ဦးဖိုးဝေ နှင့် ဣသာ မစ္ဆရိယ

*ဦးဖိုးဝေ နှင့် ဣသာ မစ္ဆရိယ*📖📖📖

****************************

    ◾အခန်း (၁)

    ‌   ပွေးကိုင်းရွာလေး၏ ရှင်ပြုအလှူမတိုင်ခင် သည်က စည်ကားလှပေသည်။အလှူရှင်မှာ ရွာအရှေ့ပိုင်းတွင် နေထိုင်ကြသော ဦးကျော်လွင်၊ဒေါ်မြလေးတို့ ဖြစ်ကြသည်။အလှူအဝင်ရက် မရောက်ခင်ကတည်းမှ ရွာ၏ကာလသား၊ကာလသမီးများမှာ အလှူအတွက် ဝိုင်းဝန်း၍ လုပ်အားဒါနပြုနေကြလေသည်၊၊ထိုကာလသမီးများထဲတွင် လယ်ပိုင်ရှင်သူဌေးမကြီးဒေါ်အေးမိ၏တူမ မသူဇာ လည်း အပါအဝင် ဖြစ်၏။ မသူဇာသည် ဒေါ်အေးမိ၏ တဦးတည်းသော အမအရင်းဖြစ်သူမှမွေးသော တဦးတည်းသောသမီး ဖြစ်၍ တူမ‌တော်စပ်သူ ဖြစ်သည်။မသူဇာ၏ မိခင်မှာ  မိဘများသဘောမတူသော တခြားနယ်မှ လူတယောက်နှင့် မေတ္တာမျှသောကြောင့် အတ္တကြီးသော မိဘများမှ ပစ်ထားခြင်းဖြစ်သည်။မသူဇာ၏ မိခင်သည် လင်ကံဆိုးရှာသည်။ မိဘများ တားသည့်ကြားက အကြောင်းမသိသော ယောက်ျားနောက် လိုက်မိပြီး ဒုက္ခများကို ရင်စီးခံနေချိန် ‌မရင်နိုင်သော ဒေါ်အေးမိကြောင့် မိဘများ အိမ်သို့ မသူဇာလေး ငယ်ငယ်ကတည်းက သားအမိနှစ်ယောက် ပြန်ရောက်လာလေသည်။ဒေါ်အေးမိသည် အမဖြစ်သူကို ကောင်းစွာ စောင့်ရှောက်သော်လည်း လောကဓံကို အတော်ကို ရင်စီးခံထားရ၍ လောကကြီးထဲမှ စောစောစီးစီး ထွက်သွားရ၏ ။ ထို့ကြောင့် မသူဇာသည် အဒေါ်ဖြစ်သူနှင့် ဒိုးတူဘောင်ဖက် အတူတူ နေလာခဲ့လေသည်။ဒေါ်အေးမိသည် ယောကျာ်း မယူ အပျိုကြီးဖြစ်ပြီး သူမယောကျာ်းယူလျှင် တူမလေး မျက်နှာ ငယ်ရလိမ့်မည်ဟုသာ တွေးပြီး သူမ၏ ပိုင်ဆိုင်မှု မှန်သမျှ မသူဇာအတွက် ရည်ရွယ်ထားသူဖြစ်သည်။မသူဇာသည် ကိုယ်လုံးကိုယ်ပေါက်လှလှ အပြောချိုချိုနှင့်မို့ အရွယ် ရောက်လာသည့်အခါ အခြားအပျိုဖော်မိန်းကလေး အကြားတွင်တော့ ထင်ပေါ်သူဖြစ်သည်။အလှူမင်္ဂလာပွဲတိုင်း မသူဇာပါမှ ပွဲစည်သလိုတောင် ဖြစ်နေ၏။ယခုလည်း  ဦးကျော်လွင်၊ဒေါ်မြလေးတို့သည် သူတို့၏ အလှူသို့ လာရောက်လုပ်အားပေးသော မသူဇာအား ဝမ်းမြောက်စွာကြိုဆိုကြလေသည် ။

    “မသူဇာ  လာများမလာဘူးလား လို့ စိတ်ပူနေတာ “

    “မလာလို့ ဖြစ်မလား ဦးကြီး နဲ့ အရီးရယ်  ဒေါ်လေးက စပါးစာရင်းလေး အရေးကြီးလို့ လုပ်ခိုင်းနေတာနဲ့ နည်းနည်းနောက် ကျသွားတာ “

    “လာ လာ အရင် မနက်စာလေး စားလိုက်အုံး ကောက်ညှင်း ပေါင်း နဲ့အကြော် ပြင်ဆင်ပေးထားတယ် ‘

    “မစားတော့ပါဘူး ဦးကြီးရယ် ဟိုမှာ မိဆုံတို့ ဆန်ပြာနေတာ သွားလိုက်ဦးမယ် “

    မသူဇာသည် ပြောပြောဆိုဆို ဆန်ပြာနေသော ကာလသမီးအဖော်များဆီသို့ သွားလေသည် ။ ကာလသမီးများသည် သူမ ထက်ငယ်ရွယ်ကြသူများဖြစ်ကြ၏။ထို့ကြောင့် သူမကို မြင်သည် နှင့်

    “အပျိုကြီးနောက်ကျတယ်နော် ကျမတို့ မသိအောင် ဘာတွေများ ကြိတ်ပုံး ခုတ်နေတာလဲ ဆိုစမ်းပါဦး”

    “ဟဲ့ မိဆုံ ညည်းကတော့ ဆိုရော့မယ် ငါက ဘာတွေကြိတ်ပုံး ခုတ်ရမှာလဲ ‘

    “မသိပါဘူးတော် ကျုပ်တို့ အပျိုကြီးက ရုပ်ချော ဥစ္စာပေါဆိုတော့ ကာလာသားတွေ ဝိုင်းဝိုင်း‌လည်နေတော့ ထင်မိတာပေါ့တော်”

    “မထင် နဲ့ဟေ့ ငါက ငါ့အဒေါ်လို အပျိုကြီး လုပ်မှာ “

    “‌စောင့်ကြည့်ရတာပေါ့ တော် “

    “ကြည့် ကြည့် အခုဆို ငါ့အရွယ်တွေက နင်တို့ နဲ့ အခုလို အလုပ် လုပ်ကူနိုင်သေးလို့လား “

    မသူဇာမှာ ထိုသို့ ပြောသောအခါ ကာလသမီးများနှင့် တဝိုင်းအကျော်ရှိ အမျိုးသမီးကြီးများဘက်မှ အသံ ထွက်လာသည်။

    “သူဇာမ ညည်းနဲ့ ငါနဲ့ အသက်တူတူပါ ညည်းက လင်မရတော့ ကာလသမီးတွေဘက်ထဲ ရောက်နေတာ ငါက လင်နဲ့ ဆိုတော့ ဒီဘက်ရောက်နေတာ ‘

    မသူဇာ ၏ သူငယ်ချင်းဖြစ်သော မစန်းဝေမှ ၀င်ပြောလိုက်ခြင်းဖြစ်သည်။ မစန်းဝေသည် အိမ်ထောင်သည် ဖြစ်သော ကြောင့် မသူဇာနှင့် မည်သို့ မျှမဆိုင် မိန်းမကြီးတယောက် ပမာ ဖြစ်နေပြီ ဖြစ်သည်။ဤသို့ဖြင့် အလှုအကြို ဆန်ပြာခြင်း၊ စပါးလုံးကောက်ခြင်း တို့ကို ရွာထဲရှိ မိန်းကလေး အပျိုအအို များ ဝိုင်းဖွဲ့ ပြီး ပျော်ပျော်ရွှင်ရွှင် လုပ်အား ဒါနပြုနေကြသော်ငြား မပျော်ရွှင် ဖြစ်နေသော မိန်းကလေး သုံးယောက်က ရှိသေး၏။သူမတို့သည် မသူဇာရယ်မောနေသည်ကို ကြည့်၍ မရဖြစ်နေသည်။အလှူရှင်မှ သာမာန်စကားဆိုပေမဲ့ မသူဇာအား ပိုအရေးပေးသည် ဟု ထင်နေသလို ရွာထဲမှ ကာလသမီးများကလည်း မသူဇာအား ခင်ခင်မင်မင် စကားဆိုသည်ကိုပင် မသူဇာ ငွေရှိ၍ ဖားလျားပေါင်းနေကြသည်ဟု ထင်နေကြပါလေတော့သည် ။

    ◾အခန်း (၂)

     ပွေးကိုင်းရွာလေးသည် စပါးပေါ်ချိန် ငွေပေါ်ချိန်ဖြစ်သည့် အတွက် အပျိုလေးများ ထမိန်၊အင်္ကျီများ အပြိုင်အဆိုင် ဝယ်ကြ၊ချုပ်ကြသော အချိန်ဖြစ်သည်။တချို့သော ငွေကြေးတတ် နိုင်သူများသည် ‌နယ်မြို့လေးအထိ တက်ပြီး အင်္ကျီချုပ်ကြသော်လည်း တချို့သော မိန်းမပျိုလေးများသည် ရွာသို့ လာရောင်းသော ပိတ်စများကိုသာ ရွာထဲရှိ တဦးတည်းသော အပ်ချုပ်သမ မငွေစန်းထံ အပြိုင်အဆိုင် အပ်ကြရသည်။   မသူဇာသည်လည်း သူမဝယ်ထားသော ပိတ်စများအား အများနည်းတူ မငွေစန်းထံအပ်ရာ အဒေါ်ဖြစ်သူမှ

    “ဟဲ့ မိသူဇာ ညည်ကလည်းဟယ် ငါတို့ ငွေရှာတယ်ဆိုတာ သုံးဖို့ပါ မြို့တက်ပြီး ကောင်းတာလေးတွေဝယ် မြို့မှာပဲ ချုပ်ပါလား “

    “မငွေစန်းကလည်း ချုပ်ပုံလေးတွေ လှပါတယ် ဒေါ်လေးရယ် “

    “ငါက ငါ့တူမလေးကို ပိုလှစေချင်လို့ပြောတာပါ ဒါနဲ့ ညည်းမှာ ရည်းစားသနာ မရှိသေးဘူးလား “

    “ဒေါ်လေးမှာရော ရှိလား “

    “ဟဲ့ ဒီကမြင်းမ ငါ့ကို ဘာတွေ ပြန်မေးနေတာလဲ “

    “ကျမက ဒေါ်လေး ယောက်ျားယူမှ  ယူမှာပါတော် “

    “ဒီကမြင်းမလေးကတော့ ကို့ယ်အဒေါ်ကို နောက်စရာများထင်နေလားမသိဘူး “

ဒေါ်အေးမိ မကျေမနပ်စကားပြောနေချိန်တွင်တော့ မသူဇာမှာ ခြံဝသို့ရောက်နေပြီဖြစ်သည်။ဒေါ်အေးမိသည် သူမ၏ တူမဖြစ်သူ၏ ကျောပြင်ကို ကြည့်ကာ အမ ဖြစ်သူနှင့် တူမလေးတို့ အိမ်ပြန်ရောက်စကာလကို သတိရသွားမိသည် ။မသူဇာသည် ငယ်စဉ်ကတည်းကပင် လိမ္မာရေးချားရှိသော သူတယောက်ဖြစ်သည်။အဖိုး နှင့် အဖွား ဖြစ်သူသည် ရောက်ကာစတွင် သမီးမိုက်၏ ရင်သွေးဖြစ်၍ ညည်းလည်း မိုက်မှာပဲ ဟုပြောပြီး မြေးဖြစ်သူအား အလိုမလိုက်ပေ။သို့ပေမဲ့ မသူဇာ၏ မေတ္တာတရားကို အဖိုး နှင့် အဖွားသည် မလွန်ဆန်နိုင်၍ မြေးမလေးအား မျက်စိအောက်မှ အပျောက်မခံနိုင်သည်အထိ အချစ်ပိုခဲ့ပြီး သူတို့၏ မြေးမလေး နောင်ရေးအတွက် ဒေါ်အေးမိကိုပင်  အိမ်ထောင်ရက်သားမပြုဖို့အထိ မသေခင် တတွတ်တွတ် မှာကြားသည်အထိ ဖြစ်ခဲ့သည်။ဒေါ်အေးမိသည်လည်း မသူဇာကို အတော်သံယောဇဉ်ကြီးမားရာ မိဘများ မှာကြားသည့် အတွက်ကြောင့် မဟုတ်ပဲ သူမ၏ စိတ်ရင်းသည်ကပင် တူမလေးအတွက်စဥ်းစားကာ အိမ်ထောင်မပြုခဲ့ခြင်း ဖြစ်၏ ။ဤသို့ဖြင့် တူမဖြစ်သူအကြောင်းကို တွေးနေရာမှ ရပ်ပြီး အိမ်ပေါ်သို့ တက်သွားပါလေတော့သည် ။

    မငွေစန်း၏ အိမ်တွင် ရွာထဲမှ အပျိုများ စုရုံးနေလေသည် ။သူတို့၏ အထည်များကို လာအပ်သူအပ် လာရွေးသူရွေးနှင့် စည်ကားနေခြင်းဖြစ်သည်။ထိုအထဲတွင် ရွာလူကြီး၏ သမီး နှင်းမှုန် နှင့် သူငယ်ချင်း နှစ်ယောက်လည်း အပါအဝင် ဖြစ်သည် ။နှင်းမှုန်သည် ရွာထဲတွင် အချောအလှ စာရင်းဝင် တယောက်ဖြစ်ပြီး မာန ထောင်လွှားသူဖြစ်သည်။သူမသည် ရာထူး ဌာန၊ဂုဏ်ပကာသန တို့ကို မြတ်နိုးသူတယောက်ဖြစ်ပြီး ပွေးကိုင်းရွာမှ ကာလသားများသည် သူမနှင့် မတူသူ မတန်သူများဖြစ်သည် ဟု ကြွေးကြော်ထားသူလည်း ဖြစ်ပြန်၏ ၊၊ သူမသည် အရာရှိကတော်၊ဝန်ထောက်ကတော်တို့သာ အနိမ့်ဆုံး မျှော်မှန်းထားသူဖြစ်သည့် အလျောက် အရာရာကို အနိုင်လိုချင်သည်။သူမ အရာအားလုံးကို အနိုင် ယူနိုင်ပေမဲ့ ရွာထဲရှိ မသူဇာကိုတော့ သူမ အနိုင်မယူနိုင် ဖြစ်နေသည်။သူမသည်ကသာ တဖက်သတ်ပြိင်နေပြီး မသူဇာမှာ ပြိုင်ဆိုင်လိုစိတ် စိုးစဉ်မျှမရှိပေ ။ယခုလည်း  မငွေစန်းအိမ်တွင် မသူဇာမှာ အရင်ရောက်နှင့် နေပြီး သူမ ဖျင်စလေးများကို မငွေစန်းအား ပြနေချိန် တခြားသော မိန်းမပျိုလေးများသည် မသူဇာ၏ ဖျင်စအား လှကြောင်း ချီးကျုး ထောပနာ ပြုလေသည် ။

    “အပျိုကြီးကတော့ ကျုပ်တို့ထက် အမြင်ရှိပါ့ ဖျင်စလေးက လှလိုက်တာ တော် “

    “ဟုတ်ပ တို့အပျိုကြီး ပဲ အလှုမှာ အလှဆုံး ဖြစ်နေတော့ မှာ မြင်ယောင်သေး “

    “အပျိုကြီးကနော် တနေ့ တခြား ပိုပြီး လှလှလာတာ ရှင်ကြီး ဘာဆေးတွေ များစားပြီး ခုလို လှနေတာလဲ “

    မိန်းမပျိုလေးများ၏ စကားကို မသူဇာသည် သူမ၏ ပုံစံအတိုင်း ပြုံး၍ နားထောင်နေပြီး စကားဆိုလေသည် ။

    “စိတ်လှအောင် အရင် လုပ်ရတယ် မိဆုံတို့ရဲ့ စိတ်က လှလာပြီဆို ရုပ်ကလည်း မလှရင်တောင် ကြည့်ကောင်းလာမှာပဲ မဟုတ်လား တချို့ဆို ရုပ်က အကျည်းတန်ပေမဲ့ သူရဲ့ ရုပ်လေးကြည့်ရတာ အေးချမ်းနေတယ် လို့ မမြင်ဘူးလား “

    “ဟုတ်တယ် သူတို့ရဲ့မျက်လုံးလေးတွေက အေးချမ်းနေတာ “

“အဲ့တာပဲလေ ရုပ်အလှဆိုတာ တခဏပါကွယ် အဓ်ိက ကတော့ စိတ်ကို လှအောင် ကျင့်ကြံရမယ် “

    “မှတ်ထားပါ့မယ် အပျိုကြီးရေ တို့အပျိုကြီး လှနေတဲ့ လျှို့ဝှက်ချက် ကို သိပြီ “

    ရွာထဲရှိ မိန်းမပျိုလေးများ နှင့် ရယ်မောစကားဆိုနေသော မသူဇာအား ရွာလူကြီးသမီး နှင်းမှုန် နှင့် သူငယ်ချင်း နှစ်ယောက်သည်က မသူဇာသည် သူတို့အား စောင်းမြောင်းပြောနေသည်ဟုစိတ်ထဲတွင်တေးမှတ်ကာ ခြေဆောင့်၍ အိမ်ပေါ်မှ ဆင်းသွား ကြပါလေတော့သည် ။

    ◾အခန်း (၃)

    နှင်းမှုန်သည် သူမ၏သူငယ်ချင်းနှစ်ယောက်ဖြစ်သော မေနှင်း နှင့် မိချိုတို့အား လက်ဖက်သုပ် ကျွေးရင်း သူမ၏ မိဘများမှာ တခြားရွာသို့ အလှူသွားနေချိန်လည်းဖြစ်၍  သူမ၏ မကျေနပ်ချက်များကို ရင်ဖွင့် ပြောဆိုနေလေ၏။

    “မိချို နဲ့ မေနှင်း ညည်းတို့ကတော့ ဘယ်လိုနေလဲ မသိဘူး ငါကတော့ ဟို အပျိုကြီး မိသူဇာကို လုံး၀ ကြည့်မရဘူး”

    “ငါတို့လည်း အတူတူပဲပေါ့ဟယ် လူကဖြင့် သွေးဆုံးကိုင်တော့မယ် အခုထိ မြောက်ကြွကြွ လုပ်နေတုန်း “

    “ဟုတ်ပါ့ မပြောချင်လို့ ကြည့်နေတာ လူကဖြင့် သေခါနီးနေပြီ အခုထိ ‌ကာလသမီးတွေ ကြားထဲ နေရာလိုချင်တုန်း”

    “အလကားပါ  နှင်းမှုန်ရယ် သူ့အဒေါ်က ချမ်းသာတယ်ဆိုပြီးရွာထဲက ဟာမတွေကလည်း အလေးပေးနေတာ “

     နှင်းမှုံ၏ စိတ်ထဲမှ ဖြစ်နေသော မနာလိုခြင်း၊သဝန်တိုခြင်းတို့အား ငြိမ်းသတ်ပေးမည့်သူမရှိ‌ မီးကို ပို၍ လောင်စေရန်သာ အားဖြည့်ပေးနေသူ နှစ်ဦးကြောင့်  နှင်းမှုံ၏ မသူဇာအား မကြည်ဖြူသည့် ‌မစ္ဆရိယစိတ်သည်က ပြင်းထန်၍ လာကာ မသူဇာပျက်စီးခြင်းအထိ သူမတို့ မိုက်မဲစွာ တိုင်ပင်လာကြလေသည် ။

    “ဟဲ့ မိချို ငါက‌တော့ အဲ့ဒီကောင်မကြီးကို ကြည့်လို့ကို မရ‌ တော့ဘူး “

    “နင် မှ မဟုတ်ဘူး ငါလည်း သူကို ကြည့်ရတာ ကျက်သရေယုတ်တယ် “

    “အဲ့တာဆို ဒီကောင်မကြီးကို တခုခုလုပ်လို့ မရဘူးလား နင့် အမေက အဲ့လိုဘက် မှာ အဆက်အသွယ်ရှိတယ်လို့ ငါကြားတယ်နော် မေနှင်း “

    ရွာလူကြီး သမီး နှင်းမှုံ၏ စကားကြောင့် မေနှင်းသည် သူမအား သေချာကြည့်ကာ

    “နှင်းမှုံ နင်ပြောချင်တာ ဘာလဲ “

    “နင့်စိတ်ထဲမှာ ထင်နေသလိုပဲ  မေနှင်း “

    “နင်တကယ် လုပ်မှာ လား “

    “တကယ် လုပ်မှာ ငါ သူ့ကို လုံးဝကို မကြည့်ချင်ဘူး “

    “အဲ့တာဆိုလည်း ပြီးတာပဲ ငါအမေသွားနေတဲ့ နေရာတော့ ရှိတယ် ညည်းတို့ သေချာရင် မနက်ဖြန်ငါ့အိမ်ကို လာခဲ့ကြ ကြားလားး “

    “အေး စိတ်ချ လာခဲ့မယ်”

    ဤသို့ဖြင့် လုံမပျိုလေး သုံးဦးတို့သည် သူတပါးအား ပျက်စီးရာ ပျက်စီးကြောင်းကို ဖြစ်စေရန်အတွက် မိုက်မဲစွာနှင့် ဆုံးဖြတ်ချက်ချလိုက်ကြပါလေတော့သည် ။

    ◾အခန်း (၄)

    ပွေးကိုင်ရွာဘေးရှိ မီးလောင်ကုန်း ရွာတွင်ဖြစ်သည်။အသက် ငါးဆယ်ကျော် အမျိုးသမီးကြီးတဦးသည် ပွေးကိုင်းရွာ လူကြီး၏သမီး နှင်းမှုံ နှင့်  သူငယ်ချင်းနှစ်ယောက်အား  အိမ်ကြီး တလုံးဆီသို့ ခေါ်ဆောင်သွားနေသည် ၊၊

    “နှင်းမှုံ  နင်တို့ ဒီကိစ္စ တကယ်လုပ်မှာ သေချာပြီနော် ‘

    “သေချာပါတယ် အရီးလွန်း “

    “အေး အခကြေးငွေကတော့ များတယ်နော် “

    “ကုန်ချင်သလောက် ကုန်ပါစေတော် “

    “ပြီးတာပဲ အမကြီးကလည်း ငွေရရင်ပြီးရောဆိုတော့ နင်တို့ နဲ့ ကွက်တိပဲ ဟိုရောက်ရင် စကားအပိုတွေ အရမ်းပြောမနေနဲ့ နင်တို့ လုပ်ချင်တာသာပြောလိုက်”

    “စိတ်ချ အရီးလွန်း “

    “ကဲ ကဲ သွက်သွက် လျှောက် “

    နှင်းမှုံ တို့ သူငယ်ချင်း တစုကို ဦးဆောင်လာသူမှာ မိချို၏ အဒေါ် ဖြစ်သူ ဒေါ်လွန်းဖြစ်သည်။ဒေါ်လွန်းသည် ပညာသည်များ နှင့် အဆက်အသွယ်ရှိပြီး ပွဲစားသဖွယ် ပြုလုပ်နေသော မိန်းမကြီးဖြစ်သည်။တရား၏ မတရား၏ ကိုသူမ မသိပေ။သူမသိသည်က ငွေ ဖြစ်၏။သူမ နည်းတူ ယခုသွားမည့်  ဒေါ်စံပါယ် ဆိုသော မိန်းမကြီးသည်လည်း  ‌မထူးမခြားနားပင်ဖြစ်သည်။ ဤသို့ဖြင့် ဒေါ်လွန်းသည် နှင်းမှုံတို့ကို ခေါ်ဆောင်သွားရာ မကြာမီ နှစ်ရှည်သီးပင် စားပင်များ များစွာရှိသော အိမ်ဝိုင်းကြီးရှေ့ရောက်လာလေသည် ။ဒေါ်လွန်းသည် ဝါးကပ်များကို ခြံစည်းရိုးယက်၍ ကာထားသော  ခြံဝန်းဝသို့ ရောက်သောအခါ ရေနံချေးများ မဲနက်နေအောင် သုတ်လိမ်းထားသော အိမ်ကြီးကို ကြည့်ကာ

    “အမကြီး မစံပါယ် ကျမ မိလွန်းပါ ဝင်ခဲ့လို့ ရမလား “

    “အေး မိလွန်းလား ဝင်ခဲ့ ဝင်ခဲ့ “

    ဒေါ်လွန်းသည် အိမ်ကြီးထဲမှ တုန့်ပြန်သံကြားသောအခါ နှင်းမှုံတို့ကို မျက်စပစ်ပြီးလိုက်ခဲ့ ဟု အချက်ပြကာ ရှေ့မှ ဦးဆောင်ဝင်သွားလေသည်။ထို့နောက် ကျွန်းလှေကားကြီးပေါ်မှ တဆင့် အိမ်ကြီးပေါ် သို့တက်ပြီးသောအခါ တံခါးမကြီးကို ခေါက်လိုက်လေသည် ။

    “ဒေါက် ဒေါက် “

    “မိလွန်း ဝင်ခဲ့ မင်းတုန်း မထိုးထားဘူး”

    “ဟုတ်ကဲ့ အမကြီး “

    ဒေါ်လွန်းသည် ကျွန်းတံခါးကြီးကို တွန်းဖွင့်ပြီး အိမ်ထဲဝင်‌ လိုက်လေသည်။အိမ်ထဲ ရောက်သောအခါ အိမ်အရှေ့ခန်းတွင် ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို ဖွာရှိုက်နေသော ဒေါ်လွန်း နှင့် မတိမ်းမယိမ်း မိန်းမကြီးတဦးကို တွေ့လိုက်ရသည်။ထိုမိန်းမ ကြီး ဒေါ်လွန်း နှင့် နှင်းမှုံတို့ကိုမြင်သောအခါ

    “ဟဲ့ မိလွန်း ဧည့်သည်တွေပါ ပါလာတာလား “

    “ဟုတ်တယ် ဒါက ပွေးကိုင်းက ကျမ တူမလေး သူငယ်ချင်းတွေလေ အမကြီးဆီ အလုပ်အပ်ချင်လို့တဲ့ “

    “အေးအေး လာကြ လာကြ ‘

    ဒေါ်စံပါယ် ဟုခေါ်သော မိန်းမကြီးသည် အတော်ကို ငွေမက်ဟန်ရှိ၏။အလုပ်လာအပ်သည် ဟု ဆိုသည်နှင့် သူမ၏ မျက်နှာ သည် အတော်ကို ရွှင်လန်းနေသည်။သူမသည် ပညာသည်ဟု သာမာန်လူများဆို ထင်နိုင်မည်မဟုတ်ပါ။အဘယ်ကြောင့်ဆိုသော ဒေါ်စံပါယ်သည် လူရည်သန့်ထဲတွင် ပါဝင်သလို ဝတ်စား ဆင်ယင်ပုံသည်က လယ်ပိုင်ရှင် သူဌေးများထက်ပင် ကျော့မော့နေသေး၏ ။ မရှိခိုးနိုး မလှစုန်းရိုးဆိုသော စကားရပ် နှင့်  မလျော်ညီစွာ သူမ၏ ရုပ်ရည်သည် ကွာခြားနေပေ၏၊၊ထို့နောက် ဒေါ်စံပါယ် သည် နှင်းမှုံတို့ကို ပြုံးပြလိုက်ကာ

    “အင်း ငါ့ဆီကို လာတယ်ဆိုမှတော့ ငွေ ဘယ်လောက် ကုန်နိုင် တယ်ဆိုတာ မိလွန်း ဆီက သိပြီးရောပေါ့ “

    “ငွေက အကုန်ခံနိုင်ပါတယ် အဲ့ကောင်မကို ဒီတသက် လူတော မတိုးအောင် လုပ်ပေးရင် ဘယ်လောက်ကုန်ကုန် “

    “ညည်းတို့ ကြည့်ရတာ တော်တော် မုန်းနေပုံ ပဲ ဆိုစမ်းပါ ဦး ဘယ်ရွာကလဲ “

    “ကျမ တို့က ပွေးကိုင်းရွာကပါပဲ အဲ့ကောင်မကလည်း ပွေးကိုင်းကပဲ “

    “အေး ဟုတ်ပြီ နေ့တွေ နာမ်တွေ ပြီးတော့ သူ့ အသုံးအဆောင်တွေ ပါလား”

    “မပါခဲ့သေးဘူး ဆရာမကြီး “

    “အေး သူရဲ့ ဆံပင်ဖြစ်ဖြစ် အင်္ကျီ ဖြစ်ဖြစ်ရတယ် နှစ်ခုစလုံးဆိုပို အဆင်ပြေတယ် နေ့နာမ်ရော သိအောင်စုံစမ်းခဲ့ အဖိုးအခ ကတော့ စပါးဆယ်တင်း ကျတယ် “

    “ရပါတယ် ဆရာမကြီး အဲ့ကောင်မကို တသက်လုံး သုံးစား မရအောင်သာ လုပ်ပေးပါ “

    “စိတ်ချ ငါ တောင်းထား‌တာတွေသာ ရအောင်လုပ်ပေး နင်တို့ကိုယ်တိုင် ပြန်လာပို့စရာမလိုဘူး မိလွန်းကိုသာ ပေးခိုင်းလိုက်ကြားလား ပြီးတော့ အရပ်ထဲမယ် ဒီအကြောင်းကို အာမချောင် နဲ့ အာချောင်ရင် နင်တို့ ပါသေမယ် သိလား “

    ဒေါ်စံပါယ်သည် နှင်းမှုံတို့ကို သေချာကြည့်ပြီး သူမ၏ အကြောင်းကို လူများမသိစေရန် ခြိမ်းခြောက်လိုက်ရာ နှင်းမှုံတို့ သူငယ်ချင်းတသိုက် ကျောချမ်းသည်အထိ ဖြစ်ရပါလေသည်။

    ◾အခန်း (၅)

      ရိုးသားလွန်းသောအခါ အ သလိုဖြစ်တတ်၏။အဘယ့် ကြောင့်ဆိုသော မသူဇာသည် သူမအား မည်သူမျှ အကောက်မကြံဟု ယုံကြည်သူဖြစ်သောကြောင့်ပင်။လူတိုင်းအပေါ်  ဖြူစင်သောကြောင့် သူမအား မည်သူမျှ ယုတ်မာမည်ဟု မထင်မိပေ။ ထို့ကြောင့် လူတိုင်းအား သံသယကင်းစွာ ဆက်ဆံပြောဆို နေထိုင်ပြုမှုသောကြောင့် သူမ၏ နေ့နာမ် နှင့် အဝတ်အစားအပြင် ဆံပင်များအား နှင်းမှုံ တို့ အလွယ်တကူဖြင့်ရရှိသွားခြင်းကြောင့် ဖြစ်သည် ။ နှင်းမှုံ တယောက်တည်း ရှိနေချိန် ရွာထဲမှ မသူဇာနှင့် အတော်ကို ပနံသင့်လှသော မိဆုံသည် ရောက်ရှိလာသည် သူမသည် ပုဆိုးဖြင့် ထုတ်ထားသောအထုတ် တထုပ်ကို လက်မှ ကိုင်ထားလေသည်။နှင်းမှုံသည် မိဆုံအား မြင်သော အခါ

    “ဟဲ့မိဆုံ ရောက်လာပြီ လာ အိမ်ထဲ ဝင်ခဲ့ “

    “အေးအေး “

    နှင်းမှုံသည် မိဆုံ သူမအခန်း ထဲ ရောက်သောအခါ တံခါး မင်းတုန်းကို ထိုးလိုက်ပြီး

    “ကောင်မ ရခဲ့လား “

    “ရပါတယ် အပျိုကြီးက ဘာမှတောင် မမေးဘူး ဆံပင်က တော့ ဆံပင်မွှေးဖြူတွေ့တယ်ဆိုပြီး နှုတ်ခဲ့တယ် ဆယ်ပင်လောက်ဆို ရတယ် မဟုတ်လား “

    “ရပါတယ် ရော့ ရော့ ငွေ နှစ်ရာ  “

    “ဟယ် အများကြီးပဲ နင်က ဒါတွေကို ဘာလုပ်မလို့လဲ “

    “လျှာမရှည်နဲ့ နင် ငွေရပြီ မဟုတ်လား နင်တခြားသူတွေကိုလျှောက် မပြောနဲ့နော် ကြားလား “

    “အေး အေးပါဟေ “

    မိဆုံသည် နှင်းမှုံ ပေးသော ငွေတရာကို လက်မှာ ကျစ်ကျစ် ပါအောင်ကိုင်ရင်း တွေတွေ ဝေဝေ နှင့် အိမ်အောက်သို့ ဆင်းလာပြီး နှင်းမှုံတို့အိမ်ဝိုင်းထဲ မှ ထွက်လာခဲ့လေသည် ။

    မိဆုံသည် လမ်းလျှောက်နေရင်းမှ နှင်းမှုံ၏ ပုံမှန်မဟုတ်သောမျက်နှာအနေအထားကြောင့် မသူဇာအား မကောင်းသည့် အရာတော့ ပြုလုပ်မည် ဆိုတာ သူရိပ်စားမိသည်။ထို့အတွက် သူ၏ ခြေလှမ်းများကို ရပ်လိုက်ပြီး နောက် ပထမ တွေးလိုက်မိသည် က မသူဇာအကြောင်းဖြစ်သည်။မသူဇာသည် သူမအပေါ် အတော်ကို ကောင်း‌သော သူတယောက်ဖြစ်၏။ယခု အဝတ် အစားအဟောင်းများ သွားတောင်းသည်ကိုပင် အဟောင်းမပေးဘဲ အသစ် ချုပ်ပေးမည် ပြောနေလေရာ မနည်းကို ငြင်းပြီး သူမ ဝတ်ပြီးသား အဟောင်းကို တောင်းခဲ့ရခြင်းဖြစ်သည် ။အမြဲတန်း နှစ်လိုဖွယ်အပြုံးနှင့် မသူဇာအား မိဆုံ အကောက်ကြံ မိသလို ဖြစ်နေ၍  လိပ်ပြာမလုံဖြစ်နေပေမဲ့  အိမ်တွင် ငှက်ဖျား ရောဂါ ဖြစ်နေပြီး ချမ်းတုန်နေသော  တဦးတည်းသော မောင်လေးအား ဆေးရုံတင်ဖို့ အရေးတွေးမိပြန်သောအခါတွင်တော့ သူမ၏ ခြေလှမ်းများသည် အိမ်သို့ ပြန်ရန်သာ ဖြစ်ပါလေတော့သည် ။

    ◾အခန်း (၆)

    မသူဇာသည် သူမ‌ မိဆုံအားယုံကြည်လိုက်မိသည်က သူ့အတွက် ဒုက္ခဖြစ်မည်ဟု မထင်ထားမိချေ။သို့ပေမဲ့ အတိတ်ကံဟုသာ အပြစ်ဖို့တတ်သော လူကြီးသူမများက တဖြည်းဖြည်း ပုံမှန်စိတ်အသွင်မရှိတော့သော မသူဇာအား အတိတ်က ကံဘဲ ဘယ်တတ်နိုင်မလဲ ဟုဆိုသော စကားများဖြင့်သာ  သူမ၏ အဒေါ်ဖြစ်သူ ဒေါ်အေးမိကို တရားချနေလေသည် ။မသူဇာသည်က တယောက်တည်း စကားပြောနေသလို တခါတခါ အ၀တ်အစားမပါပဲ ရပ်ထဲရွာထဲ လျှောက်သွားနေသည့်အတွက် ဒေါ်အေးမိမှာ တူမလေးအတွက် အတော်ကို စိတ်မချမ်းသာ ဖြစ်ရ၏။အိန္ဒြေသိက္ခာကြီးလှသော တူမ ဖြစ်သူမှာ ယခုတော့ အရူးတယောက် ပမာ ချက်ချင်းကြီး ပြုမူနေသည် မှာ သာမာန်တော့ မဟုတ်နိုင် ဟုတွေးကာ ဆရာများ တယောက်ပြီး တယောက်ပင့်ကာ ကုသသော်လည်း မသူဇာ ၏ အခြေအနေမှာ တိုးတက်မလာပေ ။ရွာထဲမှ မိန်းမပျိုလေးတချို့အား အခကြေးငွေပေးပြီး တူမ ဖြစ်သူ၏ အရှက်ကို ထိန်းရန် ခေါ်ထားရသည် အထိ ဖြစ်လာ၏။ ကံကောင်းသည်ဟု ဆိုရမည်  တခါ မှ မမြင်ဘူးသော ဆရာတယောက် ကုသပေး၍ အရှက်ကို ဖုံးရန်ပင် သတိလက်လွတ်နေသော မသူဇာမှာ အဆိုးဆုံး အခြေအနေအား ကျော်လွန်ပြီး အနည်းငယ် သက်သာလာဟန်ရှိသည်။ သူမဘာလုပ်ရမည် ဆိုတာ မသိအောင် မေ့တတ်သည်ကိုတော့ မပျောက်ပေ။အထက်လမ်း ဆရာကြီးသည်လည်း သူ တတ်စွမ်းနိုင်သည်မှာ ဤမျှသာ ဟု ပြောကာ ပြန်သွားလေသည်။အဆိုးထဲက အကောင်းဟု ပြောရမည်ဖြစ်သည် မသူဇာသည် အဝတ်စား မဝတ်ပဲ မနေတော့ သာမာန်လူကဲ့သို့ပြုမူနေသော်လည်း မည်သည့်အလုပ်မျှ မလုပ်နိုင်တော့ပေ။နောက်ဆုံး ဒေါ်အေးမိကို ဘေးသူများက အရီးဟု ခေါ်သောအခါ သူမသည် လည်းအရီးဟု လိုက်ခေါ်တတ်သည်။သူမ မှတ်မိသည်မှာ မိနစ်ပိုင်းလောက်သာ ရှိမည်။ နောက်ပိုင်း အိမ်သို့ အမြဲ လာသော သူများကို မှတ်မိလာသည် ။ဤသို့ ဖြင့် မသူဇာ၏ ဘဝလေးသည် မေ့တလှည့် ပျောက်တလှည့် နှင့် ‌အချိန် အတော်ကြာ ဖြတ်သန်းနေရပါလေတော့သည်။

    ◾အခန်း (၇)

    ဦးဖိုးဝေ နှင့် သူရိယ ထို့နောက် ကျော်မိုး နှင့် သာနိုးတို့သည် ဒေါ်အေးမိ၏ အိမ်တွင် ရောက်နေပြီး ဒေါ်အေးမိ ပြောပြနေသော မသူဇာ၏ အကြောင်း ကို နားထောင်နေခြင်းဖြစ်သည်။ ထို့နောက် ဦးဖိုးဝေသည်

    “အင်း ဒီလောက် သက်သာတာ တော်သေးတယ် လို့ ပြောရမယ် ကျုပ် ပျောက်အောင်ကုနိုင်စွမ်းပါတယ် ဒါပေမဲ့ ပြဿနာ တခုတော့ ရှိတယ်”

    “ဘာ ပြဿနာလဲ ဆရာကြီး ကျမတူမလေး အရှင်းပျောက်ဖို့ ဆို ကျမရဲ့ စည်းစိမ်တွေ ကြိုက်သလောက် ကုန်ပါစေ ကုပါမယ် “

    “ငွေက မကုန်ပါဘူး ပြဿနာဆိုတာ သူ အရင်က အရှက်ရ စရာတွေ ရွာထဲမှာ ပြုခဲ့တယ် မဟုတ်လား သာမာန်လူဖြစ်သွားရင် အဲ့ဒါတွေကို ရှက်ပြီး ရင်မဆိုင်ဝံ့မှာ စိုးတယ် “

    “ဆရာကြီးရယ် အဲ့ဒီကိစ္စကို တော့ ကျမ တူမလေး ရင်ဆိုင်နိုင်မယ် ထင်ပါတယ်။ဘာလို့လဲဆိုတော့ သူက အရွယ်နဲ့ မလိုက်အောင် လောကဓံကို ခံစားရလာတဲ့ သူမို့ပါ “

    “အင်း အဲ့တာဆို လည်း ကျုပ်ကုပေးပါမယ် အခုတော့ မောင်သာနိုး နဲ့ လယ်စာချုပ် ကိစ္စလေး ‌လုပ်ပေးလိုက်ပါဦး “

    သာနိုးမှ လယ်ခြောက်ဧကကို အလကား ရမည်ဖြစ်၍ လယ်ပိုင်ရှင် ဒေါ်အေးမိကို အား‌နာနေလေသည်။ဒေါ်အေးမိသည်က မဆိုင်းမတွ စာချုပ်များကို ယူကာ လက်မှတ် နှင့် လက်ဗွေရာ ပါ ရေးထိုးပေးလိုက်ပြီး

    “သာနိုး အားနာနေတာ ထင်တယ် အားနာ မနေနဲ့ နင်ကူညီလို့ ဆရာကြီးတွေ နဲ့ တွေ့ ရတာ မဟုတ်ရင် အဲ့လယ်ခြောက်ဧက မကတဲ့ အဖိုးအခတွေ ငါကုန်နေရတာ “

    “ကျုပ်ကို  လယ်တဧက နဲ့ နွားတရှည်းလဲ ပေးလို့ရမလား “

    “နွားတရှဉ်းက လယ် တဧက မတန်ပါဘူး  ကဲ ငါ့နွားတရှဉ်း လာယူ နင်စပါးပေါ်မှပဲ ငါ့ကို ဖြည်းဖြည်းချင်း ငွေချေပေါ့ “

    သာနိုးသည် ဒေါ်အေးမိ၏ စကားကိုကြားသောအခါ တန်းလျားမှာ ထိုင်နေလျက်မှာ ရုတ်တရက်ထကာ မြေပြင်ပေါ်ဆင်းထိုင်လိုက်ပြီး လက်အုပ်ချီကာ

    “ဆရာကြီး နဲ့ အရီးအေးမိကို ကျုပ် ဘယ်လိုပြောရမယ် မှန်းမသိအောင် ဖြစ်မိပါတယ်ဗျာ။ကျုပ် အိပ်မက်မက်နေသလို ကို ဖြစ်နေတယ် သူရိယ ငါ့ကို လာဆိတ် ကြည့်စမ်းပါကွာ “

“ကို သာနိုး ခင်ဗျားက တကယ် လယ်ပိုင်ရှင် ဖြစ်ပါပြီဗျာ အိပ်မက် မဟုတ်ပါဘူး”

    ထို့‌နောက် သာနိုးသည် ဦးဖိုး ဝေ နှင့် ဒေါ်အေးမိအား အကြိမ်ရေ မမှတ်မိနိုင်အောင် အထိ ဦးချ ကန်တော့နေပါလေတော့သည် ။

    ◾အခန်း (၈)

    ဦးဖိုးဝေသည် ဒေါ်အေးမိအိမ်၏ ဘုရားခန်းတွင်ထိုင်နေသည် ။သူ၏ ဘေးတွင်တော့ သူရိယ ထိုင်နေသည် ။မကြာသော အချိန်တွင် ဒေါ်အေးမိ၏ အိမ်လေးသို့ စပ်စုတတ်သော မိန်းကလေးများနှင့် လောကီပညာကို စိတ်ဝင်စားသော လူကြီးများ အိမ်လေးအပြည့် ရောက်လာကြသည်။ဦးဖိုးဝေသည် ရှေးဦးစွာ ဘုရားစင်မှ မြတ်စွာဘုရားကိုယ်တော်မြတ် ဆင်းတုတော်ကို ဦးတိုက်ရှိခိုးပြီးနောက်  တင်ပျဉ်ခွေချိတ်ထိုင်လိုက်ကာ ‌သူ၏ ရှေ့တွင်ချထားသော ရေနွေးလင်ပန်းဘေးရှိ ကွမ်းအစ်မှ ကွမ်းကို ယာရင်း

    “ကဲ  နင်ရဲ့ လက်ကျန် ပညာတွေကို  လာနှုတ်မှာလား ငါအတင်းအကြပ်နှုတ်ခိုင်းရမှာလား “

    ဦးဖိုးဝေသည် ထိုမျှသော စကားကိုသာ ပြောပြီး ကွမ်းယာနေ၍ ပယောဂ လာထုတ်သည်ကို စိတ်ဝင်တစား လာစပ်စုနေသော သူများ ကြောင်ငေးနေလေသည် ။ဦးဖိုးဝေသည် ကွမ်းကိုယာပြီး ပါစပ်ထဲ ထည့်ပြီးနောက် ပေနေသော သူ၏ လက်မှ ထုံးအစအနလေးများအား ပုဆိုးဖြင့်သုပ်ရင်း

    “‌ကဲ ကဲ အချိန်ကုန်တယ် ငါ မီးကွင်းရွာကို သွားရဦးမှာ အခု လာစမ်း “

    ဦးဖိုးဝေသည် ကြမ်းပြင်ကို လက်ဝါးနှင့် ရိုက်ပုတ်လိုက်ရာ ဒေါ်အေးမိ အနားတွင် ထိုင်နေသော မသူဇာသည် ရုတ်ချည်း ဦးဖိုးဝေ အနားသို့သွားလိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ

    “ငါ့ကို ဘာလို့ခေါ်တာ လဲ ငါဘာလုပ်လို့ လဲ “

    “နင် ဘာလုပ်ထားတယ် ဆိုတာ ငါ ပြောနေရဦးမှာလား “

    “အရင်က ငါလုပ်ထားတာဟုတ်တယ် အခုက သူ့ဘာသာ သူရူးနေတာ “

    “တယ် ပလီပလာ ပြောနေပြန်ပါပြီ။ငါ့ကိုများ လိမ်ချင်သေးတာ လား “

    “ငါ မလိမျပါဘူး “

    “အေး နင်လိမ်ပြောရင် နင့်ရဲ့ကိုယ်မှာ လောင်မီးကျစေ မသေစေနဲ့ “

     ဦးဖိုးဝေမှ ထိုသို့ ပြောလိုက်သော အခါ ငြိမ်၍ ထိုင်နေသော  ပညာသည် ဝင်ရောက်နေသည့်  မသူဇာ၏ ကိုယ်မှာ ချွေးသီးချွေးပေါက်များကျလာပြီး ဂဏာ မငြိမ် ဖြစ်လာကာ

    “ငါ ငါ အမှန်အတိုင်းပြောပါမယ် ငါ့ကို မီးမတိုက်ပါတော့နဲ့”

    “ဟဲ့ ပညာသည် နင်လိမ်တဲ့ဒဏ် နင်ခံရတာလေ ငါနဲ့ဘာဆိုင်လဲ “

    “ဟုတ် ဟုတ်ပါတယ် ငါ ပညာတွေ ချန်ထားတာပါ  သူ့ကို အရင်ကုတဲ့ ဆရာက အဲ့ ပညာတွေကို မမြင်နိုင်ဘူး ငါ အခု နှုတ်ပေးပါမယ် “

    “နှုတ်ပေးရုံ နဲ့ ရမလား သူခံစားလာရတာ ဘယ်လောက်ကြာပြီလဲဆိုတာ နင်လည်းသိတယ် အဲ့တော့ နင့် ပညာတွေကို နင် နဲ့နင့်အပေါင်းအပါတွေဆီမှာ တန်ပြန်သက်ရောက်စေ ဒီခုနှစ်ရက် အတွင်း ကာယကံရှင်ကို  ငှက်ပျောပွဲ အုန်းပွဲ နဲ့ လာတောင်းပန်  ဘယ်သူမှ မမြင်အောင် တောင်းပန်လည်း ရတယ် အခုတော့ ထွက်စမ်း နောက်တခါ နင်မှ မဟုတ်ဘူး ဘယ်သို့သော ပညာသည် မှ ဝင်ရောက်ပူးကပ်ခြင်းမပြုစေရ”

    “ကျမ ကျမကို ခွင့်လွတ် “

    စကားသံ မဆုံးခင်မှာပင် မသူဇာသည် လဲကျသွားလေသည်။ ထို့နောက် ဒေါ်အေးမိနှင့် တခြားသော အမျိုးသမီးများ ပြုစုပေးနေလေသည် ။မသူဇာ သတိရလာသော အခါ မျက်ဝန်းတို့သည် ကြည်လင်နေလျက် သူမ၏ အရင်ပုံစံအား ပြန်မြင်ရပြီး ဘေးတွင် ရှိသော သူများအား နာမည်များခေါ်ကာ ဘာဖြစ်တာလဲ ဟုမေးနေလေ၍ အဒေါ်ဖြစ်သူ ဒေါ်အေးမိမှာ မျက်ရည်စက်လက် နှင့် ဝမ်းပန်းတသာဖြစ်ကာ ဦးဖိုးဝေအား ဦးချကန်တော့နေလေ တော့သည် ။ရွာသားများသည်လည်း ဦးဖိုးဝေ၏ အစွမ်းကို မျက်မြင်တွေ့ကြရ၍ အံ့ဩမဆုံးအောင်ဖြနေကြ၏ ။ ထိုရွာသားများထဲတွင်တော့ မိဆုံဆိုသော မိန်းမပျိုလေးသည် သူမ၏ လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ဦးဖိုးဝေကို လှမ်းကြည့်ကာ ကြောက်စိတ်များ ဖုံးလွှမ်းနေပါလေတော့သည် ။

    ◾အခန်း (၉)

    ဦးဖိုးဝေသည် ရွာသားများ မရှိချိန်မှ ဒေါ်အေးမိ နှင့် ပြန်၍ နေကောင်းလာသော မသူဇာ တို့အား ခေါ်၍ မှာကြားနေ၏။

    “ကဲ ဒေါ်အေးမိ နဲ့ မသူဇာ ကျုပ် ခင်ဗျားတို့ကို မေတ္တာ ရပ်ခံချင်ပါတယ် “

    “ဟုတ်ကဲ့ ပြောပါ ဆရာကြီး “

    “ကျုပ်တို့က ဒီနေ့ညနေ ခရီး ဆက်တော့မှာ “

    “ဟုတ်ကဲ့  ‌”

    “ဒီရက်ပိုင်းတွေထဲ ညပိုင်း အိမ်ကိုလာပြီးတောင်းပန်တဲ့သူတွေရှိရင် သည်းခံခွှင့်လွှတ်လိုက်ပါလို့ ကျုပ်အနေနဲ့ မေတ္တာရပ် ခံချင်တာပါ။သူတို့လည်း ထိုက်သင့်တဲ့ အပြစ်တွေ ခံရပြီးပြီမို့ မေတ္တာတရားထားနိုင်မလား “

    “အိုး ဆရာကြီးကို တော့ အားနာပါတယ် ကျမ တူမကို အကြာကြီး ဒီလို ဖြစ်အောင်လုပ်တဲ့ သူတွေကို အရပ်ထဲ အရှက်ကွဲ အောင်  လုပ်ပစ်မယ် “

    ဒေါ်အေးမိသည် သူမ၏ တူမ မသူဇာ၏ ဦးခေါင်းကို ပွတ်သပ်ပြီး စိတ်တိုဒေါ်သထွက်ရင်း စကားဆိုလေရာ  မသူဇာသည်

    “ဒေါ်လေးရယ် ကျမလည်း အခု ပြန်ကောင်းနေပါပြီ သူတို့ ကျမကို ဘာမကျေနပ်တာရှိလို့ လုပ်မှန်းမှ မသိတာ ကျမက‌ တော့ ရန်ကို ရန်နဲ့ ပြန်ပြီး မဖြေရှင်း‌ချင်‌တော့ပါဘူးဘူး ဝဋ်တခု ကျေပြီ လို့ပဲ သဘောထားလိုက်ပါမယ် “

    “သာဓု သာဓု သာဓု တူမကြီး တကယ့်ကို မွန်မြတ်ပါတယ်  သူတော်ကောင်းတွေ က ခွှင့်လွှတ်ပေမဲ့ သူတို့ရဲ့ အပြစ်‌ကြွေး ကတော့ တနေ့ သူတို့ ပြန်ဆပ်ရဦးမှာ ပါကွယ် ကဲ ကဲ ကျုပ်ကို ခွင့်ပြုကြပါဦး “

    “ကောင်းပါပြီ ဆရာကြီး အချိန်မရွေး ကျမတို့ အိမ်ကို လာလည်နိုင်ပါတယ် “

    “ကံ မကုန်ရင်တော့ ပြန်ဆုံရ ဦးမှာပေါ့ “

    ဦးဖိုးဝေသည်  ဒေါ်အေးမိ နှင့် မသူဇာတို့ကို နှုတ်ဆက်ကာ အိမ်အောက်သို့ ဆင်းပြီးနောက် သူရိယနှင့် အတူ သူ့အား အသင့်စောင့်နေသော ကျတ်လယ်ရှိ မကျွတ်မလွတ် ရှိနေသေးသော မိသားစုအား ကူညီပေးရန် မီးကွင်းရွာသို့ ခရီးဆက်လိုက်ကြပါလေတော့သည် ။

◾ဦးဖိုးဝေ နှင့် ဣသာ မစ္ဆရိယ သည်က ဤမျှသာ

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း