အေးကြည်မ(စ/ဆုံး)
———————
ရွာထဲကပြန်လာသည့် အမေထံမှ ကြားလိုက်ရသောစကားကြောင့် ထားမေအံ့အားသင့်သွားသည်။ နားကြားများလွှဲလေသလားဆိုသည့်စိတ်နဲ့ ဆန်ဆေးလက်စ ထမင်းအိုးကို အမန်းကတမ်းပြစ်ချပြီး အမေထံ အပြေးသွား၍ သေချာအောင်ပြန်မေးလိုက်မိသည်။
“အမေ….။ ဘာပြောလိုက်တယ်။အေးကြည်မ ရဲ့ ကလေးကို မြို့က လူတွေဆီ မွေးစားဖို့ပေးလိုက်တယ် ။ ဟုတ်လား။’’
“ဟုတ်ပါ့တော်…။ ကလေးကံကောင်းတာပေါ့…။အေးကြည်မနဲ့သာနေရင် ဒီကလေး ဘယ်ချိန်သေမလဲ မသိဘူး။မြို့ကလူတွေက သူဌေးတွေအေ့။ကြည့်ရတာ တော်တော်လေးအဆင်ပြေမယ့်ပုံပဲ။ ကလေးအတွက် ၀မ်းသာပါတယ်အေ…။’’
“ကလေးကိုပေးတာ အေးကြည်မ ကခွင့်ပြုလို့လားအမေရဲ့။”
“ဟဲ့…။ အေးကြည်မ မသိအောင်ခိုးပေးရတာပေါ့။အေးကြည်မသာသိရင် မိုးမိလောင်မဲ့ဖြစ်ချင်းမြင်ယောင်သေးတယ်။ သူ့အရီးသောင်းကြည်ရော…။ သူကြီးရောက ကလေးရှေ့ရေးကိုကြည့်ပေးကြတာပါအေရယ်..။သူ့အရီးလည်း ကျန်းမာရေးကောင်းတာ မဟုတ်ဘူး။ မတော်လို့ကြားထဲ ကတိမ်းကပါးဖြစ်သွားရင် ကလေးကို ဘယ်သူဆက်မွေးမလဲ။အေးကြည်မလည်း သိတဲ့အတိုင်း ရူးနေတာဆိုတော့ ဒီကလေးကိုဘယ်လိုဆက်စောင့်ရှောက်မလဲ။ မွေးစားမယ့် သူပေါ်လာတာကိုက ကလေးကံဇာတာကောင်းတာလို့ပဲပြောရမယ်။’’
ဘုရား..ဘုရား ကလေးကို မိခင်ဖြစ်သူအေးကြည်မ မသိအောင် ခိုးပေးလိုက်သည်တဲ့။ကြားလိုက်ရတဲ့စကားက ထားမေရင်ထဲမချိလိုက်တာ။
ဒီအကြောင်းသာ အေးကြည်မ သိရင် ဘယ်လောက်တောင် ခံစားလိုက်ရမလဲ။အေးကြည်မက ရူးတယ်ဆိုပေမဲ့ လူတွေပြောလောက်အောက် သွက်သွက်ခါရူးနေတာမှမဟုတ်ပဲ။ တခါတလေ စိတ်ပုံ မှန်မရှိတာကလွဲလို့၊ ကျန်တဲ့အချိန်လူကောင်းလိုပဲ။
ပြီးတော့ အေးကြည်မ သူ့ကလေးကို ဘယ်လောက်ထိချစ်တယ်ဆိုတာ တစ်ရွာလုံးအသိပဲလေ။
ဒါကိုအေးကြည်မ မသိပဲ သူ့ကလေးကို တခြားသူကိုခိုးပေးလိုက်တယ်ဆိုတော့ ဘယ်လောက်ထိရက်စက်တဲ့လုပ်ရပ်လဲ။ ကလေးရှေ့ရေးအတွက်စဉ်းစားတယ်ဆိုရင်လည်း ၀မ်းနဲ့လွယ်ပြီးမွေးထားတဲ့ မိခင်အရင်းခေါက်ခေါက်ကြီးကို နည်းနည်းလောက်တော့ထည့်စဉ်းစားသင့်တာပေါ့ ။သားအမိနှစ်ယောက် ကို ဒီလိုရှင်ခွဲ ခွဲတာတော့ မကောင်းပါဘူး။ အေးကြည်မ အိမ်ပြန်ရောက်လို့ သူ့ကလေးကိုမတွေ့ရရင် ဘယ်လိုတောင်ခံစားရမလဲ။
မဖြစ်သေးပါဘူး။ ဒီကိစ္စအေးကြည်မ အချိန်မှီသိမှရမယ်။
ဘယ်သူတွေဘယ်လိုသတ်သတ်မှတ် အေးကြည်မကို ထားမေ ခင်သည်။ပြီးတော့ အေးကြည်မဘ၀ကိုလည်း ထားမေ သနားသည် ။အတိတ်ကံမကောင်းလို့ သူ့ခမျာ စိတ်မနံ့ပေမဲ့ သူ့ဘ၀နဲ့သူ ပျော်ရွှင်နေတဲ့သူပါ ။ လူတွေကလည်းခက်ရချည်ရဲ့။ ရေနစ်သူ ဝါးကူနဲ့ထိုးသလိုဖြစ်နေတာ မသိရော့လေသလား။ တကယ်လို့ပေးရင်လည်း အေးကြည်မကို အကျိုးကြောင်းပြောပြပြီးမှ ပေးပေါ့။ စဉ်းစားရင်း ထားမေ ဘယ်လိုမှ စိတ်ထဲမကောင်းတော့ပါ။
“အမေ….။ မြိုကလူတွေကလေးကိုခေါ်သွားကြပြီလား…။’’
“ငါပြန်လာတုန်းထိတော့မသွားကြသေးဘူး…။ ဒါနဲ့နေပါဦး ညည်းက ဘာလုပ်မလို့တုန်း…’’
“သြော်… အမေရယ်…။ အေးကြည်မကိုပြောပြမှရမယ်လေ..။ သူ့ကိုအသိမပေးပဲ သူ့ကလေးကိုတခြားသူကိုပေးတာ ဘယ်လိုလုပ်တရားပါ့မလဲ။ သူ့က အသက်နဲ့ရင်းပြီးမွေးထားရတဲ့မိခင်ပါတော်…။ အမေ ထမင်းအိုးဆက်တည်လိုက်ချည် ကျွန်မ အေးကြည်မကိုသွားရှာဦးမယ်…။’’
“ဟဲ….ထားမေ…။ဓါးခုတ်ရာလက်၀င်မလျှိုချင်နဲ့…။သူ့အရီးအရင်းခေါက်ခေါက်ကြီးစီစဉ်တဲ့ကိစ္စ။ အေးကြည်မကို ဘယ်သွားရှာမလိုလဲ…။ ဟဲ့….။ပြန်လာခဲ့…။ မိုးတွေညို့နေပြီ အိမ်နောက်ဘေးကအ၀တ်တွေရုတ်ရဦးမယ်…။ ထားမေ… ငါပြောတာကြားလား….။’’
နောက်ကျောမှာ အမေအတင်းလှမ်းအော်နေပေမဲ့ ထားမေနားမထောင်တော့။ ထဘီကို တိုတိုပြင်၀တ်ပြီး ခမောက်စုတ်လေး ဆောင်းလို့ အေးကြည်မကိုရှာပုံတော်ဖွင့်ရန် ထွက်ခဲ့ပါတော့သည်။ ဒီအချိန်လောက်ဆို ခြေရှည်လွန်းသော အေးကြည်မ ဘယ်အရပ်တွေဆီများရောက်နေသည်မသိ…။
*****
(၂)
အေးကြည်မ ရွာကိုရောက်ချိန်က အသက်ရှစ်နှစ်ကျော်ကျော်လောက်သာရှိသေးသည်။နီကြောင်ကြောင်ဆံပင်ကို နှစ်ခွ စီးပြီး အရီးသောင်းကြည်လက်ကို ဆွဲကာရောက်လာသည့် မအူမလည်ပုံစံနဲ့အေးကြည်မရဲ့ သနားကမားမျက်နှာလေးကို ခုချိန်ထိ ထားမေ မျက်စိထဲကမထွက်သေး။
အရီးသောင်းကြည် ၏ ညီမဖြစ်သူတို့လင်မယားနှစ်ယောက်စလုံး မြ၀တီမြို့ဘက်ကို အလုပ်သွားလုပ်ရာမှ လမ်းတစ်နေရာတွင် ကားမှောက်ပြီးဆုံးသွားရှာသည်။ သမီးဖြစ်သူ အေးကြည်တော့ ကံကောင်းထောက်မ စွာအသက်မသေခဲ့။ သို့သော်လည်း ခေါင်းတွင်ဒဏ်ရာအကြီးရပြီး ဦးနှောက် သိပ်မကောင်း တော့ပါ။ အမေနှင့်အဖေ နှစ်ယောက်လုံး မျက်စိရှေ့တွင် မရှုမလှ ဆုံးသွားသည်ကို မြင်ခဲ့ရသည့်အပြင် ဦးခေါင်းပါ ထိခိုက်သွားသောကြောင့် အေးကြည်မ ထိုအချိန်က စပြီး ရူးကြောင်ကြောင်ဖြစ်သွားခဲ့သည်။
ဆရာ၀န်များနှင့်အသေအချာ ကုသမူ ခံယူလျှင်ပြန်ကောင်းနိုင်ပါသော်လည်း အရီးသောင်းကြည်ကိုယ်တိုင်က မုဆိုးမဖြစ်ပြီး မိမိ၀မ်းရေးတောင်အနိုင်နိုင်ဖြေရှင်းနေရသူမို့ ဆေးကုသဖို့ဝေးစွ အေးကြည်မ၏တ၀မ်းတခါးအတွက်ပင် အတော်လေး ရုန်းကန်ကျွေးယူရသည်။
တနေ့တနေ့အိမ်ကပ်ရသည်မရှိအောင်လယ်ထဲကိုင်းထဲတွင်ရုန်းကန်နေရလွန်းသောကြောင့် အေးကြည်မကိုလည်း နေချင်သလို နေစေ ဟူ၍သာ လွှတ်ထားရ၏။
အေးကြည်မ ကို စိတ်မနှံ့သူဟုပြော၍ရသော်လည်း အရမ်းကြီး အခြေနေဆိုးနေသည်တော့မဟုတ်ပါ။တခြားသူကိုတွေကို ရန်မမူတတ်သည့်အပြင် ရွာရိုးကိုးပေါက် အော်ဟစ်ကာဦးတည်ရာမဲ့လျှောက်ပြေး နေတတ်သူလည်းမဟုတ်ပါ။ တခါတလေ စိတ်ထင်ရာအတိုင်း ငိုနေ ရီနေတတ်သည်သာ လွှဲ၍ ကျန်အချိန်များတွင်သူဘာသာ သီချင်းတအေးအေးနဲ့ နေတတ်သည်။
တခါတလေတော့လည်း အေးကြည်မက လူကောင်းတွေထက်တောင် စိတ်ကောင်းတတ်သေးသည်။
မှတ်မိသေးသည် တစ်ခေါက်အတွက်အရီးသောင်းကြည် လယ်ထဲသွားစဉ် အိမ်တွင်ထားခဲ့သည့် ဆန်တွေကို အိုးကြီးအိုးငယ်နဲ့ချက်ပြီး လမ်းဘေးခွေးမှန်သမျှ လိုက်ကျွေးသည်။ အရီးသောင်းကြည် အိမ်ပြန်လာသည့် အခါ ထိုအကြောင်းကိုသိပြီး အေးကြည်မကို တုတ်တစ်ချောင်းနဲ့လိုက်ရိုက်တော့ ထားမေအိမ်သို့ ပြေးလာပြီး ငိုသည်။ထို့နောက် ပြောလိုက်သေးသည်။
“အရီးသေရင် အဲဒီဆန်ကိုသယ်သွားလို့ရလို့လား။ အလှူဆိုတာ လှူတတ်ရင်မြတ်တယ်။လူကိုကျွေးမှ မဟုတ်ဘူး ခွေးကိုကျွေးလည်းကုသလိုလ်ရတယ်အရီးရဲ့။သူများအလှူကို လိုက်ပိတ်ပင်နေရင် အရီးသေရင် ပြိတ္တာ ဖြစ်လေ့မယ်။’’
ထိုအချိန်က အရီးသောင်းကြည်ခမျာ အေးကြည်မကိုဒေါသထွက်ရမလို ရယ်ရမလိုပင်ဖြစ်ခဲ့သည်။နောက်နေ့တွေတော့ အရီးသောင်းကြည်တစ်ယောက် မီးဖိုချောင်ထဲက ဆန်၊ ဆီ ၊ ဆားတွေကိုအေးကြည်မ မသိအောင် အလုပ်မသွားခင် ဖွက်ထားခဲ့ရသည်။
အလှူတွေ မင်္ဂလာဆောင်တွေမှာဆို အေးကြည်မတစ်ယောက် မနားတမ်းပန်းကန်ဆေးပေးသည်။ သာရေး နာရေး မှန်သမျှ အေးကြည်မ မလွှတ်စေရ။ လူကြီးသူမကိုလည်း ရိုသေရကောင်း မှန်း ကူညီရကောင်းမှန်းအေးကြည်မသိသည်။ ရွာတောင်ပိုင်းက အသက်ရှစ်ဆယ်ကျော်အရွယ် အဖွားမွှေးအိမ်ဆို ခဏခဏသွားပြီး အေးကြည်မ ရေခပ် ထင်းခွဲလုပ်ပေးတတ်သေးသည်။
အေးကြည်မ ကိုကြောက်ရသည့်အရာတစ်ခုတော့ရှိသည်။ အေးကြည်မက ကလေးမြင်ရင်မနေ နိုင်ပေ။ ချီချင် မြူချင်သည်။ ကလေးငယ် ဖြူဖြူတုတ်တုတ်လေးတွေမြင်ရင် အေးကြည်မ အသည်းယားကာ ပါးတွေနားတွေလိမ်ဆွဲတတ်သည်။ တခါတလေ မိခင်တွေမသိခင်ကလေးတွေကိုချီချီပြေးတတ်ပြီး အတင်းအဓမ္မ ပြန်တောင်းယူရသည်။
တစ်ခေါက်အတွက်တွင်မူ အေးကြည်မသည်အလှူအိမ်တွင် သိပ်ထားသည့်လသားအရွယ်ကလေးငယ်ကို တိတ်တိတ်လေး ခိုးယူပြီး သူ့အိမ်က သေတ္တာကြီးထဲတွင်သော့ခတ်သိမ်းထားဖူးသည်။တစ်ရွာလုံး ကလေးပျောက်၍ ခေါင်းမီးတောက်နေကြချိန် အေးကြည်မက သီချင်းတအေးအေးနှင့် နေ နေသည်။ ညနေစောင်းအရီးသောင်းကြည် အိမ်ပြန်ရောက်သည့်အခါ ကလေးငိုသံကြားသောကြောင့် သေတ္တာထဲ ဖွင့်ကြည့်မှ ကလေးကိုအေးကြည်မဖွက်ထားမှန်းသိရသည်။
ထိုအချိန်က ကံကောင်း၍ကလေးအသက်မသေခြင်းဖြစ်၏။
ထို့ကြောင့်နောက်ပိုင်းတွင် ကလေးအမေများအားလုံး အေးကြည်မကို သတိကြီးစွာထားရလေတော့သည်။
*****
(၃)
အေးကြည်မ အသက်၁၅ နှစ်ကျော်ကျော်ထဲရောက်လာတော့ တသွေးတမွေးလေးဖြစ်လာသည်။ အေးကြည်မက အသာညိုသော်လည်း ကိုယ်လုံးကိုယ်ထည်တောင့်သည်။ မျက်ခုံးမျက်လုံးကောင်းသည်။ ထူထူထဲထဲ နုတ်ခမ်းတွေက ဆွဲဆောင်မူရှိသည်။ သေချာကြည့်လေ ညိုစိမ့်စိမ့်လေးနဲ့ချောမောလှပလေဖြစ်သည်။
အေးကြည်မကတစ်ရွာလုံးတွင် ထားမေကို အခင်ဆုံးဟု ထားမေထင်သည်။ ခဏခဏထားမေအိမ်အလည်လာ တတ်သည်။ တခါတလေ တနေ့တည်း ငါးခေါက်လောက်လာသည်။ လာတိုင်းလည်း ခြံရှေ့ကနေ မကြီးထားမေရေ… လို့အသံသြသြကြီးနဲ့ အော်ခေါ်တတ်သည်။ ထားမေအသံကြားမှ အိမ်ထဲ၀င်သည်။ ထားမေပြန်မထူးက သူ့ဘာသာ ပြန်လှည့်ထွက်သွားတတ်သည်။
တခါတလေ ထားမေအိမ်အလည်လာရင်း ထားမေ သနပ်ခါးလိမ်းရင် မှန်တင်ခုံဘေး မေးထောက်ပြီး လာငေးကြည့်နေတတ်သည်။ထိုအချိန်မှာတော့ အေးကြည်မက အရူးမလေးနဲ့မတူ။ လောကကြီးအကြောင်းကို ဘာမှသိနားမလည်သည့် ကလေးမ လေးနဲ့တူသည်။
“မမထားမေက လှလိုက်တာနော်…။”
“အမလေး အေးကြည်မရယ်…။ညည်းကငါ့ကိုမမြင်ဖူးတဲ့လူလို ကြည့်လို့ပါလား။ ညည်းက ပြင်ပြင်ပြင်ဆင်ဆင်မှ မနေတာအေ..။ ညည်းလည်းပြင်ရင်လှတာပေါ့..။ ငါ ညည်းကိုအလှပြင်ပေးရမလား။”
ထိုအခါခေါင်းကို သွင်သွင်ငြိမ့်ပြီး ထားမေဆီ မျက်နှာထိုးလာပေးတတ်သည်။ပြင်ဆင်ပေးလိုက်တော့ အေးကြည်မက ထားမေထင်သည်ထက်ပင်ပိုပြီးလှနေသေးသည်။ထားမေပြင်ထားပေးသည့်မျက်နှာနှင့် အေးကြည်မ ၏ဖရိုဖရဲအ၀တ် စားနှင့်မလိုက်တာကြောင့် ထားမေ အ၀တ်ဟောင်းထဲက တစ်စုံကိုအေးကြည်မကို ၀တ်ပေးလိုက်တော့ အေးကြည်မ အလှက အတော်လေးပြည့်စုံသွားသည်။
သူ့ကိုသူမှန်ထဲအကြာကြီး ကြည်ပြီး ပြုံးလို့နေသည်။
****
အမှန်ဆိုပါမူ ထားမေလည်း အေးကြည်မကို ချစ်သည်။ မောင်နှမရင်းချာမရှိသည့်ထားမေ အဖို့ အေးကြည်မကို ကိုယ့်ညီမလေးတစ်ယောက်လိုခင်တွယ်မိသည်။ အေးကြည်မက သေသေချာချာ ထိန်းကျောင်းပြီး စိတ်ကိုပြန်လည်ကုစားပေးလျှင် တည်ငြိမ်လာနိုင်သည်။ အိမ်မှာခေါ်ထားဖို့အမေတို့ကိုတိုင်ပင်သော်လည်း အမေတို့က ခါးခါးသီးသီး သာငြင်းလွှတ်တတ်သည်ချည်းဖြစ်သောကြောင့် တစ်ခါမှ အခွင့်မသာခဲ့ပါ။
“အမလေး… အရူးမကိုတော့အိမ်ကိုမခေါ်ပါရစေနဲ့ ထားမေရယ်..။ ငါ့အိမ်ကိုလည်း ဇောက်ထိုးလုပ်သွားပါဦးမယ်။ ညည်းသနားရင်း ပေးလိုက်ကျွေးလိုက်…။ အိမ်တော့ခေါ်မလာနဲ့…’’
ဟုပြော၍ တခါတည်းအပြတ်ဖြတ်ချတတ်သည်။
အေးကြည်မလည်း အေးကြည်မပင်။အိမ်လာရင်ြမ်ငြိမ်မနေ။ အိမ်ထဲကပစ္စည်းတွေ ဟိုဟာကိုင်ဒီဟာကိုင်လုပ်တတ်သည်။ တခါတလေ သဘောကျလျှင်မပြောမဆိုယူသွားတတ်သည်။ သူ့ကိုအိမ်ကိုပြန်လိုက်တောင်းသည့်အခါလည်း ကြည်ကြည် ဖြူဖြူပင်ပြန်ပေးသည်။ခိုးခြင်း ဝှက်ခြင်းတော့မဟုတ်။
အမှန်တကယ်ပင် ခိုးတာ ဝှက်တာကို ဘာမှန်းမသိအောင် အေးကြည်မ ဖြူစင်လွန်းလှသည်။
*****
(၄)
မှတ်မိသေးသည်။
ထိုနေ့ ညနေစောင်းလောက်က အေးကြည်မ အပြေးတပိုင်းထားမေအိမ်ကိုရောက်လာသည်။ နောက်ကိုလှည့်ကြည့် လှည့်ကြည်နဲ့ တစ်ခုခုကိုကြောက်နေသလိုဖြစ်နေသည်။အသားတို့တဆတ်ဆတ်တုန်ပြီး ခေါင်းလည်း ငြိမ်ငြိမ်မနေ တောင်ကြည့်မြောက်ကြည့်လုပ် နေသည်။
ဘာဖြစ်တာလဲ မေးတော့လည်းမေးလို့မရ။ သူ့ရင်ဘတ်ကိုလက်နဲ့စိနေအောင်ပိတ်ထားပြီး ကြောက်လန့်နေသည့် ပုံစံဖြစ်နေသည်။
အ၀တ်စားတွေဖရိုဖရဲနဲ့အေးကြည်မကို ကြည့်ရသည်မှာပုံမှန်တော့မဟုတ်သောကြောင့် ထားမရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။
ဘုရား…ဘုရား…။ ငါထင်သလိုမဟုတ်ပါစေနဲ့ ဟုတစ်ယောက်တည်းဆုတောင်းမိလိုက်သေး၏။
အေးကြည်မလည်းအေးကြည်မပင်။ အရီးသောင်းကြည်ရဲ့ ထိန်းကွပ်မူ မရှိတဲ့အောက်တွင် အေးကြည်မလွှတ်ချင်တိုင်းလွှတ်နေသည်။ ညနေမှောင်စပျိုးချိန်လည်းမသိ တစ်ယောက်တည်း သွားချင်သည့် နေရာလျှောက်သွားတတ်သည်။
ငယ်ငယ်ကလေးဘ၀အရွယ်တုန်းက အကြောင်းမဟုတ်သော်လည်း ခုလိုအပျိုပေါက်လေးဖြစ်လာသည့်အချိန်မှာတော့ ထားမေ အေးကြည်မအတွက် ရင်လေးမိသည်မှာ အကြိမ်ကြိမ်ဖြစ်သည်။
ခုတလော ရွာထဲတွင် လူစိမ်းတွေလည်း အ၀င်အထွက်များလှသည်။ ထန်ရေပေါချိန်ဖြစ်သောကြောင့် အမူးသမားတွေ ရွာထဲမှာ ခြေခြင်းလိမ်နေသည်။
ထိုနေ့ ထားမေကိုယ်တိုင်အေးကြည်မကိုအိမ်ပြန်ပို့ပေးခဲ့သည်။
နောက်နေ့များတွင်း အေးကြည်မပျောက်ချင်းမလှပျောက်နေသည်။ထားမေအိမ်ကိုလည်း အရင်လိုပေါ်မလာတော့သဖြင့် ထားမေ အေးကြည်မကို တိတ်တဆိတ်မျှော်နေမိသည်။
ရွာထဲ လယ်ထဲတွင်လည်းအေးကြည်ကိုမတွေ့။ တနေ့တော့ ရွာထဲတွင် အရီးသောင်းကြည် နဲ့ ဆုံ၍အေးကြည်မ အကြောင်းမေးတော့ အိမ်တွင်ရှိသည်ဟုသိရသည့်အခါတော့ ထားမေစိတ်အေးရသည်။
အိမ်ကိုခဏခဏလာတတ်သည့် အေးကြည်မ ကို မမြင်ရတော့လည်း မျက်စိရှာလှသည်။
တနေ့တော့ ထားမေ အိမ်တွင်တနေကုန်အားနေသည်နှင့် ညနေစောင်းဘက် အေးကြည်မအိမ် ထွက်ခဲ့သည်။ လက်ထဲတွင်လည်း အေးကြည်မအတွက် အိမ်ကမုန့်တချို့ပါယူလာပေးသည်။
အေးကြည်မအိမ်ရှေ့ရောက်တော့ တံခါးကို အသာစေ့ထားသည်။ အထဲတွင် အေးကြည်မရှိသည်လား မရှိသည်လားတော့မသိ။
“အေးကြည်မ….။ ဟဲ့…အေးကြည်မ…။’’
“အင်း….. ကျုပ်ဒီမှာရှိပါတယ်…။’’
အေးကြည်မရဲ့အသံကဖျော့တော့လို့နေသည်။ ထားမေ အေးကြည်မ အခန်းတံခါးကိုတွန်းဖွင့်ပြီး ၀င်လိုက်တော့ စုတ်ပြတ်နေသည့် အ၀တ်စားတွေ စောင်တွေအမှိုက်လိုပုံနေသည့်ကြားထဲတွင် အေးကြည်မ ခွေခွေလေးအိပ်နေသည်။
“အေးကြည်မရယ်….။ညည်းအခုတလောငြိမ်နေလို့ ငါလာကြည့်တာ…။ နေမကောင်းဘူးလား…။’’
“ဟုတ်တယ် …. ကျူပ်နဲ့ဘာဖြစ်နေလဲမသိပါဘူးတော်…။ ဘာမှမစားပဲ အန်ပဲအန်ချင်နေတယ်။ ဗိုက်ထဲမှာလည်း တစ်ခုခု၀င်နေသလိုကြီးပဲ။ ဟိုတနေ့က အချဉ်စားချင်လို့ ဇီးသီးစားပြီးအစေ့မျိုချမိတာ။ ခုဗိုက်ထဲမှာ အပင်များပေါက်နေလား မသိပါဘူးတော်…။’’
အေးကြည်မစကားကြားသော်လည်းထားမေမရယ်နိုင်။အေးကြည်မပုံစံကြည့်ရသည်ကိုမသင်္ကာသဖြင့် ထားမေ အပျိုလေးတန်မဲ့ အရီးသောင်းကြည်ကိုနားလည်အောင်အကျိုးအကြောင်းပြောပြပြီး ရွာထဲက ကျန်းမရေးဆရာမနဲ့ပြပေးခဲ့ တော့ ထားမေ ထင်သလိုပင်။
ဘယ်လူစိတ်မရှိတဲ့သူကများအေးကြည်မကို သားမယားပြုကျင့်လိုက်သည်မသိ။ အေးကြည်မတွင်ကိုယ်၀န် လွယ်ထားရပြီး နှစ်လကျော်လောက်တောင်ရှိပြီဟုဆရာမကပြောသည်။အရီးသောင်းကြည်ရော ကျွန်မပါ မျက်ရည် စက်လက် နဲ့ဖြစ်ခဲ့ရသည်။ အရီးက အေးကြည်မကိုခေါ်ပြီးရိုက်နှက်သည်။ သို့သော်လည်း အေးကြည်မ ဘာမှမေးလို့မရ ။ သူဘာမှမသိ ဘူး ဟုသာသွင်သွင်ငြင်းနေသည်။
ဘယ်သူနဲ့ဘာဖြစ်ခဲ့လဲဆိုတာလည်းအေးကြည်မ မသိ။နောက်ဆုံးတော့ မိန်းမသားဘဝပေမို့ အေးကြည်မတစ်ယောက် ဘာမှမသိတတ်ပေမဲ့ ဗိုက်ထဲက ကလေးကိုမွေးဖို့ ပြင်ဆင်ရပါတော့သည်။
*****
(၅)
အေးကြည်မသားလေးက ဖြူဖြူတုတ်တုတ်ခဲခဲကြီးနဲ့ချစ်စရာလည်းအလွန်ကောင်းသည်။ နဂိုကတည်းက ကလေးချစ်တတ်သောအေးကြည်မအဖို့ သူ့ကလေးကို တစ်ခါမှ လက်က မချနိုင်အောင် အရိပ်တကြည့် ကြည့်နဲ့ အသည်းတယားယားချစ်လို့နေသည်။
သူ့သားကိုလည်း ဘယ်သူမှ ချီတာ မြူတာမကြိုက်ပေ။ကလေးလက်ပူမိမည်းစိုးသောကြောင့် သေချာချော့မော့ ပြီး လက်ပေါ်က ချခိုင်းရသည်အထိဖြစ်သည်။ သူ့သားလေးကို အရီးသောင်းကြည် တစ်ယောက်သာ ချီခွင့်ရှိသည်။
အိမ်ကိုရွာထဲကလူတစ်ယောက်ယောက်လာလည်သည်နှင့် သူ့သားလေးကို ခေါ်သွားမည်ထင်ပြီး ကလေးကို တင်းအောင် ရင်ထဲပိုက်ထားတတ်သည်။ ပြီးတော့
“မပေးဘူးနော်… ငါ့ကလေးကို ဘယ်သူ့မှ မပေးဘူး။ ငါ့ကိုယ်တိုင် ဟောဒီဗိုက်ကြီးထဲကနေ ထုတ်ထားတာ ။ ငါ့ကလေး ငါပိုင်တယ် ။ ဘယ်သူ့မှမပေးဘူး’’ ဟုရန်လုပ်တတ်သည်။
ဒီလိုနဲ့ ကလေးတစ်နှစ်ကျော် အရွယ်ရှိလာတော့ ပို၍ချစ်ဖို့ကောင်းလာသေးသည်။ မျက်လုံးဝိုင်းဝုိင်း နှာတံစင်းစင်းနဲ့ဘယ်သူနဲ့တူလို့တူမှန်းမသိ။အေးကြည်မ ကိုယ်၀န်ရှိစဉ်က ရွာထဲကယောကျာင်္းတော်တော်များများ အေးကြည်မ ကိုဝှေ့၍ပင်မကြည်ရဲခဲ့ကြ။ သူ့ထင်နိုး ငါ့ထင်နိုး ရိုးမဲဖွယ်မည်စိုးသောကြောင့်ဖြစ်သည်။
ယခုအခါ ကလေးအရွယ်လေးရောက် ရုပ်လေးပေါ်လာပြန်တော့လည်း ပို၍သာဆိုးနေသေးသည်။ သူနဲ့တူလာနိုးနိုး၊ ငါနဲ့တူလာနိုးနိုးနဲ့ ထားမေတို့ ရွာက ယောကျာင်္း ထုကြီးတစ်ထုလုံး စိုးရိမ်စိတ်တထင့်ထင့်နဲ့နေသည်။
ကလေးကကြီးလာသည်နဲ့ အရီးသောင်းကြည်တစ်ယောက် ဒုက္ခလှလှတွေ့တော့သည်။ အသက်အရွယ်ရနေပြီးဖြစ်သည့် အရီးသောင်းကြည်အဖို့ ကလေးအတွက်စားရိတ်၊ အေးကြည်မအတွက်စားရိတ်အတွက် မရုန်းကန်နိုင်တော့ပေ။
အရင်လို အေးကြည်မနဲ့တူ၀ရီးနှစ်ယောက်တည်းက တစ်နပ်တရေ ထမင်းငတ်တာ အကြောင်းမဟုတ်။ ခုတော့ ကလေးငယ်နဲ့မို့ အငတ်ထား၍မဖြစ်နိုင်ပေ။ ဇရာ၏ဖိစီးမူကြောင့် အရင်လို ရွာရိုးကိုးပေါက်အလုပ် လိုက်လျှောက်လုပ်လို့လည်း မတတ်နိုင်တော့သည့် အခါ အေးကြည်မကို အလုပ်လုပ်ဖို့ချော့ပြောရသည်။
အလုပ်မလုပ်လျှင်ကလေးထမင်းငတ်မည်ပြောတော့ အေးကြည်မ အတော်လေးတုန်လှုပ်သွားဟန်တူသည်။
“ငါ့သားလေးတော့ ထမင်းအငတ်မခံနိုင်ပါဘူးအေ…။ ငါဘာလုပ်ရလုပ်ရ လုပ်မယ်။ ငါ့သားထမင်းမငတ်ဖို့လိုတယ်…”
သို့သော်လည်း အများတကာလိုအေးကြည်မကို နေ့စားလုပ်ခိုင်း၍မဖြစ်ပါ။ သူများစားချိန်စား ၊ နားချိန်နားလုပ် ရအောင်အေးကြည်မ မနေနိုင်။ထို့ကြောင့် ရွာထဲ အဆင်ပြေသည့်အိမ်တစ်ချို့တွင် ထင်းခွဲ၊ရေခပ်လုပ်ပေးပြီး ပေးသမျှယူသည်။
ထို့ပြင်လယ်ထဲရွာထဲ ဟင်းရွက်ကန်စွန်းလိုက်ခူးပြီး အရီးသောင်းကြည်ကိုရောင်းခိုင်းသည်။ နေ့မနားညမနား ကြိုးစားပြီးလုပ်တော့ အတော်အတန်လေးတော့စားလောက်သည် ဟုဆိုရမည်။ သူ့သားလေးထမင်းငတ်မည်ဟုကြားပြီးကတည်းက အေးကြည်မ အလုပ်တောက်လျှောက်လုပ်ရှာသည်။
ကလေးကိုလည်း သူ တနေရာမသွားခင် ချီလိုက်နမ်းလိုက်လုပ်ပြီးအရီးသောင်းကြည်လက်ထဲသေချာအပ်ပြီးမှ သွားရှာသည်။ မသွားခင်လည်းသူ့သားကိုဂရုစိုက်ဖို့ အရီးသောင်းကြည်ကိုအတန်တန်မှာတမ်းချွေတတ်သေးသည်။
ဤမျှလောက် အေးကြည်မ သူ့ကလေးကိုချစ်တာ သည်ကိုသိပါလျက်မူ အေးကြည်မ မသိအောင် ကလေးအား တခြားသူအားပေးလိုက်သောကြောင့်ထားမေစိတ်မကောင်းဖြစ်ရ ခြင်းပင်။ ကလေးရှေ့ရေးအတွက်ကြည့်ပေးသည်ကို အပြစ်ဟု မဆိုသာသော်လည်း ၊ အေးကြည်မလို မိခင်တစ်ယောက်၏ ခံစားချက်ကိုနားလည်မပေးသည့်အတွက်တော့ ထားမေ စိတ်ထိခိုက်လွန်းလှသည်။
ထို့ကြောင့် ဘယ်လိုဖြစ်ဖြစ် ဒီအကြောင်းကို တော့ ထားမေ အေးကြည်မကို အချိန်မှီ အသိပေးလိုက်ချင်သည်။
*****
(၆)
လယ်ကွင်းထဲရောက်တော့ ကောင်းကင်တစ်ခုလုံး မှိုင်းညို့ရီမှောင်လို့နေလေပြီ။ တဟူးဟူးတိုက်နေသောရှေ့ပြေးလေများ ကြောင့် ၀တ်လာသည့်ထဘီက ဒူးမှာလာတုတ်နေသည်။ ထားမေ ထဘီကို ဒူးလောက်ထိတိုအောင်ပြင်၀တ်လိုက်ပြီး ညိုမှိုင်းနေသည့် လယ်ကွင်းပြင်ကြီးကိုငေးကြည်ရင်း အေးကြည်မကို ခပ်ကျယ်ကျယ်အော်ခေါ်လိုက်မိသည်။
“အေးကြည်မ …. အေးကြည်မရေ…။’’
ပြန်ထူးသံမကြားရပဲ ရုတ်တရက်ထွက်ပေါ်လာသည့် ဂျိန်းခနဲမိုးချုန်းသံကြောင့် ထားမေ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်အောင်လန့်သွားရသည်။
ပြောပြောဆိုဆိုမိုးတွေက စရွာလေပြီ။ မိုးစက်တစ်ပေါက်တစ်ပေါက်မှာ အကြီးကြီး ဖြစ်၏။အေးစက်သည့်မိုးရေစက်တွေ ထားမေ ခနာကိုယ်အနှံ့အပြား ကျရောက်ကုန်ပြီးခဏအတွင်းလူလည်းဖတ်ဖတ်စိုအောင် ရွှဲစိုကုန်လေသည်။
ဆောင်းထားသည်ခမောက်ကလည်းမလုံတာမို့ခေါင်းထဲထိမိုးရေတွေတဒီးဒီးယိုကျလာကုန်သည်။ သို့သော် ထားမေ ဇွဲမလျော့သေး။ အေးကြည်မ လယ်ကန်စွန်းတောထဲမှာ ရှိနေလောက်မှာကို ထားမေစိတ်ထဲအလိုလိုသိနေသောကြောင့် ရေသွင်းထားသောလယ်ကန်တင်းသေးသေးလေးကို အားပြုလျှောက်ကာ ကန်စွန်းတောသို့လျှောက်ခဲ့သည်။
တနေရာအရောက် တွင်လက်ငါးလုံးသာသာ သာရှိသော လယ်ကန်တင်းသေးသေးလေးကြောင့် အရှိုန်မထိန်းနိုင်တော့ပဲ ထားမေသည် တမန်းကိုင်ထားသော လယ်ကွက်ထဲလို့ မရှုမလှလှဲကျသွားသည်။
လူလည်းတကိုယ်လုံး ရွှံအထပ်ထပ်လူးကာ လူးလှဲထလိုက်သည့်အချိန် နားထဲရယ်သံတစ်ခုကြားလိုက်သောကြောင့် မျက်နှာတွင်ပေကျံနေသော ရွှံများကို လက်ဖြင့်ခပ်ကြမ်းကြမ်းသုတ်ရင်း အသံလာရာလှည့်ကြည့်လိုက်သည်။
အေးကြည်မ….။
ဧရာမကန်စွန်းရွက်စည်းကြီးကို ခေါင်းမှာရွက်ပြီး ထားမေကိုကြည့်ကားအားပါးတရရယ်နေသည်။ သဲကြီးမဲကြီးရွာနေသော မိုးရေအောက်တွင်အေးကြည်မတစ်ကိုယ်လုံးစိုရွှဲလျက်။ထဘီကိုပေါင်ရင်းအထိတိုအောင်၀တ်ထား သောကြောင့် မြင်ရသည်မှာ မသက်သာစရာ။
“မမထားမေရယ်… မကြီးမငယ်နဲ့ဘာလို့ လယ်ကွက်ထဲမှာ ရေချိုးနေရတာလဲ။ ဟား….ဟား….”
“ဟဲ့….အေးကြည်မ … ဘာတွေအဲလောက်ရီနေတာလဲ။ ညည်းနဲ့အေ ဒီလောက်မိုးရွာပြီး ဒုက္ခပရပွနဲ့တောင်ရယ်နိုင်သေးတယ်နော်…။မိုးရွာခါနီးပီးဆိုအိမ်ကိုပြန်လာပါ့လား….။ ဘာလို့ခုချိန်ထိ လုပ်နေရတာလဲ။”
“ကန်စွန်းရွက်တွေက ကျုပ်ခူးလွန်းတော့သိပ်မရှိတော့လို့ ရှာခူးနေရလို့ပါတော်…။များများခူးနိုင်မှရမယ်လေ…။ ကျုပ်သားလေးက မုန့်စားတတ်နေပြီ သူ့ကိုမုန့်၀ယ်ကျွေးချင်လို့ပါတော်။ ခုတောင်ကျုပ်သားလေးကိုး သတိရလွန်းလို့ ပြန်လာတာ။ ဒီနေ့ဘာဖြစ်တယ်မသိပါဘူး။ကျုပ် နားထဲမှာလေ… ကျုပ်သားလေးငိုသံချည်းကြားနေတာ။ အာ့နဲ့ ကမန်းကတမ်းပြန်လာ တာပဲ။ မမထားမေရော… သားလေးကိုတွေ့ခဲ့သေးလား…’’
အေးကြည်မစကားကြားတော့ ထားမေ ပိုပြီးစိတ်မကောင်းဖြစ်သွားသည်။ကလေးငိုသံကိုနားထဲအလိုလိုကြားနေတာ တဲ့လားအေးကြည်မရယ်…။ဒါက အမေနဲ့သားရဲ့ မေတ္တာဓါတ်နဲ့ဆက်နွယ်မူတွေများလား။
“မမထားမေ…။ ကျုပ်မေးနေတယ် ကျုပ်သားလေးကိုတွေ့ခဲ့သေးလားလို့…။”
“အေးကြည်မ…. မပြောမဖြစ်မို့ငါလာပြောတာပါအေ…။ ညည်းမြန်မြန်ပြန်တော့…။ ညည်းသားလေးကို မြို့က သူဌေးတွေ မွေးစားမယ်ဆိုပြီးခေါ်သွားကြပြီ။ ရွာအထွက်လမ်းကိုအမြန်လိုက်သွား ညည်းမီရင်မီနိုင်သေးတယ်။”
“ဘာ…. ငါ့သားလေးကိုခေါ်သွားကြတယ်….ဟုတ်လား…’’.
ထားမေစကားကြားတော့ အေးကြည်မ ခေါင်းပေါ်က ရွက်ထားသည့် ကန်စွန်းစည်းကို လက်ကွက်ထဲ အားပါတရပစ်ချလိုက်သည်။ထို့နောက်ခါးကြားတွင်ထိုးထားသည့် တံဇဉ်းကို ကိုင်ကာ
“အမလေး…ငါ့သားလေးကိုခိုးသွားတဲ့သူခိုးတွေ တွေ့မယ်…။ ငါကိုယ်တိုင်သတ်မယ်။”
ပြောပြောဆိုဆို မိုးရေထဲ လယ်ကန်တင်းများကိုသိုင်းကွက်နင်းကာပြေးသွားခဲ့သည်။ ပြေးနေရင်းလယ်ကွက်ထဲ ခြေချော်ကျလိုက် ပြန်ထလိုက်နဲ့ နုတ်ကလည်း ရောက်တတ်ရာရာအော် သွားသောအေးကြည်မကိုကြည့်ပြီးထားမေသနားလွန်းသဖြင့် မျက်ရည်များအလိုလိုစီးကျလာမိသည်။
ထို့နောက် ကမမ်းကတမ်းအေးကြည်မ နောက်အပြေးထလိုက်ခဲ့သည်။
“အေးကြည်မ ငါ့ကိုစောင့်ဦး…။ ငါလည်းညည်းနဲ့လိုက်ခဲ့ပြီးညည်းကလေးကို ပြန်ခေါ်ပေးမယ်…။ ဟဲ့…အေးကြည်မ..။”
အေးကြည်မတစ်ချက်လေးပင်လှည့်မကြည့်။သားဇောနဲ့ ရွာစွန်လမ်းကိုသာသုတ်ခြေတင်ပြေးနေသည်။ထားမေလည်း အေးကြည်မနောက် အပြေးလိုက်ရင်း ဒူးများပင်တဆတ်ဆတ်တုန်ယင်လို့နေသည်။
မိုးတွေက သဲကြီးမဲကြီးရွာနေဆဲ။ တချက်ချက် ကောင်းကင်အနားစွန်းတွေ မှာလျှပ်ရောင်တွေလက်လာပြီး ချုန်းသံများလည်း တဂျိန်းဂျိန်းဖြစ်၏။
ရွာစွန်လမ်းတစ်နေရာအရောက်တော့ အေးကြည်မခြေလှမ်းတွေရပ်သွားသည်။ထားမေ အေးကြည်မ နောက်လိုက်မှီသည့်အခါ ရေလျှံနေသည့်ရွာစွန်တံတားကြီးအားတွေ့လိုက်ရသည်။ထုံးစံအတိုင်း မိုးရွာသည်နှင့် တောင်ကျရေများကြောင့် ရွာစွန်တံတားကြီးမှာ ရေလျှံလို့နေပြီ။
အရှိန်အဟုန်နဲ့ အလုံးအရင်းစီးဆင်းနေသောရေနီလုံးကြီးများကြောင့်ရွာအ၀င် ဝါးတံတားမှာလည်းဘယ်အရပ်ဘယ်ဒေသသို့ မျှောပါသွားသည်မသိတော့။ချောင်းကလည်း လူကြီးသုံးလှံစာလောက်ကျယ်သော ဧရာမချောင်းကြီးဖြစ်၍ အရှိန်နဲ့စီးဆင်းနေသော ရေနီလုံးကြီးမှာလည်း ကြောက်ခမန်းလုလုဖြစ်သည်။
အေးကြည်မ နဲ့သားလေးကို ချောင်းတစ်ခုကခြားနားသွားခဲ့ပြီ။အေးကြည်မ ချောင်းဘေးရပ်ကာ ဂဏာမငြိမ်ဖြစ်နေသည်။ အားပါးတရ ငိုရင်း သားဖြစ်သူကိုတစာစာခေါ်နေရှာသည်။
“အေးကြည်မရယ်…။ ချောင်းရေကျတော့ ငါတို့မြို့ကိုလိုက်သွားကြမယ်လေနော်…။ ငါလည်းလိုက်ခဲ့ပေးပါ့မယ် ။နင့်ကလေးကို ငါပြန်ခေါ်ပေးပါ့မယ်..။ နင့်ကိုဘယ်သူမှ နားလည်မပေးနိုင်ပေမဲ့ ငါနားလည်ပါတယ်အေးကြည်မရယ်။ နင့်သားပေါ် ထားတဲ့ နင့်ရဲ့ အချစ်တွေကို ငါနားလည်းပါတယ်။’’
ထားမေးငိုရင်းအေးကြည်မ လက်ကလေးကိုလှမ်းကိုင်ဖို့အလုပ်မှာတော့ အေးကြည်မ မပြောမဆို ချောင်းထဲခုန် ချသွားသည်။ရုတ်တရက်မို့ထားမေ တားချိန်မရလိုက်။ သားဇောနဲ့ အေးကြည်မ တဖက်ကမ်းကိုကြိုးစားကာ လက်ပစ်ကူးသော်လည်း အလုံးအရင်းစီးဆင်းနေသော ရေနီလုံးကြီးများကိုအန်မတုနိုင်။ရေနီလုံးကြီးများကြား ပေါ်လိုက်မြုပ်လိုက်ဖြစ်ကာမျှောပါသွားသော အေးကြည်မကို ထားမေ ကြောက်လန့်တကြားနဲ့ အားပါးတရအော်ခေါ်လိုက်မိသည်။
“အေးကြည်မ…………။’’
မိုးရေစက်သံများ ၊ ရေစီသံများနှင့်အတူ ထားမေ၏ အော်သံကို အေးကြည်မမကြားနိုင်တော့ပါ။ အလုံးအရင်းလိုက်စီးဆင်းနေသောရေနီ လုံးကြီးများကြားပျောက်ကွယ်သွားသောအေးကြည်မကို ကြည့်ရင်းထားမေ နေရာမှာတင် ခြေစုံရပ်လျက်မှင်တက်မေ့စွာအချိန်အကြာကြီးငေးကြည့်နေမိတော့သည်။
*****
နောက်နေ့ရေကျချိန်တော့ ရွာချောင်းဘေးတစ်နေရာမှာ မရူမလှသေနေသောအေးကြည်မအလောင်းကို ကြည့်ပြီးတစ်ရွာလုံး စိတ်မကောင်းနိုင်ကြပါ။ ကလေးကိုအေးကြည်မ မသိအောင်ခိုးပေးလိုက်သည့်အတွက် အရီးသောင်းကြည်လည်း နောင်တရကာ ရင်ထဲတဆစ်ဆစ်နာကျဉ်နေတော့သည်။သို့သော်လည်း နောက်ကျသွားခဲ့လေပြီ။
အသက်ခန္ဓာကိုယ်ဆုတ်သုဉ်းကာ ငြိမ်သက်နေသော အေးကြည်မအလောင်းကိုကြည့်ရင်း လူတကာအရူးလို့သတ်မှတ်ကြပေမဲ့ မေတ္တာတရားကြီးမားတဲ့အေးကြည်မ ၊ မိခင်စိတ်ဓါတ်အပြည့်ရှိတဲ့အေးကြည်မ ၊ ရိုးသားဖြူစင်လွန်းတဲ့ သနားစရာအေးကြည်မ နောင်ဘ၀ယခုလိုအဖြစ်မျိုးနဲ့ဝေးပါစေလို့ ထားမေ မျက်ရည်များဖြင့် အကြိမ်ကြိမ်ဆုတောင်းပေးနေမိပါတော့သည်။
စာဖတ်သူများအတွက် ရသကောင်းများပေးနိုင်အောင်ကြိုးစားပါဦးမည်။
ချစ်ခြင်းများစွာဖြင့်
ညီလေးငယ်