” ဦးဖိုးဝေ နှင့် နှစ်ချို့မယ်ဝါ ” (စ/ဆုံး)
===============================
◾အခန်း (၁)
တောင်စွယ်တောင်တန်းများ၏တနေရာ တောင်ခြေတွင် ပျဉ်းမပင်ကြီးတပင် ရှိလေသည်။ထိုပျဉ်းမပင်ကြီး၏ အောက်ခြေတွင်တော့ မြက်ရိုင်းပင်များပေါက်ရောက်နေပြီး လေတိုက်လိုက်တိုင်း မြက်ပင်များမှာ ယိမ်းထိုးလျက်ရှိလေသည်။မြက်ရိုင်းပင်များပေါ်တွင် လဲကျနေသူတယောက်ရှိနေ သည်။ထိုသူသည် အသက်ကို ပြင်းစွာရှုနေရသည်။မကြာသောအချိန်တွင် ထိုပျဥ်းမပင်ကြီးအနီးသို့ လူနှစ်ယောက် လမ််းလျှောက်လာနေသည်။ထိုလူနှစ်ယောက်သည် လဲကျနေသောလူအနီးသို့ ရောက်လာပြီး အသက်ပိုကြီးသည့်လူကြီးမှာ သူနှင့်အတူပါလာသော လူငယ်လေးအား စကားဆိုလိုက်လေသည် ။
“လူလေး ဒီအမျိုးသမီးက တချက်လွတ်မိစူး ဖြစ်လိမ့်မယ် ထင်တယ် ”
“သူ့ရဲ့ ကိုယ်မှာ မြင်နေရတဲ့ အမှောင်ပညာအဆင့်က မသေး ဘူးနော် အဘ ”
“ဒီလိုလူမျိုးကိုတောင် အခုလိုအနေအထားအထိ ရောက်အောင် ပြုလုပ်နိုင်စွမ်းတဲ့ မယ်ဝါရဲ့ပညာကလည်း မသေးပေဘူး ”
“အဘ သူ့ကို ဘယ်လို ကူညီကြမလဲ ”
“ရွာထဲက မနီတို့ကိုခေါ်ပြီး ကူညီခိုင်းရမှာပဲလေ လူလေး သွားခေါ် လိုက် လှည်းတစီးပါ ကောက်ခဲ့လို့ ပြောလိုက်ကွယ်”
“ဟုတ်ကဲ့ အဘ အဲ့တာဆို ကျနော် မြန်မြန် သွားလိုက်မယ်”
အချင်းချင်းစကားဆိုနေသောလူနှစ်ယောက်မှာ ဦးဖိုးဝေ နှင့် သူရိယဖြစ်ပြီး နှစ်ချို့မယ်တင်ရှိနိုင်သည့်နေရာကို လိုက်ရှာနေရင်း လမ်းခုလတ်တွင် တချက်လွတ်မိစူးဟု အမည်ရသော ပညာသည်အမျိုးသမီးတယောက်ကို တွေ့လိုက်ရ၍ ကူညီနိုင် မည့်သူများအား သူရိယမှ သွားခေါ်ရန် ပြင်ဆင်နေခြင်းဖြစ်လေသည်။ထို့နောက် သူရိယသည် ချမ်းသာကြီးရွာသို့ ပြန်ပြီး ဒေါ်နီ တို့အား ခေါ်နေချိန် ဦးဖိုးဝေသည် ပျဥ်းမပင်အရိပ်တွင် ထိုင်ရင်းစောင့်နေပါလေတော့သည် ။
◾အခန်း (၂)
“ဆ ဆရာကြီး ”
“ပြောပါ ”
“ကျမ ပညာတွေ စွန့်ချင်တယ် ဒါပေမဲ့ စွန့်လို့ မရနိုင်ဘူး ထင်ပါတယ် ”
“ကောင်းတဲ့အရာကို လုပ်တာ အချိန်နှောင်းတယ်လို့ မရှိပါဘူး ကျုပ်ထက် ခင်ဗျားက အသက်ကြီးလောက်ပါတယ်”
“ဟုတ်ပါတယ် ကျမက တခါထုံကူးဖူးပါတယ် အသက် ကိုးဆယ်လောက်တော့ ရှိရောပေါ့”
တချက်လွတ်မိစူး ဟုအမည်ရသော ပညာသည်အမျိုးသမီးသည် ပျဥ်းမပင်အောက်တွင် လဲကျနေရင်းမှ သူနှင့် မလှမ်းမ ကမ်းတွင်ရှိနေသော ဦးဖိုးဝေအားစကားဆိုနေခြင်းပင် ဖြစ်၏။ ဝေဒနာခံစားနေရသည့်တိုင် မကောင်းသည့်ပညာရပ်များကိုစွန့်ချင်နေသော မိစူးအား ဦးဖိုးဝေ လေးစားမိသည်။ထိုအတွက် ကြောင့်လည်း ကူညီနိုင်သလောက် ကူညီပေးလိုက်မည်ဟု စိတ် ဆုံးဖြတ်လိုက်ကာ
“ကျုပ် အကြံတခုပေးလို့ ရမလား”
“ပေးပါ ဆရာကြီး ဆရာကြီးပေးတဲ့ အကြံအတိုင်း ကျမ နေပါ့မယ် ”
“ထုံကူးထားတယ်ဆိုတော့ အခု ခင်ဗျားမှာရှိနေတဲ့ ခန္ဓာကြီးက သူများရဲ့ ခန္ဓာကြီးပေါ့ ”
“ဟုတ်ပါတယ်ဆရာကြီး ကျမ အခုလို ယုတ်ညံ့တဲ့အမှားတွေ ကျူးလွန်မိခဲ့ပါတယ် ”
“ကျုပ် အကြံပေးချင်တာကတော့ နောက်ထပ်မကောင်းမှုတွေ မလုပ်ပဲ ကျုပ်ပေးတဲ့ စိတ်တန်ခိုးကျင့်စဥ်ကို ကျင့်ပြီး လောကီ ကောင်းကျိုးကို ပြုပါ ”
“စိတ်ချပါ ဆရာကြီး ကျမ လိုက်နာပါ့မယ် ”
ထို့နောက် ဦးဖိုးဝေသည် ပညာသည်မိစူးအား သူမ၏ညာဏ်နှင့် သိနိုင်စွမ်းလောက်သော အကုသိုလ်နှင့် ကုသိုလ်အကြောင်းကို ပြောပြလိုက်ပြီး မြတ်ဗုဓ္ဒ၏လမ်းစဥ်အချို့ကို ပြောပြလိုက်သာအခါ မိစူးသည် ငြိမ်၍နားထောင်နေ၏။ဦးဖိုးဝေမှ တနာရီအချိန်အတွင်း ကုသိုလ်၊အကုသိုလ်တို့၏ အကျိုးအပြစ်များကို ပြောပြလိုက်ပြီးချိန် လှည်းလေးတစီး သူတို့အနားသို့ ရောက် လာလေသည်။လှည်းမောင်းလာသူမှာ ဦးဝင်းမြင့် ဖြစ်ပြီး လှည်းနောက်တွင်တော့ ဒေါ်နီနှင့် သူရိယတို့ ပါလာသည်။ဒေါ်နီသည် လှည်းလေး ရပ်လိုက်သည်နှင့် လှည်းပေါ်မှ အလျင်အမြန်ဆင်းလိုက်ကာ
“အမမိစူး အမ ”
စိုးရိမ်နေသောအသံဖြင့် ပျဥ်းမပင်အရိပ်အောက်တွင် လဲကျ နေသော မိစူးအား ထွေးပွေ့ထားလိုက်လေသည်။ထို့အပြင် သူမ၏ နှုတ်မှလည်း စကားများကို အဆက်မပြတ်ဆိုနေသေးသည်။
“အမ ကျမဖြင့် အမကို မတွေ့ရတော့ဘူး ထင်နေတာ အမဘာ ထိခိုက်မိသွားသေးလဲ ”
“မယ်ဝါက ငါ့ကို အသေ သတ်တာပဲ ဒါပေမဲ့ သူ့လက်ထဲကနေ ငါ ရအောင် ထွက်နိုင်ခဲ့တယ်”
“အမကို ကျမ ပြုစုမယ် ဘယ်မှ မသွားတော့နဲ့ ”
“နင်က မခေါ်ချင်ဘူးဆိုရင်တောင် ငါ နင့်ကို တောင်းပန်ပြီး ခေါ်ဖို့ ပြောရမဲ့ အနေအထားဖြစ်နေပြီ မနီ”
“အမက ကျမရဲ့အသက်သခင် ကျေးဇူးရှင်ပါ ကိုဝင်းမြင့် ကျမ အမကို လှည်းပေါ် ကူတင်ပေးပါဦး”
“အေး အေး ”
ဘေးတွင်ငေးကြည့်နေသော ကိုဝင်းမြင့်အား ဒေါ်နီမှ အကူ အညီတောင်းလိုက်ခြင်း ဖြစ်သည်။ထို့အတွက် သူရိယကပါ မိစူးအား ကူ၍ လှည်းပေါ်တင်ပေးလိုက်သည်။မိစူးသည် လှည်းပေါ်ရောက်သည်နှင့် ဦးဖိုးဝေရှိရာနေရာကို ငဲ့စောင်းကြည့်လိုက်ပြီး လက်အုပ်ချီလိုက်ကာ စကားဆိုလေသည် ။
“ဆရာကြီး ကျမကို အသိပညာတွေ ရစေမဲ့စကားတွေ ပြောပြလို့ အတိုင်းမသိကျေးဇူးကြီးလှပါတယ်။ကျမ နောက်ထပ် ဘယ်အကုသိုလ်အလုပ်မျိုးကိုမှ မလုပ်မိအောင် ကြိုးစားပြီး နေထိုင်ပါ့မယ်လို့ ကတိပေးပါတယ်။နောက်ပြီး မယ်ဝါက အင်မတန်ယုတ်မာရက်စက်တဲ့အလုပ်တွေကို သာမာန်လူတွေ အပေါ် ပြုလုပ်နေပါတယ် ဆရာကြီး အမြန်ဆုံး တားပေးပါလို့ ကျမ တောင်းဆိုပါတယ် ”
“စိတ်ချပါ ကျုပ် တားပေးပါ့မယ် ”
ဦးတင်မြင့်နှင့် ဒေါ်နီသည်လည်း ဦးဖိုးဝေနှင့် သူရိယတို့ နှစ်ယောက်အား နှုတ်ဆက်ကာ လှည်းလေးအား မောင်းထွက်သွားလေသည်။ထို့နောက် ဦးဖိုးဝေတို့သည်လည်း သူတို့သွားရမည့်နေရာသို့ ခြေဦးလှည့်လိုက်ကြပါလေတော့သည်။
◾အခန်း (၃)
တောင်တန်းများ၏အောက်ခြေ၌ ရွာလေးတရွာတည်ရှိလေသည်။ထိုရွာလေးသည် လက်ရှိရောက်ရှိသော ခေတ်ထက် များစွာ နောက်ကျကျန်နေခဲ့ဟန် ရှိလေသည်။ရွာရှိ အိမ်များသည် သစ်၊ဝါး၊သက်ကယ်များဖြင့်သာ တည်ဆောက်ထားပြီး အိမ်ဝိုင်းများကို ခြံစည်းရိုးကာရံထားခြင်းမရှိပဲ သစ်ပင်များဖြင့်သာ နယ်နိမိတ်သတ်မှတ်ထားလေ၏။ထိုရွာလေး၏ အလယ်တွင်တော့ တခြားသောအိမ်များနှင့် ကွဲပြားခြားနားစွာ ပျဉ်ထောင် အိမ်ကြီးတလုံး ရှိလေသည်။ထိုအိမ်ကြီးတည်ရှိရာ ခြံဝိုင်းကြီးသည် ကျယ်ဝန်းလှပြီး ခြံစည်းရိုးများ ကာထားသေးသည်။ထိုအိမ်ကြီး၏ အရှင်သခင်မှာ မိန်းမပျိုတယောက်ဖြစ်သည်။မိန်းမပျို၏ အမည်မှာ လှယမင်းဖြစ်ပြီး ထူးဆန်းသော မိန်းက လေးတယောက်လည်းဖြစ်သည်။သူမသည် ရွာအတွင်း သူမမှ လွဲ၍ မည်သူမှ ချမ်းချမ်းသာသာနေထိုင်သည်ကို မလိုလားချေ ။ထို့ကြောင့် ရွာထဲတွင် သူဆင်းရဲများသာကျန်ရှိကြပြီး သူဌေး များမှာ ရွာပြောင်းပြေးသွားကြပြီ ဖြစ်သည်။ရွာသားများသည် အဘယ့်ကြောင့် ယခုကဲ့သို့ ချောမောလှပသော မိန်းမပျိုလေးတယောက်ကို ကြောက့်ရွံ့ကြသည်လဲဟု မေးစရာရှိ၏။ထိုအဖြေကို ဖြေနိုင်ရန်အတွက် လွန်ခဲ့သောလေးနှစ်ခန့်က အဖြစ် အပျက်တခုအကြောင်းအား သိခဲ့သင့်သည် ထင်၏။ယခုရွာလေးသည် လွန်ခဲ့သောနှစ်များ မတိုင်ခင်က သာမာန်ရွာလေးများနည်းတူ ဖွံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးပြီး ခေတ်နှင့်အမှီ လိုက်နိုင်သော ရွာလေးဖြစ်သည်။စံပြရွာကောင်းတရွာမဖြစ်ခဲ့သော်လည်း အလုပ်အကိုင်၊ စီးပွားရေးနှင့် လူမူရေးတို့ ဖွံ့ဖြိုးတိုးတက်ခဲ့သော ရွာလေးတရွာဖြစ်ခဲ့သည်။ထိုရွာလေးကို ပျက်စီးခြင်းတို့ ဆိုက်ရောက်မည့် အကြောင်းတခုက ဘယ်သူမှ မဖိတ်ခေါ်ပါပဲ ဝင်ရောက်ခဲ့ဖူးသည်။ထိုအဖြစ်ပျက်သည်က ဝါဆိုလတွင် ပန်းသွားခူးသော အဖြစ်မှ စတင်ဖြစ်ခဲ့လေသည် ။
◾အခန်း (၄)
လွန်ခဲ့သော လေးနှစ်ကျော်ခန့်အချိန်က ဖြစ်သည်။
သုံးပန်လှရွာလေး၏နံနက်ခင်းအချိန်တွင် ရွာလယ်ရှိ အပျို ခေါင်းအပျိုကြီးဒေါ်ပုမ၏အိမ်တွင် အပျိုတသိုက်စကားဖောင် ဖွဲ့နေသည်။အိမ်ဝိုင်းအပြင်တွင်တော့ ကုတ်ချောင်းကုတ်ချောင်း နှင့် အပျိုလေးများအား လာချောင်းကြည့်နေသော ကာလသားများအား ခြံစည်းရိုးကို လေးဂွနှင့် ပစ်ပြီး ခြောက်လှန့်နေသူမှာ အပျိုခေါင်းဒေါ်ပုမ၏ဖခင် ဦးလှမောင်ကြီး ဖြစ်သည်။ဦးလှမောင်ကြီးသည် သမီးဖြစ်သူအား အင်မတန်ချစ်မြတ်နိုးသူဖြစ်ရာ ကာလသားများ အိမ်ဝိုင်းအပြင်တွင် ရစ်သီရစ်သီလုပ်က ခြံစည်းရိုးကို လေးဂွဖြင့် ပစ်စမြဲဖြစ်သည်။သူ၏စိတ်ထဲတွင်တော့ သမီးဖြစ်သူအား လာရောက်ပိုးပန်းချင်သူများဟု စိတ်ထင်နေခြင်းဖြစ်ကာ တခြားသောအပျိုလေးများကို လာရောက်ချောင်းမြောင်းသည်ဟု မတွေးနိုင်သည့် အနေအထားတွင် ရှိနေသူလည်း ဖြစ်သည်။ကာလသားများသည် ဦးလှမောင်ကြီး၏ လေးဂွအန္တရာယ်ကြောင့် အပျိုခေါင်းကို ပြောင်းပေးရန် အမြဲတစေပင် ရွာလူကြီးအား တောင်းဆိုလေ့ရှိကြသည်။သို့ပါသော် လည်း ရွာမှလုံမလေးများသည် ဒေါ်ပုမမှလွဲ၍ မည်သူမှ အပျို ခေါင်းမတင်ရဟု ပြောထား၍ ကာလသားများ ငြိမ်နေရခြင်း ဖြစ်သည်။ဒေါ်ပုမသည် နာမည်တွင် ပု ပါနေပေမဲ့ အမှန်စင်စစ် ကိုယ်လုံးကိုယ်ဖန်ကောင်းကောင်း နှင့် အသက်ငါးဆယ်နီးပါးရှိနေပြီဖြစ်သော အပျိုကြီးတယောက်ဖြစ်သည်။ရွာရှိ အပျိုများ သည် မည်သည့်အကြောင်းကိစ္စမဆို ဒေါ်ပုမ အိမ်သို့သာ သွားကြသည်။အလုပ်မရှိဘဲ အားနေသောအခါမျိုးတွင် ရွာလယ်ရှိ ဒေါ်ပုမ၏အိမ်တွင် စုရုံးပြီး ရယ်ရယ်မောမော စကား ပြောကြသည့်အလေ့အထ ရှိသည်။ဒေါ်ပုမ၏ အိမ်တွင်တော့ အပျိုလေးများသာမက အိမ်ထောင်ကျပြီးသော အရွယ်ကောင်းမိန်းမများပါ လာရောက်စုရုံးကြခြင်းဖြစ်သည်။ အရင်အချိန်များဆိုလျှင် ကလေးများပါ ခေါ်လာကြ၍ ဒေါ်ပုမတယောက် ဖေတွေမောင်တွေ ကိုင်တုတ်မိ၍ ကလေးရှိသောအမျိုးသမီးများကို မလာရဟု အမိန့်ချထားခြင်းကြောင့် ယခုအချိန်တွင်တော့ မိန်းမပျိုလေးများသာ ရှိနေခြင်းဖြစ်၏။ထိုမိန်းမပျိုလေးများထဲတွင် လှယမင်းဟုအမည်ရသော အလှပဂေးလေးသည် ရွာရှိကာလသား များပါမက တခြားသောရွာများမှကာလသားများပါ လာရောက် ပိုးပန်းကြလေ၏။ထိုအတွက် လှယမင်းသည် သုံးပန်လှရွာလေး၏ မိန်းမချောများအကြားတွင် အလှထိပ်ခေါင်တင် တယောက် ဖြစ်လို့နေပေသည်။၀ါဆိုပန်းခူးမည့် အချိန်ကျရောက်လျှင် မိန်းမပျိုလေးများသည် အလှဆုံးပြင်ဆင်ထားပြီး ရွာဦးစေတီကို ဘုရားပန်းကပ်မည်ဖြစ်သောကြောင့် တောထဲတွင် တောပန်းလေးများခူးပြီး ရွာဦးစေတီနှင့် ဘုန်းတော်ကြီးကျောင်းထဲရှိ ဘုရားဆင်းတုတော်တို့အား ပူဇော်ကြမည် ဖြစ်သည်။ကာလသားလေးများသည် ထိုအချိန်တွင် သူတို့ ပိုးပန်းနေသော မိန်းမပျိုလေးများ၏အလှတရားကြောင့် သူတို့၏မေတ္တာကို ထုတ်ဖော်ပြသောစကားကိုပြောဖို့ရာ အခွင့်သာ သာသောနေ့မို့ ထိုနေ့လေးသည် သူတို့အတွက် အမှတ်တရ အများဆုံးရှိသော နေ့လေးဖြစ်သည်။တချို့သောရွာသားများ သည် လုံမပျိုလေးများ၏အလှတရားကို ရှုစားဖို့အတွက် မိုးရွာပါစေဟု နတ်မြတ်နတ်ကောင်း နတ်အပေါင်းပါမက အတွင်းနတ် အပြင်နတ်များကိုပါ ဆုတောင်းနေကြသူများလည်း ရှိသည်။သူတို့၏အကြံသည်က မသေးလှပေ။မည်သို့ဆိုစေကာမူ သုံးပန်လှရွာလေး၏ ဝါဆိုပန်းခူးမည့်အချိန်အခါ ကျရောက် လာပြီမို့ အပျိုလေးများသည် ဝါးဖတ်ခမောက်လေးများ ဆောင်းပြီး ပုလိုင်းလေးများကို စလွယ်သိုင်းကာ ပန်းရှိနိုင်မည့်နေရာများဆီသို့ အပျိုခေါင်း ဒေါ်ပုမ၏ ဦးဆောင်မှုနှင့်အတူ ထွက်ခွာလို့ သွားကြ၏။ပန်းလေးများ ရွေ့လျားသွားသည်နှင့် ပျားပိတုန်းမဲကြီးများနှင့် တခြားဝတ်ရည်စုပ်ချင်သော သကောင့်သားများက နောက်မှ လိုက်ပါ သွားကြပါလေတော့ သည် ။
◾အခန်း (၅)
“မောင်စိုးရေ လှယမင်းလေးကတော့ ဘယ်အချိန်ကြည့်ကြည့်လှနေတာပဲကွာ ငါ အိမ်ထောင် စောစောကျတာ နာသကွ အိမ်ကဟာကြီးကို ဆယ်ယောက်အလိုက်ပေးပြီး လဲလို့ရရင် လဲ လိုက်ချင်တယ် ”
“ကိုသာဒွန်းကလည်းဗျာ မတန်မရာတွေ ခင်ဗျားမိန်းမ အမ မိတုတ်ကြီးကို အလကားပေးလည်း ဘယ်သူမှ မယူဘူး ”
“ဟေ့ကောင် မောင်စိုး မင်းနော် ငါ့မိန်းမက အဲ့လောက်လည်း မဆိုးသေးပါဘူးဟ ”
“အေးပေါ့ဗျာ ခင်ဗျား ဆိုးတယ် ပြောရင်လည်း ဒီလောကမှာ သူ့ကို ကောင်းတယ်လို့ ပြောမဲ့သူက တယောက်မှ ရှိတော့မှာ မဟုတ်ဘူး ”
“စကားများမနေနဲ့ ငါ့မိန်းမက မင်းအမဝမ်းကွဲဆိုတာ မေ့မနေနဲ့ဦး ဟိုက နောက်ကျလို့ ယောက်မနဲ့ ပစ်ထည့်လိုက်လို့ ဂိနေဦးမယ်”
မောင်စိုးဟုအမည်ရသော လူငယ်လေးနှင့် သာဒွန်းအမည်ရ လူရွယ်သည် နွားလှည်းဖြင့် ထယ်ခေါင်းများကို သယ်လာပြီး ရွာအပြန်လမ်းတွင် ရွာမှ အပျိုချောတသိုက်ကို တွေ့လိုက်ရ၍ ယောက်ျားသဘာဝ စကားဆိုနေကြခြင်းဖြစ်သည်။ထို့နောက် သူတို့နှစ်ယောက်သည် စကားတပြောပြောနှင့် ရွာထဲသို့ ပြန်လာစဉ် လမ်း၌ အသက်အားဖြင့် ခြောက်ဆယ်ကျော် အရွယ်အမျိုးသမီးကြီးတဦးနှင့် ဆုံလေ၏။ထိုအမျိုးသမီးကြီးသည် သာဒွန်းတို့လှည်းအား မြင်သောအခါ
“ငါ့တူကြီးတို့ အရီးကို တခုလောက်ကူညီပါလား”
“အရီးက ကျုပ်တို့ရွာက မဟုတ်ဘူးမလား”
“အရီးက ဧည့်သည်ပါ ဒီမှာ ပန်းခူးပွဲရှိတယ်ဆိုလို့ လာကြည့်တာပါ အရီးတို့ငယ်ငယ်က အခုလိုပဲပျော်ပျော်ပါးပါး ပန်းခူးကြတာ အဲ့တာကို ပြန်ကြည့်ချင်လို့ပါကွယ် ”
“အစောကဆို မှီတယ် အခုက တောထဲ ဝင်လောက်ရောပေါ့”
“ငါ့တူကြီးတို့ လိုက်ပို့လို့ မရဘူးလားကွယ် ”
စိုးမောင်နှင့် သာဒွန်း တယောက်ကိုယ်တယောက် ကြည့်လိုက်ကြသည်။သူတို့ချည်း သွားချင်နေသည့်နေရာဖြစ်ပြီး အိမ်တွင် ကျန်ခဲ့သောမိတုတ် ဆူမှာကြောက်၍သာ ပြန်လာရခြင်း ဖြစ် သည်။ယခု ဧည့်သည်က အကူညီတောင်းနေ၍ ငြင်းလျှင်မကောင်း ဟု ဆိုကာ လိုက်ပို့ရသည်ဟု ပြောဖို့ရာ ဆင်ခြေရသွားသောကြောင့် လူစိမ်းအမျိုးသမီးကြီး၏စကားကို လက်ခံကာ လှည်းပေါ်သို့ ဖေးမပြီး တက်စေကာ ပန်းသွားခူးသော မိန်းမပျို များရှိရာသို့ လှည်းကို ပြန်လှည့်မောင်းလိုက်ပါလေတော့သည်။
◾အခန်း (၆)
သုံးပန်လှရွာလေး၏ အပျိုချောလုံမပျိုလေးတသိုက်သည် နှစ်ယောက်တတွဲစီဖြင့် ပန်းများရှာခူးနေလေသည်။အမျိုးစုံလှသောပန်းများ ခူးနေသည့်မိန်းမပျိုလေးများအနက် နှစ်ယောက်တွဲတတွဲမှာ လှယမင်းနှင့် သူဇာတို့ဖြစ်၏။သူဇာသည် ပန်းလေး နှင့် အပြိုင်လှနေသောသူငယ်ချင်းဖြစ်သူ လှယမင်းအား သေချာစွာ စိုက်ကြည့်ကာ
“လှယမင်း နင့်အမေ နင့်ကို ဘယ်လိုများ မွေးထားတာလဲ ငါတို့ ရွာနာမည်နဲ့ လိုက်တာဆိုလို့ နင်ပဲ ရှိတယ် ”
“နင်လည်း လှပါတယ် သူဇာရယ် ”
“ငါက တခြားသူအနားမှာနေရင်သာ အရောင်ထွက်တာ နင့် အနားမှာ နေရင်တော့ အရောင်မှိန်သွားရော ”
“တော်တော် မြှောက်နေတယ် ငါ ဘာကျွေးရမလဲ”
“တကယ် ပြောတာပါတော် ”
မိန်းမချောလေးနှစ်ယောက်သည် ပန်းများအား လွယ်ထားသောပလိုင်းထဲ ထည့်လိုက်ရင်း စကားဆိုနေကြသည်။ထိုစဉ် သူတို့နှင့် မလှမ်းမကမ်းရွာမှ ကာလာသားလေးများ ချောင်း ကြည့်နေသည်ကို တွေ့သောအခါ သူဇာသည် ကာလသားများရှိရာနေရာသို့ မျက်စောင်းတချက် ထိုးလိုက်ပြီး
“လှယမင်းရေ သွားမယ် ဒင်းတို့က တို့ပန်းခူးတာကို ချောင်း ကြည့်နေတာ ”
“ကြည့်ပါစေ ဘာဖြစ်လို့လဲ”
“ဟဲ့ လှယမင်း မိုးက အုံ့နေတာ ဒင်းတို့က ရိုးရိုးကြည့်တာ မဟုတ်ဘူး နင် ဘာသိလို့လဲ လာ ငါ့နောက်လိုက်ခဲ့ ”
သူဇာသည် လှယမင်းကို ခေါ်ကာ တောအုပ်လေးထဲမှ ထွက်ပြီး လှည်းလမ်းပေါ် တက်လိုက်သည်။လှည်းလမ်းပေါ် ရောက်သောအခါ လှည်းတစီးကိုတွေ့ ရပြီး လှည်းဘေးတွင်တော့ အမျိုးသမီးကြီးတဦးရပ်နေသည်ကို တွေ့ရသည်။လှည်းပေါ်တွင် ရွာထဲမှ မောင်စိုးနှင့် သာဒွန်းတို့နှစ်ယောက်သည် လှယမင်း နှင့် သူဇာတို့အား စူးစိုက်ကြည့်နေသည်။သူဇာသည် သူနှင့် ရွယ် တူ မောင်စိုးမှ ရဲရဲတင်းတင်းကြည့်နေပြီး အိမ်ထောင်သည်ဖြစ်သူ သာဒွန်းသည်လည်း မျက်နှာမလွှဲပဲ စူးရဲစွာကြည့်နေသဖြင့် စိတ်ဆိုးဒေါသထွက်သွားပြီး မလှမ်းမကမ်းသို့လာပြီး ပြစ်တင် ပြောဆိုလိုက်လေသည် ။
“မောင်စိုး နင်က ဘာလဲ နင့်ယောက်ဖအားကိုးနဲ့ ငါတို့ကို မလေးမစား ကြည့်နေတာလား”
“အေး ဟုတ်တယ် နင်တို့အကြည့်က ရဲတင်းလွန်းတယ် ”
သူမတို့နှစ်ယောက် ပြစ်တင်ပြောဆိုနေပေမဲ့ မောင်စိုး နှင့် သာဒွန်းသည်က တုပ်တုပ်ပင်မလှုပ်ပဲ ကြည့်မြဲ ကြည့်နေလေ၏ ၊ ထူးထူးဆန်းဆန်းဖြစ်နေသော မောင်စိုးတို့အား ပြန်ပြောမရ၍ ဒေါသထွက်နေစဉ် လှည်းဘေးမှအမျိုးသမီးကြီးသည် လှယမင်းတို့နှင့် မလှမ်းမကမ်းသို့ တိုးကပ်လာကာ
“ကလေးမတို့ ဘာဖြစ်လို့လဲကွယ့်”
“ဒီနှစ်ယောက်ပေါ့ ကျမတို့ကို မလေးမစားလုပ်နေတာ ”
“သူတို့က မလေးမစားလုပ်တာ မဟုတ်ဘူးကွယ့် အရီးက ကလေးမတို့ နှစ်ယောက်ကို ကြည့်ခိုင်းထားတာ ဒီဘက်က ကလေးမလေး အရီးနောက်ကို လိုက်ခဲ့ရလိမ့်မယ် ”
“အရီး ဘာတွေပြောနေတာလဲ ”
“ကလေးမလေးတို့က နားမလည်သေးပဲကိုး”
အမျိုးသမီးကြီးသည် ထိုသို့ပြောနေရင်း အရိပ်တခုပမာ လှုပ်ရှားလာကာ လှယမင်း၏လက်ကို ဆွဲပြီး သူဇာနှင့် မလှမ်း မကမ်းသို့ ဆွဲခေါ်သွားလေ၏။လျှပ်စီးလက်သည့်အလား လျင် မြန်လွန်းလှ၍ သူဇာ မည်သို့ပြုလုပ်ရမည်မှန်းမသိဖြစ်နေစဉ် လှယမင်းမှ ကြောက်လန့်တကြား သူဇာကို ကြည့်ပြီး အကူအညီတောင်းလေသည် ။
“သူဇာ ငါ့ကို ကယ်ပါဦး ”
“အေး အေး ဟော့ဒီမှာ ”
သူဇာ စကားဆုံးအောင်ပင် မထွက်နိုင်ပဲ ဝူးဝူးဝါးဝါးဖြစ်သွား တော့သည်။အကြောင်းမှာ သာဒွန်းသည် သူဇာ၏ပါးစပ်အားပိတ်လိုက်သောကြောင့် ဖြစ်လေသည်။သူဇာမှ သူငယ်ချင်းဖြစ်သူအား စိုးရိမ်တကြီးကြည့်နေစဉ် သူစိမ်းအမျိုးသမီးကြီးသည် လှယမင်း၏လက်ကို ဆွဲလိုက်ကာ အရိပ်သဏ္ဍန်သာ မြင်လိုက်ရပြီး သူမ၏မြင်ကွင်းမှ ပျောက်ကွယ်လို့ သွားပါလေတော့သည် ။
◾အခန်း (၇)
ကျောက်ခက်ကျောက်သားများ ကြားထဲတွင် နွယ်နှင့် မြက် ပင်လေးများသည် ရုန်းကန်ကြိုးစားပေါက်ရောက်လို့နေသည်။ လူတယောက်သာဝင်ဆန့်သည့် ကျောက်ဂူဝကို နေရောင်ကြောင့် မြင်သာနေပြီး ထိုလမ်းလေးမှ ဆက်သွားသောအခါ ကျယ်၀န်းပြီး ကျောက်ဖျာများရှိသောကျောက်ဂူကြီးကို တွေ့ရမည် ဖြစ်၏။ထိုကျောက်ဂူကြီး၏ကျောက်သားအချို့သည် အလင်းရောင်ပေးစွမ်းနေသည့်အတွက် ကျောက်ဂူအတွင်းထဲ တွင်တော့ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ကျောက်ဖျာတခုပေါ်တွင်တော့ သုံးပန်လှရွာမှ အပျိုချောလေးလှယမင်းသည် ပက်လက်အနေထားနှင့်ရှိနေပြီး သူမသည် အသက်ရှင်နေသည် သို့မဟုတ် အသက်မဲ့နေသည်ဆိုသည်ကို ခန့်မှန်းမရနိုင်သည့်အနေအထားဖြင့် လဲလျောင်းလျက်ရှိနေသည်။သူမနှင့် မလှမ်း မကမ်းတွင်တော့ ချေတကောင်၏သွေးများကို သောက်နေပြီး အသားများကို အားရပါးရအစိမ်းလိုက်စားနေသောအမျိုးသမီး ကြီးတဦးအား တွေ့ မြင်ရမည်ဖြစ်သည်။ထိုအမျိုးသမီးကြီးသည် ချေကောင်၏အသားကို စားနေရင်းမှ တယောက်တည်း စကားပြောလို့ နေသေးသည်။
“အင်း ဒီကလေးမလေး ခန္ဓာကိုယ်ထဲ ငါ ဝင်ရင်တော့ အခုလို အသားစိမ်းတွေ စားတာ လုပ်လို့မဖြစ်ဘူး သူ့ရဲ့သွားလေးတွေက ခံနိုင်မှာ မဟုတ်ဘူး ငါကြိုက်တာတွေ ဝတ်မယ် ကြိုက်သလို နေမယ် လူ့လောကရဲ့ ဘုရင်မ ဖြစ်ရမယ် ဟီး အခုတော့ အသားစိမ်းကို အဝစားထားမှပါ ”
အမျိုးသမီးကြီးသည် ချေကောင်လေး၏ ဝမ်းမှ အသဲများ နှလုံးပါမကျန် ကျန်သောအသားအချို့ကို သွေးသံရဲရဲဖြင့် စားသောက်ပြီးနောက် လေတချက်တက်လိုက်ကာ သူ၏လက် ကောက်ဝတ်ဖြင့်ပင် ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီး နောက်ထပ် ကျောက်ဖျာတခုတွင် အိပ်လိုက်လေသည်။မကြာသောအချိန်တွင် အမျိုးသမီးကြီးသည် တုပ်တုပ်မျှ မလှုပ်တော့ပဲ သူမ၏ကိုယ်ခန္ဓာမှာ လူသေကောင်ကဲ့သို့ ဖြစ်သွားကာ ကြောက်စရာသဏ္ဍန်ဖြင့် ငြိမ်သက်လို့နေသည်။မကြာလှသောအချိန်တွင်တော့ သုံးပန်လှရွာသူလေး လှယမင်းသည် ပြန်လည်၍နိုးလာပြီး ချက်ချင်းပင် ငုတ်တုတ်ထထိုင်လိုက်ကာ သူမ၏ မျက်နှာနှင့် လက်မောင်း ခန္ဓာကိုယ်နေရာအစုံကို စမ်းလိုက်ပြီး သဘောကျစွာ ရယ်မောနေသည်။ထို့အပြင် မလှမ်းမ ကမ်းတွင်ရှိသော စားလက်စချေကောင်ကို ကြည့်ပြီး ပါးစပ်ပြင် လိုက်ပေမဲ့ သူမ၏စိတ်ကို သူမ ပြန်ထိန်းလိုက်ပြီးနောက် ကျောက်ဂူအပြင်သို့ ထွက်သွားလိုက်ပါလေတော့သည် ။
◾အခန်း (၈)
သုံးပန်လှရွာလေး၏ ရွာလူကြီးအိမ်တွင် လူများစုရုံးရောက်ရှိနေပြီး လှယမင်း၏ မိဘနှစ်ပါးမှာ သူတို့၏သမီးလေးကို လိုက်ရှာသော်လည်း မတွေ့ ရသဖြင့် ငိုရှိုက်နေလေသည်။သူဇာဆိုသော မိန်းမပျိုလေးသည်က ရွာလူကြီး၏အိမ်ရှေ့တွင် ထိပ်တုံး ခတ်ခံနေရသော စိုးမောင် နှင့် သာဒွန်းတို့ကို လက်ညှိုးထိုးကာ
” ရွာလူကြီး ဒီကောင်နှစ်ယောက်က အဲ့ဒီအဖွားကြီးနဲ့ တဖွဲ့ တည်း သူ ကျမကို မအော်နိုင်အောင် ပါးစပ်ပိတ်ထားတာ ”
“မသူဇာ အဲ့လိုမဟုတ်ရပါဘူး ကျုပ်တို့လည်း ဘာလုပ်လို့ လုပ်မိမှန်းကို မသိတာပါ အဲ့ဒီအဖွားကြီးက ပန်းခူးတာ လိုက်ကြည့်ချင်တယ်ဆိုလို့ ကျုပ်တို့လှည်း နဲ့လိုက်ပို့မိတာ လှည်း လည်း ရပ်ရော ကျုပ်တို့ကို ကြည့်ပြီး ပြုံးပြလိုက်တာပဲ ကျုပ်တို့လည်း သူ့ကို ပြန်ပြံးပြလိုက်မိတဲ့ အချိန်ကစပြီး ဘာလုပ်လို့ လုပ်မိမှန်း မသိတော့ဘူး ”
“နင်တို့ လျှောက်ပြောနေတာ ”
“မသူဇာ မယုံလည်း ကျုပ်တို့ မတတ်နိုင်တော့ဘူးဗျာ ကျုပ်တို့က ဒီရွာသားတွေပါ ကျုပ်တို့ရွာသူ နစ်နာအောင် ဘာ့ကြောင့် လုပ်မှာလဲဗျာ ”
ရွာလူကြီးတယောက် ခေါင်းနောက်လို့ လာတော့သည်။မောင်စိုး နှင့် သာဒွန်းတို့သည် လူရိုးများဖြစ်ပြီး ထန်းရည်နှင့် ကစော် ပင် မသောက်ကြသောသူများဖြစ်ကာ တခါမှပင် ပြစ်ချက်မရှိသော သူများဖြစ်လေ၏။ယခု သူတို့နှစ်ယောက်ကို ကြည့်ရသည်မှာလည်း သူတို့ စိတ်နှင့်လုပ်မိသည် မဟုတ်ဆိုတာ မျက်နှာတွင် အထင်းသား ပေါ်လွင်နေလေသည်။ပျောက်သွားသော လှယမင်း၏သူငယ်ချင်း သူဇာသည်လည်း လိမ်လည်ဟန်မပေါ်ပြန်ပေ။သူ ဘယ်လို ဆုံးဖြတ်ရမည်လဲမသိ ဖြစ်နေ ၏။ တောထဲတောင်ထဲတွင်မက ရွာနီးချုပ်စပ်အထိ လိုက်ရှာသော်လည်း လှယမင်း၏ သတင်းအစအနပင် မတွေ့ရသလိုယခုဆိုလျှင် လှယမင်းပျောက်သွားသည်မှာ နှစ်ရက်မြောက်သောနေ့လည်း ဖြစ်လေ၏။လှယမင်း၏ မိဘနှစ်ပါးသည် တဦးတည်းသော သမီးအလိမ်မာလေးပျောက်ဆုံးသွားရခြင်းအတွက် ယူကြုံးမရဖြစ်နေကြသည်။ ရွာသားများသည်လည်း သူတို့ရွာ၏ ဂုဏ်ကျက်သရေဆောင် ကွမ်းတောင်းကိုင်လေး လှယမင်း ပဟေဠိဆန်ဆန် ပျောက်ဆုံးရခြင်းအတွက် နားမလည်နိုင် ဖြစ်နေကြ၏။ထိုစဉ်
“ဟေ့ ဟိုမှာ လှယမင်း လာနေတယ် ”
“ဟာ ဟုတ်တယ် ဟုတ်တယ် ”
ရွာလူကြီး အပါအဝင် လှယမင်း၏မိဘနှစ်ပါးသည် အိမ်ဝိုင်းဝကို ကြည့်လိုက်သည်။လှယမင်းသည် ထမီကို တိုတိုဝတ်ထားပြီး ထမီအနားစကို လက်တဖက်ဖြင့် ကိုင်ထားသောကြောင့် ဒူးအထက် အနည်းငယ်ပေါ်နေလေရာ လူအများသည် အံ့ဩပြီး ငေးကြောင်နေလေသည်။သူမသည် ဒေါင်းတိမောင်းတိဟန်ပန်ဖြင့် ရွာလူကြီးအရှေ့သို့ ရောက်လာကာ
“ဒီမှာ ဘာတွေဖြစ်နေကြတာလဲ ”
“ညည်းပျောက်လို့ ဒီမှာ ပြဿနာတက်နေတာလေ ”
“အခု ငါ ပြန်ရောက်လာပြီပဲ ကိုယ့်အိမ်ကို ပြန်ကြတော့ ”
ရွာလူကြီးအား ရင့်သီးစွာပြောလိုက်သောကြောင့် ရွာလူကြီး အပါအဝင် လှယမင်း၏ မိဘများပါ မျက်နှာပျက်သွားကြသည် ။သူမ၏ဖခင်ဖြစ်သူသည် ပျက်နေသော မျက်နှာထားအား ချက်ခြင်း ပြန်ပြင်လိုက်ပြီး
“ဟဲ့ သမီး နင့်ကို စိတ်ပူပေးတဲ့ လူကို ဘယ်လို ပြောလိုက်တာလဲ ”
ထိုအခါ လှယမင်းသည် သူမ၏ဖခင်ဦးလွန်းကြွယ်ကို တချက် စူးစိုက်ကြည့်လိုက်ကာ
“ရှင်က ကျမအဖေလား ”
“ဘာ နင် နင်ဘာစကားပြောတာလဲ ”
စိတ်တိုဒေါသထွက်နေသော ဦးလွန်းကြွယ်အား ဘေးတွင်ရှိနေသော လှယမင်း၏ မိခင်ဒေါ်ကြွေသည် ခင်ပွန်းဖြစ်သူအား စိတ်ထိန်းရန် ပြောလိုက်၏။
“တော်ရယ် စိတ်ထိန်းစမ်းပါ သမီးက ဒီလိုမျိုး ဘယ်တုန်းကပြောဘူးလို့လဲ တောထဲတောင်ထဲမှာ ဘယ်လိုထိတ်လန့်စရာတွေနဲ့ ကြုံခဲ့ရမှန်း မသိဘူး အပြစ်မဆိုချင်ပါနဲ့တော် ”
“ရှင်ကရော ကျမ အမေလား အဲ့တာဆို အိမ်ပြန်မယ်”
“အေး အေး သမီး အမေတို့ အိမ်ပြန်ကြတာပေါ့ ”
ဒေါ်ကြွေသည် သမီးဖြစ်သူအား ခေါ်ကာရွာလူကြီး၏အိမ်မှ ပြန်ထွက်သွား၍ ဦးလွန်းကြွယ်သည်လည်း နောက်မှ လိုက်သွားတော့သည်။ရွာလူကြီး၏အိမ်တွင် ကျန်ရှိနေသော ရွာသားများ သည် လှယမင်းအား အကြောက်လွန်၍ စိတ်နောက်သွားသည်ဟု ထင်သူထင် အပမှီလာသည်ဟု ထင်သူက ထင်ကြကာ သူ့အထင်ကိုယ့်အထင်များ အချင်းချင်းပြောဆိုလျက် ကျန်ခဲ့ပါလေတော့သည် ။
◾အခန်း (၉)
ဒေါ်ကြွေသည် အိမ်အနားရောက်သောအခါ အိမ်ဝိုင်းထဲသို့ အရင် ဝင်လိုက်၏။နောက်မှပါလာသော ဦးလွန်းကြွယ်သည်လည်း အိမ်ဝိုင်းထဲ ဝင်လိုက်ပေမဲ့ လှယမင်းမှာ လိုက်မဝင်သေးပဲ အိမ်အခြေအနေကို ကြည့်ကာ
“အိမ်ကတော့မဆိုးပါဘူး ဒါပေမဲ့ ဘေးမှာ အိမ်ကြီးအိမ် ကောင်းတွေ ရှိနေတယ် ဒီရွာမှာ ငါ့အိမ်ထက်ကြီးတဲ့အိမ် မရှိစေရဘူး ဟင်း ဟင်း”
“ဟဲ့ သမီး လာလေ ”
“ဘာသမီးလဲ နင်တို့ အခုချိန်ကစပြီး ငါ့ကို အမကြီး မယ်ဝါလို့ ပဲ ခေါ်ရမယ် ”
“ဟာ ဒီကလေးမ ကိုယ့်အမေကိုယ်တောင် မခန့်လေးစားပြန် ပြောနေပါလား ငါလုပ်လိုက်ရ ”
ဦးလွန်းကြွယ်သည် လှယမင်း တဖြစ်လဲ မယ်ဝါအား ကြိမ်း မောင်းလိုက်၏။ထိုအခါ လှယမင်း၏ကိုယ်ထဲသို့ ထုံကူးထားသော မယ်ဝါသည် အင်မတန်ဒေါသထွက်သွားကာ ဦးလွန်းကြွယ်၏ မြေပြင်တွင် ပေါ်နေသောအရိပ်ကို ပြေးနင်းလိုက်ပြီး
“ငါ့ကို မခန့်လေးစားလုပ်တဲ့ကောင် သွေးပွက်ပွက် အန်စမ်း ”
မယ်ဝါ၏စကားဆုံးသည်နှင့် ဦးလွန်းကြွယ်သည် ဒူးထောက် ထိုင်ကျသွားပြီး ပါးစပ်မှ သွေးများအန်လာလေ၏။ထိုအခါ ဒေါ်ကြွေသည် ခင်ပွန်းအနား သွားထိုင်လိုက်ပြီး မြင်နေရသော မိန်းကလေးမှာ သူမတို့၏သမီးဖြစ်သူမဟုတ်တော့မှန်း သိလိုက်၍ မယ်ဝါကို လက်အုပ်ချီရင်း ငိုယိုကာတောင်းပန်လေ၏၊
“တောင်း တောင်းပန်ပါတယ် အမကြီးမယ်ဝါရယ် ကျမယောကျာ်းကို မသတ်ပါနဲ့ ပြောမှားဆိုမှားရှိတာ ခွင့်လွှတ်ပါ”
“အေး အဲ့လို သိတတ်စမ်းပါ ငါ ပြောမယ် အခုအချိန်ကစပြီး ငါ့ကို ကလန်ကဆန် မလုပ်နဲ့ နင်တို့က အခုကစပြီး ငါ့ရဲ့ကျွန်တွေပဲ ကဲ နင့်ယောကျ်ားကို ခေါ်ပြီး အခုချက်ခြင်း ငါ စားဖို့ သွား ချက်စမ်း ”
မယ်ဝါသည် ဦးလွန်းကြွယ်နှင့် ဒေါ်ကြွေတို့အား ရင့်သီးစွာငေါက်ငမ်းနေစဉ် အိမ်ထဲ၌ မွေးထားသော ခွေးတကောင်သည် စူးစူးဝါးဝါး ထိုးဟောင်၏။ထိုအခါ ဒေါသအရှိန်မပြေသေးသော မယ်ဝါမှ ခွေးကို စူးရဲစွာကြည့်လိုက်ပြီး တောက်တချက်ပြင်းစွာခေါက်လိုက်ရာ ခွေးသည် အိမ်တိုင်အား ခေါင်းနှင့် ပြေးတိုက်ပါလေတော့သည်။ခေါင်းမှ သွေးများ ချင်းချင်းနီနေသည့်တိုင် ဒယီးဒယိုင်နှင့် ထပ်တိုက်နေပြီး မတ်တတ်ရပ်ရန် မစွမ်းသာသောအခါမှသာ လဲကျ၍ ငြိမ်သက်သွားလေ၏။မယ်ဝါသည် ထိုခွေးသေကောင်ကို လက်ညှိုးညွှန်လိုက်ပြီး ဒေါ်ကြွေအား စကားဆိုလိုက်သည် ။
“ဟဲ့ကောင်မ အဲ့ဒီခွေးကို ချက်ပေးစမ်း တအား မကျက်စေနဲ့နော် ကြားလား ”
“ဟုတ် ဟုတ်ကဲ့ပါရှင်”
ဒေါ်ကြွေသည် ယောကျာ်းဖြစ်သူအား မတ်တတ်ရပ်ရန် ကူပေးပြီးနောက် အိမ်ထဲသို့ဝင်ရန် မျက်နှာရိပ်မျက်နှာကဲပြလိုက်ပြီး သူမသည်က ခွေသေကောင်အား သွားကောက်လိုက်ပါလေတော့သည် ။
◾အခန်း (၁၀)
မယ်ဝါရောက်လာပြီးနောက် သုံးပန်လှရွာလေးသည် ခဏ အတွင်းပင် ဒုက္ခအကြီးအကျယ် ကျရောက်တော့သည်။သူမသည် သုံးပန်လှရွာတွင် ဘုရင်မတယောက်ကဲ့သို့ နေချင်သူဖြစ်ရာ ယခု သူမနေသော အိမ်နီးပါး သို့မဟုတ် ကြီးမားသောအိမ်များကို ဖျက်ခိုင်းလေသည်။မဖျက်ပေးသောသူများသည် သူတို့၏ အိမ်တိုင်ကို ဦးခေါင်းနှင့် ပြန်ဆောင့်ကြကာ ကို့ယ်ကိုကိုယ် သတ်သေသွားကြသည့်အတွက် ကျန်သောသူများသည် အိမ်များကို ဖျက်သူက ဖျက်၊ရှိသမျှလယ်ယာများကို မယ်ဝါအား ရသလောက်နှင့် ရောင်းသူက ရောင်းနှင့် ထွက်ပြေးကြလေသည်။မည်သည်ကိုမှ မသွားနိုင်သောသူဆင်းရဲများကိုသာ မယ်ဝါသည် အလုပ်ပေးပြီး ရွာထဲတွင် ဘုရင်မတဦးသဖွယ် နေထိုင်လာရာ ယခုဆို လေးနှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်၏။မကျေနပ်ကြသော ရွာသားများသည် မယ်ဝါအား စုပေါင်း၍ လုပ်ကြံရန်ကြိုးစားသော်လည်း မယ်ဝါ ထိန်းချုပ်ခံထားရသော သူဆင်းရဲရွာသားများနှင့်သာ ထိပ်တိုက်တွေ့ကြပြီး သေကြေကြ၍ ယခု သုံးပန်လှရွာကို လက်ရှောင်ထားကြသည်။ဤသို့ အမှောင်ပညာများဖြင့် လွှမ်းခြုံလျက်ရှိနေသော ထိုရွာလေး၏ရွာအဝင်သို့ ဦးဖိုးဝေ နှင့် သူရိယတို့ ရောက်ရှိလာ၏။သူတို့သည် ရွာထဲသို့ ခြေချလိုက်သည်နှင့် အပေါ် အင်္ကျီချွတ်ထားပြီးကြပြီး ကြေးနီရောင်သန်းနေသော အသားအရောင်ရှိလူများသည် တံစဉ်၊ တုရွင်း၊ပေါက်တူး၊ပေါက်ပြားများ နှင့် ဓားများကိုကိုင်ကာ သူတို့ နှစ်ယောက်အား စူးရဲစွာ ကြည့်နေကြသည်။ဦးဖိုးဝေတို့ ရွာထဲ ခြေထပ်လှမ်းလိုက်သည်နှင့် ထိုလူများသည် ဦးဖိုးဝေ နှင့် သူရိယတို့အနား ရောက်လာကာ လူကြီးတယောက်မှ သူတို့အား လေးပင်ပြီး မူမှန်သောလေသံဖြင့် စကားဆိုလေ၏ ။
“မင်းတို့ ဘယ်သူတွေလဲ ဘာကိစ္စလဲ ဒီကိုဘာလုပ်တာလဲ ”
“အမေးအမြန်း ထူလှချည်လား မင်းတို့က ဘယ်သူတွေလဲ ”
“ငါတို့ကို ပြန်မမေးနဲ့ ငါတို့ မေးတာသာဖြေ ”
“ဒါကရွာလေ ငါတို့ဘာသာ ဝင်ချင် ဝင်မယ် ထွက်ချင် ထွက်မယ် မင်းတို့နဲ့ မဆိုင်ဘူးထင်တယ် ”
“ငါတို့ရဲ့အမကြီး မယ်ဝါရဲ့ အခွင့်မရှိဘဲ ဒီရွာကို ဘယ်သူမှ မဝင်ရဘူး ”
“ငါတို့ ဝင်ရင် မင်းတို့က ဘာလုပ်မလဲ ”
ဦးဖိုးဝေ နှင့် သူရိယသည် ရွာထဲသို့ ဆက်ဝင်လိုက်ကြ၏။ထိုအခါ အင်္ကျီချွတ်ထားပြီး လယ်ယာသုံးပစ္စည်းများနှင့် ဒုတ်ဓားများကို ကိုင်ထားသော မျက်နှာသေနှင့် လူများသည် ဦးဖိုးဝေတို့ အနားကပ်မိသည်နှင့် ရုပ်ချည်းတုန်ယင်သွားကာ ချက်ခြင်းပင် သူတို့၏အဖြစ်အပျက်များကို ပြန်မှတ်မိသွား၍ အံ့ဩနေကြ၏။ထို့နောက် အချင်းချင်း ပြန်ကြည့်ကြကာ
“လှဆွေ ငါ ငါတို့တွေ ဘယ်လိုပုံတွေ ဖြစ်နေတာလဲ မင်းလည်း ပိန်လှီနေတာပဲ ”
“မင်းလည်း ဘယ်လိုပုံစံ ဖြစ်နေတာလဲ”
သူတို့သည် အချင်းချင်း စကားဆိုကာ အံ့ဩနေကြသည်။ထို့အပြင် အိမ်ထဲ၌ ထမင်းဟင်းချက်နေကြသော ထမိန်ရင်လျားထားသည့် မိန်းမကြီးများသည်လည်း ဦးဖိုးဝေနှင့် သူရိယအနားသို့ ကပ်လာကာ သူတို့လက်ထဲမှ ကိုင်ထားသော ကျောက်ငရုတ် ဆုံများ၊ ကျောက်ငရုတ်ကျည်ပွေ့များအပြင် ယောက်မ နှင့် ထင်းချောင်းများဖြင့် တိုက်ခိုက်ကြရန် အနားကပ်လာပေမဲ့ တခြားသူများနည်းတူ ဦးဖိုးဝေတို့နှစ်ယောက်အနား ရောက်သောအခါ တုန်ယင်သွားပြီး သူမတို့ကိုယ်တိုင်ပင် ဘာမှမှတ်မိဟန်မရှိပဲ အံ့ဩမှင်သက်လို့ နေကြပြန်သည်။ဦးဖိုးဝေ နှင့် သူရိယသည် ထိုသူများကို မည်သို့သောစကားမှ ပြောဆိုခြင်းအမှုမပြုပါပဲ ရွာလယ်ရှိ မယ်ဝါနေထိုင်ရာအိမ်သို့ရောက်ရှိလာ တော့သည်။အိမ်ဝိုင်းထဲသို့ ဝင်လိုက်သောအခါ ပိန်လှီပြီး အရင်ကနှင့် ခြားနားစွာရှိနေသည့် ဦးလွန်းကြွယ်နှင့် ဒေါ်ကြွေ သည် ဦးဖိုးဝေနှင့် သူရိယ၏အနားသို့ ငူငူငိုင်ငိုင်ငိုင်နှင့် ရောက်လာပြီး ဓားဖြင့်ထိုးရန်ကြိုးစားကြသည်။သို့ပေမဲ့ သူတို့ထိုးလိုက်သော ဓားမှာ သူရိယ၏လည်ပင်းနားအရောက်တွင် သူတို့နှစ်ယောက် ၏ကိုယ်ခန္ဓာသည် တုန်ယင်လာပြီး ဦးလွန်းကြွယ်သည် လက်ထဲမှဓားဖြင့် သူရိယ၏လည်ပင်းတွင် ထိုးစိုက်လုလုဖြစ်သွားသောကြောင့် အံ့အားသင့်နေကာ ဓားအား မြေပြင်သို့ လွှတ်ချလိုက်ချိန် ချောမောလှပသော လှယမင်း၏ရုပ်နှင့် မယ်ဝါရောက်လာသည်။သူမသည် စိတ်တိုဒေါသထွက်ကာ ဦးဖိုးဝေ နှင့် သူရိယအား ခါးထောက်ပြီး ကြည့်နေသလို ထမီစကို ဆွဲတင်ထားသည်မှာလည်း ပေါင်တဝက်လောက်ပင်ရောက်နေပြီး ရုပ်ရည်နှင့် ပြုမှုနေသည့်ဟန်အမူအယာတို့မှာ မည်သို့မှ မလိုက် ဖက်ချေ။သူမသည် နှုတ်ခမ်းကိုကိုက်ထားပြီး ကိုက်ထားသော နှုတ်ခမ်းမှသွေးစလေးများပင် ထွက်သည်အထိဖြစ်ပြီး ဦးဖိုးဝေတို့နှစ်ယောက်အား နာနာကျည်းကျည်းကြည့်လာကာ
“ငါ့ရွာကို နင်တို့က ဘာလာလုပ်တာလဲ ပြောစမ်း မနီတို့ကို ပညာနှုတ်ပေးတာလည်း နင်ပဲ မဟုတ်လား ပြောစမ်း အထက်လမ်း ဆရာစုတ် ”
“ဟုတ်တယ် နင် လူတွေကို ဒုက္ခပေးတာ ဒီနေ့ နောက်ဆုံးပဲ ”
“ဟားးဟားး နင်တို့ပဲ အပြောကောင်း ငါ့ကို ဘယ်သူတားနိုင်မှာတဲ့လဲ ”
ထို့နောက် မယ်ဝါသည် ဖနောင်နှင့် မြေကြီးကို ပေါက်လိုက်သည့်အခါ အိမ်ထဲတွင်သာမက ရွာထဲတွင် ရှိနေသော ချွန်ထက်သည့်လူအသုံးဆောင်ပစ္စည်းများသည် လေပေါ်သို့ မြောက်တက်လာကာ ဦးဖိုးဝေတို့ဆီသို့ တရှိန်ထိုးပြေးလာကြသည်။ထို ချွန်ထက်သောပစ္စည်းများမှာ ကောက်ဆွခက်ရင်း ဓား အပါအ ဝင် ထယ်သွား ထို့နောက် သစ်ပိုင်းသစ်စနှင့် ဝါးချွန်များဖြစ်၏။ ထိုသို့သောပစ္စည်းများသည် လေပေါ်မှ ပျံဝဲလာကာ သူတို့နှစ်ယောက်အား ထိုးစိုက်ရန် အရှိန်ပြင်းပြင်းဖြင့် ဝင်လာလေသည် ။ထိုအခါ ဦးဖိုးဝေသည် ဦးလွန်းကြွယ်တို့လင်မယားကို အတွင်းထဲရောက်စေသည့်နေရာမှ အစပြုလို့ စက်ဝိုင်းသဏ္ဍန်ဖြစ်အောင် လက်ညှိုးဖြင့် စည်းဝိုင်းလိုက်သည်။ဦးဖိုးဝေ ဝိုင်းလိုက်သောစည်းဝိုင်းသည် သာမာန်သူများအဖို့ မမြင်နိုင်ပေမဲ့ ပညာ သည်များ၏အမြင်တွင်တော့ ရွှေရောင်စက်ဝိုင်းတခုအဖြစ်မြင်နိုင်လေ၏။ထို့နောက် အမယ်စုံလှသော ချွန်ထက်သည့် ပစ္စည်းများသည် စည်းဝိုင်းထဲသို့ ဝင်နိုင်မစွမ်းပဲ စည်းဝိုင်းအပြင်တွင် သာ ပျံ့ကြဲ၍ ကျကုန်လေ၏။ထိုအခြေအနေကို မြင်နေရသော မယ်ဝါသည် မျက်နှာပျက်သွားကာ ပြေးထွက်မည် ကြံစဉ် သူရိယမှ မယ်ဝါကို လက်ညှိုးထိုးကာ
” လှုပ်မရအောင် ချုပ်စေ ”
သူရိယ စကားဆုံးသည်နှင့် မယ်ဝါထံ ကူးထားသော လှယ မင်း၏ ကိုယ်ခန္ဓာသည် မလှုပ်ရှားနိုင်တော့ပဲ ငြိမ်နေသည်။ထိုအချိန်တွင်တော့ လှယမင်း၏ ကိုယ်ထဲမှ လျှပ်စီးလက်သည့်အလား လျင်မြန်လွန်းသောအရိပ်တခုသည် အိမ်ဝိုင်းအပြင်သို့ ရုတ်ချည်းပြေးထွက်ပျောက်ကွယ်သွားသဖြင့် ဦးဖိုးဝေတို့ တားချိန်မရလိုက်ပေ။အခြေအနေကိုသိသော ဦးဖိုးဝေသည် သူရိယအား ကြည့်ကာ
“လူလေး မယ်ဝါကတော့ နာမ်ထွက်ပြီး ပြေးပြီ လိုက်မယ်ဆို ဒီလူတွေကို ပစ်ထားရလိမ့်မယ် လူလေးဘယ်လို သဘောရလဲ ”
“အဘ ကျနော်တို့လူတွေကို အရင်ကယ်ကျတာပေါ့ ”
သူတို့စကားပြောနေသည်ကို ကြားသော ဦးလွန်းကြွယ် နှင့် ဒေါ်ကြွေသည် ဦးဖိုးဝေရှေ့တွင် ဒူးထောက်လိုက်ကာ
“ဆရာကြီး မကောင်းဆိုးဝါးမက ကျမသမီးလေးရဲ့ကိုယ်က ထွက်သွားပြီးလား အဲ့တာဆို ကျမသမီးလေး ဘယ်လိုဖြစ်သွားပြီလဲ”
ဦးဖိုးဝေသည် ဒေါကြွယ်၏စကားကြောင့် လှယမင်း၏ ကိုယ်ခန္ဓာကို ကြည့်လိုက်သည်။ထုံကူးထားသော မယ်ဝါမှာ လှယမင်း၏ ကိုယ်ခန္ဓာအား သေချာရရုစိုက်ထားသောကြောင့် ပျက်စီးယို့ယွင်းမှုတို့ မရှိပေ။ထို့ကြောင့် ဦးဖိုးဝေ တွေးလိုက်မိ သည်က လှယမင်း၏ဝိညဥ်မှာ အကျိုးအကြောင်းသင့်ကာ ပြန်ရှင်သန်နိုင်သည့်အတွက် လှယမင်းဆိုသော မိန်းမပျိုလေးအား ကူညီပေးမည်ဟု တွေးလိုက်ပြီး လှယမင်းအား ဂရုစိုက်ရန် သူရိယအားပြောလိုက်ပါလေတော့ သည် ။
◾ဦးဖိုးဝေ နှင့် နှစ်ချို့မယ်ဝါသည်က ဤမျှသာ။
ရေးသားသူ-မောင်တင်ဆန်း
#မောင်တင်ဆန်း
#crd