေနဲ့ ဆော့ကစားနေကြတဲ့ ကလေးတွေအပြင် သူတို့ရဲ့စကားဝိုင်းကို စိတ်ဝင်တစား ချောင်းကြည့်နေကြတဲ့ ရွာသားတွေကို မြင်လိုက်ရတယ်။

“ ဆရာ… ဆရာ… ကလေးတွေဆော့နေတဲ့ ရွှံ့ရုပ်တွေကအသက်ဝင်နေတယ်ဗျ”

ဖိုးကတုံးအသံကြောင့် မောင်ကောင်း သတိထားကြည့်လိုက်ရာ ရွံ့ရုပ်လေးတွေကို ပညာနဲ့အသက်သွင်းပြီး ဆော့ကစားနေကြောင်း သိလိုက်ရတယ်။

“ သူတို့ကမှော်ပညာတတ်တယ်ကွ… မင်းငါတို့မသိပဲ လျောက်သွားရင် သူတို့က ဖမ်းပြီးအသက်နှုတ်လိုက်မယ်၊ အပေါ့အပါးသွားရင်တောင် ငါတို့ကိုပြော ကြားလား”

“ ဟုတ်ကဲ့ ဟုတ်ကဲ့… ဆရာတို့မသိပဲ ဘယ်မှမသွားပါဘူး”

မောင်ကောင်းက ဖိုးကတုံးကို ခြောက်လိုက်ပြီး စကားဝိုင်းဘက်ကိုပြန်လှည့်လိုက်တယ်။

“ ဆရာတို့က မရဏကိုရင်ဆိုင်ဖို့လာကြတဲ့သူတွေလို့ ပြောတယ်… အဲဒါဟုတ်လား”

“ အဖိုးက မရဏကိုသိနေတာလား”

“ သိတာပေါ့ကွယ်… ရင်းရင်းနှီးနှီးကြီးကိုသိတာ”

“ သူ့အကြောင်း အကြမ်းဖျင်းလောက်သိလို့ရမလား”

“ တကယ်တော့ မရဏက ဒီရွာမှာပဲ ကြီးပြင်းခဲ့တာ”

“ ဗျာ”

“ ဟုတ်တယ်ကွယ့်… လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀လောက်က ဆရာတို့ဝင်လာတဲ့ညောင်ပင် ခြေရင်းမှာ မွေးကင်းစ ကလေးတစ်ယောက် လာပစ်လာရာကနေ စခဲ့တာပဲ”

“ ဒါဆို မရဏက ဒီရွာသားစစ်စစ်တော့ မဟုတ်ဘူးပေါ့”

“ မဟုတ်ဘူးဆရာ… ဒီကလေးကို အဖိုးကကောက်ယူမွေးစားခဲ့တာပါ၊ သူက ဒီရွာရဲ့မျိုးဆက်မဟုတ်ပေမယ့် ပါရမီပါလာခဲ့တယ်။ ရွာခံကလေးတွေမတတ်မြောက်တဲ့ပညာရပ်တွေ ကိုတောင် သူကတတ်မြောက်တာမို့ ရွာအတွက် အားကိုးလို့ရမယ့်သူထင်ပြီး အဖိုးတတ်မြောက် ထားတဲ့ပညာတွေကို ဆရာစားမချန်သင်ပေး ခဲ့တယ်။ သူငယ်ချင်းမိတ်ဆွေတွေက ဆရာစား ချန်ထားဖို့ပြောပေမယ့် သူ့ကိုချစ်တဲ့စိတ်ကြောင့် ပြောစကားတွေကို နားမဝင်ခဲ့ဘူး၊ မရဏကလဲ တကယ်တော်တဲ့ကလေးတစ်ယောက်ဖြစ်လို့ သင်သမျှကို ခဏလေးတက်မြောက်ခဲ့တယ်။ သူအရွယ်ရောက်ဝောာ့ ရွာကနေထွက်ပြီး အခြားပညာရပ်တွေကိုလေ့လာဖို့ခွင့်တောင်းတယ်။ အဖိုးတို့ရွာရဲ့စည်းကမ်းက ရွာကလူတွေအပြင် ထွက်ခွင့်မရှိတာပဲ”

“ ဘာကြောင့်အပြင်ထွက်ခွင့်မပေးတာလဲအဖိုး”

“ ပြင်ပကလူတွေက စိတ်သဘောမဖြူစင်ကြဘူး၊ လိုချင်တပ်မက်မှုတွေများကြတယ်၊ အဖိုးတို့တတ် မြောက်ထားတဲ့ပညာက မကောင်းတဲ့ဘက်ကို ရောက်ရင် အဖျက်စွမ်းအားအလွန်ကြီးတာမို့ ပြင်ပထွက်ခွင့်ကိုပိတ်ပင်ထားခဲ့တာ၊ ဒါကို မရဏက ခိုးထွက်ဖို့ကြိုးစားတယ်၊ ထွက်ဖို့ကြိုးစားတိုင်း မိတာပဲ၊ ရွာရဲ့ဥပဒေအရ ခိုးထွက်တဲ့သူတွေကို ကြီးလေးတဲ့အပြစ်ကိုပေးရတယ်၊ ဒီမှာမရဏက သူ့ကိုအပြစ်ပေးတဲ့သူတွေကို အငြိုးအတေး ထားတော့တာပဲ၊ အဆိုးဆုံးတစ်ချက်က သူကဒီရွာသားမဟုတ်ဘူးဆိုတာသိသွားတာပဲ၊ အတိုချုံးပြောရရင် သူရွာကနေ ခိုးထွက်နိုင်ခဲ့တယ်။ သူရွာကနေထွက်သွားတဲ့အချိန်က အသက်နှစ်ဆယ် ဝန်းကျင်ပဲရှိသေးတယ်”

“ ဒါဆိုရင် သူပြင်ပလောကကိုရောက်ပြီးမှ အခုလိုဖြစ်သွားတာပေါ့”

“ ဟုတ်တယ် ဆရာ… သူ့ရဲ့ပညာလောဘတွေက အတောမသတ်နိုင်ခဲ့တာကြောင့် အခုလိုဖြစ်လာ ခဲ့တာပဲ”

“ အခုသူဘယ်မှာရှိနေလဲဆိုတာ အဖိုးသိလား”

“ မကြာသေးခင်က သူ့ဆီကိုသွားပြီး လုပ်နေတာတွေရပ်တန်းကရပ်ဖို့သတိပေးခဲ့ဖူးတယ်၊ ဒါပေမယ့် သူ့ရဲ့အတ္တစိတ်ကို မဖျောင်းဖျနိုင်ခဲ့ဘူး၊ ဒါကြောင့် သူမကြာခင် ဒီကိုရောက်လာတော့မယ်”

“ သူက ဒီရွာကို ဘာကြောင့်ပြန်လာမှာလဲ”

“ အဖိုးတို့ဆီမှာ ဘိုးဘေးတွေလက်ထက်ထဲက ထိန်းသိမ်းလာခဲ့တဲ့ မနောမယကျမ်းဆိုတာရှိတယ်။ ဒီကျမ်းကို ကျင့်ကြံနိုင်ရင် စိတ်အလိုရှိတိုင်း လုပ်ဆောင်နိုင်တာကြောင့် ဘိုးဘေးတွေက မသမာသူလက်ထဲမရောက်အောင်

ဘယ်သူမှမသိတဲ့နေရာမှာ ဖွက်ထားခဲ့ကြတယ်။ ဒါကို မရဏက လိုချင်နေတာလေ”

“ ကျွန်တော်တို့လဲ ရွာမှာနေပြီး အဖိုးတို့ကို ကူညီပေးပါ့မယ်၊ ခွင့်ပြုပေးပါ”

“ ဆရာတို့ရောက်လာတာ အဖိုးတို့အတွက် အားဖြစ်စေပါတယ်၊ မရဏကို ရင်‌ဆိုင်ဖို့အတွက် အားလုံးစီစဉ်ထားပြီးပါပြီ”

“ သူသာဒီရွာကိုလာမယ်ဆိုရင် တစ်ယောက်ထဲ မလာလောက်ဘူး၊ သူ့ကိုသစ္စာခံထားကြတဲ့ ပညာသည်တွေ၊ အမှောင်လောကသားတွေကိုပါ ခေါ်လာနိုင်တယ်၊ ဒါကြောင့် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားဖို့လိုမယ်”

“ ညကျရင် ဆရာတို့ကို ပြင်ဆင်ထားတာတွေ လိုက်ပြပါ့မယ်၊ အခုတော့ ခရီးရောက်ဆိုက် ခဏနားလိုက်ကြပါဦး”

အဖိုးက အောင်မြတ်သာတို့ကို နေရာချပေးပြီး ရွာထဲကိုထွက်သွားခဲ့တယ်။

အဖိုးထွက်သွားတော့ အောင်မြတ်သာက ဖိုးကတုံးကိုခေါ်ပြီး

“ မင်းငါတို့နောက်လိုက်လာတာ နောင်တ‌ရနေပြီလား”

“ မရပါဘူး… ကျွန်တော်လဲ နိုင်တဲ့ဘက်ကနေ ဝင်ကူမှာပေါ့”

“ မင်းလေးခွ ပြစမ်းပါဦး”

အောင်မြတ်သာက ဖိုးကတုံးလေးခွကို ယူပြီးကြည့်နေရင်း နူးညံ့ပျော့ပျောင်းတဲ့ လက်နဲ့ သပ်ချလိုက်ရာ လေးခွရဲ့အပေါ်ယံအသားတွေ ကွာကျလာပြီး အင်းစမတွေထွင်းထုထားတဲ့ အတွင်းသားပေါ်လာခဲ့တယ်။ ပြီးတာနဲ့ လောက်စာလုံးအိတ်ကို ယူပြီးမန်းလိုက်ရာ လောက်စာလုံးတွေမှာလဲ အင်းစမတွေ ထွင်းပြီးသား ဖြစ်သွားခဲ့တယ်။

“ ဒါက လိုတရလောက်စာလုံးအိတ်ပဲ၊ မင်းအနေနဲ့ ပစ်လိုက်သမျှ လောက်စာလုံးတွေက အချိန်တန်ရင် ဒီအိတ်ထဲကိုပြန်ရောက်လာလိမ့်မယ်”

“ တကယ်ပြောတာလားဗျ… ဒါဆိုရင်တော့ ဝင်လာတဲ့ကောင်တွေ ကျုပ်ခွစာမိပြီလို့သာ မှတ်ပေတော့”

အောင်မြတ်သာလဲ ဖိုးကတုံးအတွက် အသင့်တော်ဆုံးလက်နက်ကိုစီရင်ပေးပြီးပြီမို့ ကျန်တဲ့သူတွေဘက်ကိုလှည့်ပြီး

“ ကျန်တဲ့သူတွေက အသုံးလိုမယ့် အင်းစမတွေကို အသင့်ဆွဲထားကြ၊ ဒီပညာပြိုင်ပွဲက နတ်ဖွက်ရွာအတွက်ရော ငါတို့အတွက်ရော အရေးကြီးတယ်၊ အရင်တစ်ခါက ပေါ့လျော့ခဲ့တာတွေကို ပြန်လည်ဆင်ခြင်ကြ” လို့ပြောပြီး တိုက်ပွဲအတွက်လိုအပ်တဲ့ အင်းစမတွေကိုရေးဆွဲရန် ထသွားခဲ့တယ်။

ညဦးပိုင်းအချိန်ရောက်တော့ အဖိုးပြန်ရောက်လာပြီး အောင်မြတ်သာတို့ကိုရွာပြင်က ကွင်းတစ်ခုစီခေါ်သွားခဲ့တယ်။ ကွင်းထဲမှာတော့ ရွာခံလူအယောက်၂၀၀ခန့်ကိုတွေ့ရပြီး အားလုံးက နီညိုရောင်ခေါင်းစည်းတွေစည်းထားတာမြင်လိုက်ရတယ်။

“ သူတို့က မရဏကိုရင်ဆိုင်ကြမယ့်သူတွေလား”

“ ဟုတ်ပါတယ်ဆရာ…၊မရဏဆိုတာ ဒီရွာကနေ မွေးဖွားလာခဲ့သလို သူ့ရဲ့သေဆုံးတဲ့နေရာကလဲ ဒီရွာမှာပဲဖြစ်ရမယ်”

“ ဒါဆို ကျန်တဲ့လူတွေကိုရော ဘယ်မှာပုန်းခိုဖို့ စီစဉ်ထားလဲအဖိုး”

“ သူတို့ကို လိုအပ်တဲ့ရိက္ခာတွေနဲ့ လုံခြုံတဲ့နေရာကို ပို့ထားပြီးပါပြီ”

“ အစီအစဉ်ချတာကလဲမြန်လိုက်တာဗျာ”

“ မရဏက စိတ်မြန်တဲ့လူစားမို့ ရွာကိုအချိန်မရွေး ဝင်လာနိုင်တယ်ဆရာ၊ သူလာမှ ပြောင်းရွှေ့ရင် အချိန်မမှီမှာစိုးလို့ ညနေထဲက အကုန်ရွှေ့ခိုင်းထားလိုက်တာပါ”

“ ဒီတစ်ခါရင်ဆိုင်ရမယ့်ပွဲက အတော်ကိုကြမ်းတမ်းဦးမှာပါလား”

အောင်မြတ်သာက တီးတိုးရေရွတ်ရင်း ရွာခံလူတွေကိုလိုက်ကြည့်နေတဲ့အချိန် ခေါင်းလောင်းတီးသံက တစ်ရွာလုံးဆူညံသွားခဲ့တယ်။ ရွာခံလူတွေက ခေါင်းလောင်းသံကြားတာနဲ့ ရွာဝင်ပေါက်မှာ အသီးသီးနေရာယူလိုက်ကြပေမယ့် အောင်မြတ်သာတို့ကတော့ ခေါင်းလောင်းသံ ဘာကြောင့်မြည်တယ်ဆိုတာကိုမသိခဲ့ကြပေ။

“ ဆရာ… သူတို့ရောက်လာကြပြီ”

“ ဘယ်လိုကြောင့် ညတွင်းချင်းရောက်လာကြတာလဲ”

“ ဒါကမရဏရဲ့ အမူအကျင့်ပဲလေ… သူက ဖြစ်ချင်တာကို ဇွတ်တရွတ်လုပ်တတ်တယ်”

အဖိုးရဲ့စကားကြောင့် အောင်မြတ်သာတို့လဲ ရွာခံလူတွေနဲ့အတူ နေရာယူလိုက်ကြတယ်။ မောင်ကောင်းရဲ့ဘေးမှာတော့ မုန်းဆိုတဲ့ မိန်းကလေးရှိနေပြီး သူမရဲ့ ဆံနွယ်လေးတွေက စည်းနှောင်ထားတဲ့ ပိတ်စအောက်မှာ တလူလူ လွင့်နေခဲ့တယ်။

အောင်မြတ်သာလဲ ဖိုးကတုံးကို နောက်ဆုံးမှာ နေရာချပေးပြီး ရှေ့ကိုပြန်လာတဲ့အချိန်မှာတော့ မရဏရဲ့အဖွဲ့သားတွေက ညောင်ပင်ဝင်ပေါက်ကနေ ထွက်လာခဲ့ကြတယ်။ မရဏက သူ့ကိုအသင့် စောင့်ကြိုနေကြတဲ့သူတွေကိုမြင်တော့ လည်ပင်းမှာပတ်ထားတဲ့ သားမွှေးပတ်ကို ပခုံးပေါ် တင်လိုက်ပြီး

“ ရွာ‌က အရင်တိုင်းဘာမှမပြောင်းလဲသေးပါလား” လို့ပြောကာ ရှေ့ကိုတက်လာခဲ့တယ်။ ဒါပေမယ့် ဝါးနှစ်ပြန်စာအကွာလဲရောက်ရော မရဏက ခြေလှမ်းတွေကိုရပ်လိုက်ပြီး

“ ကျုပ်မှတ်မိသလောက်ဆိုရင် ဒီနေရာမှာ အပြင်လူတွေဝင်မရအောင်လုပ်ထားတဲ့ အစီအရင် တစ်ခုရှိမယ်”

မရဏက ခနဲ့တဲ့တဲ့ပြောရင်း မြေကြီးကိုလက်နဲ့ဆွဲယူလိုက်ရာ အရောင်ကိုးမျိုးနဲ့ကျစ်ထားတဲ့ ကိုးရောင်ခြယ်ကြိုးတစ်ချောင်း မြေကြီးထဲကနေ ထွက်လာခဲ့တာကြောင့် လက်နဲ့လုံးချေပြီး ဘေးကိုပစ်ထုတ်လိုက်တယ်။

“ ရွာရဲ့လုံခြုံရေးအစီအရင်က နည်းနည်းလေးတောင် မပြောင်းလဲပါလား..”

“ မင်း ဒီရွာကိုဘာလာလုပ်တာလဲ”

“ အဖိုးကလဲ ကျုပ်ရွာကို ကျုပ်ပြန်လာလို့မရဘူးလား”

“ မင်းငါ့ကိုအဖိုးလို့မခေါ်နဲ့ … ငါတို့နှစ်ယောက်ကြားက သံယောဇဉ်က မင်းကိုလာတွေ့တဲ့ညထဲက ပြတ်တောက်ခဲ့ပြီ”

“ ကျုပ်က သံယောဇဉ်ကို မျက်နှာထောက်ပြီး သက်သက်ညှာညှာလုပ်ပေးဖို့ စဉ်းစားထားတာ၊ အခုတော့ အဖိုးက သံယောဇဉ်မရှိဘူးပြောတာမို့ ကျုပ်ဘက်က ငဲ့ညှာနေစရာမလိုတော့ဘူးပေါ့”

မရဏက စကားပြောနေရင်း အောင်မြတ်သာကို သတိထားမိသွားပြီး

“ အဖိုးက အပြင်က ဧည့်သည်တွေလဲဖိတ်ထားပါလား၊ မဟုတ်မှလွဲရော မင်းက အောင်မြတ်သာဆိုတဲ့သူပဲဖြစ်ရမယ်”

“ မရဏ… စကားကိုဝေ့လည်ပြီးပြောမနေနဲ့၊ မင်း ဒီရွာကိုဘာလုပ်လုပ်တာလဲဆိုတာပဲပြော”

“ ကျုပ်ဘာလို့ပြန်လာလဲအဖိုးသိပါတယ်၊ ကျုပ်လိုချင်တာကို အသာတကြည်ပေးမယ်ဆိုရင် ဘယ်သူမှထိခိုက်အောင်မလုပ်ပဲ ပြန်ထွက်သွားပေးမယ်၊ အေး… မပေးပဲငြင်းဆန်မယ်ဆိုရင်တော့ နတ်ဖွက်ရွာကို အစနတောင်မကျန်အောင် မီးလောင်တိုက်သွင်းပစ်မှာနော်”

“ မင်းလိုချင်တာ ဒီတစ်သက်ရမှာမဟုတ်ဘူး၊ ရှင်းရှင်းပြောမယ်ကွာ ငါတို့တစ်ရွာလုံး မြေမှုန်ပဲကျန်ရင်တောင် မင်းမရစေရဘူး”

အဖိုးရဲ့စကားက မရဏရဲ့အရှိုက်ကိုထိသွားခဲ့ တာကြောင့် မျက်နှာထားက ချက်ချင်းတင်းမာ သွားခဲ့တယ်။

နှစ်ဖက်လုံးမှာပါလာတဲ့သူတွေကလဲ တစ်ဖက်နဲ့ တစ်ဖက်အရိပ်အခြည်ကြည့်နေတဲ့အချိန် ကွင်းပြင်ဘေးမှာပေါက်နေတဲ့ အင်ပင်ကနေ သစ်ရွက်တစ်ရွက် ဝေ့ဝဲပြီး ကြွေကျလာခဲ့တယ်။

အင်ရွက်မြေကြီးပေါ်ရောက်တာနဲ့ မရဏနောက်မှာ ပါလာတဲ့သူတွေက ကြောက်မက်ဖွယ်အော်ဟစ်ပြီး ပြေးတက်လာခဲ့သလို ရွာခံလူတွေကလဲ အကြောက်ရွံ့မရှိပဲ ပြေးထွက်သွားခဲ့ကြတယ်။

လရောင်မှိန်ပြပြကျနေတဲ့ ကွင်းပြင်ထဲမှာတော့ တစ်ဖက်နဲ့တစ်ဖက် အပြင်းအထန်တိုက်ခိုက်နေကြ သလို နာကျင်စွာအော်ဟစ်သံ၊ ကြိမ်းဝါးသံတွေကလဲ အဆက်မပြတ်ထွက်ပေါ်လာခဲ့တယ်။

အောင်မြတ်သာတို့ကလဲ မိမိတို့ရဲ့ ပညာရပ်တွေကို အသုံးချပြီး ကျွံဝင်လာတဲ့လူတွေကို ရင်ဆိုင်နေကြသလို ဖိုးကံတုံးကလဲ လေးခွတစ်လက်နဲ့ တဖောက်ဖောက် ပစ်နေခဲ့တယ်။

မရဏကတော့ သူ့ဆီပြေးဝင်လာတဲ့ လူတစ်ယောက်ကို စူးစိုက်ကြည့်ပြီး လက်နဲ့အောက်ကိုဆွဲချလိုက်ရာ ခြေထောက်နှစ်ချောင်းက မြေကြီးထဲ တစ်တောင်လောက်ကျွံဝင်သွားခဲ့တယ်။

အဲဒီအချိန် မရဏနောက်လိုက်တွေထဲက တစ်ယောက်က ရှေ့တက်လာပြီး ချုပ်နှောင်ခံထား ရသူရဲ့ရင်ဘတ်ကိုလက်နဲ့ခွဲကာ အတွင်းကလီစာတွေကို ဆွဲထုတ်ပစ်လိုက်တယ်။

ဒီအဖြစ်ကိုမြင်တဲ့ မုန်းဆိုတဲ့မိန်းကလေးက ရန်သူတွေစုပြုံနေတဲ့ကြားထဲကို မန္တာန်ရွတ်ကာ ပြေးဝင်သွားတာကြောင့် အနားမှာရှိနေတဲ့ မောင်ကောင်းက လက်ကိုဖမ်းဆွဲပြီး

“ မင်း ဝင်သွားရင် တစ်စစီဖြစ်သွားလိမ့်မယ်၊ အနောက်ကိုဆုတ်စမ်း”

“ ဟိုမှာ ကျွန်မရွာကလူတွေ တစ်စစီဖြစ်နေတာ မမြင်ဘူးလား… ကျွန်မကိုလွှတ်စမ်း”

မုန်းက မျက်စောင်းထိုးကာပြောလိုက်ပြီး အတင်းရုန်းထွက်သွားတာကြောင့် မောင်ကောင်းလဲ မနေသာတော့ပဲ အနောက်ကနေ လိုက်သွားခဲ့တယ်။

မုန်းက ငယ်စဉ်ထဲက လေ့ကျင့်ထားတဲ့ မှော်မန္တာန်ကို တတွတ်တွတ်ရွတ်ဖတ်ပြီး သဲတစ်ဆုပ်ကို ပစ်ထုတ်လိုက်ရာ သဲမှုန်တွေကနေ အဆိပ်ပြင်းတဲ့ ပျားတွေအဖြစ်ပြောင်းသွားကာ ရန်သူတွေကို တုတ်ပါလေရော။

မောင်ကောင်းလဲ လက်နှစ်ဖက်မှာကိုင်ထားတဲ့ စင်္ကြာအင်းကိုအသက်သွင်းလိုက်ရာ ခန္ဓာကိုယ်ပတ်ပတ်လည်ကနေ အသွားရှစ်ခုပါတဲ့ စင်္ကြာတွေပေါ်လာခဲ့တယ်။

ဒီအဖြစ်ကိုမြင်တဲ့မရဏက မောင်ကောင်း ရှိတဲ့ဆီပြေးဝင်လာပြီး လက်ညိုးနဲ့ဖြတ်ချလိုက်ရာ စင်္ကြာတွေအကုန်ပြတ်ထွက်ကာ တစ်စစီဖြစ်သွား ခဲ့တယ်။

မောင်ကောင်း အကာအကွယ်ပျက်သွားတဲ့အချိန် မုန်းက လက်မှာပတ်ထားတဲ့ ကိုးပင်လိမ်ကြိုးကို ဆွဲဖြုတ်ပြီးမရဏရှိတဲ့ဘက်ကို ပစ်လွှတ်လိုက်ရာ ကြိုးမျှင်တွေက အသက်ရှိတဲ့အလား မရဏရဲ့ ခန္ဓာကိုယ်ကိုရစ်ပတ်ထားပါလေရော။

“ ဟေ့လူ … အနောက်ဆုတ်တော့လေ”

“ မင်းလဲအတင့်ရဲမနေနဲ့ ပြန်ဆုတ်တော့”

နှစ်ယောက်သား အနောက်ဆုတ်လာတဲ့အချိန် မရဏရဲ့ခန္ဓာကိုယ်မှာ ရစ်ပတ်နေတဲ့ ကြိုးတွေအကုန်ပြတ်ထွက်ကုန်တာမြင်လိုက်ရ တယ်။

အခြာတစ်ဖက်မှာလဲ သက်ခိုင်နဲ့ တောက်ရက တိုးဝင်လာတဲ့ပညာသည်တွေနဲ့ အခြားနာနာဘာဝတွေကို ကြာပွတ်နဲ့ရိုက်ရင်း ခုခံနေသလို၊ မောင်စမနဲ့ ခွန်းလှကတော့ ကျိုးပျက်သွားတဲ့စည်းကို မိမိတို့ပညာနဲ့ပြန်လည် စီရင်နေခဲ့တယ်။

အဲဒီအချိန် အုန်းပင်တစ်ပင်စာလောက်မြင့်တဲ့ တောင်ပေါ်သရဲလေးကောင်ခုန်ဝင်လာတာကြောင့် အောင်မြတ်သာက ဂိုဏ်းအောက်နတ်တွေ ဖြစ်တဲ့ မုခလိနတ်၊ ခြေဖဝါးသုံးတောင်နတ်၊ ရာဇာဟိယက္ခတို့ကိုဆင့်ခေါ်လိုက်ရာ ကောင်းကင်ကနေ မိုးခြိမ်းသံတစ်ချက် ထွက်လာပြီး သုံးကောင်လုံးခုန်ဆင်းလာကာ တိုက်ခိုက်ပါလေရော။

အဲဒီမှာ ဖိုးကတုံးရဲ့ လေးခွကလဲ အတော်အသုံးဝင်တယ်ပြောရမယ်။ ဘာလို့ဆိုတော့ လောက်စာလုံး သားရည်ကြိုးထဲကနေ ထွက်တာနဲ့ မီးကျီလဲလိုဖြစ်သွားပြီး ထိတဲ့သူတွေအနေနဲ့ ငရဲမီးနဲ့ အတို့ခံရသလိုဖြစ်ကာ လူးလိမ့်နေလို့ပဲ။ အဖိုးကတော့ ဖိုးကတုံးအနားမှာနေပြီး ကျွံဝင်လာတဲ့ သူတွေကို သူရဲ့ပညာနဲ့ တားဆီးပေးခဲ့တယ်။

“ ဆရာ… မရဏရဲ့ပညာက မဟာမြိုင်တောထဲကလောက် မဟုတ်တော့ဘူးဗျ”

သက်ခိုင်က ပြေးဝင်လာတဲ့ ပညာသည်တစ်ယောက်ကို ကြာပွတ်နဲ့လှမ်းရိုက်ရင်း ပြောလိုက်တာကြောင့် အောင်မြတ်သာ လှမ်းကြည့်လိုက်ရာ ရွာသားတစ်ယောက်ရဲ့ လည်မြိုကို ခြေထောက်နဲ့နင်းသတ်နေတဲ့ မရဏကို မြင်လိုက်ရတယ်။

“ သက်ခိုင်… မင်းဒီဘက်ကို တာဝန်ယူလိုက်၊ ငါမရဏဆီသွားမယ်”

အောင်မြတ်သာလဲ မရဏရှိတဲ့ဘက်ကို တိုးဝင်သွားတဲ့အချိန် မရဏရှေ့မှာရှိနေတဲ့ ဆံပင်နီကျင်ကျင်နဲ့လူက ဝင်တားတာကြောင့် လက်ဝါးနဲ့ဘုန်းခနဲရိုက်ချလိုက်ရာ ငယ်သံပါအောင် အော်ပြီး ထွက်ပြေးပါလေရော။

ဒါကိုမြင်တဲ့မရဏက သူ့ခြေထောက်အောက်မှာ အသက်ပျောက်နေပြီဖြစ်တဲ့ရွာသားတစ်ယောက်ကို ကန်ထုတ်လိုက်ပြီး အောင်မြတ်သာရှိတဲ့ဘက်ကို လျောက်လာခဲ့တယ်။

“ ငါ့ကိုနှိမ်နင်းဖို့ ရွေးချယ်ခံထားရတဲ့သူပါလား၊ ရုပ်ရည်ကတော့ ကြည့်‌လို့ကောင်းသား‌ပဲ”

“ မရဏ …မင်းအပိုစကားတွေ ပြောမနေနဲ့၊ အခုကစပြီး ငါ့ကိုနိုင်အောင် တိုက်စမ်း”

“ မင်းက တောင်းဆိုတော့လဲ ငါက ဖြည့်ဆည်းပေးရမှာပေါ့”

မရဏက မလှမ်းမကမ်းမှာပေါက်နေတဲ့ အင်ပင်ကို လေထဲကနေဆွဲယူပြီး အောင်မြတ်သာဆီ ပစ်လိုက်ရာ အင်ရွက်တွေက အလွန်ထက်တဲ့ ဓါးပြားတွေအဖြစ်ပြောင်းကာ တဝီးဝီးနဲ့ ဝင်လာခဲ့တယ်။

အောင်မြတ်သာလဲ သူ့ဆီဝင်လာတဲ့ ဓါးတွေကို ညာဘက်လက်နဲ့တားပြီး အောက်ကိုဆွဲချလိုက်ရာ ဓါးတွေအဖြစ်ကနေ အင်ရွက်တွေအဖြစ် ပြောင်းလဲ သွားခဲ့တယ်။

ဒုတိယအကြိမ်မှာတော့ မရဏက သူ့လက်ကိုဆန့်တန်းပြီး မန္တာန်တစ်ပုဒ်ကိုရွတ်လိုက်ရာ ကွင်းပြင်ဘေးပတ်ပတ်လည်မှာရှိနေတဲ့ ကျောက်ခဲတွေလေပေါ်ကိုမြောက်တက်လာခဲ့တယ်။ မရဏက ကျောက်ခဲတွေကို ‌အောင်မြတ်သာဆီ မပို့သေးပဲ လက်နဲ့ဖိချေသလိုလုပ်လိုက်ရာ လုံးဝန်းတဲ့ထိပ်ဖျားအပိုင်းတွေက အမှုန်တွေ ထွက်ကျလာပြီး ချွန်မြလာခဲ့တယ်။

“ ဒီတစ်ခါတော့ မင်းခန္ဓာကိုယ် ဇကာပေါက်ဖြစ်ပြီထင်တယ်”

မရဏက ရိသဲ့သဲ့ပြောရင်း အားကုန်ပစ်လွှတ်လိုက်ရာ ခဲချွန်တွေက မြှားတစ်စင်းလိုအရှိန်နဲ့ ခန္ဓာကိုယ်အနှံ့ကို တိုးဝင်လာခဲ့တယ်။

အောင်မြတ်သာလဲ အကာအကွယ်အဖြစ် ၃၆ကွက်ကိုယ်လုံအင်းကို‌ဆောင်ထားခဲ့ပေမယ့်

ခဲချွန်တွေကို အလုံးစုံမကာကွယ်နိုင်ခဲ့ပဲ ညာဘက်ပခုံးစွန်းထဲကို ခဲစအချို့စိုက်ဝင်သွားခဲ့တယ်။

“ သက်ခိုင်ပြောတဲ့အတိုင်း.. သူ့ပညာစွမ်းတွေ လျော့ချခံထားရတာပဲ”

ဒီတစ်ခါတော့ အောင်မြတ်သာ မထီပြုံးလေးပြုံးရင်း ပခုံစွန်းမှာစိုက်ဝင်နေတဲ့ ခဲချွန်ကိုဆွဲထုတ်ကာ မရဏရှိတဲ့ဘက်ကို ပစ်ပေးလိုက်တယ်။

“ မင်းရဲ့ပညာက မဟာမြိုင်တောကို ဝင်မွှေတုန်းကလောက်မစွမ်းတော့ပါလား၊ ဒါတောင် ကျုပ်ရဲ့ ကိုယ်လုံအင်းကို ဖောက်နိုင်သေးတာကို ချီးကျူးပါတယ်”

မရဏလဲ အောင်မြတ်သာ စကားကြောင့် ဒေါသထွက်သွားပြီး နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ဖို့ဟန်ပြင်လိုက်ရာ အရှိန်နဲ့ဝင်လာတဲ့ လောက်စာလုံးတစ်ခုက နဖူးကိုလာရောက် ထိမှန်ခဲ့တယ်။

အောင်မြတ်သာလဲ လောက်စာလုံး လာတဲ့ဘက်ကို လှည့်ကြည့်လိုက်ရာ လေးခွတစ်လက်ကိုကိုင်ပြီး ရပ်နေတဲ့ ဖိုးကတုံးကိုမြင်လိုက်ရတယ်။

မရဏလဲ ဆယ်ကျော်သက်အရွယ်ကောင်လေး တစ်ယောက်က သူ့ကိုထိခိုက်အောင်လုပ်လိုက်တာကြောင့် ဒေါသတစ်ကြီးအော်ဟစ်ပြီး စိတ်စွမ်းအားနဲ့ လည်ပင်းကိုညှစ်ဖို့လက်ကိုဆန့်တန်းလိုက်တဲ့အချိန် “ ရွှမ်း”ဆိုတဲ့အသံနဲ့အတူ ကြာပွတ်တစ်ချောင်းက သူ့လက်ကိုရိုက်ချတာခံလိုက်ရတယ်။

ထိုစဉ် နောက်ထပ် ကြာပွတ်တစ်ချောင်း ထပ်ဝင်လာပြီး မရဏရဲ့ လည်ပင်းကိုရစ်ပတ်ထားတာကြောင့် ဘေးကိုကြည့်လိုက်ရာ သက်ခိုင်နဲ့ တောက်ရတို့ ဖြစ်နေခဲ့တယ်။

“ ဆရာ… ဘာဖြစ်သွားသေးလဲ”

“ ကြီးမားတဲ့ဒဏ်ရာတော့မဟုတ်ပါဘူး၊ အခြားသူတွေရော ဘယ်လိုနေလဲ”

“ မရဏတပည့်တွေ ခြေဦးတည့်ရာပြေးကုန်လို့ အဖိုးတို့ လိုက်ဖမ်းနေပါတယ်”

သက်ခိုင်စကားကြောင့် မရဏက သူ့လူတွေကို ကြည့်လိုက်ရာ အဖမ်းခံရတဲ့သူတွေအပြင် ကြောက်လန့်တကြားထွက်ပြေးနေကြတဲ့သူတွေကို မြင်လိုက်ရတယ်။

“ အသုံးမကျတဲ့ကောင်တွေ… တောက်စ်”

မရဏက အံကိုကြိတ်ပြီး လည်ပင်းမှာရစ်ပတ်နေတဲ့ ကြာပွတ်ကို ဆောင့်ဆွဲလိုက်ရာ ဖြောင်းခနဲ ပြတ်ထွက်သွားခဲ့တယ်။ ထိုစဉ် တဘုတ်ဘုတ်နဲ့ပြေးလာတဲ့အသံကြားလို့ ကြည့်လိုက်ရာ ဟောဟဲလိုက်နေတဲ့ မောင်စမဖြစ်နေခဲ့တယ်။

“ ဟေ့ကောင်… မင်းငါ့ကို မှတ်မိလား”

မောနေတဲ့ကြားက လက်ညိုးထိုးပြီးမေးလိုက်တဲ့ မောင်စမစကားကြောင့် မရဏက မျက်မှောင်ကျုံ့ကာ စဉ်းစားလိုက်ပြီး

“ ဇရပ်ပေါ်ကလူမဟုတ်လား”

“ မင်းမဆိုးဘူး မှတ်မိသားပဲ၊ အဲဒီတုန်းက ငါတို့ကို အသေမသတ်ခဲ့တာ အခုနောင်တရနေပြီ မဟုတ်လား”

“ ဒါဆိုလဲ နောက်တစ်ကြိမ် ထပ်သတ်ပေးရတာပေါ့”

“ မင်းသတ်ချင်တိုင်း သတ်လို့ရအောင် ငါတို့က ကြက်ကလေး ငှက်ကလေးမှ မဟုတ်တာကွာ”

အသံက အောင်မြတ်သာတို့အနောက်ကနေ ထွက်လာတာကြောင့် ကြည့်လိုက်ရာ မောင်ကောင်းနဲ့ ခွန်းလှတို့ဖြစ်နေခဲ့တယ်။

“ ဆရာ… လွယ်အိတ်ထဲက သံသေဓါးနဲ့ နဂါးပတ်ကြိမ်ခဏငှားထားတယ်နော်”

‌မောင်ကောင်းက သံသေဓါးကို မြောက်ပြလိုက်သလို ခွန်းလှကလဲ နဂါးပတ်ကြိမ်ကို မြောက်ပြလိုက်တယ်။

“ မင်းတို့က ခြောက်ယောက်ပေါင်းပြီး ငါ့ကို တိုက်ကြမှာပေါ့လေ၊ အတော်ကို တရားမျှတတဲ့ တိုက်ပွဲပါလား”

“ တရားမျှတမှုဆိုတာ မင်းလိုကောင်အတွက်မရှိဘူးကွ”

မောင်ကောင်းက စကားဆုံးတာနဲ့ သံသေဓါးနဲ့ ပြေးခုတ်ပါလေရော။ ဒါပေမယ့် ဓါးက မရဏရဲ့ကိုယ်ကိုထိပြီး အနောက်ကို ပြန်ကန်ထွက်သွားခဲ့တယ်။

ခွန်းလှကလဲ နဂါးပတ်ကြိမ်နဲ့ လှမ်းရိုက်ရာ မရဏက လက်တစ်ဖက်နဲ့ဆုပ်ကိုင်ပြီး ဘေးကိုပစ်ထုတ်လိုက်တယ်။

ထိုစဉ် မရဏရဲ့ ခန္ဓာကိုယ်အနှံ့ကို လောက်စာလုံးတွေ လာထိမှန်လို့ အောင်မြတ်သာတို့ အနောက်ကိုလှည့်ကြည့်လိုက်ရာ လွယ်အိတ်ထဲက ‌လောက်စာလုံးတွေကို အဆုပ်လိုက်ကိုင်ပြီး တဒေါင်ဒေါင်နဲ့ပစ်နေတဲ့ ဖိုးကတုံးကိုမြင်လိုက်ရတယ်။

“ ဆရာတို့ ဒီကောင်ကို ဖမ်းကြလေ… ကျွန်တော်အနောက်ကနေ ကာပစ်ထားပေးမယ်”

မရဏအနေနဲ့ ကျန်တဲ့အရာတွေကို ရှောင်တိမ်းလို့ ရပေမယ့် ဖိုးကတုံးရဲ့ လေးခွကိုမရှောင်နိုင်တဲ့ အတွက် ဒေါသကအထွဋ်အထိပ်ကိုရောက်လာပြီး မာန်သွင်းကာ ရှေ့ကိုပြေးဝင်လာခဲ့တယ်။

ထိုစဉ် ခြောက်ယောက်လုံးရဲ့နားထဲမှာ “ဆဌဂံပုစံနေရာယူပြီး လက်ညိုးနဲ့မြေကြီးကို ‌ထောက်ချလိုက်” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

“ ဆရာတော်ရဲ့အသံပါလား… ဒါ ငါတို့ကို ခြောက်ကွက်အင်းကို ပုံဖော်ခိုင်းတာပဲ”

အောင်မြတ်သာက သဘောပေါက်စွာရေရွတ်ရင်း ကျန်တဲ့သူတွေကိုဆဌဂံပုံစံနေရာယူခိုင်းကာ မြေကြီးထက်မှာတင် စမအက္ခရာတစ်လုံးစီကို ညာဘက်လက်ညိုးနဲ့ရေးဆွဲစေခဲ့တယ်။

ထိုသို့ရေးဆွဲပြီးတဲ့ချိန်မှာပဲမီးတောက်မီးလျှံတွေ

ပါတဲ့အက်ရာကြီး ခြောက်ခုဖြစ်ပေါ်လာပြီး ပြေးဝင်လာတဲ့ မရဏဆီကို ဦးတည်ရွေ့လျားသွားခဲ့တယ်။

ငရဲမီးတမျှပူလောင်တဲ့အရှိန်ကြောင့် မရဏခြေလှမ်းတွေ တုန့်ခနဲရပ်လိုက်ချိန်မှာတော့ မြေကြီးထဲကနေ ထွက်နေတဲ့ မီးလျှံတွေက ဒူးဆစ်အထိရောက်လာခဲ့သလို ခြေထောက်ကလဲ ရှေ့ကိုဆက်တိုးလို့မရတော့ပေ။

မရဏကတော့ လက်မလျော့ပဲ လွတ်နေတဲ့ လက်နှစ်ဖက်နဲ့ ခြေထောက်ကိုဆွဲနှုတ်ဖို့ကြိုးစား ခဲ့ရာ မီးတောက်တွေက လက်တွေကိုပါကူးစက်လာ ခဲ့တာကြောင့် ခြေရောလက်ရော တုပ်ပြီးချုပ်ပြီး ဖြစ်သွားခဲ့တယ်။

“ ထွီ… သရဲဘောကြောင်တဲ့ကောင်တွေ၊ သတ္တိရှိရင် ငါ့ကိုလွှတ်ပေးစမ်း… လွှတ်ပေးကြစမ်း”

မရဏက အသံကုန်အော်ဟစ်သောင်းကျန်နေတဲ့ အချိန် မောင်စမ အနားကိုကပ်သွားပြီး မျက်နှာကို ဖြောင်းခနဲကန်ချလိုက်တယ်။ ပြီးတာနဲ့ မိုးပေါ်ကို မော့ကြည့်ပြီး

“ မြဒင်ရေ မင်းအတွက် ငါတို့လက်စားချေပြီးပြီ ဖြစ်လို့ ရောက်ရာအရပ်မှာ အဆင်ပြေပါစေကွာ” လို့ရေရွတ်လိုက်ပါတော့တယ်။

ထိုစဉ် နတ်ဖွက်ရွာထဲမှာ ဖမ်းထားတဲ့ ပညာသည်တွေကို ကြိုးနဲ့တုပ်ကာခေါ်ဆောင်လာတဲ့ ရွာသားတွေကိုမြင်လိုက်ရတယ်။ အနားရောက်တော့ အဖိုးက အောင်မြတ်သာဆီလျောက်လာပြီး

“ ဆရာ… ဒီလူနဲ့အပေါင်းအပါတွေကို ရွာရဲ့ဓလေ့အတိုင်း စီရင်ခွင့်ပြုပါ”

“ အချိန်ဆွဲမယ်ဆိုရင်တော့ ကျုပ်ခွင့်မပြုနိုင်ဘူးအဖိုး၊ တကယ်လို့ စီရင်ချင်တယ်ဆိုရင် ကျုပ်တို့အရှေ့မှာ လုပ်ပါ”

“ ဆရာတို့ရှေ့မှာပဲ စီရင်မှာပါ”

အဖိုးက စကားဆုံးတာနဲ့ အင်းစမတွေ ရေးဆွဲထားတဲ့ ပိတ်ဖြူတစ်ထည်ကို မရဏကိုယ်ပေါ်ခြုံပေးလိုက်ပြီး ရွာအကြီးအကဲသုံးယောက်နဲ့အတူ လေးဘက်လေးတန်ထိုင်လိုက်ကြတယ်။ ပြီးတာနဲ့ ပိတ်စအစွန်းကို တစ်ယောက်စီကိုင်ပြီး ပညာနှုတ်တဲ့ဂါထာကို အဆက်မပြတ်ရွတ်ပါလေရော။

ဂါထာတစ်ခေါက်ဆုံးတိုင်း မရဏရဲ့‌အသဲခိုက်အောင် နာကျင်တဲ့အော်သံထွက်လာသလို

ကိုယ်ထဲမှာရှိတဲ့ ပညာစွမ်းတွေကလဲ

ပိတ်စထဲကို ရိပ်ခနဲရိပ်ခနဲ ဝင်နေခဲ့တယ်။ ဂါထာ၃၇ခေါက်ရွတ်ဖတ်ပြီးချိန်မှာတော့ မရဏရဲ့ပါးစပ်ထဲကနေ သွေးမဲမဲတွေ ပွက်ခနဲ ပွက်ခနဲအန်ရင်း “ ငါတစ်နေ့ပြန်လာမယ်” ဆိုတဲ့စကားကိုပြောကာအရုပ်ကြိုးပြတ်လဲကျသွားတာကို အောင်မြတ်သာတို့ မြင်လိုက်ရတယ်။

“ စမ… သူအသက်ရှိမရှိ စမ်းကြည့်လိုက်”

မောင်စမလဲ အသက်ရှိမရှိစမ်းကြည့်ရာ အသက်ငွေ့ငွေ့တောင် မရှိတော့ဘူးဆိုတာသိလိုက်ရတယ်။

“ အသက်မရှိတော့ဘူးဆရာ”

အောင်မြတ်သာက သေချာအောင် ကိုယ်တိုင်စမ်းကြည့်တော့လဲ အသက်ကြိုးက လုံးဝပြတ်တောက်နေတာသိလိုက်ရတယ်။

“ သူ့ရဲ့နောက်လိုက်တွေကိုအဖိုးတို့ပဲ သင့်တော်သလို စီစဉ်လိုက်ပါ”

“ စိတ်ချပါဆရာ… သူတို့ကို အပြစ်မပေးရင်

ဒီညတိုက်ပွဲမှာ အသက်ပေးခဲ့ရတဲ့ ရွာသူရွာသားတွေက ကျုပ်တို့ကို ကျိန်ဆဲနေပါလိမ့်မယ်”

“ သေဆုံးခဲ့ရတဲ့သူတွေအတွက် စိတ်မကောင်း ဖြစ်မိပါတယ်အဖိုး”

“ ဆရာတို့ကူညီပေးလို့သာ ဒီလောက်ပဲ ထိခိုက်ခဲ့တာမဟုတ်လား၊ နောက်ဆိုရင် တစ်ရွာလုံး ပြာတောင်ကျန်မှာမဟုတ်ဘူး၊ ကဲကဲ ဆရာတို့လဲ ပင်ပန်းနေပြီဆိုတော့ အနားယူဖို့ ကြွကြပါဦး”

အောင်မြတ်သာတို့ ရွာထဲပြန်ရောက်ချိန်မှာတော့ ပုန်းခိုနေကြတဲ့သူတွေ တစ်ဖွဲဖွဲပြန်လာနေတာကို မြင်လိုက်ရတယ်။

“ ဆရာ… ဒီကနေ ပြန်ထွက်ရင် ကျွန်တော်တို့ ကိုယ့်နေရာကိုယ်ပြန်ကြရမှာလား”

မောင်စမရဲ့စကားကို အောင်မြတ်သာက ချက်ချင်းပြန်မဖြေပဲ စဉ်းစားနေပြီးကာမှ

“ မင်းမပြန်ချင်ရင် ငါက အတင်းပြန်မပို့ပါဘူး”လို့ပြောကာ သက်ခိုင်တို့ရှိတဲ့ဘက်ကို ထွက်သွားခဲ့တယ်။

မောင်စမကတော့ အနားမှာနေဖို့ ခွင့်ပြုချက်ရသွားခဲ့ပေမယ့် သက်ခိုင်နဲ့ တောက်ရ ကတော့ သူတို့နေထိုင်ရာ မဟာမြိုင်တောထဲကို ပြန်ရတော့မှာမို့ အောင်မြတ်သာကို ငိုကြွေးရင်း ကန်တော့နေကြလေရဲ့ဗျာ။

+++++++

မြူခိုးတွေ ဖုံးလွှမ်းနေတဲ့ လွင်တီးခေါင်ပြင်ထဲမှာတော့ မရဏတစ်ယောက် ခြေဦးတည့်ရာလျောက်သွားနေခဲ့တယ်။ သူ့တစ်ကိုယ်လုံးမှာတော့ သွေးသံတရဲရဲနဲ့ ဒဏ်ရာတွေအပြည့်ဖြစ်နေပြီး မျက်လုံးကလဲ ကြောက်လန့်နေတဲ့ဟန်နဲ့ ဘေဘီကို လိုက်ကြည့်နေခဲ့တယ်။

ထိုစဉ် ကျယ်လောင်စွာထွက်ပေါ်လာတဲ့ ခွေးဟောင်သံကြောင့် ဖင်ထိုင်လျက်လဲကျသွားခဲ့သလို ခွေးနက်ကြီး တစ်ကောင်သူ့ရှေ့မှာ ဘွားခနဲပေါ်လာခဲ့တယ်။

ဒီကိုစရောက်ထဲက ခွေးနက်တွေလိုက်ဆွဲလို့ပြေးနေရတဲ့ မရဏတစ်ယောက် အခုလဲ ခွေးနက်တစ်ကောင်က သူ့ရှေ့မှာပေါ်လာခဲ့တာမို့ မျက်စိကိုစုံမှိတ်ရင်း အနောက်ကိုဆုတ်သွားတဲ့အချိန် တဂိန်ဂိန်နဲ့ အော်ပြီး ထွက်ပြေးသွားတဲ့အသံကို ကြားလိုက်ရတယ်။ ဒါကြောင့် မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ ပုဆိုးတိုတိုဝတ်ထားတဲ့ လူတစ်ယောက် သူ့ရှေ့မှာရပ်နေတာမြင်လို့ ဝမ်းသာအားရနဲ့ ကုန်းထလိုက်တဲ့အချိန်

“ မင်္ဂလာပါမရဏရေ… မြဒင်ရဲ့ပိုင်နက်ထဲကနေ ကြိုဆိုပါတယ်ကွာ” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

+++++++

အောင်မြတ်သာတို့ နတ်ဖွက်ရွာကနေ ထွက်လာပြီးချိန်မှာတော့ မြဒင်နေထိုင်ရာ အရပ်ဒေသဖြစ်တဲ့ ထန်းလုံးဖြူကျေးရွာကို ရောက်ရှိခဲ့တယ်။

ထန်းလုံးဖြူရွာကိုရောက်လာတဲ့အကြောင်းက ဘာများဖြစ်မလဲ၊ မြဒင်နဲ့ရော ဘယ်လိုပတ်သတ်နေမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် လွမ်းငွေ့ဝေဝေဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

 

Zawgyi Version

“ေအာင္ျမတ္သာႏွင့္ေသြးေရာင္လႊမ္းေသာည”(စ/ဆုံး)
——————————————————————

ေ႐ႊေရာင္အဆင္းေတြ တဖိတ္ဖိတ္ေတာက္ပေနတဲ့ နန္းေဆာင္တစ္ခုရဲ႕အလယ္မွာေတာ့ လြန္စြာခမ္းနားထည္ဝါတဲ့အဆင္တန္ဆာကို ဝတ္ဆင္ထားတဲ့နတ္တစ္ပါးစံျမန္းေနခဲ့တယ္။ သူ႔ရဲ႕ ေဘးပတ္ပတ္လည္မွာေတာ့ လက္နက္မ်ိဳးစုံကိုင္စြဲ ထားတဲ့နတ္စစ္သည္ေပါင္းမ်ားစြာက ၿပဳံးရယ္ျခင္း အလွ်င္းမရွိတဲ့မ်က္ႏွာထားနဲ႔ ၿခံရံထားၾကတယ္။

နန္းေဆာင္တစ္ခုလုံး အပ္က်သံပင္မၾကားရေအာင္ တိတ္ဆိတ္ၿငိမ္သက္ေနသလို ခစားေနၾကတဲ့ နတ္သားနတ္သမီးအေပါင္းကလဲ ပလႅင္ထက္မွာ ထိုင္ေနတဲ့ပုဂၢိဳလ္ရဲ႕ ႏႈတ္ထြက္စကားကို ေစာင့္စား ေနခဲ့ၾကတယ္။

“ ေဒဝပုတၱကို အခုထိမေတြ႕ၾကေသးဘူးလား”

ဟိန္းခနဲထြက္လာတဲ့အသံေၾကာင့္ အသြားကိုးခုရွိတဲ့ လွံကို ကိုင္ေဆာင္ထားတဲ့ နတ္စစ္ေသနာပတိက ေရွ႕ကိုထြက္လာၿပီး

“ နတ္မင္းႀကီးရဲ႕အမိန႔္နဲ႔ ေဒဝပုတၱကို သြားေရာက္ေခၚေဆာင္ေနၾကတဲ့ နတ္စစ္သည္ေတြ အခုထိမေရာက္လာေသးေၾကာင္းပါ”

“ ေဒဝပုတၱကိုေစာင့္ၾကည့္ထားဖို႔ မိန႔္ထားတာေတာင္ ဘယ္လိုေၾကာင့္ လႊတ္သြားတာလဲဆိုတာ ေလ်ာက္တင္စမ္း”

“ ေဒဝပုတၱက သူ႔ကိုယ္သူေသးငယ္တဲ့ ပ်ားတစ္ေကာင္အျဖစ္ဖန္ဆင္းၿပီး ေစာင့္ၾကပ္ေနတဲ့ စစ္သည္ေတြကိုလွည့္စားသြားတယ္လို႔သိရပါတယ္”

“ မ်က္စိေအာက္ကေပ်ာက္တာနဲ႔ ျပႆနာရွာဖို႔ပဲ ေတြးေတာေနတာပါလား၊ ဒါနဲ႔ သူပညာစြမ္းေတြ ေပးထားတဲ့ လူကိုေရာ ရွာေတြ႕ၿပီလား”

“ လြန္ခဲ့တဲ့အခ်ိန္အနည္းငယ္က ‌ေဒဝပုတၱေပးထားတဲ့ အစြမ္းကိုသုံးၿပီး နာမ္ေလာကတံခါးကို ေဖ်ာက္ဖ်က္လိုက္တာကို ေျခရာခံမိပါတယ္၊ ဒါေပမယ့္ တည္ရွိေနတဲ့ အစြမ္းပကားေတြကိုေတာ့ မႏႈတ္ယူရေသး ေၾကာင္းပါဘုရား”

နတ္စစ္ေသနာပတိစကားအဆုံးမွာ ဗိမၺာန္အျပင္ကေန ျမင္းဟီးသံၾကားလိုက္ရတာေၾကာင့္ ခစားေနတဲ့သူေတြအားလုံး လႈပ္လႈပ္ရွားရွား ျဖစ္သြားၿပီး အဝင္ဝကိုလွမ္းၾကည့္လိုက္ၾကတယ္။

“ ေဒဝပုတၱေရာက္လာၿပီထင္ပါတယ္ဘုရား”

နတ္မင္းႀကီးလဲ အျပင္ကိုၾကည့္လိုက္ရာ ျမင္းျဖဴအေကာင္သုံးဆယ္ကတဲ့ နတ္ျမင္းရထားေပၚကေန ဘယ္သူ႔ကိုမွ ထီမထင္တဲ့ မ်က္ႏွာထားတဲ့ ဆင္းလာတဲ့ ေဒဝပုတၱကို ျမင္လိုက္ ရတယ္။

သူ႔အေနာက္မွာေတာ့ လက္နက္မ်ိဳးစုံကိုင္ေဆာင္ ထားတဲ့ ပရနိမၼိတတဝသဝတီျပည္က အထင္ကရ နတ္စစ္သည္ေတြလိုက္ပါလာခဲ့တယ္။

‌ေဒဝပုတၱက ေ႐ႊေရာင္တဖိတ္ဖိတ္ေတာက္ေနတဲ့ နတ္ဝတ္တန္ဆာကို ခါယမ္းၿပီးေလ်ာက္လမ္းထဲ ဝင္လာခဲ့ေပမယ့္ သူ႔မ်က္ႏွာက တစ္စုံတစ္ခုကို မေက်မနပ္ျဖစ္ေနသလို တင္းမာေနတာကို ခစား ေနတဲ့သူအားလုံး သတိထားမိခဲ့ၾကတယ္။

‌ေဒဝပုတၱအေနနဲ႔ ေ႐ႊေရာင္တဖိတ္ဖိတ္ေတာက္‌ ေနတဲ့ ပလႅင္ေရွ႕ကိုအေရာက္မွာေတာ့ နတ္စစ္ေသနာပတိကို မ်က္ေစာင္းတစ္ခ်က္ထိုးၿပီး လက္ကိုေနာက္ပစ္ကာ ရပ္ေနလိုက္တယ္။

“ ေဒဝပုတၱ … သင့္အျပစ္သင္သိသလား”

“ အျပစ္ဟုတ္လား… က်ဳပ္မွာဘာအျပစ္ရွိလို႔လဲ”

“ သူေတာ္စင္ေတြေပ်ာ္ေမြ႕ရာအရပ္ေဒသကို ဖ်က္လို ဖ်က္စီးလုပ္ခဲ့တာေတြက သင့္အျပစ္ မဟုတ္ေပဘူးလား”

“ က်ဳပ္ဒီမွာေနရတာပ်င္းလာလို႔ စိတ္ေျပလက္ေပ်ာက္ကစားခဲ့တာပဲရွိတာ၊ ဒါကအျပစ္မဟုတ္ပါဘူး”

“ ဒီေကာင္ေတာ့ ဘယ္သူ႔ေရွ႕မွာ မခန႔္ေလးစား လုပ္ေနတာလဲ”

နတ္မင္းႀကီးအသံက ခက္ထန္ေနသလို ခႏၶာကိုယ္ကေနလဲ စိတ္ျပင္းျပမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ နီညိဳေရာင္အလင္းတန္းေတြ ျဖာထြက္ေနခဲ့ေပမယ့္ ေဒဝပုတၱကေတာ့ သူ႔ကိုေခၚလာတဲ့ နတ္စစ္သည္ေတြရဲ႕ မ်က္ႏွာကို လိုက္ၾကည့္ေနခဲ့တယ္။

“ ဒီတစ္ေခါက္ ျဖစ္ရပ္က က်ဳပ္စိတ္ကို အနည္းငယ္ေတာင္ေက်နပ္မႈမရွိခဲ့ဘူး၊ က်ဳပ္လူေ႐ြးမွားသြားတာျဖစ္မယ္ထင္တယ္”

“ သင္ အခုထိအသိတရားမရေသးဘူးလား ေဒဝပုတၱ”

“ အသိတရားရတာမရတာထက္ နတ္မင္းႀကီး ေပးတဲ့အျပစ္ကိုခံယူမယ္ဆိုတာပဲေျပာပါရေစ”

“ နတ္စစ္သည္မ်ား.. ေဒဝပုတၱကို သူစံျမန္းရာ နန္းေဆာင္ကိုပို႔ေဆာင္လိုက္ၾက၊ ဗိမၼာန္အျပင္မွာလဲ နတ္စစ္သည္ေတြ အထပ္ထပ္ေစာင့္ၾကပ္ေစ၊ မည္သည့္သ႑ာန္နဲ႔မွ လြတ္ထြက္မသြားေစနဲ႔”

“ နတ္မင္းႀကီးအမိန႔္အတိုင္း ေဆာင္႐ြက္လိုက္ပါ့မယ္”

နတ္မင္းႀကီးရဲ႕အမိန႔္ကိုၾကားေတာ့ ေဒဝပုတၱက သေဘာက်စြာရယ္လိုက္ၿပီး သူ႔နန္းေဆာင္ရွိရာကို မေရမတြက္ႏိုင္ေအာင္ မ်ားျပားတဲ့ နတ္စစ္သည္ေတြၿခံရံလ်က္ လိုက္ပါသြားခဲ့တယ္။

++++++

အေမွာင္ထုကသိပ္သည္းေနၿပီး

ကိုယ့္လက္ကို မျမင္ရတဲ့ေတာႀကီးမ်က္မည္းထဲ မွာေတာ့ မရဏတစ္ေယာက္ ၿငိမ္သက္စြာတရားထိုင္ ေနခဲ့တယ္။ ေလအေဝွ႔မွာ ပခုံးေပၚက်ေနတဲ့ ဆံပင္ရွည္ေတြက တလြင့္လြင့္လႈပ္ရွားေနတာက လြဲၿပီး ပတ္ဝန္းက်င္တစ္ခုလုံး ၿငိမ္သက္ေနခဲ့တယ္။

ထိုစဥ္ လမ္းေလ်ာက္လာတဲ့ ေျခသံတစ္ခုက တရားထိုင္ေနတဲ့ေနရာရဲ႕ တစ္လံအကြာေလာက္မွာ ရပ္သြားခဲ့တာေၾကာင့္ မ်က္လုံးကိုဖြင့္ၾကည့္လိုက္ရာ အသားအရည္႐ြံ႕တြေနတဲ့ အဖိုးအိုတစ္ေယာက္ကို ျမင္လိုက္ရတယ္။

မရဏကအဖိုးအိုကိုျမင္ေတာ့ မႏွစ္ၿမိဳ႕တဲ့ဟန္နဲ႔ၾကည့္လိုက္ၿပီး

“ အဖိုးႀကီး… ဒီကိုဘာလာလုပ္တာလဲ၊ ‌ခင္ဗ်ားကို ေနာက္တစ္ခါျမင္ရင္ သတ္ပစ္မယ္ေျပာထားတာ မသိဘူးလား”

“ လူေလး… မင္းသတ္မယ္ဆိုလဲ သတ္ပါ၊ ဒါေပမယ့္ ေျပာစရာရွိတာေတာ့ေျပာရမွာပဲ”

“ စကားမ်ားတဲ့အက်င့္က အခုထိမေပ်ာက္ေသးဘူးပဲ၊ ဘာေျပာမွာလဲ ေျပာ”

“ လူေလး လမ္းစဥ္က လြဲေခ်ာ္ေနၿပီ၊ ဒီအတိုင္းဆို မၾကာခင္ လူေလး ဒုကၡေရာက္ေတာ့မယ္”

“ က်ဳပ္ေလ်ာက္တဲ့လမ္းကို ခင္ဗ်ား ဘာမွေဝဖန္စရာမလိုဘူး၊ လမ္းေခ်ာ္႐ုံမကလို႔ ေခ်ာက္ထဲပဲက်ေနပါေစ ခင္ဗ်ားနဲ႔မသက္ဆိုင္ဘူး”

“ ဟင္း… မင္းက အရင္တုန္းကလိုပဲ ေခါင္းမာေနဆဲပါလား၊ ငါက မင္းအေပၚထားတဲ့ သံေယာဇဥ္ေၾကာင့္ သတိလာေပးတာျဖစ္လို႔ ေရွ႕ဆက္တိုးမလား ေနာက္‌ဆုတ္မလား‌ဆိုတာက မင္းကိုယ္တိုင္‌ဆုံးျဖတ္ပါ”

“ ခင္ဗ်ားေျပာခ်င္တာ ဒါပဲမဟုတ္လား… ေျပာပီးရင္ ထြက္သြားေတာ့၊ မဟုတ္ရင္ က်ဳပ္ေဒါသေတြ ခင္ဗ်ားအေပၚ ပုံက်သြားလိမ့္မယ္”

မရဏစကားေၾကာင့္ အဖိုးအိုက ေခါင္းကိုတြင္တြင္ ခါယမ္းၿပီး အေမွာင္ထုထဲကို တေ႐ြ႕ေ႐ြ႕တိုးဝင္ ေပ်ာက္ကြယ္သြားခဲ့တယ္။

အဖိုးအိုထြက္သြားေတာ့ မရဏက ပခုံးေပၚမွာ ျပန႔္က်ဲေနတဲ့ဆံပင္ေတြကို လက္နဲ႔သိမ္းယူကာ စည္းလိုက္ၿပီး

“ မရဏဆိုတဲ့ေကာင္က ဘယ္အရာကိုမွ မေၾကာက္လို႔ဒီလမ္းကိုေ႐ြးခဲ့တာ၊ ငါကအခုဘာလို႔ ပုန္းေရွာင္ေနရတာလဲ” လို႔ေရ႐ြတ္ကာ ေျခလွမ္းက်ဲႀကီးေတြနဲ႔ ေတာအုပ္အျပင္ဘက္ကို ေလ်ာက္လွမ္းသြားခဲ့တယ္။

+++++++

ေတာရိပ္ေတာင္ရိပ္ေတြဖုံးလႊမ္းေနတဲ့ စိန္ပန္း႐ြာအျပင္ဘက္ ေတာစပ္တစ္ေနရာက အရိပ္ရသစ္ပင္တစ္ခုေအာက္မွာေတာ့ ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြ ေခတၱအနားယူေနခဲ့ၾကတယ္။

“ ဆရာ… ဒီ႐ြာက လူသြားလူလာလဲမရွိပါလား၊ နည္းနည္းထူးဆန္းေနသလိုပဲ”

ခြန္းလွစကားေၾကာင့္ ေအာင္ျမတ္သာက ပတ္ဝန္းက်င္ကိုအကဲခတ္လိုက္တဲ့အခ်ိန္ ဆံပင္ေတြဆြတ္ဆြတ္ျဖဴေနတဲ့ အဖိုးအိုတစ္ေယာက္ ႐ြာထဲကေန အျပင္ကိုထြက္လာတာျမင္လိုက္ ရတယ္။ အဖိုးအိုက ေအာင္ျမတ္သာတို႔ ထိုင္ေနတဲ့ ေနရာစီကို တန္းတန္းမတ္မတ္ေလ်ာက္လာၿပီး

“ ဆရာေလးတို႔က နတ္ဖြက္႐ြာကိုမသြားပဲ ဒီမွာဘာထိုင္လုပ္ေနၾကတာလဲ”

“ နတ္ဖြက္႐ြာ ဟုတ္လား… က်ဳပ္တို႔က ႐ြာနာမည္ကို အခုမွၾကားဖူးတာ”

“ နတ္ဖြက္႐ြာမွာ ဆရာေလးတို႔ကို ေစာင့္ေနတဲ့သူေတြရွိတယ္၊ ျမန္ျမန္သြားၾက”

“ နတ္ဖြက္႐ြာကို ဘယ္လမ္းကေနသြားရတာလဲ”

“ က်ဳပ္အခုထြက္လာတဲ့ ေတာလမ္းအတိုင္း တည့္တည့္သြားရင္ ေညာင္မုတ္ဆိတ္ေတြ တြဲက်ေနတဲ့အပင္တစ္ပင္ကိုေတြ႕လိမ့္မယ္၊ ေညာင္ပင္ကိုေတြ႕ရင္ က်ီးေပါင္းတက္ေနတဲ့ ေနရာကို လက္နဲ႔သုံးခ်က္ေခါက္လိုက္ပါ၊ သူတို႔ထြက္လာၾကလိမ့္မယ္”

ေအာင္ျမတ္သာက သတင္းစကားလာေပးတဲ့ အဖိုးအိုကို ေျခအဆုံးေခါင္းအဆုံးၾကည့္လိုက္ၿပီး

“ သင္ကဘယ္သူလဲ… ဘာေၾကာင့္ က်ဳပ္တို႔ကို အခုလိုသတင္းစကား‌ပါးရတာလဲ”

“ က်ဳပ္ဘယ္သူလဲဆိုတာသိေတာ့ေရာ ဘာထူးမွာလဲ၊ ကဲကဲ အခ်ိန္မရွိေတာ့ဘူး ျမန္ျမန္သြားၾကေတာ့”

အဖိုးအိုက စကားပါးၿပီးတာနဲ႔ လူတစ္ရပ္စာခန႔္ျမင့္တဲ့ ၿခဳံပုတ္ေနာက္ကိုဝင္ေရာက္သြားခဲ့တယ္။

“ ဆရာ… ခုနကအဖိုးအိုက အရိပ္လဲမထြက္ဘူး၊ မ်က္ေတာင္လဲမခတ္ဘူးဗ်”

“ ဟုတ္တယ္… ဒီပုဂၢိဳလ္က လူမျဖစ္ႏိုင္ဘူး… ငါတို႔ကို နတ္ဖြက္႐ြာဆီသြားဖို႔ လာေျပာရတာလဲ အေၾကာင္းကိစၥ တစ္ခုခုရွိမယ္ထင္တယ္”

“ သူေျပာတဲ့အတိုင္း သြားၾကည့္ရင္ တစ္ခုခုေတာ့ ထူးျခားမယ္လို႔ထင္တယ္”

“ ဒါျဖင့္လဲ သြားၾကတာေပါ့…”

ေအာင္ျမတ္သာလဲ လြယ္အိတ္ကိုေကာက္လြယ္ၿပီး ေတာလမ္းဘက္ကိုသြားဖို႔အလုပ္ ဆူးၿခဳံတစ္ခုက ေလမတိုက္ပဲလႈပ္ေနတာျမင္လိုက္ရတယ္။

“ ဆူးၿခဳံအေနာက္မွာ ပုန္းေနတာ ဘယ္သူလဲေဟ့… ထြက္လာစမ္း” လို႔ေျပာလိုက္ရာ လြယ္အိတ္ကို ထုံးၿပီးလြယ္ထားတဲ့ လူတစ္ေယာက္ထြက္လာ ခဲ့တယ္။

“ ဟင္… ဖိုးကတုံး.. မင္း မင္းဘယ္လိုလုပ္ၿပီး ဒီေရာက္ေနတာလဲ”

“ ဆရာတို႔႐ြာကေန ထြက္သြားေတာ့ အေနာက္ကေန ခိုးၿပီးလိုက္လာခဲ့တာ”

“ မင္းကငယ္ေသးတယ္ကြ… ငါတို႔နဲ႔လိုက္ရင္ မင္းအသက္အႏၲရာယ္စိတ္ပူရတယ္”

“ ေသမွာကိုမေၾကာက္ပါဘူးဗ်ာ… အိမ္မွာေနလဲ ကြၽန္တစ္ေယာက္လိုလုပ္ေနရတာဆိုေတာ့ ဆရာတို႔ေနာက္လိုက္ၿပီးေသတာက ပိုေတာင္ ေကာင္းေသးတယ္”

“ ဒီေကာင္နဲ႔ေတာ့ခက္ၿပီကြာ… မင္း ဒီေလာက္စိတ္အားထက္သန္ေနလဲ လိုက္ခဲ့ေပေတာ့၊ ေမာင္စမေရ သူ႔ကို ဒိဗၺစကၡဴအင္းနဲ႔ အျမင္ဖြင့္ေပးလိုက္ကြာ”

ေမာင္စမလဲ ေအာင္ျမတ္သာစကားေၾကာင့္ ဖိုးကတုံးရဲ႕ အျမင္အာ႐ုံကို ဒိဗၺစကၠဴအင္း ႏွစ္ခ်ပ္နဲ႔ အျမင္ဖြင့္ေပးၿပီး တစ္ပါထဲေခၚေဆာင္လာခဲ့ လိုက္တယ္။

+++++++

မရဏအေနနဲ႔ ပုန္းေအာင္းရာ ေနရာကေန အျပင္ကို ထြက္လိုက္တာနဲ႔ သူ႔ရဲ႕ေဘးပတ္ပတ္လည္မွာ ၿပိဳးၿပိဳးပ်က္ပ်က္အဆင္တန္ဆာေတြ ဝတ္ဆင္ ထားတဲ့ နတ္စစ္သည္အခ်ိဳ႕ကို ျမင္လိုက္ရတယ္။

“ အသင္လူသား…ဒူးေထာက္စမ္း”

“ သင္တို႔ကဘယ္သူေတြလဲ…”

“ ငါတို႔က သင့္ကိုလိုက္ရွာေနၾကတဲ့ ပရနိမၼိတဝသဝတီျပည္က နတ္စစ္သည္ေတြပဲ”

“ က်ဳပ္ကိုလိုက္ရွာၿပီး ဘာလုပ္မလို႔လဲ”

“ သင္ရဲ႕ အရွင္ေဒဝပုတၱေပးအပ္ထားတဲ့ အစြမ္းတန္ခိုးေတြကို ႏႈတ္ယူဖို႔ ေရာက္လာရျခင္း ျဖစ္တယ္”

ဒီေတာ့မွ မရဏ သေဘာေပါက္သြားၿပီး ေလလိုလွ်င္ျမန္တဲ့အရွိန္နဲ႔ထြက္ေျပးရာ နတ္စစ္သည္ေတြက သူ႔ထက္ျမန္တဲ့ အလွ်င္နဲ႔ ေဘးကေန ထပ္ခ်ပ္မကြာ လိုက္လာတာျမင္လိုက္ ရတယ္။

“ ဟိတ္ ငမိုက္သား…. သင္ ေျပးလို႔လြတ္႐ိုးလား”

နတ္စစ္သည္ေတြထဲက တစ္ေယာက္က ရိပ္ခနဲ ရိပ္ခနဲေျပးေနတဲ့ မရဏရဲ႕ဆံပင္ကို အေနာက္ကေန လွမ္းဆြဲၿပီး ဖြတ္ခ်လိုက္ရာ ခႏၶာကိုယ္က ေျမႀကီးေပၚကို ျပဳတ္က်သြားခဲ့တယ္။

ခႏၶာကိုယ္ကေျမႀကီးေပၚက်တာနဲ႔ ရတနာေတြစီျခယ္ ထားတဲ့လွတံတစ္ေခ်ာင္းက လည္ၿမိဳေပၚေရာက္လာခဲ့သလို တည္ၾကည္တဲ့ မ်က္ႏွာထားရွိတဲ့ နတ္စစ္သည္ဆီကေန

“ ဒီ ငမိုက္သားကို ‌ေပးအပ္ထားတဲ့အစြမ္းေတြ လွံတံထဲ စီးဝင္စမ္း” ဆိုတဲ့အသံထြက္လာခဲ့တယ္။

အမိန႔္စကားသံအဆုံးမွာ ရင္ၫြန႔္ထဲကေန အေရာင္ေသြးစုံလင္တဲ့ ေရာင္စဥ္တန္းေတြ လွံဖ်ားထဲကိုစီးဝင္ေနတာျမင္လိုက္ရတယ္။ ခဏေနေတာ့ နတ္စစ္သည္က လွံတံကို ႏႈတ္ယူလိုက္တဲ့အခ်ိန္ မရဏဆီကေန

“ ငါက်င့္ႀကံခဲ့တဲ့စြမ္းအားေတြ က်န္ေနေသးပါလား” ဆိုတဲ့အသံထြက္လာခဲ့တယ္။

“ ဟဲ့ ငမိုက္သား… နင့္ရဲ႕ ေလာကီစိတ္စြမ္းအားေတြက မၾကာခင္ တစ္စစီပ်က္စီးေတာ့မယ္ဆိုတာ မသိတာလား”

“ က်ဳပ္ကို အသင္တို႔လို နတ္ေဒဝါေတြက လြဲၿပီး ဘယ္သူက ဖ်က္ဆီးႏိုင္မွာလဲ အဟား အဟား”

“ သင္ဘယ္အခ်ိန္ထိ မာန္တက္မလဲဆိုတာ ေစာင့္ၾကည့္ရေသးတာေပါ့၊ ကဲ ငါတို႔တာဝန္ၿပီးၿပီ ဆိုေတာ့ အေမွာင္တိုက္ဖုံးလႊမ္းေနတဲ့ ဒီေနရာကေန သြားၾကစို႔ေဟ့”

နတ္စစ္သည္ေတြက ေကာင္းကင္ခရီးနဲ႔ ပ်ံထြက္သြားတဲ့ခ်ိန္မွာေတာ့ မရဏတစ္ေယာက္ လဲက်ေနရာကေန လူးလဲထလိုက္တယ္။ ၿပီးတာနဲ႔ သူ႔ဩဇာခံ တပည့္ရင္းေတြကို ဆင့္ေခၚလိုက္တယ္ ဆိုရင္ပဲ အခ်ိန္အနည္းငယ္အတြင္းမွာပင္ လူဆယ္ေယာက္ခန႔္ စက္ႀကိဳးစီးကာေရာက္လာခဲ့ ၾကတယ္။

“ မင္းတို႔ေရာက္လာၾကၿပီလား”

“ အရွင္ဆင့္ေခၚတာနဲ႔ ခ်က္ခ်င္းလာေရာက္ခဲ့ျခင္း ျဖစ္ပါတယ္”

“ ဟဲ့ မယ္ရွင္…. နင္မ်က္ႏွာက ဘယ္လိုေၾကာင့္ မီးေလာင္ထားသလို ျဖစ္ေနတာလဲ”

“ နာမ္တံခါးကိုကူးသြားတဲ့ လူကို ေႏွာက္ယွက္စဥ္က ရခဲ့တဲ့ဒဏ္ရာေတြပါအရွင္”

“ ဒီနားတိုးလာစမ္း..”

မရဏက မယ္ရွင္ရဲ႕ မ်က္ႏွာေပၚက မီးေလာင္ဒဏ္ရာကို လက္နဲ႔သပ္ခ်လိုက္ရာ အသားအရည္က နဂိုအတိုင္းျပန္ျဖစ္သြားခဲ့တယ္။

“ အရွင္ကုသေပးတာကို ေက်းဇူးတင္ပါတယ္”

“ အခု ဒီေကာင္ေတြ ဘယ္အရပ္ေဒသမွာရွိေနၾကလဲ”

“ သူတို႔က လူသူအင္အားစုစည္းၿပီး အရွင့္ကို လိုက္ရွာေနၾကပါတယ္”

“ ဟုတ္ပါတယ္အရွင္…. မယ္ရွင္ကို ဒဏ္ရာရေအာင္ လုပ္ခဲ့တဲ့သူေတြရဲ႕ အစြမ္းကလဲ ေၾကာက္စရာေကာင္းလွပါတယ္”

“ ေတာက္ထိန္…မင္းက သူတို႔ကို ေၾကာက္ေနတာလား”

မရဏရဲ႕စကားကို ေတာက္ထိန္က ဘာမွျပန္မေျဖပဲ အင္တင္လုပ္ေနတာေၾကာင့္ လက္တစ္ဖက္က ရင္ၫြန႔္ထဲကို အိခနဲနစ္ဝင္သြားခဲ့တယ္။

“ အရွင္… အာ့ အာ့”

မရဏက ေတာက္ထိန္ရဲ႕ ႏွလုံးကို အရွင္လတ္လတ္ဆြဲထုတ္လိုက္ၿပီး

“ ငါ့ေနာက္ကိုလိုက္မယ္ဆိုရင္ အေၾကာက္တရားေတြကို ေဘးဖယ္ထားရမယ္၊ ဒီလိုမွမဟုတ္ရင္ေတာ့ ဒီေကာင္လိုျဖစ္မယ္ဆိုတာ ၾကည့္ထားၾက”

မရဏက ေသြးတစ္စက္စက္က်ၿပီး လႈပ္ရွားေနတဲ့ ႏွလုံးကိုအစိပ္စိပ္အမႊာမႊာေက်ေအာင္ ဖ်စ္ညႇစ္လိုက္တဲ့အခ်ိန္ ေသြးစက္ေတြက အသက္မဲ့ေနတဲ့ ေတာက္ထိန္ရဲ႕ ခႏၶာကိုယ္ေပၚကို တစ္ေတာက္ေတာက္ က်ဆင္းေနခဲ့တယ္။

++++++

ေအာင္ျမတ္သာတို႔လဲ ေတာလမ္းအတိုင္းဝင္လာ ခဲ့ရာ ထမင္းအိုးတစ္လုံးက်က္အခ်ိန္လဲေရာက္ေရာ ေညာင္မုတ္ဆိတ္ေတြတြဲေလာင္းက်ေနတဲ့ ေညာင္ပင္တစ္ပင္ေအာက္ကို ေရာက္လာခဲ့တယ္။

ပင္စည္က လူႀကီးေလးဖက္စာေလာက္ႀကီးမားၿပီး အကိုင္းအခက္ေတြျဖာထြက္ေနတဲ့ ေညာင္ပင္ရဲ႕ ပင္စည္မွာေတာ့ က်ီးေပါင္းတက္ေနသလို ျဖစ္ေနတဲ့ သစ္ဖုတစ္ကိုေတြ႕လိုက္ရတယ္။

“ ဟိုလူေျပာတာ ဒါပဲျဖစ္ရမယ္ဆရာ…”

ေမာင္စမစကားေၾကာင့္ ေအာင္ျမတ္သာက အေရွ႕တိုးၿပီး လက္နဲ႔သုံးခ်က္ေခါက္လိုက္ရာ ေညာင္ပင္ကိုရစ္ပတ္ထားတဲ့ ႏြယ္ေတြက အသက္ရွင္ေနတဲ့အလားေ႐ႊ႕လ်ားသြားၿပီး လူတစ္ကိုယ္ဝင္လို႔ရတဲ့အေပါက္တစ္ခု ေပၚလာခဲ့တယ္။

ဖိုးကတုံးကေတာ့ ပါးစပ္အေဟာင္းသားနဲ႔ ျပဴးၾကည့္ေနတဲ့အခ်ိန္ ေအာင္ျမတ္သာက ပင္စည္ထဲကိုတိုးဝင္သြားခဲ့တယ္။

ပင္စည္ထဲကိုဝင္လိုက္တာနဲ႔ သာယာလွပတဲ့ ႐ြာအဝင္လမ္းနဲ႔အတူစနစ္တက် ေဆာက္လုပ္ထားတဲ့အိမ္အခ်ိဳ႕ကိုအေဝးကေန ျမင္လိုက္ၾကရတယ္။

“ သင္တို႔ေရာက္လာၾကၿပီလား”

႐ုတ္တရက္ထြက္လာတဲ့အသံေၾကာင့္ လွည့္ၾကည့္လိုက္ရာ အသက္၇၀အ႐ြယ္ လူႀကီးတစ္ဦးနဲအတူ အသက္၃၀အ႐ြယ္ ေယာက်ၤားသုံးေယာက္၊ အသက္၂၀အ႐ြယ္ မိန္းမ တစ္ေယာက္ရပ္ေနတာျမင္လိုက္ရတယ္။

“ အဖိုးက က်ဳပ္တို႔လာမွာ သိေနတာလား”

“ ဆရာတို႔လာမယ္ဆိုတာ ႀကိဳတင္ေျပာထားတဲ့ ပုဂၢိဳလ္ေၾကာင့္ အခုလိုသိေနတာပါ”

“ ဒီ႐ြာမွာေနတဲ့သူေတြက လူစင္စစ္ေတြပဲလား”

ေမာင္ေကာင္းစကားေၾကာင့္ အဖိုးအိုအေနာက္မွာ ပါလာတဲ့သူေတြက ၿပဳံးစိစိျဖစ္သြားခဲ့ၾကတယ္။

“ ဒီ႐ြာမွာေနတဲ့သူေတြအားလုံးက လူသားစစ္စစ္ ေတြပါ၊ ဒါေပမယ့္ တစ္႐ြာလုံးက ေမွာ္စဥ္ပညာရပ္ကိုတတ္ေျမာက္ၾကပါတယ္”

“ တစ္႐ြာလုံး ဟုတ္လား”

“ က်ဳပ္အိမ္ကိုေရာက္ရင္ အားလုံးရွင္းျပပါ့မယ္၊ လိုက္ခဲ့ၾကပါ”

ေအာင္ျမတ္သာတို႔လဲအဖိုးအိုေခၚတဲ့ေနာက္ကို လိုက္သြားရာ ေျခတံရွည္ပ်ဥ္ေထာင္အိမ္တစ္လုံး ဆီကိုေရာက္လာခဲ့ၾကတယ္။

“ အားလုံး ထိုင္ၾကပါဦး… မုန္း ေရ ဧည့္သည္ေတြအတြက္ တစ္ခုခုလုပ္‌ေပးပါဦး”

အဖိုးအိုစကားေၾကာင့္ မုန္း ဆိုတဲ့မိန္းကေလးက အိမ္ေပၚကိုတက္သြားၿပီး ပဲေၾကာ္ကို ၾကက္သြန္နဲ႔သုတ္ထားတဲ့ပန္းကန္တစ္ခ်ပ္နဲ႔ ေရေႏြးကရားတစ္လုံးယူကာ ျပန္ဆင္းလာခဲ့တယ္။

ေမာင္ေကာင္းတို႔လဲ ပတ္ဝန္းက်င္ကို အကဲခတ္လိုက္ရာ ႐ြံ႕႐ုပ္ေတြနဲ႔ ေဆာ့ကစားေနၾကတဲ့ ကေလးေတြအျပင္ သူတို႔ရဲ႕စကားဝိုင္းကို စိတ္ဝင္တစား ေခ်ာင္းၾကည့္ေနၾကတဲ့ ႐ြာသားေတြကို ျမင္လိုက္ရတယ္။

“ ဆရာ… ဆရာ… ကေလးေတြေဆာ့ေနတဲ့ ႐ႊံ႕႐ုပ္ေတြကအသက္ဝင္ေနတယ္ဗ်”

ဖိုးကတုံးအသံေၾကာင့္ ေမာင္ေကာင္း သတိထားၾကည့္လိုက္ရာ ႐ြံ႕႐ုပ္ေလးေတြကို ပညာနဲ႔အသက္သြင္းၿပီး ေဆာ့ကစားေနေၾကာင္း သိလိုက္ရတယ္။

“ သူတို႔ကေမွာ္ပညာတတ္တယ္ကြ… မင္းငါတို႔မသိပဲ ေလ်ာက္သြားရင္ သူတို႔က ဖမ္းၿပီးအသက္ႏႈတ္လိုက္မယ္၊ အေပါ့အပါးသြားရင္ေတာင္ ငါတို႔ကိုေျပာ ၾကားလား”

“ ဟုတ္ကဲ့ ဟုတ္ကဲ့… ဆရာတို႔မသိပဲ ဘယ္မွမသြားပါဘူး”

ေမာင္ေကာင္းက ဖိုးကတုံးကို ေျခာက္လိုက္ၿပီး စကားဝိုင္းဘက္ကိုျပန္လွည့္လိုက္တယ္။

“ ဆရာတို႔က မရဏကိုရင္ဆိုင္ဖို႔လာၾကတဲ့သူေတြလို႔ ေျပာတယ္… အဲဒါဟုတ္လား”

“ အဖိုးက မရဏကိုသိေနတာလား”

“ သိတာေပါ့ကြယ္… ရင္းရင္းႏွီးႏွီးႀကီးကိုသိတာ”

“ သူ႔အေၾကာင္း အၾကမ္းဖ်င္းေလာက္သိလို႔ရမလား”

“ တကယ္ေတာ့ မရဏက ဒီ႐ြာမွာပဲ ႀကီးျပင္းခဲ့တာ”

“ ဗ်ာ”

“ ဟုတ္တယ္ကြယ့္… လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၄၀ေလာက္က ဆရာတို႔ဝင္လာတဲ့ေညာင္ပင္ ေျခရင္းမွာ ေမြးကင္းစ ကေလးတစ္ေယာက္ လာပစ္လာရာကေန စခဲ့တာပဲ”

“ ဒါဆို မရဏက ဒီ႐ြာသားစစ္စစ္ေတာ့ မဟုတ္ဘူးေပါ့”

“ မဟုတ္ဘူးဆရာ… ဒီကေလးကို အဖိုးကေကာက္ယူေမြးစားခဲ့တာပါ၊ သူက ဒီ႐ြာရဲ႕မ်ိဳးဆက္မဟုတ္ေပမယ့္ ပါရမီပါလာခဲ့တယ္။ ႐ြာခံကေလးေတြမတတ္ေျမာက္တဲ့ပညာရပ္ေတြ ကိုေတာင္ သူကတတ္ေျမာက္တာမို႔ ႐ြာအတြက္ အားကိုးလို႔ရမယ့္သူထင္ၿပီး အဖိုးတတ္ေျမာက္ ထားတဲ့ပညာေတြကို ဆရာစားမခ်န္သင္ေပး ခဲ့တယ္။ သူငယ္ခ်င္းမိတ္ေဆြေတြက ဆရာစား ခ်န္ထားဖို႔ေျပာေပမယ့္ သူ႔ကိုခ်စ္တဲ့စိတ္ေၾကာင့္ ေျပာစကားေတြကို နားမဝင္ခဲ့ဘူး၊ မရဏကလဲ တကယ္ေတာ္တဲ့ကေလးတစ္ေယာက္ျဖစ္လို႔ သင္သမွ်ကို ခဏေလးတက္ေျမာက္ခဲ့တယ္။ သူအ႐ြယ္ေရာက္ေဝာာ့ ႐ြာကေနထြက္ၿပီး အျခားပညာရပ္ေတြကိုေလ့လာဖို႔ခြင့္ေတာင္းတယ္။ အဖိုးတို႔႐ြာရဲ႕စည္းကမ္းက ႐ြာကလူေတြအျပင္ ထြက္ခြင့္မရွိတာပဲ”

“ ဘာေၾကာင့္အျပင္ထြက္ခြင့္မေပးတာလဲအဖိုး”

“ ျပင္ပကလူေတြက စိတ္သေဘာမျဖဴစင္ၾကဘူး၊ လိုခ်င္တပ္မက္မႈေတြမ်ားၾကတယ္၊ အဖိုးတို႔တတ္ ေျမာက္ထားတဲ့ပညာက မေကာင္းတဲ့ဘက္ကို ေရာက္ရင္ အဖ်က္စြမ္းအားအလြန္ႀကီးတာမို႔ ျပင္ပထြက္ခြင့္ကိုပိတ္ပင္ထားခဲ့တာ၊ ဒါကို မရဏက ခိုးထြက္ဖို႔ႀကိဳးစားတယ္၊ ထြက္ဖို႔ႀကိဳးစားတိုင္း မိတာပဲ၊ ႐ြာရဲ႕ဥပေဒအရ ခိုးထြက္တဲ့သူေတြကို ႀကီးေလးတဲ့အျပစ္ကိုေပးရတယ္၊ ဒီမွာမရဏက သူ႔ကိုအျပစ္ေပးတဲ့သူေတြကို အၿငိဳးအေတး ထားေတာ့တာပဲ၊ အဆိုးဆုံးတစ္ခ်က္က သူကဒီ႐ြာသားမဟုတ္ဘူးဆိုတာသိသြားတာပဲ၊ အတိုခ်ဳံးေျပာရရင္ သူ႐ြာကေန ခိုးထြက္ႏိုင္ခဲ့တယ္။ သူ႐ြာကေနထြက္သြားတဲ့အခ်ိန္က အသက္ႏွစ္ဆယ္ ဝန္းက်င္ပဲရွိေသးတယ္”

“ ဒါဆိုရင္ သူျပင္ပေလာကကိုေရာက္ၿပီးမွ အခုလိုျဖစ္သြားတာေပါ့”

“ ဟုတ္တယ္ ဆရာ… သူ႔ရဲ႕ပညာေလာဘေတြက အေတာမသတ္ႏိုင္ခဲ့တာေၾကာင့္ အခုလိုျဖစ္လာ ခဲ့တာပဲ”

“ အခုသူဘယ္မွာရွိေနလဲဆိုတာ အဖိုးသိလား”

“ မၾကာေသးခင္က သူ႔ဆီကိုသြားၿပီး လုပ္ေနတာေတြရပ္တန္းကရပ္ဖို႔သတိေပးခဲ့ဖူးတယ္၊ ဒါေပမယ့္ သူ႔ရဲ႕အတၱစိတ္ကို မေဖ်ာင္းဖ်ႏိုင္ခဲ့ဘူး၊ ဒါေၾကာင့္ သူမၾကာခင္ ဒီကိုေရာက္လာေတာ့မယ္”

“ သူက ဒီ႐ြာကို ဘာေၾကာင့္ျပန္လာမွာလဲ”

“ အဖိုးတို႔ဆီမွာ ဘိုးေဘးေတြလက္ထက္ထဲက ထိန္းသိမ္းလာခဲ့တဲ့ မေနာမယက်မ္းဆိုတာရွိတယ္။ ဒီက်မ္းကို က်င့္ႀကံႏိုင္ရင္ စိတ္အလိုရွိတိုင္း လုပ္ေဆာင္ႏိုင္တာေၾကာင့္ ဘိုးေဘးေတြက မသမာသူလက္ထဲမေရာက္ေအာင္

ဘယ္သူမွမသိတဲ့ေနရာမွာ ဖြက္ထားခဲ့ၾကတယ္။ ဒါကို မရဏက လိုခ်င္ေနတာေလ”

“ ကြၽန္ေတာ္တို႔လဲ ႐ြာမွာေနၿပီး အဖိုးတို႔ကို ကူညီေပးပါ့မယ္၊ ခြင့္ျပဳေပးပါ”

“ ဆရာတို႔ေရာက္လာတာ အဖိုးတို႔အတြက္ အားျဖစ္ေစပါတယ္၊ မရဏကို ရင္‌ဆိုင္ဖို႔အတြက္ အားလုံးစီစဥ္ထားၿပီးပါၿပီ”

“ သူသာဒီ႐ြာကိုလာမယ္ဆိုရင္ တစ္ေယာက္ထဲ မလာေလာက္ဘူး၊ သူ႔ကိုသစၥာခံထားၾကတဲ့ ပညာသည္ေတြ၊ အေမွာင္ေလာကသားေတြကိုပါ ေခၚလာႏိုင္တယ္၊ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ႀကိဳတင္ျပင္ဆင္ထားဖို႔လိုမယ္”

“ ညက်ရင္ ဆရာတို႔ကို ျပင္ဆင္ထားတာေတြ လိုက္ျပပါ့မယ္၊ အခုေတာ့ ခရီးေရာက္ဆိုက္ ခဏနားလိုက္ၾကပါဦး”

အဖိုးက ေအာင္ျမတ္သာတို႔ကို ေနရာခ်ေပးၿပီး ႐ြာထဲကိုထြက္သြားခဲ့တယ္။

အဖိုးထြက္သြားေတာ့ ေအာင္ျမတ္သာက ဖိုးကတုံးကိုေခၚၿပီး

“ မင္းငါတို႔ေနာက္လိုက္လာတာ ေနာင္တ‌ရေနၿပီလား”

“ မရပါဘူး… ကြၽန္ေတာ္လဲ ႏိုင္တဲ့ဘက္ကေန ဝင္ကူမွာေပါ့”

“ မင္းေလးခြ ျပစမ္းပါဦး”

ေအာင္ျမတ္သာက ဖိုးကတုံးေလးခြကို ယူၿပီးၾကည့္ေနရင္း ႏူးညံ့ေပ်ာ့ေပ်ာင္းတဲ့ လက္နဲ႔ သပ္ခ်လိုက္ရာ ေလးခြရဲ႕အေပၚယံအသားေတြ ကြာက်လာၿပီး အင္းစမေတြထြင္းထုထားတဲ့ အတြင္းသားေပၚလာခဲ့တယ္။ ၿပီးတာနဲ႔ ေလာက္စာလုံးအိတ္ကို ယူၿပီးမန္းလိုက္ရာ ေလာက္စာလုံးေတြမွာလဲ အင္းစမေတြ ထြင္းၿပီးသား ျဖစ္သြားခဲ့တယ္။

“ ဒါက လိုတရေလာက္စာလုံးအိတ္ပဲ၊ မင္းအေနနဲ႔ ပစ္လိုက္သမွ် ေလာက္စာလုံးေတြက အခ်ိန္တန္ရင္ ဒီအိတ္ထဲကိုျပန္ေရာက္လာလိမ့္မယ္”

“ တကယ္ေျပာတာလားဗ်… ဒါဆိုရင္ေတာ့ ဝင္လာတဲ့ေကာင္ေတြ က်ဳပ္ခြစာမိၿပီလို႔သာ မွတ္ေပေတာ့”

ေအာင္ျမတ္သာလဲ ဖိုးကတုံးအတြက္ အသင့္ေတာ္ဆုံးလက္နက္ကိုစီရင္ေပးၿပီးၿပီမို႔ က်န္တဲ့သူေတြဘက္ကိုလွည့္ၿပီး

“ က်န္တဲ့သူေတြက အသုံးလိုမယ့္ အင္းစမေတြကို အသင့္ဆြဲထားၾက၊ ဒီပညာၿပိဳင္ပြဲက နတ္ဖြက္႐ြာအတြက္ေရာ ငါတို႔အတြက္ေရာ အေရးႀကီးတယ္၊ အရင္တစ္ခါက ေပါ့ေလ်ာ့ခဲ့တာေတြကို ျပန္လည္ဆင္ျခင္ၾက” လို႔ေျပာၿပီး တိုက္ပြဲအတြက္လိုအပ္တဲ့ အင္းစမေတြကိုေရးဆြဲရန္ ထသြားခဲ့တယ္။

ညဦးပိုင္းအခ်ိန္ေရာက္ေတာ့ အဖိုးျပန္ေရာက္လာၿပီး ေအာင္ျမတ္သာတို႔ကို႐ြာျပင္က ကြင္းတစ္ခုစီေခၚသြားခဲ့တယ္။ ကြင္းထဲမွာေတာ့ ႐ြာခံလူအေယာက္၂၀၀ခန႔္ကိုေတြ႕ရၿပီး အားလုံးက နီညိဳေရာင္ေခါင္းစည္းေတြစည္းထားတာျမင္လိုက္ရတယ္။

“ သူတို႔က မရဏကိုရင္ဆိုင္ၾကမယ့္သူေတြလား”

“ ဟုတ္ပါတယ္ဆရာ…၊မရဏဆိုတာ ဒီ႐ြာကေန ေမြးဖြားလာခဲ့သလို သူ႔ရဲ႕ေသဆုံးတဲ့ေနရာကလဲ ဒီ႐ြာမွာပဲျဖစ္ရမယ္”

“ ဒါဆို က်န္တဲ့လူေတြကိုေရာ ဘယ္မွာပုန္းခိုဖို႔ စီစဥ္ထားလဲအဖိုး”

“ သူတို႔ကို လိုအပ္တဲ့ရိကၡာေတြနဲ႔ လုံၿခဳံတဲ့ေနရာကို ပို႔ထားၿပီးပါၿပီ”

“ အစီအစဥ္ခ်တာကလဲျမန္လိုက္တာဗ်ာ”

“ မရဏက စိတ္ျမန္တဲ့လူစားမို႔ ႐ြာကိုအခ်ိန္မေ႐ြး ဝင္လာႏိုင္တယ္ဆရာ၊ သူလာမွ ေျပာင္းေ႐ႊ႕ရင္ အခ်ိန္မမွီမွာစိုးလို႔ ညေနထဲက အကုန္ေ႐ႊ႕ခိုင္းထားလိုက္တာပါ”

“ ဒီတစ္ခါရင္ဆိုင္ရမယ့္ပြဲက အေတာ္ကိုၾကမ္းတမ္းဦးမွာပါလား”

ေအာင္ျမတ္သာက တီးတိုးေရ႐ြတ္ရင္း ႐ြာခံလူေတြကိုလိုက္ၾကည့္ေနတဲ့အခ်ိန္ ေခါင္းေလာင္းတီးသံက တစ္႐ြာလုံးဆူညံသြားခဲ့တယ္။ ႐ြာခံလူေတြက ေခါင္းေလာင္းသံၾကားတာနဲ႔ ႐ြာဝင္ေပါက္မွာ အသီးသီးေနရာယူလိုက္ၾကေပမယ့္ ေအာင္ျမတ္သာတို႔ကေတာ့ ေခါင္းေလာင္းသံ ဘာေၾကာင့္ျမည္တယ္ဆိုတာကိုမသိခဲ့ၾကေပ။

“ ဆရာ… သူတို႔ေရာက္လာၾကၿပီ”

“ ဘယ္လိုေၾကာင့္ ညတြင္းခ်င္းေရာက္လာၾကတာလဲ”

“ ဒါကမရဏရဲ႕ အမူအက်င့္ပဲေလ… သူက ျဖစ္ခ်င္တာကို ဇြတ္တ႐ြတ္လုပ္တတ္တယ္”

အဖိုးရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာတို႔လဲ ႐ြာခံလူေတြနဲ႔အတူ ေနရာယူလိုက္ၾကတယ္။ ေမာင္ေကာင္းရဲ႕ေဘးမွာေတာ့ မုန္းဆိုတဲ့ မိန္းကေလးရွိေနၿပီး သူမရဲ႕ ဆံႏြယ္ေလးေတြက စည္းေႏွာင္ထားတဲ့ ပိတ္စေအာက္မွာ တလူလူ လြင့္ေနခဲ့တယ္။

ေအာင္ျမတ္သာလဲ ဖိုးကတုံးကို ေနာက္ဆုံးမွာ ေနရာခ်ေပးၿပီး ေရွ႕ကိုျပန္လာတဲ့အခ်ိန္မွာေတာ့ မရဏရဲ႕အဖြဲ႕သားေတြက ေညာင္ပင္ဝင္ေပါက္ကေန ထြက္လာခဲ့ၾကတယ္။ မရဏက သူ႔ကိုအသင့္ ေစာင့္ႀကိဳေနၾကတဲ့သူေတြကိုျမင္ေတာ့ လည္ပင္းမွာပတ္ထားတဲ့ သားေမႊးပတ္ကို ပခုံးေပၚ တင္လိုက္ၿပီး

“ ႐ြာ‌က အရင္တိုင္းဘာမွမေျပာင္းလဲေသးပါလား” လို႔ေျပာကာ ေရွ႕ကိုတက္လာခဲ့တယ္။ ဒါေပမယ့္ ဝါးႏွစ္ျပန္စာအကြာလဲေရာက္ေရာ မရဏက ေျခလွမ္းေတြကိုရပ္လိုက္ၿပီး

“ က်ဳပ္မွတ္မိသေလာက္ဆိုရင္ ဒီေနရာမွာ အျပင္လူေတြဝင္မရေအာင္လုပ္ထားတဲ့ အစီအရင္ တစ္ခုရွိမယ္”

မရဏက ခနဲ႔တဲ့တဲ့ေျပာရင္း ေျမႀကီးကိုလက္နဲ႔ဆြဲယူလိုက္ရာ အေရာင္ကိုးမ်ိဳးနဲ႔က်စ္ထားတဲ့ ကိုးေရာင္ျခယ္ႀကိဳးတစ္ေခ်ာင္း ေျမႀကီးထဲကေန ထြက္လာခဲ့တာေၾကာင့္ လက္နဲ႔လုံးေခ်ၿပီး ေဘးကိုပစ္ထုတ္လိုက္တယ္။

“ ႐ြာရဲ႕လုံၿခဳံေရးအစီအရင္က နည္းနည္းေလးေတာင္ မေျပာင္းလဲပါလား..”

“ မင္း ဒီ႐ြာကိုဘာလာလုပ္တာလဲ”

“ အဖိုးကလဲ က်ဳပ္႐ြာကို က်ဳပ္ျပန္လာလို႔မရဘူးလား”

“ မင္းငါ့ကိုအဖိုးလို႔မေခၚနဲ႔ … ငါတို႔ႏွစ္ေယာက္ၾကားက သံေယာဇဥ္က မင္းကိုလာေတြ႕တဲ့ညထဲက ျပတ္ေတာက္ခဲ့ၿပီ”

“ က်ဳပ္က သံေယာဇဥ္ကို မ်က္ႏွာေထာက္ၿပီး သက္သက္ညႇာညႇာလုပ္ေပးဖို႔ စဥ္းစားထားတာ၊ အခုေတာ့ အဖိုးက သံေယာဇဥ္မရွိဘူးေျပာတာမို႔ က်ဳပ္ဘက္က ငဲ့ညႇာေနစရာမလိုေတာ့ဘူးေပါ့”

မရဏက စကားေျပာေနရင္း ေအာင္ျမတ္သာကို သတိထားမိသြားၿပီး

“ အဖိုးက အျပင္က ဧည့္သည္ေတြလဲဖိတ္ထားပါလား၊ မဟုတ္မွလြဲေရာ မင္းက ေအာင္ျမတ္သာဆိုတဲ့သူပဲျဖစ္ရမယ္”

“ မရဏ… စကားကိုေဝ့လည္ၿပီးေျပာမေနနဲ႔၊ မင္း ဒီ႐ြာကိုဘာလုပ္လုပ္တာလဲဆိုတာပဲေျပာ”

“ က်ဳပ္ဘာလို႔ျပန္လာလဲအဖိုးသိပါတယ္၊ က်ဳပ္လိုခ်င္တာကို အသာတၾကည္ေပးမယ္ဆိုရင္ ဘယ္သူမွထိခိုက္ေအာင္မလုပ္ပဲ ျပန္ထြက္သြားေပးမယ္၊ ေအး… မေပးပဲျငင္းဆန္မယ္ဆိုရင္ေတာ့ နတ္ဖြက္႐ြာကို အစနေတာင္မက်န္ေအာင္ မီးေလာင္တိုက္သြင္းပစ္မွာေနာ္”

“ မင္းလိုခ်င္တာ ဒီတစ္သက္ရမွာမဟုတ္ဘူး၊ ရွင္းရွင္းေျပာမယ္ကြာ ငါတို႔တစ္႐ြာလုံး ေျမမႈန္ပဲက်န္ရင္ေတာင္ မင္းမရေစရဘူး”

အဖိုးရဲ႕စကားက မရဏရဲ႕အရႈိက္ကိုထိသြားခဲ့ တာေၾကာင့္ မ်က္ႏွာထားက ခ်က္ခ်င္းတင္းမာ သြားခဲ့တယ္။

ႏွစ္ဖက္လုံးမွာပါလာတဲ့သူေတြကလဲ တစ္ဖက္နဲ႔ တစ္ဖက္အရိပ္အျခည္ၾကည့္ေနတဲ့အခ်ိန္ ကြင္းျပင္ေဘးမွာေပါက္ေနတဲ့ အင္ပင္ကေန သစ္႐ြက္တစ္႐ြက္ ေဝ့ဝဲၿပီး ေႂကြက်လာခဲ့တယ္။

အင္႐ြက္ေျမႀကီးေပၚေရာက္တာနဲ႔ မရဏေနာက္မွာ ပါလာတဲ့သူေတြက ေၾကာက္မက္ဖြယ္ေအာ္ဟစ္ၿပီး ေျပးတက္လာခဲ့သလို ႐ြာခံလူေတြကလဲ အေၾကာက္႐ြံ႕မရွိပဲ ေျပးထြက္သြားခဲ့ၾကတယ္။

လေရာင္မွိန္ျပျပက်ေနတဲ့ ကြင္းျပင္ထဲမွာေတာ့ တစ္ဖက္နဲ႔တစ္ဖက္ အျပင္းအထန္တိုက္ခိုက္ေနၾက သလို နာက်င္စြာေအာ္ဟစ္သံ၊ ႀကိမ္းဝါးသံေတြကလဲ အဆက္မျပတ္ထြက္ေပၚလာခဲ့တယ္။

ေအာင္ျမတ္သာတို႔ကလဲ မိမိတို႔ရဲ႕ ပညာရပ္ေတြကို အသုံးခ်ၿပီး ကြၽံဝင္လာတဲ့လူေတြကို ရင္ဆိုင္ေနၾကသလို ဖိုးကံတုံးကလဲ ေလးခြတစ္လက္နဲ႔ တေဖာက္ေဖာက္ ပစ္ေနခဲ့တယ္။

မရဏကေတာ့ သူ႔ဆီေျပးဝင္လာတဲ့ လူတစ္ေယာက္ကို စူးစိုက္ၾကည့္ၿပီး လက္နဲ႔ေအာက္ကိုဆြဲခ်လိုက္ရာ ေျခေထာက္ႏွစ္ေခ်ာင္းက ေျမႀကီးထဲ တစ္ေတာင္ေလာက္ကြၽံဝင္သြားခဲ့တယ္။

အဲဒီအခ်ိန္ မရဏေနာက္လိုက္ေတြထဲက တစ္ေယာက္က ေရွ႕တက္လာၿပီး ခ်ဳပ္ေႏွာင္ခံထား ရသူရဲ႕ရင္ဘတ္ကိုလက္နဲ႔ခြဲကာ အတြင္းကလီစာေတြကို ဆြဲထုတ္ပစ္လိုက္တယ္။

ဒီအျဖစ္ကိုျမင္တဲ့ မုန္းဆိုတဲ့မိန္းကေလးက ရန္သူေတြစုၿပဳံေနတဲ့ၾကားထဲကို မႏၲာန္႐ြတ္ကာ ေျပးဝင္သြားတာေၾကာင့္ အနားမွာရွိေနတဲ့ ေမာင္ေကာင္းက လက္ကိုဖမ္းဆြဲၿပီး

“ မင္း ဝင္သြားရင္ တစ္စစီျဖစ္သြားလိမ့္မယ္၊ အေနာက္ကိုဆုတ္စမ္း”

“ ဟိုမွာ ကြၽန္မ႐ြာကလူေတြ တစ္စစီျဖစ္ေနတာ မျမင္ဘူးလား… ကြၽန္မကိုလႊတ္စမ္း”

မုန္းက မ်က္ေစာင္းထိုးကာေျပာလိုက္ၿပီး အတင္း႐ုန္းထြက္သြားတာေၾကာင့္ ေမာင္ေကာင္းလဲ မေနသာေတာ့ပဲ အေနာက္ကေန လိုက္သြားခဲ့တယ္။

မုန္းက ငယ္စဥ္ထဲက ေလ့က်င့္ထားတဲ့ ေမွာ္မႏၲာန္ကို တတြတ္တြတ္႐ြတ္ဖတ္ၿပီး သဲတစ္ဆုပ္ကို ပစ္ထုတ္လိုက္ရာ သဲမႈန္ေတြကေန အဆိပ္ျပင္းတဲ့ ပ်ားေတြအျဖစ္ေျပာင္းသြားကာ ရန္သူေတြကို တုတ္ပါေလေရာ။

ေမာင္ေကာင္းလဲ လက္ႏွစ္ဖက္မွာကိုင္ထားတဲ့ စၾကၤာအင္းကိုအသက္သြင္းလိုက္ရာ ခႏၶာကိုယ္ပတ္ပတ္လည္ကေန အသြားရွစ္ခုပါတဲ့ စၾကၤာေတြေပၚလာခဲ့တယ္။

ဒီအျဖစ္ကိုျမင္တဲ့မရဏက ေမာင္ေကာင္း ရွိတဲ့ဆီေျပးဝင္လာၿပီး လက္ညိဳးနဲ႔ျဖတ္ခ်လိုက္ရာ စၾကၤာေတြအကုန္ျပတ္ထြက္ကာ တစ္စစီျဖစ္သြား ခဲ့တယ္။

ေမာင္ေကာင္း အကာအကြယ္ပ်က္သြားတဲ့အခ်ိန္ မုန္းက လက္မွာပတ္ထားတဲ့ ကိုးပင္လိမ္ႀကိဳးကို ဆြဲျဖဳတ္ၿပီးမရဏရွိတဲ့ဘက္ကို ပစ္လႊတ္လိုက္ရာ ႀကိဳးမွ်င္ေတြက အသက္ရွိတဲ့အလား မရဏရဲ႕ ခႏၶာကိုယ္ကိုရစ္ပတ္ထားပါေလေရာ။

“ ေဟ့လူ … အေနာက္ဆုတ္ေတာ့ေလ”

“ မင္းလဲအတင့္ရဲမေနနဲ႔ ျပန္ဆုတ္ေတာ့”

ႏွစ္ေယာက္သား အေနာက္ဆုတ္လာတဲ့အခ်ိန္ မရဏရဲ႕ခႏၶာကိုယ္မွာ ရစ္ပတ္ေနတဲ့ ႀကိဳးေတြအကုန္ျပတ္ထြက္ကုန္တာျမင္လိုက္ရ တယ္။

အျခာတစ္ဖက္မွာလဲ သက္ခိုင္နဲ႔ ေတာက္ရက တိုးဝင္လာတဲ့ပညာသည္ေတြနဲ႔ အျခားနာနာဘာဝေတြကို ၾကာပြတ္နဲ႔႐ိုက္ရင္း ခုခံေနသလို၊ ေမာင္စမနဲ႔ ခြန္းလွကေတာ့ က်ိဳးပ်က္သြားတဲ့စည္းကို မိမိတို႔ပညာနဲ႔ျပန္လည္ စီရင္ေနခဲ့တယ္။

အဲဒီအခ်ိန္ အုန္းပင္တစ္ပင္စာေလာက္ျမင့္တဲ့ ေတာင္ေပၚသရဲေလးေကာင္ခုန္ဝင္လာတာေၾကာင့္ ေအာင္ျမတ္သာက ဂိုဏ္းေအာက္နတ္ေတြ ျဖစ္တဲ့ မုခလိနတ္၊ ေျခဖဝါးသုံးေတာင္နတ္၊ ရာဇာဟိယကၡတို႔ကိုဆင့္ေခၚလိုက္ရာ ေကာင္းကင္ကေန မိုးၿခိမ္းသံတစ္ခ်က္ ထြက္လာၿပီး သုံးေကာင္လုံးခုန္ဆင္းလာကာ တိုက္ခိုက္ပါေလေရာ။

အဲဒီမွာ ဖိုးကတုံးရဲ႕ ေလးခြကလဲ အေတာ္အသုံးဝင္တယ္ေျပာရမယ္။ ဘာလို႔ဆိုေတာ့ ေလာက္စာလုံး သားရည္ႀကိဳးထဲကေန ထြက္တာနဲ႔ မီးက်ီလဲလိုျဖစ္သြားၿပီး ထိတဲ့သူေတြအေနနဲ႔ ငရဲမီးနဲ႔ အတို႔ခံရသလိုျဖစ္ကာ လူးလိမ့္ေနလို႔ပဲ။ အဖိုးကေတာ့ ဖိုးကတုံးအနားမွာေနၿပီး ကြၽံဝင္လာတဲ့ သူေတြကို သူရဲ႕ပညာနဲ႔ တားဆီးေပးခဲ့တယ္။

“ ဆရာ… မရဏရဲ႕ပညာက မဟာၿမိဳင္ေတာထဲကေလာက္ မဟုတ္ေတာ့ဘူးဗ်”

သက္ခိုင္က ေျပးဝင္လာတဲ့ ပညာသည္တစ္ေယာက္ကို ၾကာပြတ္နဲ႔လွမ္း႐ိုက္ရင္း ေျပာလိုက္တာေၾကာင့္ ေအာင္ျမတ္သာ လွမ္းၾကည့္လိုက္ရာ ႐ြာသားတစ္ေယာက္ရဲ႕ လည္ၿမိဳကို ေျခေထာက္နဲ႔နင္းသတ္ေနတဲ့ မရဏကို ျမင္လိုက္ရတယ္။

“ သက္ခိုင္… မင္းဒီဘက္ကို တာဝန္ယူလိုက္၊ ငါမရဏဆီသြားမယ္”

ေအာင္ျမတ္သာလဲ မရဏရွိတဲ့ဘက္ကို တိုးဝင္သြားတဲ့အခ်ိန္ မရဏေရွ႕မွာရွိေနတဲ့ ဆံပင္နီက်င္က်င္နဲ႔လူက ဝင္တားတာေၾကာင့္ လက္ဝါးနဲ႔ဘုန္းခနဲ႐ိုက္ခ်လိုက္ရာ ငယ္သံပါေအာင္ ေအာ္ၿပီး ထြက္ေျပးပါေလေရာ။

ဒါကိုျမင္တဲ့မရဏက သူ႔ေျခေထာက္ေအာက္မွာ အသက္ေပ်ာက္ေနၿပီျဖစ္တဲ့႐ြာသားတစ္ေယာက္ကို ကန္ထုတ္လိုက္ၿပီး ေအာင္ျမတ္သာရွိတဲ့ဘက္ကို ေလ်ာက္လာခဲ့တယ္။

“ ငါ့ကိုႏွိမ္နင္းဖို႔ ေ႐ြးခ်ယ္ခံထားရတဲ့သူပါလား၊ ႐ုပ္ရည္ကေတာ့ ၾကည့္‌လို႔ေကာင္းသား‌ပဲ”

“ မရဏ …မင္းအပိုစကားေတြ ေျပာမေနနဲ႔၊ အခုကစၿပီး ငါ့ကိုႏိုင္ေအာင္ တိုက္စမ္း”

“ မင္းက ေတာင္းဆိုေတာ့လဲ ငါက ျဖည့္ဆည္းေပးရမွာေပါ့”

မရဏက မလွမ္းမကမ္းမွာေပါက္ေနတဲ့ အင္ပင္ကို ေလထဲကေနဆြဲယူၿပီး ေအာင္ျမတ္သာဆီ ပစ္လိုက္ရာ အင္႐ြက္ေတြက အလြန္ထက္တဲ့ ဓါးျပားေတြအျဖစ္ေျပာင္းကာ တဝီးဝီးနဲ႔ ဝင္လာခဲ့တယ္။

ေအာင္ျမတ္သာလဲ သူ႔ဆီဝင္လာတဲ့ ဓါးေတြကို ညာဘက္လက္နဲ႔တားၿပီး ေအာက္ကိုဆြဲခ်လိုက္ရာ ဓါးေတြအျဖစ္ကေန အင္႐ြက္ေတြအျဖစ္ ေျပာင္းလဲ သြားခဲ့တယ္။

ဒုတိယအႀကိမ္မွာေတာ့ မရဏက သူ႔လက္ကိုဆန႔္တန္းၿပီး မႏၲာန္တစ္ပုဒ္ကို႐ြတ္လိုက္ရာ ကြင္းျပင္ေဘးပတ္ပတ္လည္မွာရွိေနတဲ့ ေက်ာက္ခဲေတြေလေပၚကိုေျမာက္တက္လာခဲ့တယ္။ မရဏက ေက်ာက္ခဲေတြကို ‌ေအာင္ျမတ္သာဆီ မပို႔ေသးပဲ လက္နဲ႔ဖိေခ်သလိုလုပ္လိုက္ရာ လုံးဝန္းတဲ့ထိပ္ဖ်ားအပိုင္းေတြက အမႈန္ေတြ ထြက္က်လာၿပီး ခြၽန္ျမလာခဲ့တယ္။

“ ဒီတစ္ခါေတာ့ မင္းခႏၶာကိုယ္ ဇကာေပါက္ျဖစ္ၿပီထင္တယ္”

မရဏက ရိသဲ့သဲ့ေျပာရင္း အားကုန္ပစ္လႊတ္လိုက္ရာ ခဲခြၽန္ေတြက ျမႇားတစ္စင္းလိုအရွိန္နဲ႔ ခႏၶာကိုယ္အႏွံ႔ကို တိုးဝင္လာခဲ့တယ္။

ေအာင္ျမတ္သာလဲ အကာအကြယ္အျဖစ္ ၃၆ကြက္ကိုယ္လုံအင္းကို‌ေဆာင္ထားခဲ့ေပမယ့္

ခဲခြၽန္ေတြကို အလုံးစုံမကာကြယ္ႏိုင္ခဲ့ပဲ ညာဘက္ပခုံးစြန္းထဲကို ခဲစအခ်ိဳ႕စိုက္ဝင္သြားခဲ့တယ္။

“ သက္ခိုင္ေျပာတဲ့အတိုင္း.. သူ႔ပညာစြမ္းေတြ ေလ်ာ့ခ်ခံထားရတာပဲ”

ဒီတစ္ခါေတာ့ ေအာင္ျမတ္သာ မထီၿပဳံးေလးၿပဳံးရင္း ပခုံစြန္းမွာစိုက္ဝင္ေနတဲ့ ခဲခြၽန္ကိုဆြဲထုတ္ကာ မရဏရွိတဲ့ဘက္ကို ပစ္ေပးလိုက္တယ္။

“ မင္းရဲ႕ပညာက မဟာၿမိဳင္ေတာကို ဝင္ေမႊတုန္းကေလာက္မစြမ္းေတာ့ပါလား၊ ဒါေတာင္ က်ဳပ္ရဲ႕ ကိုယ္လုံအင္းကို ေဖာက္ႏိုင္ေသးတာကို ခ်ီးက်ဴးပါတယ္”

မရဏလဲ ေအာင္ျမတ္သာ စကားေၾကာင့္ ေဒါသထြက္သြားၿပီး ေနာက္ထပ္တစ္ႀကိမ္ တိုက္ခိုက္ဖို႔ဟန္ျပင္လိုက္ရာ အရွိန္နဲ႔ဝင္လာတဲ့ ေလာက္စာလုံးတစ္ခုက နဖူးကိုလာေရာက္ ထိမွန္ခဲ့တယ္။

ေအာင္ျမတ္သာလဲ ေလာက္စာလုံး လာတဲ့ဘက္ကို လွည့္ၾကည့္လိုက္ရာ ေလးခြတစ္လက္ကိုကိုင္ၿပီး ရပ္ေနတဲ့ ဖိုးကတုံးကိုျမင္လိုက္ရတယ္။

မရဏလဲ ဆယ္ေက်ာ္သက္အ႐ြယ္ေကာင္ေလး တစ္ေယာက္က သူ႔ကိုထိခိုက္ေအာင္လုပ္လိုက္တာေၾကာင့္ ေဒါသတစ္ႀကီးေအာ္ဟစ္ၿပီး စိတ္စြမ္းအားနဲ႔ လည္ပင္းကိုညႇစ္ဖို႔လက္ကိုဆန႔္တန္းလိုက္တဲ့အခ်ိန္ “ ႐ႊမ္း”ဆိုတဲ့အသံနဲ႔အတူ ၾကာပြတ္တစ္ေခ်ာင္းက သူ႔လက္ကို႐ိုက္ခ်တာခံလိုက္ရတယ္။

ထိုစဥ္ ေနာက္ထပ္ ၾကာပြတ္တစ္ေခ်ာင္း ထပ္ဝင္လာၿပီး မရဏရဲ႕ လည္ပင္းကိုရစ္ပတ္ထားတာေၾကာင့္ ေဘးကိုၾကည့္လိုက္ရာ သက္ခိုင္နဲ႔ ေတာက္ရတို႔ ျဖစ္ေနခဲ့တယ္။

“ ဆရာ… ဘာျဖစ္သြားေသးလဲ”

“ ႀကီးမားတဲ့ဒဏ္ရာေတာ့မဟုတ္ပါဘူး၊ အျခားသူေတြေရာ ဘယ္လိုေနလဲ”

“ မရဏတပည့္ေတြ ေျခဦးတည့္ရာေျပးကုန္လို႔ အဖိုးတို႔ လိုက္ဖမ္းေနပါတယ္”

သက္ခိုင္စကားေၾကာင့္ မရဏက သူ႔လူေတြကို ၾကည့္လိုက္ရာ အဖမ္းခံရတဲ့သူေတြအျပင္ ေၾကာက္လန႔္တၾကားထြက္ေျပးေနၾကတဲ့သူေတြကို ျမင္လိုက္ရတယ္။

“ အသုံးမက်တဲ့ေကာင္ေတြ… ေတာက္စ္”

မရဏက အံကိုႀကိတ္ၿပီး လည္ပင္းမွာရစ္ပတ္ေနတဲ့ ၾကာပြတ္ကို ေဆာင့္ဆြဲလိုက္ရာ ေျဖာင္းခနဲ ျပတ္ထြက္သြားခဲ့တယ္။ ထိုစဥ္ တဘုတ္ဘုတ္နဲ႔ေျပးလာတဲ့အသံၾကားလို႔ ၾကည့္လိုက္ရာ ေဟာဟဲလိုက္ေနတဲ့ ေမာင္စမျဖစ္ေနခဲ့တယ္။

“ ေဟ့ေကာင္… မင္းငါ့ကို မွတ္မိလား”

ေမာေနတဲ့ၾကားက လက္ညိဳးထိုးၿပီးေမးလိုက္တဲ့ ေမာင္စမစကားေၾကာင့္ မရဏက မ်က္ေမွာင္က်ဳံ႕ကာ စဥ္းစားလိုက္ၿပီး

“ ဇရပ္ေပၚကလူမဟုတ္လား”

“ မင္းမဆိုးဘူး မွတ္မိသားပဲ၊ အဲဒီတုန္းက ငါတို႔ကို အေသမသတ္ခဲ့တာ အခုေနာင္တရေနၿပီ မဟုတ္လား”

“ ဒါဆိုလဲ ေနာက္တစ္ႀကိမ္ ထပ္သတ္ေပးရတာေပါ့”

“ မင္းသတ္ခ်င္တိုင္း သတ္လို႔ရေအာင္ ငါတို႔က ၾကက္ကေလး ငွက္ကေလးမွ မဟုတ္တာကြာ”

အသံက ေအာင္ျမတ္သာတို႔အေနာက္ကေန ထြက္လာတာေၾကာင့္ ၾကည့္လိုက္ရာ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ျဖစ္ေနခဲ့တယ္။

“ ဆရာ… လြယ္အိတ္ထဲက သံေသဓါးနဲ႔ နဂါးပတ္ႀကိမ္ခဏငွားထားတယ္ေနာ္”

‌ေမာင္ေကာင္းက သံေသဓါးကို ေျမာက္ျပလိုက္သလို ခြန္းလွကလဲ နဂါးပတ္ႀကိမ္ကို ေျမာက္ျပလိုက္တယ္။

“ မင္းတို႔က ေျခာက္ေယာက္ေပါင္းၿပီး ငါ့ကို တိုက္ၾကမွာေပါ့ေလ၊ အေတာ္ကို တရားမွ်တတဲ့ တိုက္ပြဲပါလား”

“ တရားမွ်တမႈဆိုတာ မင္းလိုေကာင္အတြက္မရွိဘူးကြ”

ေမာင္ေကာင္းက စကားဆုံးတာနဲ႔ သံေသဓါးနဲ႔ ေျပးခုတ္ပါေလေရာ။ ဒါေပမယ့္ ဓါးက မရဏရဲ႕ကိုယ္ကိုထိၿပီး အေနာက္ကို ျပန္ကန္ထြက္သြားခဲ့တယ္။

ခြန္းလွကလဲ နဂါးပတ္ႀကိမ္နဲ႔ လွမ္း႐ိုက္ရာ မရဏက လက္တစ္ဖက္နဲ႔ဆုပ္ကိုင္ၿပီး ေဘးကိုပစ္ထုတ္လိုက္တယ္။

ထိုစဥ္ မရဏရဲ႕ ခႏၶာကိုယ္အႏွံ႔ကို ေလာက္စာလုံးေတြ လာထိမွန္လို႔ ေအာင္ျမတ္သာတို႔ အေနာက္ကိုလွည့္ၾကည့္လိုက္ရာ လြယ္အိတ္ထဲက ‌ေလာက္စာလုံးေတြကို အဆုပ္လိုက္ကိုင္ၿပီး တေဒါင္ေဒါင္နဲ႔ပစ္ေနတဲ့ ဖိုးကတုံးကိုျမင္လိုက္ရတယ္။

“ ဆရာတို႔ ဒီေကာင္ကို ဖမ္းၾကေလ… ကြၽန္ေတာ္အေနာက္ကေန ကာပစ္ထားေပးမယ္”

မရဏအေနနဲ႔ က်န္တဲ့အရာေတြကို ေရွာင္တိမ္းလို႔ ရေပမယ့္ ဖိုးကတုံးရဲ႕ ေလးခြကိုမေရွာင္ႏိုင္တဲ့ အတြက္ ေဒါသကအထြဋ္အထိပ္ကိုေရာက္လာၿပီး မာန္သြင္းကာ ေရွ႕ကိုေျပးဝင္လာခဲ့တယ္။

ထိုစဥ္ ေျခာက္ေယာက္လုံးရဲ႕နားထဲမွာ “ဆဌဂံပုစံေနရာယူၿပီး လက္ညိဳးနဲ႔ေျမႀကီးကို ‌ေထာက္ခ်လိုက္” ဆိုတဲ့အသံကိုၾကားလိုက္ရတယ္။

“ ဆရာေတာ္ရဲ႕အသံပါလား… ဒါ ငါတို႔ကို ေျခာက္ကြက္အင္းကို ပုံေဖာ္ခိုင္းတာပဲ”

ေအာင္ျမတ္သာက သေဘာေပါက္စြာေရ႐ြတ္ရင္း က်န္တဲ့သူေတြကိုဆဌဂံပုံစံေနရာယူခိုင္းကာ ေျမႀကီးထက္မွာတင္ စမအကၡရာတစ္လုံးစီကို ညာဘက္လက္ညိဳးနဲ႔ေရးဆြဲေစခဲ့တယ္။

ထိုသို႔ေရးဆြဲၿပီးတဲ့ခ်ိန္မွာပဲမီးေတာက္မီးလွ်ံေတြ

ပါတဲ့အက္ရာႀကီး ေျခာက္ခုျဖစ္ေပၚလာၿပီး ေျပးဝင္လာတဲ့ မရဏဆီကို ဦးတည္ေ႐ြ႕လ်ားသြားခဲ့တယ္။

ငရဲမီးတမွ်ပူေလာင္တဲ့အရွိန္ေၾကာင့္ မရဏေျခလွမ္းေတြ တုန႔္ခနဲရပ္လိုက္ခ်ိန္မွာေတာ့ ေျမႀကီးထဲကေန ထြက္ေနတဲ့ မီးလွ်ံေတြက ဒူးဆစ္အထိေရာက္လာခဲ့သလို ေျခေထာက္ကလဲ ေရွ႕ကိုဆက္တိုးလို႔မရေတာ့ေပ။

မရဏကေတာ့ လက္မေလ်ာ့ပဲ လြတ္ေနတဲ့ လက္ႏွစ္ဖက္နဲ႔ ေျခေထာက္ကိုဆြဲႏႈတ္ဖို႔ႀကိဳးစား ခဲ့ရာ မီးေတာက္ေတြက လက္ေတြကိုပါကူးစက္လာ ခဲ့တာေၾကာင့္ ေျခေရာလက္ေရာ တုပ္ၿပီးခ်ဳပ္ၿပီး ျဖစ္သြားခဲ့တယ္။

“ ထြီ… သရဲေဘာေၾကာင္တဲ့ေကာင္ေတြ၊ သတၱိရွိရင္ ငါ့ကိုလႊတ္ေပးစမ္း… လႊတ္ေပးၾကစမ္း”

မရဏက အသံကုန္ေအာ္ဟစ္ေသာင္းက်န္ေနတဲ့ အခ်ိန္ ေမာင္စမ အနားကိုကပ္သြားၿပီး မ်က္ႏွာကို ေျဖာင္းခနဲကန္ခ်လိုက္တယ္။ ၿပီးတာနဲ႔ မိုးေပၚကို ေမာ့ၾကည့္ၿပီး

“ ျမဒင္ေရ မင္းအတြက္ ငါတို႔လက္စားေခ်ၿပီးၿပီ ျဖစ္လို႔ ေရာက္ရာအရပ္မွာ အဆင္ေျပပါေစကြာ” လို႔ေရ႐ြတ္လိုက္ပါေတာ့တယ္။

ထိုစဥ္ နတ္ဖြက္႐ြာထဲမွာ ဖမ္းထားတဲ့ ပညာသည္ေတြကို ႀကိဳးနဲ႔တုပ္ကာေခၚေဆာင္လာတဲ့ ႐ြာသားေတြကိုျမင္လိုက္ရတယ္။ အနားေရာက္ေတာ့ အဖိုးက ေအာင္ျမတ္သာဆီေလ်ာက္လာၿပီး

“ ဆရာ… ဒီလူနဲ႔အေပါင္းအပါေတြကို ႐ြာရဲ႕ဓေလ့အတိုင္း စီရင္ခြင့္ျပဳပါ”

“ အခ်ိန္ဆြဲမယ္ဆိုရင္ေတာ့ က်ဳပ္ခြင့္မျပဳႏိုင္ဘူးအဖိုး၊ တကယ္လို႔ စီရင္ခ်င္တယ္ဆိုရင္ က်ဳပ္တို႔အေရွ႕မွာ လုပ္ပါ”

“ ဆရာတို႔ေရွ႕မွာပဲ စီရင္မွာပါ”

အဖိုးက စကားဆုံးတာနဲ႔ အင္းစမေတြ ေရးဆြဲထားတဲ့ ပိတ္ျဖဴတစ္ထည္ကို မရဏကိုယ္ေပၚၿခဳံေပးလိုက္ၿပီး ႐ြာအႀကီးအကဲသုံးေယာက္နဲ႔အတူ ေလးဘက္ေလးတန္ထိုင္လိုက္ၾကတယ္။ ၿပီးတာနဲ႔ ပိတ္စအစြန္းကို တစ္ေယာက္စီကိုင္ၿပီး ပညာႏႈတ္တဲ့ဂါထာကို အဆက္မျပတ္႐ြတ္ပါေလေရာ။

ဂါထာတစ္ေခါက္ဆုံးတိုင္း မရဏရဲ႕‌အသဲခိုက္ေအာင္ နာက်င္တဲ့ေအာ္သံထြက္လာသလို

ကိုယ္ထဲမွာရွိတဲ့ ပညာစြမ္းေတြကလဲ

ပိတ္စထဲကို ရိပ္ခနဲရိပ္ခနဲ ဝင္ေနခဲ့တယ္။ ဂါထာ၃၇ေခါက္႐ြတ္ဖတ္ၿပီးခ်ိန္မွာေတာ့ မရဏရဲ႕ပါးစပ္ထဲကေန ေသြးမဲမဲေတြ ပြက္ခနဲ ပြက္ခနဲအန္ရင္း “ ငါတစ္ေန႔ျပန္လာမယ္” ဆိုတဲ့စကားကိုေျပာကာအ႐ုပ္ႀကိဳးျပတ္လဲက်သြားတာကို ေအာင္ျမတ္သာတို႔ ျမင္လိုက္ရတယ္။

“ စမ… သူအသက္ရွိမရွိ စမ္းၾကည့္လိုက္”

ေမာင္စမလဲ အသက္ရွိမရွိစမ္းၾကည့္ရာ အသက္ေငြ႕ေငြ႕ေတာင္ မရွိေတာ့ဘူးဆိုတာသိလိုက္ရတယ္။

“ အသက္မရွိေတာ့ဘူးဆရာ”

ေအာင္ျမတ္သာက ေသခ်ာေအာင္ ကိုယ္တိုင္စမ္းၾကည့္ေတာ့လဲ အသက္ႀကိဳးက လုံးဝျပတ္ေတာက္ေနတာသိလိုက္ရတယ္။

“ သူ႔ရဲ႕ေနာက္လိုက္ေတြကိုအဖိုးတို႔ပဲ သင့္ေတာ္သလို စီစဥ္လိုက္ပါ”

“ စိတ္ခ်ပါဆရာ… သူတို႔ကို အျပစ္မေပးရင္

ဒီညတိုက္ပြဲမွာ အသက္ေပးခဲ့ရတဲ့ ႐ြာသူ႐ြာသားေတြက က်ဳပ္တို႔ကို က်ိန္ဆဲေနပါလိမ့္မယ္”

“ ေသဆုံးခဲ့ရတဲ့သူေတြအတြက္ စိတ္မေကာင္း ျဖစ္မိပါတယ္အဖိုး”

“ ဆရာတို႔ကူညီေပးလို႔သာ ဒီေလာက္ပဲ ထိခိုက္ခဲ့တာမဟုတ္လား၊ ေနာက္ဆိုရင္ တစ္႐ြာလုံး ျပာေတာင္က်န္မွာမဟုတ္ဘူး၊ ကဲကဲ ဆရာတို႔လဲ ပင္ပန္းေနၿပီဆိုေတာ့ အနားယူဖို႔ ႂကြၾကပါဦး”

ေအာင္ျမတ္သာတို႔ ႐ြာထဲျပန္ေရာက္ခ်ိန္မွာေတာ့ ပုန္းခိုေနၾကတဲ့သူေတြ တစ္ဖြဲဖြဲျပန္လာေနတာကို ျမင္လိုက္ရတယ္။

“ ဆရာ… ဒီကေန ျပန္ထြက္ရင္ ကြၽန္ေတာ္တို႔ ကိုယ့္ေနရာကိုယ္ျပန္ၾကရမွာလား”

ေမာင္စမရဲ႕စကားကို ေအာင္ျမတ္သာက ခ်က္ခ်င္းျပန္မေျဖပဲ စဥ္းစားေနၿပီးကာမွ

“ မင္းမျပန္ခ်င္ရင္ ငါက အတင္းျပန္မပို႔ပါဘူး”လို႔ေျပာကာ သက္ခိုင္တို႔ရွိတဲ့ဘက္ကို ထြက္သြားခဲ့တယ္။

ေမာင္စမကေတာ့ အနားမွာေနဖို႔ ခြင့္ျပဳခ်က္ရသြားခဲ့ေပမယ့္ သက္ခိုင္နဲ႔ ေတာက္ရ ကေတာ့ သူတို႔ေနထိုင္ရာ မဟာၿမိဳင္ေတာထဲကို ျပန္ရေတာ့မွာမို႔ ေအာင္ျမတ္သာကို ငိုေႂကြးရင္း ကန္ေတာ့ေနၾကေလရဲ႕ဗ်ာ။

+++++++

ျမဴခိုးေတြ ဖုံးလႊမ္းေနတဲ့ လြင္တီးေခါင္ျပင္ထဲမွာေတာ့ မရဏတစ္ေယာက္ ေျခဦးတည့္ရာေလ်ာက္သြားေနခဲ့တယ္။ သူ႔တစ္ကိုယ္လုံးမွာေတာ့ ေသြးသံတရဲရဲနဲ႔ ဒဏ္ရာေတြအျပည့္ျဖစ္ေနၿပီး မ်က္လုံးကလဲ ေၾကာက္လန႔္ေနတဲ့ဟန္နဲ႔ ေဘဘီကို လိုက္ၾကည့္ေနခဲ့တယ္။

ထိုစဥ္ က်ယ္ေလာင္စြာထြက္ေပၚလာတဲ့ ေခြးေဟာင္သံေၾကာင့္ ဖင္ထိုင္လ်က္လဲက်သြားခဲ့သလို ေခြးနက္ႀကီး တစ္ေကာင္သူ႔ေရွ႕မွာ ဘြားခနဲေပၚလာခဲ့တယ္။

ဒီကိုစေရာက္ထဲက ေခြးနက္ေတြလိုက္ဆြဲလို႔ေျပးေနရတဲ့ မရဏတစ္ေယာက္ အခုလဲ ေခြးနက္တစ္ေကာင္က သူ႔ေရွ႕မွာေပၚလာခဲ့တာမို႔ မ်က္စိကိုစုံမွိတ္ရင္း အေနာက္ကိုဆုတ္သြားတဲ့အခ်ိန္ တဂိန္ဂိန္နဲ႔ ေအာ္ၿပီး ထြက္ေျပးသြားတဲ့အသံကို ၾကားလိုက္ရတယ္။ ဒါေၾကာင့္ မ်က္လုံးကို ဖြင့္ၾကည့္လိုက္ရာ ပုဆိုးတိုတိုဝတ္ထားတဲ့ လူတစ္ေယာက္ သူ႔ေရွ႕မွာရပ္ေနတာျမင္လို႔ ဝမ္းသာအားရနဲ႔ ကုန္းထလိုက္တဲ့အခ်ိန္

“ မဂၤလာပါမရဏေရ… ျမဒင္ရဲ႕ပိုင္နက္ထဲကေန ႀကိဳဆိုပါတယ္ကြာ” ဆိုတဲ့အသံကိုၾကားလိုက္ရတယ္။

+++++++

ေအာင္ျမတ္သာတို႔ နတ္ဖြက္႐ြာကေန ထြက္လာၿပီးခ်ိန္မွာေတာ့ ျမဒင္ေနထိုင္ရာ အရပ္ေဒသျဖစ္တဲ့ ထန္းလုံးျဖဴေက်း႐ြာကို ေရာက္ရွိခဲ့တယ္။

ထန္းလုံးျဖဴ႐ြာကိုေရာက္လာတဲ့အေၾကာင္းက ဘာမ်ားျဖစ္မလဲ၊ ျမဒင္နဲ႔ေရာ ဘယ္လိုပတ္သတ္ေနမလဲဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္ လြမ္းေငြ႕ေဝေဝဆိုတဲ့ဝတၱဳမွာ ဖတ္ရႈေပးပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)