*စုန်းထီးကြီးဦးဘသာနှင့် ထုံအိုး*📖📖📖
*******************************
(၁)
ကျုပ်တို့ရွာစွန်မှာ လူမရှိတဲ့ သရက်ခြံတစ်ခုရှိတယ်ဗျ၊ ခြံကတော့ ရှိနေတာကြာပါပြီဗျာ၊ ဒါပေမယ့် ခြံပိုင်ရှင်တွေတော့မရှိတော့ဘူး၊ အဲဒီသရက်ခြံကနေ ဆက်သွားလိုက်ရင် ရွာအစွန်တောတန်းကလေးကို သွားလို့ရတယ်၊ လူမရှိတာကတော့ ကျုပ်တို့တစ်သက်ပဲဗျ၊ အရင်သရက်ခြံပိုင်ရှင်က ကိုဇော်ကြီးလို့ခေါ်ကြတဲ့လူဗျ၊ ကျုပ်တို့ရွာမှာ ဥယျာဉ်ခြံဆိုတာ ရှားတယ်ဗျ၊ ရာသီပေါ်သီးနှံတွေ၊ လယ်တွေ၊ ယာတွေလောက်ပဲစိုက်ကြတာ၊ ခြံဆိုလို့ ရွာတောင်ပိုင်းက ဒေါ်မြကြီးရဲ့ သံပရာခြံရယ်၊ ရွာအနောက်ဖျားက ကိုဇော်ကြီးရဲ့ သရက်ခြံရယ် ဒါပဲရှိတာ။
ကိုဇော်ကြီးဆိုတဲ့လူက ဘာစိတ်ကူးပေါက်တယ်တော့မသိဘူးဗျ၊ သရက်ခြံကိုရွာမှစစိုက်ပါရောဗျာ။ ရွာက ခြံဝိုင်းတွေထဲမှာ သရက်ပင်တွေရှိတယ်ဆိုပေမယ့် သူ့လိုတော့ ခြံတည်ပြီး စီးပွားဖြစ်စိုက်တဲ့လူမရှိဘူးဗျို့၊ သူ့ခြံထဲမှာလည်း သရက်သီးတွေအစုံပဲဗျာ၊ အမည့်ဖော်ရောင်းဖို့အတွက်ကတော့ ရင်ကွဲသီးတွေစိုက်ထားသဗျ၊ အဲဒီခေတ်က စိန်တလုံးတို့ဘာတို့ မပေါ်သေးတော့ အမှည့်ဆိုရင် ရင်ကွဲကအကောင်းဆုံးပေါ့ဗျာ၊ ပြီးတော့ စိမ်းစားသီးတွေလည်းစိုက်ထားသေးတယ်၊ စိမ်းစားသီးဆိုတာက သူ့အနံ့က မွှေးမွှေးကလေးဗျ၊ အခွံကလည်း ခပ်ပါးပါးနဲ့ဆိုတော့ အစိမ်းစားလို့သိပ်ကောင်းတာပေါ့ဗျာ၊ မှည့်သွားရင်တော့ စားမကောင်းတော့ဘူး။ ကြည့်ရတာ ကိုဇော်ကြီးဆိုတဲ့လူက သရက်သီးအစိမ်းပေါ်ချိန်မှာ စိမ်းစားသီးတွေကို ဖော်ရောင်းမယ်၊ အမည့်ပေါ်ချိန်ကျတော့ ရင်ကွဲတွေကို အုပ်မှည့်ခံပြီး ရောင်းမယ့်အစီအစဉ်ရှိတယ်နဲ့တူပါတယ်ဗျာ၊ နောက်သရက်တစ်မျိုးကတော့ သုံးလုံးတစ်တောင်ပဲဗျ။ အဲဒီသရက်ကျတော့ နာမည်အတိုင်းပဲ သရက်သီးတစ်လုံးတစ်လုံးကို တစ်ထွာကျော်ကျော်လောက်ကိုရှိတတ်တာ၊ ဒီသရက်တွေကျတော့ အစိမ်းစားရင်လည်း တအားချဉ်တယ်၊ အမှည့်ကျတော့လည်း ချဉ်တာပဲဗျာ၊ ဒီလိုသရက်သီးကျတော့ သရက်ချဉ်လုပ်ရင်အကောင်းဆုံးပဲဗျ။
သုံးလုံးတစ်တောင်လို အချဉ်စူးတဲ့သရက်သီးတွေကို ထိပ်ဖြတ်၊ ဖင်ဖြတ်ပြီးတော့ ရေထဲမှာစိမ်ထားပြီးအစေးထုတ်၊ ပြီးရင်တော့ ပေါက်ဓါးကလေးနဲ့ သရက်သီးကိုပေါက်ပြီး အမြှောင်းလေးတွေလှီးချပြီးတော့ သရက်ချဉ်စိမ်ကြတယ်၊ ခုခေတ်တော့ သရက်သီးကိုခြစ်နဲ့ထိုးကြတယ်ဗျ၊ ကျုပ်တို့ခေတ်ကတော့ ဒီအတိုင်းဓါးနဲ့ပေါက်ကြတာများပါတယ်၊ သရက်ချဉ်ဆိုတာကလည်း သိတဲ့အတိုင်း အလှူထမင်းကျွေးရင် မပါမဖြစ်ကိုးဗျ၊ အလှူဆိုရင် အသားတစ်မျိုးမျိုး၊ ပြီးတော့ သရက်ချဉ်သုပ်၊ အငန်အတွက်ကျတော့ ငါးပိကြော်၊ ငါးပိလိမ္မာ၊ ပြီးရင် ဟင်းချိုတစ်မျိုးမျိုးထည့်ပြီး ဒီလိုပဲကျွေးကြတာကိုးဗျာ၊ အသားမကျွေးနိုင်တဲ့အလှူဆိုရင်တောင်မှ ငါးခြောက်ကြော်၊ သရက်ချဉ်သုပ်၊ ဒီလိုပဲကျွေးကြတာကိုး။ ဒါကြောင့် သရက်ချဉ်ဆိုတာကလည်း ဈေးကွက်ရှိသဗျ၊ သရက်ချဉ်မပေါ်တဲ့ရာသီဆိုရင်တော့ ပဲတီချဉ်လုပ်ကြတယ်ပေါ့ဗျာ။
ထားပါတော့၊ အဲဒီကိုဇော်ကြီးဆိုတဲ့လူက သရက်ခြံကို စီမံကိန်းနဲ့စိုက်ခဲ့ပေမယ့် သူကတော့ ဒီခြံကြီးရဲ့အသီးအပွင့်တွေကို မစားလိုက်ရရှာပါဘူးဗျာ၊ သရက်ပင်စိုက်ပြီး ငါးနှစ်လောက်ကြာတော့ ကိုဇော်ကြီး ဘာကြောင့်မှန်းမသိဘဲ သေပါရော၊ ကျုပ်တို့က ခပ်ငယ်ငယ်ဆိုတော့ သိပ်မမီလိုက်ဘူး၊ မီလိုက်တဲ့လူကြီးတွေပြောတာတော့ ကိုဇော်ကြီးကို သရဲသတ်လို့သေတာတဲ့ဗျာ။
ကိုဇော်ကြီးမရှိတော့ အဲဒီခြံကို ဝယ်ပြီးဆက်လုပ်ချင်တဲ့လူတွေရှိတယ်၊ ဒါပေမယ့် ခြံကိုဝယ်တဲ့သူတိုင်း သုံးရက်မပြည့်ခင်မှာပဲ ပြန်ပြီးပြေးကြရသတဲ့၊ သရဲလိုက်ခြောက်လို့တဲ့ဗျာ၊ သူများတွေပြောတာကတော့ ကိုဇော်ကြီးက သူ့ခြံမှာသရဲဖြစ်ပြီးတော့ ခြံကိုပြန်စောင့်နေတယ်ဆိုပဲ၊ သူ့ခြံက သရက်သီးကို သူများခူးဖို့မပြောနဲ့ အပင်အောက်သွားတာတောင် မကြိုက်ဘူးတဲ့ဗျာ၊ ဒါကြောင့် သရက်ခြံကြီးက လူမရှိပေမယ့် ဘယ်သူမှ မခူးရဲကြဘူးတဲ့ဗျ၊ ခူးဖို့နေနေသာသာ သရက်ခြံနားကို နေ့ခင်းတောင်မသွားရဲကြဘူး။
သရက်သီးပေါ်ချိန်ရောက်ပြီဆိုရင်တော့ ရွာထဲက မကရင်မတို့ သရက်ခြံသွားပြီး သရက်သီးတွေခူးကြတယ်၊ သူတို့ကျတော့ ဘာမှမဖြစ်ဘူးဗျာ၊ မကရင်မက သရက်သီးတွေခူးပြီး အမှည့်ခံတာခံ၊ အစိမ်းကိုရောင်းတာရောင်းနဲ့ ဟန်ကျလို့ဗျို့၊ အဲဒီသရက်ခြံက မကရင်မတစ်ယောက်ကိုတော့ ဘာမှမလုပ်ဘူး၊ ဒါကြောင့် ကိုဇော်ကြီးခြံဆိုတဲ့နာမည်တောင်ပျောက်သွားပြီးတော့ ကရင်မခြံလို့ပဲ လူတွေခေါ်ကြတယ်။
ကျုပ်တို့ ကလေးတုန်းက အိမ်မှာနွားကူကျောင်းပေးရတာပေါ့ဗျာ၊ အဲဒီတုန်းက အကိုကြီးက ဆယ့်ငါးနှစ်လောက်၊ ကျုပ်က ဆယ်နှစ်သားလောက်ပေါ့၊ နွေဦးပေါက်ဆိုတော့ ကွင်းထဲမြက်တွေမရှိတော့ဘူးဗျ၊ ဒါနဲ့နွားတွေကိုခင်တန်းနားကိုမောင်းလာခဲ့ပြီး လှန်ထားလိုက်တယ်၊ လူတွေကတော့ သစ်ပင်တစ်ပင်အောက် အရိပ်ခိုနေရပါရောလားဗျာ။
ခြံထဲမှာ လူမနေဘူးဆိုပေမယ့် ခြံအလယ်မှာတော့ သစ်သားနဲ့လုပ်ထားတဲ့ ဇရပ်လိုလို ဘာလိုလိုအဆောင်ကလေးရှိတယ်၊ မကရင်မတို့ သရက်သီးခူးချိန်ဆိုရင် ခနတစ်ဖြုတ်နားတဲ့ နေရာလေးပေါ့ဗျာ၊ အဲဒီအဆောင်ကလေး ဘေးဘက်နားမှာလည်း စဉ့်အိုးကြီးတွေကို ချထားသဗျ၊ စဉ့်အိုး လေးငါးလုံးလောက်ရှိတယ်၊ မကရင်မတို့ သရက်ချဉ်ပေါက်တဲ့အခါ ဆေးဖို့ကြောဖို့ ရေသုံးတဲ့အိုးတွေဖြစ်မယ်ဗျ။
အကိုကြီးက သစ်ပင်အောက်ထိုင်နေရင်း အဝေးမှာမြင်နေရတဲ့ ကရင်မခြံက သရက်သီးပင်ကြီးကိုလှမ်းကြည့်နေတယ်ဗျ။ သရက်ပင်ကြီးအပေါ်မှာတော့ ရင်ကွဲသရက်သီးအလုံးကြီးတွေက ထွားထွားကျိုင်းကျိုင်းကြီးဗျို့၊ နေရောင်အောက်မှာ သရက်သီးတွေက ဝင်းပြီးတော့ ပြောင်နေတာပဲဗျာ၊ အကိုကြီးက သရက်သီးတွေကြည့်ပြီး
“အလတ်ကောင်၊ ကရင်မခြံက သရက်သီးတွေက တော်တော်ထွားတာပဲကွာ”
“ဟုတ်ပါ့ဗျာ၊ အိမ်ကသရက်ပင်ဆိုရင် အကင်းလောက်ရှိသေးတာ၊ သူက အခုတော်တော်ကြီးနေပြီ”
“ငါတို့ နွားကျောင်းရတာ ပျင်းတယ်ကွာ၊ ကရင်မခြံက သရက်သီးပစ်ချပြီးတော့ လျက်ဆားနဲ့တို့စားကြရအောင်”
အကိုကြီးက အကြံပေးတယ်ဗျ၊ ကျုပ်လည်း သရက်သီးတွေမြင်ပြီးတော့ သွားရေကျနေတာကြာပြီ၊ နွားကျောင်းသားတွေ လွယ်အိတ်ထဲမှာ ဆားထုပ်က ပါလေ့ရှိတယ်ဗျ၊ တစ်ခါတစ်လေ ဆားနဲ့ငရုတ်သီးအလှော်မှုန့်ကလေး ရောတောင်ထားသေးသဗျာ၊ ဒီလိုဆောင်ထားရတာကလည်း နွားကျောင်းရင်း ဆီးသီးလေးတွေ၊ ဂွေးသီးလေးတွေတွေ့ရင် ခူးပြီးတော့ ဆားနဲ့တို့စားလို့ရအောင် ဆောင်ထားကြတာ၊ အခုအကိုကြီးကတော့ လျက်ဆားနဲ့တဲ့ဗျ၊
ဆေးဆရာဦးမှတ်ကြီးရဲ့ အစာကြေလေနိုင်လျက်ဆားဖြစ်မယ်ဗျ၊ သူ့လျက်ဆားက ခပ်ငန်ငန်ပဲ၊ အဲဒါနဲ့ သရက်သီးချဉ်ချဉ်ကလေးနဲ့သာ တို့စားလိုက်ရရင်တော့ ဆွေမျိုးမေ့သွားမှာဗျို့။
“ဒါပေမယ့် ကရင်မခြံက သရဲခြောက်တယ်အကိုကြီး၊ ကျုပ်မသွားရဲဘူး”
“အိုကွာ၊ ငါတို့က သစ်ပင်ပေါ်မတက်ပါဘူးကွ၊ ငါက လောက်လေးနဲ့ သရက်သီးကိုပစ်ချမယ်ကွာ၊ သရက်သီးကျတဲ့အခါ မင်းကပြေးကောက်ပေါ့ကွ၊ ပြီးရင် အမြန်ပြန်ပြေးလာခဲ့၊ နေ့ခင်းကြောင်တောင်ကြီး သရဲကထွက်မလားကွ”
ကိုယ်ကလည်း စားချင်နေတယ်ဆိုတော့ လုပ်ရပြီပေါ့ဗျာ၊ အကိုကြီးက သရက်ခြံအစပ်က သရက်ပင်ကြီးပေါ်က တွဲလောင်းကျနေတဲ့သရက်သီးတွေကို လေးခွနဲ့ပစ်ချသဗျာ၊ သုံးလေးချက်လောက်ပစ်ပြီးတဲ့အခါကျတော့ သရက်သီး နှစ်လုံးပြုတ်ကျသွားသဗျာ၊ အကိုကြီးက ကျုပ်ကိုမေးငေါ့ပြပြီး
“အလတ်ကောင်၊ သရက်သီး သွားကောက်စမ်းကွာ”
ကျုပ်လည်း အမြန်ပြေးရတာပေါ့၊ သရက်ပင်အောက်ရောက်တော့ သရက်သီးနှစ်လုံးက အပင်အောက်က နွားချေးပုံထဲမှာ နစ်နေပါရောဗျာ၊ နွားချေးကလည်း လတ်လတ်ဆတ်ဆတ်တွေပဲဆိုတော့ သရက်သီးတွေမှာ ပေကျံနေတာပါပဲ၊ အကိုကြီးဆီ သရက်သီးနှစ်လုံးကိုင်ပြီးပြေးသွားတော့ အကိုကြီးက မျက်မှောင်ကြုတ်တယ်။
“အလတ်ကောင် ဘယ်လိုဖြစ်လာတာလဲကွ”
“အကိုကြီးပစ်တဲ့သရက်သီးက နောက်ချေးပုံထဲကျနေလို့ဗျ”
“ဟာ၊ အဲဒါဘယ်လိုစားမလဲကွ၊ ဘာမှမပေရင်တောင်မှ ပုဆိုးနဲ့သုတ်ပြီးစားလို့ရသေး၊ အခုနောက်ချေးထဲကျထားတာဆိုတော့ ရေဆေးပြီးစားမှကောင်းမှာကွ၊ ခုက နွေရောက်ပြီဆိုတော့ ဒီနားက ကန်တွေလည်းခမ်းနေလောက်ပြီ”
ဒီအခါ ကျုပ်အကြံရသွားတယ်။
“ဟုတ်ပြီဗျာ၊ ခြံလယ်က ဇရပ်ကလေးဘေးနားမှာ ရေအိုးကြီးတွေချထားတယ်မဟုတ်လားဗျ”
အကိုကြီးမျက်လုံးတွေအရောင်လက်သွားပြီးတော့
“ဟုတ်တယ်ဟေ့၊ အရိပ်လည်းကောင်းတာဆိုတော့ ဒီအိုးတွေထဲ ရေခမ်းမှာမဟုတ်သေးဘူးကွ၊ ရေခမ်းတောင်မှ ဖင်ကတ်လောက်တော့ ရှိအုံးမှာ၊ သွားအလတ်ကောင်၊ အဲဒီအိုးမှာ သွားဆေးစမ်း”
“ဟာ၊ မသွားရဲဘူး၊ ကျုပ်ကြောက်တယ်ဗျ”
“သွားစမ်းပါဆိုကွာ၊ လာလာ ငါပါလိုက်ခဲ့မယ်”
အကိုကြီးနဲ့ကျုပ်နဲ့ သရက်ခြံထဲကိုဝင်လာကြတာပေါ့ဗျာ၊ ဘာကြောင့်လည်းမသိဘူး နွေရာသီတောင်မှ ခြံထဲဝင်လိုက်တော့ စိမ့်နေအောင် အေးသဗျာ၊ သရက်ပင်တွေက အုပ်အုပ်ဆိုင်းဆိုင်းကြီးတွေ၊ ထူးဆန်းတာတစ်ခုကတော့ သရက်ပင်ခြေတွေမှာ အရွက်ခြောက်တွေ၊ မြက်တွေမရှိဘဲ ပြောင်ပြောင်ကလေးဖြစ်နေတာဗျ။
ဇရပ်ကလေးနားရောက်တော့ အကိုကြီးက
“ဟေ့အလတ်ကောင်၊ သွားဆေးလေကွာ”
“ဟာ၊ ကျုပ်မသွားရဲဘူး၊ ရော့ အကိုကြီးပဲသွားဆေး”
အကိုကြီးက သရက်သီးနှစ်လုံးယူပြီး စဉ့်အိုးတစ်လုံးအနားကပ်သွားတယ်ဗျ၊ အဲဒီစဉ့်အိုးက မြေကြီးထဲမှာ တစ်ဝက်လောက်နစ်အောင်မြှုပ်ထားတာ၊ စဉ့်အိုးတွေရဲ့ နောက်ဆုံးဘက်ကျတဲ့အိုးပဲဗျ၊ အိုးကိုတော့ သစ်သားနဲ့လုပ်ထားတဲ့ အိုးအဖုံးနဲ့အုပ်ထားတယ်၊ အကိုကြီးက အိုးအဖုံးကိုဖွင့်လိုက်ပြီးတော့ အိုးထဲကိုငုံ့ကြည့်လိုက်တယ်၊ ပြီးတော့ သရက်သီးကိုင်ထားတဲံလက်ကို အိုးထဲထည့်လိုက်တာပေါ့ဗျာ။
အကိုကြီးသရက်သီးရေဆေးတာက တစ်မျိုးပဲဗျ၊ အိုးထဲကိုချလိုက် တင်လိုက်နဲ့လုပ်နေတာ တော်တော်ကြာတယ်၊ မပြီးဘူးဗျာ၊
“အကိုကြီး၊ ဘာလုပ်နေတာလဲဗျ၊ တော်ရုံဆေးရင် ပြီးပြီပေါ့”
“အလတ်ကောင် ငါ့ကိုကယ်ပါအုံး . . .ကယ်ပါအုံးကွာ”
“ဘာဖြစ်လို့လဲဗျ”
“အိုးထဲက လက်ဖြူဖြူကြီးက ငါ့လက်ကိုဆွဲထားတယ်ကွ”
ကျုပ်ပြေးကြည့်လိုက်တော့ ဖြူဖွေးဆွတ်နေတဲ့လက်ကြီးတစ်ခုက အကိုကြီးလက်ကောက်ဝတ်ကိုဖမ်းဆွဲထားသဗျာ၊ ကျုပ်အနီးအားကိုရှာကြည့်လိုက်တော့ ကျောက်ပြင်တစ်ခုတွေ့သဗျ၊ ကျောက်ပြင်ဆိုပေမယ့် သနပ်ခါးလိမ်းတဲ့ကျောက်ပြင်မဟုတ်ဘူး၊ သရက်ချဉ်လုပ်တဲ့အခါ အပေါ်ကနေဖိတဲ့ ကျောက်ပြားချပ်ကိုပြောတာဗျ၊ အဲဒါနဲ့ အဲဒီကျောက်ပြင်ကို မနိုင်တနိုင်နဲ့မယူပြီးတော့ အိုးထဲကိုပစ်ထည့်လိုက်ပါရောဗျာ၊ ဝုန်းခနဲအသံကြီးကြားလိုက်ရပြီးတော့ အကိုကြီးလက်လည်းပြန်လွတ်လာသဗျ၊ ကျုပ်တို့ညီအကိုနှစ်ယောက်ဆို တစ်ချိုးတည်းလှည့်ပြေးကြတာ အိမ်ကိုဘယ်လိုပြန်ရောက်လို့ ရောက်သွားမှန်းကိုမသိပါဘူးဗျာ၊ ကရင်မခြံမှာ သရဲရှိတာတော့ အဲဒီမှာ ယုံသွားတာပါပဲ၊ နောက်ဆို ခြံထဲက သရက်သီးခူးဖို့မပြောနဲ့ ခြံနားကတောင် ဖြတ်မလျှောက်ရဲအောင်ပဲဗျို့။
(၂)
အခုလည်း နွေလယ်ရောက်ပြီဆိုတော့ မကရင်မတို့ လုပ်ငန်းပြန်စနေပြီပေါ့ဗျာ၊ သရက်သီးမှည့်တွေကို တောင်းပြဲကြီးနဲ့ထည့်ပြီးတော့ ခြံထဲကိုဝင်လာသဗျ၊ တောင်းကိုအုပ်ထားတဲ့ ပုဆိုးစကိုလှန်လိုက်တဲ့အခါမှာတော့ အထဲမှာ ရင်ကွဲသရက်သီးတွေ မှည့်ဝင်းနေတာပါပဲဗျာ။
“အရီးသန်းရေ၊ သရက်သီးဝယ်ပါအုံး”
အမေက ပြေးထွက်လာရင်း သရက်သီးတွေကိုကိုင်ကြည့်ပြီး
“အနံ့ကတော့ မွှေးသားဟဲ့၊ ဒါနဲ့ ညည်းသရက်သီးတွေက အုပ်မှည့်တာတွေနော်၊ ချိုပါ့မလား”
“အောင်မယ်လေးအရီးရယ်၊ ခွဲသာစားကြည့် မချိုရင်တစ်ပြားမှမပေးနဲ့”
“အေး၊ တစ်လုံးဘယ်လောက်လဲ”
“တစ်လုံးတစ်မတ်၊ တစ်ကျပ်ဖိုးကို လေးလုံးယူ”
“ဟယ်၊ များလိုက်တာအေ၊ ငါးလုံးတစ်ကျပ်မရဘူးလားအေ့”
“အို အရီးကလည်း ဈေးဆစ်နေပြန်ပါပြီ”
“ဟဲ့ ကရင်မ၊ နင်က အလကားရတဲ့သရက်သီးကို ဈေးတင်ရောင်းနေပြန်ပါပြီအေ၊ တစ်ကျပ်ဖိုးငါးလုံးထား မရရင်မယူဘူးအေ”
မကရင်မက မျက်နှာကိုရွဲ့လိုက်ရင်း
“ကဲကဲ ယူပါအရီးရယ်၊ ယူပါ”
မကရင်မက ပြောဆိုရင်း သရက်သီးတွေကို လက်ဝါးနဲ့ တဘုတ်ဘုတ်ပုတ်ပြီးတော့ အမေ့ကိုငါးလုံးပေးတယ်၊ အမေက ယူလိုက်ပြီးတော့ တစ်ကျပ်ပြန်ပေးလိုက်တော့ တောင်းကိုငေါက်ခနဲရွက်ပြီး ခြံထဲကနေထွက်သွားပါရော၊ ခြံအပြင်မထွက်ခင်တောင်မှ အမေ့ကိုတစ်ချက်ကြည့်ပြီး ခပ်ပြုံးပြုံးလုပ်သွားသေးဗျာ၊
“အမေ ကျုပ်ကိုတစ်လုံးလောက်ပေးဗျာ”
“ဟဲ့ ညနေကျတော့ တစ်အိမ်သားလုံး မျှစားရမှာပေါ့ဟဲ့၊ နင်ကဘာလုပ်မလို့လဲ”
“ဟိုနေ့က ဦးဘသာနဲ့တွေ့တော့ ဦးဘသာက သရက်သီးမှည့်စားချင်လို့တဲ့ဗျ၊ ကျုပ်တောင်ပြောလိုက်သေးတယ် အိမ်ကသရက်သီးတွေက မရင့်သေးလို့ဗျို့၊ ရင့်ရင် အုပ်မှည့်ပေးမယ်လို့ ပြောလိုက်တယ်”
အမေက သရက်သီးတစ်လုံးထိုးပေးပြီးတော့
“ဒါဆိုရင်လည်း သွားပေးလိုက်စမ်းပါ အလတ်ကောင်ရာ၊ ကဲ ရော့ ရော့”
အမေ့ဆီက သရက်သီးကြီးကြီးတစ်လုံးကိုယူပြီးတော့ ခါးပုံစထဲထည့်ပြီး ကျုပ်လည်း ဦးဘသာအိမ်ကိုပြေးလာခဲ့လိုက်တယ်၊ အချိန်ကိုက်ပဲဗျို့၊ ဦးဘသာအိမ်ကိုရောက်တော့ ဦးဘသာက ထမင်းစားဖို့တောင်လုပ်နေပြီ။
“ဦးဘသာ ဘာဟင်းချက်သလဲဗျ”
“ဒီနေ့တော့ ဘာဟင်းမှမချက်ဘူးဟေ့၊ ချက်ရမှာလည်းပျင်းသကွာ၊ ငါးပိကောင်မီးဖုတ်ကလေးကျန်တယ်၊ မြေပဲဆန်လှော်ကလေးရယ် ဒါပဲဟေ့”
“ဟား၊ ဟား ဒါဆိုရင်တော့ ဟောဒီမှာကြည့်လိုက်ဗျာ”
ကျုပ်က ခါးပုံစထဲက သရက်သီးမှည့်ထုတ်ပြီး ဦးဘသာကိုပြလိုက်တယ်။
“အောင်မယ်၊ မင်းက ငါစားချင်မှန်းသိလို့ လာကြွားတာလားကွ”
“မဟုတ်ပါဘူးဗျာ၊ ဦးဘသာစားဖို့ ယူလာပေးတာပါဗျ၊ ကဲ ထမင်းနဲ့စားလိုက်”
ဦးဘသာလည်း ပျော်သွားတယ်ဗျ ကျုပ်လက်ထဲက သရက်သီးကိုလှမ်းယူပြီးတော့
“သရက်သီးမှည့်နဲ့ ထမင်းပူပူလေးနဲ့ စားချင်တာကြာပြီဟေ့၊ ဒီတစ်ခါတော့ အလတ်ကောင် ကောင်းမှုနဲ့စားရတော့မယ်”
ဦးဘသာကအိမ်နောက်ကိုပြေးဝင်သွားပါရောဗျာ၊ ပြန်ထွက်လာတော့ သရက်သီးမှည့်ကိုခွဲထားပြီး ပန်းကန်လေးနဲ့ထည့်လာတယ်၊ ကျုပ်အရှေ့တင်ပဲ သရက်သီးမှည့်နဲ့ ထမင်းနဲ့ကိုစားပါရောဗျာ။
“သရက်သီးက ချိုနေတာပဲဟေ့၊ စားလို့ကောင်းလိုက်တာကွာ”
ဦးဘသာက ဝါးနေရင်း တဖြည်းဖြည်းမျက်မှောင်ကြုတ်သွားတယ်ဗျ၊ နောက်တော့ သူ့ပါးစပ်ထဲက တစ်ခုခုကိုထွေးချသလိုဟန်လုပ်ပြီးတော့ အပြင်ကိုလွှင့်ပစ်လိုက်တယ်၊ ပြီးတော့ သရက်သီးပန်းကန်ကိုလည်း လက်နဲ့အသာကလေးပွတ်ပြီးတော့ အပြင်ကိုလွှင့်ပစ်တဲ့ပုံစံ လုပ်ပါရောဗျာ။ ကျုပ်က သူ့ကိုကြည့်ရင်း
“ဦးဘသာ၊ စားစရာရှိတာမစားဘူး၊ ဘာတွေလွှင့်ပစ်နေတာလဲဗျ”
“နေပါအုံးအလတ်ကောင်၊ ဒီသရက်သီးကို မင်းဘယ်ကရသလဲ”
“မကရင်မဆီကနေ ဝယ်တာလေဗျာ”
ဦးဘသာက ပြောနေတုန်း သရက်သီးနဲ့ထမင်းနဲ့ဆက်စားနေပါရော။
“ဝယ်နေတုန်း ဘာဖြစ်သေးသလဲကွ”
“ဘာဖြစ်ရမှာလဲဗျာ၊ အဲ၊ နေအုံး၊ သရက်သီးဝယ်ရင်း အမေက ဈေးဆစ်လိုက်သေးသဗျာ”
“ကရင်မက ပေးရောလားဗျ”
“သူကြီးမို့လို့ထင်တယ် ပေးလိုက်သဗျ”
“အေး၊ ငါထင်နေတာ အဲဒါပဲကွ၊ ကရင်မက ပညာတတ်တယ်ကွ၊ မင်းအမေဝယ်တဲ့သရက်သီးထဲကို ပညာနဲ့အပင်းခတ်လိုက်သကွ၊ အသေအကြေလုပ်တာတော့မဟုတ်ဘူးဟေ့၊ ပညာက ခပ်ပါးပါးရယ်ပါ”
“ဘာဗျ၊ သူက ဘာဖြစ်လို့အဲဒီလိုလုပ်ရတာလဲ”
“ဘာမှတော့မဟုတ်ဘူး၊ မင်းအမေကို ဈေးဆစ်တာသတိထားလို့ ပြောလိုက်စမ်းပါကွာ၊ တချို့ဈေးသည်တွေက ဈေးဆစ်တာမကြိုက်ဘူးကွ၊ ပညာသည်တွေနဲ့တွေ့တဲ့အခါ ပညာသည်တွေက ဆစ်တဲ့ဈေးအတိုင်းပေးပေမယ့် မှတ်လောက်သားလောက်အောင်ဆိုပြီး စိတ်မလိုရင် တစ်ခုခုလုပ်ထည့်လိုက်တယ်ဟေ့၊ မင်းမကြားဖူးဘူးလားကွ၊ ငါးပိသည်ကို ဈေးဆစ်ပြီးဝယ်တာမှာ ငါးပိသည်က ပညာတတ်တော့ ငါးပိတွေကိုထည့်တော့ထည့်ပေးလိုက်ပါရဲ့ အိမ်ရောက်တော့ ငါးပိသည်ထည့်ပေးလိုက်တဲ့ငါးပိလတ်လတ်ဆတ်ဆတ်တွေက လောက်တွေထိုးပြီး ပုပ်နေတာ ခွေးတောင်မစားဘူးတဲ့ကွာ”
“တော်တော်ယုတ်မာတာပဲနော်ဗျ”
“လူ့စိတ်ဆိုတာ မသိနိုင်ဘူးကိုးကွ၊ ဒါကြောင့် မင်းအမေကို ဈေးဆစ်တာသတိထားလို့ပြောလိုက်၊ ဒါနဲ့ မင်းအိမ်ကိုပြန်ရင် သရက်သီးတွေမစားဖို့ ပြောလိုက်အုံးကွ၊ သွား အခုသွားပြော”
“အခုတော့ မစားသေးပါဘူးဗျာ၊ အိမ်မှာက ညစာထမင်းစားပြီးတော့မှ အချိုတည်းဖို့ဆိုပြီး စုစားကြတာဗျ၊ အိမ်ရောက်တော့ ပြောလိုက်မယ်ဗျာ”
“အေးပါ၊ မင်းရရင်ပြီးတာပါပဲ”
“ဒါကြောင့်နေမှာဦးဘသာ၊ မကရင်မရဲ့ သရက်ခြံက သရဲခြောက်တယ်ဆိုပေမယ့် သူက စုန်းဆိုတော့ သရဲကိုနိုင်တာနေမှာပေါ့ဗျာ”
“ဒါလည်းပါတယ်၊ ငါကြားဖူးတာတော့ ကရင်မခြံမှာ ထုံအိုးရှိတယ်တဲ့ကွ”
“ဗျာ၊ ထုံအိုးတဲ့လား၊ အဲဒါ ဘာကိုပြောတာလဲ”
“ထုံအိုးဆိုတာ အောက်လမ်းပညာနဲ့စီရင်ထားတဲ့ အစိမ်းသရဲမွေးနည်းပေါ့ကွာ၊ အောက်လမ်းမှာ အစိမ်းသရဲမွေးနည်းတွေအများကြီးရှိတယ်ဆိုပေမယ့် ဒီထုံအိုးစီရင်တာကတော့ အဆင့်မြင့်တဲ့ပညာတစ်ခုလို့ပြောနိုင်တယ်”
“ဟာ၊ လုပ်ပါအုံးဗျာ၊ မကြားဖူးတာတွေ ခုမှကြားရတော့တယ်”
“ထုံအိုးအစီအရင်ကို များသောအားဖြင့်တော့ မြေနဲ့ဆိုင်တဲ့ကိစ္စတွေမှာ အသုံးပြုတယ်ကွ၊ ဟိုးရှေးခေတ်ကတည်းက စီရင်ပြီးသုံးလာခဲ့ကြတာပေါ့၊ မြေနဲ့ဆိုင်တယ်ဆိုတာကတော့ အိမ်မြေ၊ ခြံမြေ၊ လယ်ယာမြေတွေကို အစိမ်းသရဲကိုစောင့်ခိုင်းတာပေါ့ကွာ၊ အစိမ်းသရဲစောင့်တဲ့အခါ အိမ်တွေခြံတွေက လူတွေစောင့်တာထက်ကို ပိုလုံတယ်ကွ”
“အဲဒီထုံအိုးဆိုတာ ဘယ်လိုများစီရင်ကြပါလိမ့်ဗျာ၊ ဦးဘသာ သိသလား”
“သိတာပေါ့ကွ၊ အရင်ဆုံးကတော့ အိုးတစ်လုံးလိုတယ်ကွာ၊ ကိုယ်မွေးမယ့်သရဲအနေအထားအပေါ်မူတည်ပြီးတော့ ဖျဉ်းအိုး၊ သောက်ရေအိုးအရွယ်လောက်ကနေ ရာဝင်အိုးအထိစီရင်ကြတယ်၊ ပြီးရင်တော့ အစိမ်းသေ သေထားတဲ့အလောင်းဆီက အသားကိုခုတ်ယူရတယ်၊ အသားယူတဲ့အခါမှာလည်း အသားစုံ၊ ကလီစာစုံအောင်ယူကြတယ်ကွ၊ အဲဒီလိုယူပြီးတဲ့အခါကျတော့ အိုးအတွင်းဖင်ဘက်မှာ အင်းစီရင်ပြီး ခုနက လှီးထားတဲ့အသားတွေထည့်ပြီး အစိမ်းသရဲမွေးတာပဲဟေ့၊ ပြီးရင်တော့ အိုးကိုမြေအောက်မြှုပ်ကြတယ်၊ တစ်ချို့အရပ်မှာကျတော့ အိုးအဝပေါ်အောင်လောက်မြှုပ်တယ်ဆိုပေမယ့် တစ်ချို့တွေကျတော့ အိုးကိုတစ်ဝက်လောက်ပဲမြှုပ်သကွ၊ မြှုပ်တဲ့အခါမှာလည်း အိုးအဝကိုဖော်ထားရတယ်”
“ပြီးရင်တော့ အသားစိမ်းငါးစိမ်းတွေကို အိုးထဲကိုထည့်ပေးရတာပဲ၊ အိုးသေးရင်တော့ ကြက်သား၊ အမဲသား နည်းနည်းပါးပါးထည့်ရင်ရပြီ၊ အိုးကြီးရင်တော့ အမဲပေါ်ရင်လည်း အမဲအရိုးတွေ၊ ဝက်အရိုးတွေ၊ ကြက်ဆိုရင်လည်း လေးငါးကောင် အဲဒီလိုထည့်ရတယ်ကွ၊ ထည့်တဲ့အခါ အပတ်စဉ်ထည့်တာလည်းရှိသလို၊ တစ်ချို့က လစဉ်ထည့်တယ်၊ အကြိမ်များများထည့်ပေးနိုင်လေ အစိမ်းသရဲက စွမ်းလေပဲကွ၊ တစ်ခုထူးတာကတော့ အိုးထဲကို အမဲခေါင်းတွေ၊ ခြေလက်တွေထည့်တယ်ဆိုပေမယ့် အဲဒီအိုးက ပြည့်လာတယ်လို့မရှိဘဲ ထည့်ထားတဲ့အရိုးတွေသာ တဖြည်းဖြည်းကုန်သွားတာပဲတဲ့ကွာ”
“ထူးဆန်းတယ်ဗျာ၊ အိုးတွေမြှုပ်တယ်ဆိုတော့မှ ကျုပ်သတိရတယ်ဗျ၊ ဗျတ်ဝိသေတော့ သူ့ကိုယ်ကို လေးပိုင်းပိုင်းပြီးတော့ အိုးလေးလုံးထဲထည့်ပြီး သထုံမြို့လေးထောင့် မြှုပ်ထားပြီး မြို့ကိုစောင့်ခိုင်းထားတာမဟုတ်လား၊ ပြီးတော့ ဗျတ်ဝိသွေးကို မြို့ရိုးပတ်ပတ်လည် အစီအရင်လုပ်ပြီးသွန်တော့ ကြက်မတစ်ဝပ်စာလောက် သွေးကလိုနေတယ်ဆိုတာလေဗျာ၊ ကျုပ်အခုစဉ်းစားကြည့်တော့ အဲဒီအိုးတွေက ထုံအိုးတွေများလားလို့”
“မင်းက ရာဇဝင်တွေဖတ်ထားတော့ သိနေတာပေါ့ကွာ၊ ဖြစ်နိုင်ပါတယ်၊ ဒါကအများကြိးဖြစ်နိုင်တယ်”
“ဒါဆို ကရင်မခြံမှာ ထုံအိုးရှိတာဆိုတော့ ကရင်မက မြှုပ်ထားတာလား”
ဦးဘသာက ခေါင်းခါပြီးတော့
“မဟုတ်ဘူးကွ၊ ငါ့အထင် ဇော်ကြီးမြှုပ်ခဲ့တာနေမယ်ကွ၊ ဇော်ကြီးက အောက်လမ်းဆရာတစ်ယောက်နဲ့ပေါင်းမိပြီး သူ့ခြံကိုသူ ထုံအိုးမြှုပ်ပြီး အစောင့်ထားထားတာပဲနေမှာ”
ဒီတော့မှ ကျုပ်က ငယ်ငယ်က အဖြစ်အပျက်တစ်ခုကို သတိရသွားတော့သဗျာ။ ဒါနဲ့ လက်ခုပ်ထတီးပြီး
“ဟုတ်ပြီဗျို့၊ ထုံအိုး၊ ထုံအိုး၊ ဟုတ်တယ်ဗျာ၊ ကျုပ်ငယ်ငယ်က အကိုကြီးနဲ့အဲဒီခြံထဲကိုသွားတော့ အိုးကြီးတစ်လုံးထဲကနေ လက်ကြီးထွက်ပြီးခြောက်လွှတ်လိုက်တယ်မဟုတ်လား၊ အခုမှပဲသိတော့တယ်၊ ဒါဆို ကျုပ်တို့နှိုက်တဲ့အိုးက ရေအိုးမဟုတ်ဘဲ ထုံအိုးဖြစ်နေတာပဲဗျ”
“ငါ့အထင် ဇော်ကြီးက သူ့ထုံအိုးကို ပုံမှန်ကျွေးဖို့ မေ့နေပုံထောက်တယ်ကွ၊ တို့တောရွာတွေကျတော့ အသားစားငါးစိမ်းဆိုတာ ပုံမှန်ရတာမဟုတ်ဘူးလေ၊ အစိမ်းသရဲဆိုတာလည်း သူစားရသောက်ရမဲ့နေ့ကိုမှတ်ထားတာဆိုတော့ ဇော်ကြီးရက်လွန်သွားတဲ့အခါ ဇော်ကြီးကိုပြန်သတ်လိုက်တာနေမှာကွ၊ ဒီအခါ ပညာတတ်တဲ့ကရင်မက ထုံအိုးရှိတာသိပြီးတော့ ထုံအိုးကိုအစာပြန်ကျွေးလိမ့်မယ်၊ ဒါကြောင့် အဲဒီခြံကို ဘယ်သူမှသွားမရပေမယ့် ကရင်မကတော့ အေးအေးလူလူသရက်သီးတွေ ခူးနေတယ်မဟုတ်လားကွ”
“အခုမှပဲ သဘောပေါက်တော့တယ်ဗျာ၊ ဟုတ်တယ်ဗျ၊ ဒါကြောင့် မကရင်မက တစ်နှစ်တစ်ခါ ငွေရှာပြီးကောင်းစားနေတာကိုးဗျာ၊ ဒါဆို အဲဒီထုံအိုးကိုရော ဖျက်လို့မရဘူးလားကွ”
“ဘာဖြစ်လို့ဖျက်မှာလဲကွာ၊ သူ့ကိစ္စနဲ့သူသွားပါလိမ့်မယ်ကွ၊ ဒါနဲ့ မင်းမှာလည်း ကိစ္စရှိသေးတယ်နော်”
“ဟာ၊ ဟုတ်ပါ့ဗျာ၊ အိမ်ကသရက်သီးတွေ မစားအောင်ပြောရမယ်၊ ကျုပ်ပြန်မယ် ပြန်တော့မယ်ဗျို့”
ဦးဘသာက ကျုပ်လက်ကိုဆွဲပြီးတော့
“နေအုံးအလတ်ကောင်၊ ငါမင်းကိုတစ်ခုပေးလိုက်မယ်”
ဦးဘသာက ကွမ်းအစ်ထဲလက်နှိုက်ပြီးတော့ ကွမ်းသီးစိတ်သုံးလေးစိတ်ကို ကျုပ်လက်ထဲထည့်ပေးတယ်ဗျ။
“ဒါတွေက ဘာလုပ်တာလဲ ဦးဘသာ”
“နောက်တော့ မင်းလိုပါလိမ့်မယ်ကွ၊ ကဲ သွားတော့ဟေ့”
ကျုပ်လည်း ဦးဘသာအိမ်ကနေပြေးထွက်ခဲ့တယ်၊ အိမ်ပြန်ရောက်လို့ အိမ်ထဲဝင်လိုက်တဲ့အခါ အိမ်ထဲမှာ ဘယ်သူမှမရှိဘူးဗျ၊
“အမေရေ . . . အမေ၊ ဟာ၊ ဘယ်သွားပါလိမ့်”
“ဟဲ့ အလတ်ကောင် ငါအိမ်နောက်မှာ”
ကျုပ်အိမ်နောက်ကိုဝင်လိုက်တော့ အိမ်သာရှေ့မှာ အမေက ဆောင့်ကြောင့်လေးထိုင်နေသဗျာ၊ အိမ်သာတံခါးကိုတော့ အငယ်ဆုံးမက လက်နဲ့တဘုန်းဘုန်းထလို့ဗျ။
“အမရယ် မြန်မြန်လုပ်ပါ၊ ထွက်ခဲ့ပါတော့ ဒီမှာထွက်တော့မယ်”
အိမ်သာတံခါးက ဝုန်းခနဲပွင့်သွားပြီးတော့ နို့ညှာညီမက ထွက်လာတယ်ဗျ၊ ဒီအခါ အငယ်ဆုံးညီမက အိမ်သာထဲကိုဝင်ပြီး တံခါးကိုပိတ်လိုက်ပါရော၊ အမေက တခါထပြီးတော့ အော်ပြန်တယ်။
“ဟဲ့ အငယ်မ၊ နင်အခုထွက်၊ ထွက်ခဲ့၊ ဒါငါ့အလှည့်”
ကျုပ်က ကြောင်စီစီနဲ့အမေ့အနားကိုသွားရင်း
“အမေတို့ ဘာဖြစ်နေကြတာလဲ”
“ဘာဖြစ်ရမလဲဟယ်၊ မနက်က ဘာအစားမှားတယ်မသိပါဘူး၊ ငါဗိုက်တွေအောင့်ပြီး ဝမ်းတွေလျှောနေလို့ဟ”
“ဟင်၊ ဒါ . . ဒါနဲ့ မကရင်မရဲ့ သရက်သီးတွေ စားလိုက်သေးလား”
“အေးဟ၊ ငါတို့လည်းစားချင်တာနဲ့ သရက်သီးနှစ်လုံးခွဲပြီးစားလိုက်တာ”
“ဟာ . . . အမေတို့ကတော့ ပြဿနာပဲဗျာ၊ အဲဒါ သရက်သီးကြောင့်ဖြစ်တာဗျ”
အမေက ကျုပ်ကိုကြည့်ပြီး
“ဟဲ့ သရက်သီးက ဘာဖြစ်လို့လဲ”
ကျုပ်လည်း ပြောရခက်နေတယ်။
“ဟိုဟာဗျာ၊ မကရင်မ သရက်သီးကို ပျားထိုးထားလို့ ပိုးတွေပါတယ်အမေရ၊ အဲဒီပိုးတွေကြောင့် ဝမ်းလျောကုန်တာလားပဲဗျာ”
ဒီအချိန်မှာပဲ ကျုပ်လက်ထဲကိုင်ထားတဲ့ ကွမ်းသီးစိတ်သုံးလေးစိတ်ကို သတိရလိုက်တယ်၊ ဧကန္တတော့ ဦးဘသာက ဒီအဖြစ်ကို ကြိုသိနေလို့များလား၊ သူပေးတာလည်း အကြောင်းတစ်ခုခုတော့ရှိမယ်ထင်တာနဲ့ အမေ့ကို ကွမ်းသီးစိတ်တစ်စိတ်လှမ်းပေးလိုက်တယ်။
“အမေ၊ ဟောဒီကွမ်းသီးကိုသာ ကိုက်ဝါးပြီးငုံထားလိုက် အမေတို့ဝမ်းလျောတာ ပျောက်သွားလိမ့်မယ်”
“ဟင်၊ နင်ကဘယ်လိုလုပ်ပြီးသိတာလဲဟဲ့”
“ဟိုလေ၊ ဆေးဆရာဦးမှတ်ကြီးတစ်ခါပြောဖူးလို့ပါ ဝမ်းလျောရင် ကွမ်းသီးကိုက်ရင်ပျောက်တယ်ဆိုလို့ ရော့ ရော့ ဒါလေးငုံထားကြ”
ကျုပ်က အမေ့ကိုတစ်စိတ်၊ နို့ညှာအလတ်မကိုတစ်စိတ်ပေးလိုက်တော့ သူတို့လည်း ကွမ်းသီးကိုကိုက်ပြီးငုံထားကြတယ်ဗျ၊ အငယ်မထွက်လာတော့လည်း သူ့ကိုကျွေးလိုက်တာပေါ့ဗျာ၊ ချက်ချင်းတော့ မရပ်သေးဘူးဗျ၊ အိမ်သာတစ်ခါလောက်သွားပြီးတော့ အားလုံးဝမ်းရပ်သွားတော့တယ်။
“ဟဲ့ အလတ်ကောင်ပြောတာ မှန်သားဟ၊ အခုဆိုရင် ဗိုက်လည်းမအောင့်တော့ဘူး၊ ဝမ်းလည်းမသွားတော့ဘူး”
ကျုပ်မှာ အခုမှသက်ပြင်းချနိုင်တယ်ဗျာ။ ဒီကရင်မဆိုတဲ့မိန်းမက တော်တော်ယုတ်မာတဲ့လူပဲဗျ၊ သူ့ကိုဈေးဆစ်တာနဲ့ လူတွေကိုဘေးတွေ့အောင်လုပ်ခဲ့တာဗျ၊ သူလုပ်တာက ခပ်ပါးပါးဆိုပေမယ့်လည်း ခံရတဲ့လူအဖို့တော့ မသက်သာဘူးပေါ့ဗျာ။
“အမေ၊ အဲဒီကရင်မခြံက သရက်သီးတွေဝယ်မစားပါနဲ့ဗျာ၊ အပင်တွေက ပြုစုမယ့်လူမရှိတော့ ပိုးထိုးလောက်ကိုက်တွေဗျ”
“အေးပါဟယ်၊ ငါနောက်ဆိုသတိထားပါ့မယ်”
(၃)
ကျုပ်တို့စကားပြောနေတုန်းမှာပဲ ကာလသားကိုမြင့်က ခြံထဲပြေးဝင်လာပါရောဗျာ။
“အလတ်ကောင်၊ သူကြီး . . .သူကြီးဘယ်မှာလဲကွ”
ကျုပ်မဖြေရသေးခင်မှာပဲ အမေက
“သူကြီးက ပေတောရွာဘက်သွားတယ်ဟဲ့”
ကိုမြင့်က ခေါင်းကုပ်ပြီး
“ဒုက္ခပါပဲဗျာ၊ ဒီမှာ ပြဿနာတက်နေပြီဗျ”
“ဘာပြဿနာတက်တာလဲဟဲ့”
“ကိုကြွက်နီထန်းတောမှာ ထန်းအငှားတက်တဲ့ ကိုပါကြီးတစ်ယောက် ထန်းပင်ပေါ်က ပြုတ်ကျလို့ဗျ”
“ဟာ၊ ဒီကိစ္စအရေးကြီးတယ်ဗျာ၊ အခု ကိုပါကြီးသေပြီလား”
“သေတော့မသေသေးဘူး၊ ဒါပေမယ့် ခါးကထက်ပိုင်းကျိုးသွားတယ်ဗျ”
“ဒါဆို ဒီအတိုင်းနေလို့ဖြစ်ပါ့မလားဗျာ၊ အဖေရှိတာ မရှိတာအရေးမကြီးဘူး ဆေးရုံအမြန်ပို့မှဗျ”
ဒါနဲ့ ကျုပ်ပဲလှည်းကောက်ဆင်ပြီးတော့ ကာလသားကိုမြင့်ကိုခေါ်ခဲ့တာပေါ့ဗျာ၊ ကိုကြွက်နီထန်းတောနားရောက်တော့ ကိုပါကြီးကိုတင်ကြတယ်၊ ကိုပါကြီးခါးက သွင်သွင်ကိုကျိုးနေတာဗျာ၊ လူတစ်ကိုယ်လုံးက ခေါက်ထားသလို ကွေးကွေးကြီးဗျ၊ ဒါနဲ့ လှည်းပေါ်တင်ပြီး ကာလသားသုံးလေးယောက်နဲ့ မြိုင်သာရောက်အောင် လှည်းကိုနှင်ရတာပေါ့ဗျာ။
လှည်းကိုအမြန်မောင်းတော့ လှည်းကဆောင့်သဗျ၊ ကိုပါကြီးကညည်းညူနေရင်း ပါးစပ်ထဲက သွေးတွေအန်ပါလေရောဗျာ၊ ကျုပ်လည်း နွားတွေကိုဒုန်းတိုက်မောင်းရတာပေါ့၊ ဒါပေမယ့် ကိုပါကြီး ကံမကောင်းပါဘူးဗျာ၊ တန်းမြင့်ရွာမရောက်ခင် လမ်းခုလတ်မှာပဲ ကိုပါကြီးတစ်ယောက် အသက်ထွက်သွားပါရော။
“မရတော့ဘူးအလတ်ကောင်ရေ၊ ကိုပါကြီးအသက်မရှိတော့ဘူးကွ”
ကိုယ့်အရှေ့တင် လူတစ်ယောက်သေထားတာဆိုတော့ စိတ်ထဲတော့ဘယ်ကောင်းပါ့မလဲဗျာ။ ကိုပါကြီးက မျက်လုံးကြီးပြူးပြီး သေရှာတယ်ဗျ။ ဒါနဲ့လှည်းကို ရွာဘက်ပြန်ကွေ့မောင်းရပါရော။
“ကိုပါကြီးက ဘယ်လိုဖြစ်တာလဲဗျာ”
“သူထန်းတက်နေတဲ့အချိန် ဘကြီးအောင်ဒင်က ရောက်လာတယ်တဲ့ကွ၊ အဲဒါ ထန်းပင်အပေါ်နဲ့အောက်နဲ့ စကားများကြရင်း ကိုပါကြီးက သတိလွတ်ပြီး ထန်းပင်ခုလတ်က ပြုတ်ကျတာတဲ့ကွ”
“ဟာဗျာ၊ ဘကြီးအောင်ဒင်ကတော့ ခက်ပါတယ်ဗျာ”
ကျုပ်တို့လှည်းရွာထိပ်နားရောက်တော့ ကာလသားကိုမြင့်က လှည်းကိုရပ်ခိုင်းလိုက်တယ်ဗျ။
“အလတ်ကောင်ရေ၊ ကိုပါကြီးက တို့ရွာသားဆိုပေမယ့် ရွာအပြင်မှာသေတာကွ၊ ပြီးတော့ သေတာကလည်း အစိမ်းသေဆိုတော့ ငါတို့ရွာထဲမသွင်းတာ ကောင်းမယ်ထင်တယ်နော်ကွ”
“အေးဗျ၊ တော်ကြာရွာထဲကလူတွေက ကျုပ်တို့ကိုဆူနေပါအုံးမယ်”
“ငါ ကာလသားတွေခေါ်ပြီးလာခဲ့မယ်ဟေ့၊ ရွာအပြင်မှာ အလောင်းစင်ထိုးပြီး တင်ထားတာပေါ့ကွာ၊ မီးရှို့ဖို့ကလည်း ထင်းစုရအုံးမှာဆိုတော့ ခုချက်ချင်းရှို့မရဘူးမဟုတ်လား”
ကိုမြင့်အကြံကို လက်ခံလိုက်ရတယ်၊ ကာလသားတွေက သစ်ဝါးတွေစုပြီးတော့ အလောင်းစင်လုပ်ပေးတယ်၊ အလောင်းစင်ပေါ်ကိုဖျာခင်းပြီးတော့ အလောင်းကြီးတင်ထားပါရောဗျာ၊ ညနေတောင် အတော်စောင်းနေပြီဆိုတော့ သစ်တွေဘာတွေရှာပြီး အခေါင်းတွေဘာတွေ မစပ်ရဘူးပေါ့ဗျာ။
နောက်တော့ အဖေတို့ရွာလူကြီးတွေ လာကြည့်ကြတယ်ဗျ၊ ကျုပ်လည်းပင်ပန်းနေတာနဲ့ အိမ်ကိုပြန်တော့မလို့ပေါ့၊ အဖေက ကိုမြင့်ကိုကြည့်ပြီး
“အလောင်းက ပက်လက်ကြီးကွ၊ ဒီအတိုင်းထားခဲ့လို့မဖြစ်ဘူး၊ တော်ကြာ ခွေးတွေဘာတွေက ဆွဲသွားမှဖြင့် ကျော်မကောင်းကြားမကောင်းဖြစ်နေပါအုံးမယ်ကွ၊ ဒီလိုလုပ်ကွာ၊ ကာလသားလေးငါးယောက်လောက် ဒီမှာတစ်ညစောင့်ရမယ်ကွ”
အဖေက ပြောရင်းကျုပ်ကိုကြည့်တယ်ဗျာ၊ ဒီအစိမ်းသေအလောင်းကြီးအနားမှာ ညလုံးပေါက် ဘယ်သူက စောင့်ချင်မှာလဲဗျ၊ အဖေက လူတွေခေါ်ပေမယ့် ဟိုလိုလို ဒီလိုလိုအကြောင်းပြပြီးတော့ အားလုံးကခေါင်းရှောင်ကြတယ်၊ နောက်တော့ရွာက ယစ်ထုတ်ကြီးတွေနဲ့ အဆင်ပြေသွားသဗျာ၊ အရက်သမားလေးယောက်က အရက်အဝတိုက်ရင် ညလုံးပေါက်စောင့်ပေးမယ်တဲ့ဗျာ၊ စောင့်မယ့်လူကလည်း မရှိတော့ဘူးဆိုတော့ အဖေက လိုက်လျောလိုက်ရတယ်၊ ဦးတရုတ်ကြီးဆိုင်က အရက်ဆယ်ပုလင်းနဲ့ ပဲလှော်တို့၊ လက်ဖက်တို့ စီစဉ်ပေးရတယ်ဗျ၊ ကျုပ်လည်း အခုမှသက်ပြင်းချနိုင်တယ်ဗျာ၊ ရွာထဲဝင်မယ်လုပ်တော့ အဖေက ကျုပ်ကိုကြည့်ပြီး
“အလတ်ကောင် မင်းလည်းစောင့်ရမယ်”
“ဗျာအဖေ၊ ဒီလူတွေရှိတယ်လေဗျာ”
“ဒီလူတွေက ငမူးတွေကွ၊ ညလယ်လောက်ရောက်လို့ မူးပြီးမှောက်ကုန်ရင် ဘယ့်ှနှယ့်လုပ်မလဲ၊ ဒီတော့ လူရင်းဖြစ်တဲ့မင်းပါစောင့်ကွာ၊ ဒီကောင်တွေမူးကုန်ရင် ငါ့အမိန့်နဲ့နာနာသာချပြီး ဆော်၊ ဒါပေမယ့် မင်းကတော့ အရက်မသောက်နဲ့နော်၊ ငါ့ရွာမှာ တစ်ခုခုအတိမ်းအစောင်း အဖြစ်မခံနိုင်ဘူး အလတ်ကောင်”
အဖေ့အမိန့်ကိုမလွန်ဆန်နိုင်တာနဲ့ အဲဒီညက ကျုပ်တို့စောင့်ရပါရောဗျာ၊ အလောင်းစင်ကြီးအနားမှာ ဖျာကြမ်းခင်းပြီးတော့ အရက်ဝိုင်းဖွဲ့ကြတယ်ဗျ၊ ယစ်ထုတ်ကြီးတွေက အရက်အဝသောက်ရတော့မယ်ဆိုတော့ သောက်လိုက်ကြတာ ပြောမနေပါနဲ့ဗျာ။ ကျုပ်ကတော့ မသောက်ရရှာဘူးဗျို့၊ စိတ်ညစ်ညစ်နဲ့ အလောင်းကိုကျောပေးပြီးတော့ တစ်ဖက်လှည့်ထိုင်နေလိုက်တယ်။
“ဟေ့ကောင်ပါကြီး၊ ငါတို့ပဲသောက်နေရတာ စိတ်မကောင်းဘူးဟေ့၊ မင်းပါထသောက်ကွ”
အရက်သမားတွေကတော့ မူးလာရင် ပါးစပ်သရမ်းတာပဲဗျာ၊ သူတို့က ဘယ်လိုမှမနေပေမယ့် ကျုပ်က ကျောချမ်းလာတယ်ဗျ။
“ပါကြီး၊ ထစမ်းပါကွ၊ အမြည်းလက်ဖက်သုပ်ကလည်း ကောင်းတယ်ကွနော်”
“ဟာ၊ ဟေ့ကောင်ရာ၊ ပါကြီးက ထန်းတက်သမားကွ၊ အရက်တော့သောက်ပါ့မလား သောက်ချင်းသောက် ထန်းရည်ပဲသောက်မှာပေါ့ကွ”
“ဒါဆိုလည်း မသောက်နဲ့ကွာ၊ မင်းကို မတိုက်နိုင်ဘူးကွ၊ တို့ဟာနဲ့တို့တောင် မလောက်ဘူး”
ဟုတ်လည်းဟုတ်တယ်ဗျ၊ ညသန်းခေါင်တောင်မရောက်သေးဘူး အရက်က နှစ်ပုလင်းလားပဲကျန်တော့တာ၊ အရက်သမားတွေက အရက်တွေမူးပြဲနေပြီး ထကကြပြန်ရောဗျာ၊ ကိုပါကြီးကိုတင်ထားတဲ့ အလောင်းစင်နားမှာ ကခုန်နေကြတာဗျ၊
“ပါကြီးရေ၊ သိပ်ပျော်ဖို့ကောင်းတယ်ကွ၊ မင်းရော ထကပါလား”
ကျုပ်က ကျောချမ်းနေပြီ၊ ဒီအချိန် ကျုပ်ရဲ့ပုခုံးကို လက်ကြီးတစ်ဖက်က လာကျသဗျာ၊ ကျုပ်လည်း ကြောက်လွန်းလို့ အားခနဲအော်လိုက်ပြီး ခုန်လိုက်မိတာဗျ၊ ကျုပ်ပုခုံးပေါ်ကျတဲ့လက်က ကိုပါကြီးရဲ့လူသေလက်ကြီးဗျာ၊ အေးစက်နေတာပဲ၊ သေချာကြည့်လိုက်တော့မှ အမူးသမားတစ်ယောက်က လက်ကိုကိုင်ပြီး လှုပ်ယမ်းနေပါရော။
“ခင်ဗျားတို့ အဲဒီလိုမလုပ်ကြနဲ့လေဗျာ”
အမူးသမားတစ်ယောက်က ကိုပါကြီးကိုစေ့စေ့ကြည့်ရင်း
“ဟေ့ကောင်ပါကြီး၊ လူဘဝတုန်းက မင်းနဲ့ငါနဲ့မတည့်ဘူးမဟုတ်လားကွ၊ အခုမင်းက လူသေဖြစ်နေပြီ၊ မင်းဘာတတ်နိုင်သေးလဲကွ”
ကိုပါကြီးအလောင်းကို ပါးတွေချည်းချပါရောဗျာ၊ လက်သီးတွေနဲ့လည်းထိုးလို့ဗျ၊ ဒီအမူးသမားတွေကို ကျုပ်ဘယ်လိုမှထိန်းလို့ကို မနိုင်တော့တာဗျာ။ မကြာခင်မှာပဲ သန်းခေါင်ကြက်တွန်သံ ကြားလိုက်ရတယ်၊ အမူးသမားတွေကလည်း ကိုပါကြီးကို ပန်းတွေခူးပြီးပန်လိုပန်၊ မြက်တွေနှုတ်ပြီး ပါးစပ်ထဲထည့်လိုထည့်နဲ့ မူးမူးနဲ့အစုံလုပ်နေကြတာဗျ၊ အမူးသမားတစ်ယောက်က အရက်ပုလင်းကိုယူလာပြီးတော့
“ပါကြီး၊ မင်းက တစ်သက်လုံးထန်းရည်သောက်လာတာဆိုတော့ အရက်ရဲ့အရသာကို ဘယ်သိမလဲကွ၊ ရော့ မီးလောင်ပြီး ပြာမဖြစ်ခင် အရက်သောက်ကြည့်စမ်းပါ”
ကိုပါကြီးအလောင်းကို ပါးစပ်ဖွင့်ပြီး အရက်တွေလောင်းထည့်ပါရောဗျာ၊ ဒီအချိန်မှာပဲ ကိုပါကြီးမျက်လုံးတွေက ပွင့်သွားသဗျ၊ ပြီးတော့ တောင့်တောင့်ကြီး ငုတ်တုတ်ထိုင်လိုက်တယ်၊ အမူးသမားတွေဆိုရင် တော်တော်ကြောက်ကုန်တာဗျာ၊ ကိုပါကြီးက အရက်လာတိုက်တဲ့အမူးသမားကို လက်ပြန်နဲ့ရိုက်ထည့်လိုက်တာ အမူးသမားမျက်နှာတည့်တည့်ထိပြီး တစ်ခါတည်း ပက်လက်လန်ပြီးတော့ လဲကျသွားပါရောလား။
ကျန်တဲ့အမူးသမားတွေလည်း ပြေးလိုက်ကြတာ မှုန်လို့ဗျာ၊ မူးနေကြတာဆိုတော့ ပုဆိုးတွေတက်နင်းမိပြီး လမ်းပေါ်မှာလဲကျကုန်တာ ပြန်တောင်မထနိုင်ဘူးဗျာ။ အလောင်းစင်နားမှာတော့ ကျုပ်တစ်ယောက်တည်း ငူငူကြီးကျန်နေခဲ့သဗျ၊ ကိုပါကြီးအလောင်းက မျက်ပြူးကြီးနဲ့ ကျုပ်ကိုကြည့်တယ်၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတော့ဘူး၊ ဒူးတွေလည်း တုန်နေတာ ပြေးတောင်မပြေးနိုင်ဘူးဗျာ၊ ဒါနဲ့ပဲ ပါးစပ်ထဲက တံတွေးတွေကို အမြှုပ်တွေထွက်သလို တဘူးဘူးလုပ်ပြီးတော့ ပက်လက်လှန်ချလိုက်ရတယ်၊ မသိရင်တော့ သရဲမြင်ပြီး မေ့သွားသလိုလို ဘာလိုလိုပေါ့ဗျာ။
ဒီအခါ ရွာလမ်းအတိုင်း လူနှစ်ယောက်လမ်းလျှောက်လာတာကိုတွေ့ရသဗျာ၊ တစ်ယောက်ကတော့ ဆရာလိုလိုပုံစံပဲဗျ၊ အနောက်ကတစ်ယောက်ကတော့ နည်းနည်းငယ်သေးတယ်ဗျ၊ အဲဒီလူက တစ်တောင်လောက်ရှိမယ့် စဉ့်ရေသုတ်ထားတဲ့ အိုးကလေးတစ်လုံးကို ကိုင်ထားသဗျာ။
ကျုပ်က မျက်လုံးပိတ်ထားသလိုလိုနဲ့ အသာခိုးကြည့်နေရတယ်၊ သူတို့က ကျုပ်ကိုကြည့်တောင်မကြည့်ပါဘူး။
“ဒီကောင်တွေ သရဲမြင်တာနဲ့ အကုန်တက်ကုန်တာပဲဟေ့၊ ငါတောင် အိပ်မွေ့ချစရာမလိုတော့ဘူး”
“ဟုတ်ပါ့ဆရာကြီးရယ်၊ တော်တော်သတ္တိကောင်းတဲ့လူတွေပဲ”
“ကိုင်း၊ လုပ်စရာရှိတာ အမြန်လုပ်ရမယ်၊ ငါ့ကိုဓါးပေးစမ်းဟေ့”
တပည့်က လွယ်အိတ်ထဲကနေ ဓါးမြှောင်ကလေးတစ်လက် လှမ်းနှိုက်ပေးလိုက်တယ်ဗျ၊ ဆရာကြီးက ဓါးမြှောင်ကိုကိုင်တွယ်နေတုန်းမှာပဲ
“ဒါနဲ့ဆရာကြီး၊ ဆရာကြီးကိုယ်တိုင် လှီးမလို့လား”
“လှီးမလားကွ၊ ငါ့ပညာတွေက တော်တော်အဆင့်မြင့်နေပြီ၊ ဒီအစိမ်းသေကောင်ကို သူ့အသားသူပြန်လှီးခိုင်းရမယ်ဟေ့”
ပြောရင်းနဲ့ ဆရာလုပ်တဲ့လူက လွယ်အိတ်ထဲကနေ လက်ကိုင်ပုဝါတစ်ထည်ထုတ်လိုက်တယ်၊ လက်ကိုင်ပုဝါမှာလည်း အနီရောင်ဆေးတွေနဲ့ အင်းတွေလားဘာတွေလား ရေးထားတာပဲဗျာ၊ အဲဒီလက်ကိုင်ပုဝါနဲ့ ကိုပါကြီးခေါင်းကိုအုပ်လိုက်ပြီးတော့ ခေါင်းပေါ်လက်တင်ရင်း ပါးစပ်က တဖွဖွပြောပြီးတော့ ဥုံဆိုပြီးထိပ်ကိုပုတ်ချလိုက်တယ်ဗျ၊ ပြီးတာနဲ့ လက်ထဲကဓါးကို ကိုပါကြီးထိုင်နေတဲ့ခြေထောက်အပေါ်ကို ပစ်တင်ပေးလိုက်ရင်း
“ရော့၊ မင်းအသားတွေကိုမင်းလှီးပြီးတော့ ဟောဒီအိုးထဲကိုထည့်စမ်း”
ကိုပါကြီးက ဓါးကိုကောက်ယူပြီးတော့ သူ့ပေါင်သားတွေကိုစလှီးတယ်ဗျာ၊ အောက်လမ်းဆရာက သူ့တပည့်ကိုအနားကိုခေါ်လိုက်တယ်၊ သူ့တပည့်က အိုးဖွင့်လိုက်တော့ ကိုပါကြီးက အသားတွေကိုအိုးထဲထည့်သဗျာ၊ သူ့တပည့်ကြည့်ရတာတော့ ခပ်လန့်လန့်ပဲဗျ။ ကိုပါကြီးက ခြေသလုံးသားတွေလှီး၊ ခြေထောက်တွေလှီး၊ နောက်တော့ ခါးအသားတွေလှီးပြီးတော့ အိုးထဲကိုထည့်တယ်ဗျ၊ ပြီးတာနဲ့ ဝမ်းဗိုက်ကိုခွဲပါရောဗျာ၊ အူတွေက အထွေးလိုက်ထွက်လာပြန်တယ်၊ အဲဒီအူတွေကို လက်နဲ့ကိုင်ပြီး လှီးပြန်တာပဲဗျာ။
သူတို့လုပ်နေတာကြည့်ရင်း ကျုပ်လည်းဘယ်လိုဖြစ်တယ်မသိဘူး ချောင်းဆိုးချင်လာတာဗျာ၊ လည်ချောင်းက ယားပြီးတော့ကို တက်လာတာ၊ အောင့်မရတဲ့အထဲမှာ ချောင်းဆိုးတာကလည်း ပါတယ်ဆိုတော့ ကျုပ်ဖြင့် ဘယ်လိုလုပ်ရမလဲကိုမသိဘူးဗျာ၊ နောက်ဆုံးတော့ မနေနိုင်ပဲ ချောင်းထဆိုးလိုက်မိတယ်ဗျ၊ ဆိုးတာတောင်မှ တစ်ချက်ထဲမဟုတ်ဘူး၊ အဲဒီချောင်းကလည်း သုံးလေးချက်လောက် ဆက်တိုက်ဆိုးတာ၊ ကျုပ်ကုန်းထလိုက်တော့ အောက်လမ်းဆရာနဲ့တပည့်က ကျုပ်မေ့နေတာမဟုတ်မှန်း သိသွားကြပါရောဗျာ၊ အောက်လမ်းဆရာကြီးက ကျုပ်ကိုကြည့်လိုက်ရင်း
“ဟဲ့ အစိမ်းကောင်၊ ဒီကောင့်ကိုသတ်ဟဲ့”
အလောင်းစင်ပေါ်က ကိုပါကြီးက ဝုန်းခနဲခုန်ထတာပါပဲဗျာ၊ ကိုပါကြီးက သေတုန်းကသာ ခါးကျိုးပြီးသေတယ်ဆိုပေမယ့် အခုတော့ ဘယ်လိုဖြစ်တယ်မသိဘူးဗျ၊ ခါးကအကောင်းအတိုင်းပြန်ဖြစ်နေတဲ့အပြင် တော်တော်ကိုသွက်လက်နေတာဗျာ၊ မကောင်းတဲ့အစိမ်းသရဲက သူ့ကိုဝင်စီးနေတာများလား။
ကျုပ်လှည့်ပြေးမယ်လုပ်ပေမယ့် ခြေထောက်တွေက လှုပ်မရဘူးဗျ၊ အောက်လမ်းဆရာကများ လုပ်လေသလားပဲဗျာ၊ လူက ဘယ်လိုမှကိုလှုပ်မရတော့တာဗျ၊ လူသေကောင်က ဓါးမြှောင်ကိုင်ပြီး ကျုပ်ဆီလှမ်းလျှောက်လာပါရော၊ ကျုပ်မျက်နှာကို ဓါးနဲ့ခြစ်မယ်ဆိုပြီးအလုပ်မှာ သူ့လက်ထဲကိုင်ထားတဲ့ဓါးက လေပေါ်ကိုမြောက်တက်သွားပြီးတော့ အဝေးကိုလွင့်ထွက်သွားသဗျာ။
“မင်းတို့တွေ လူသေကိုဓါးပြတိုက်လို့အားမရလို့ လူအရှင်ကို ဓါးပြတိုက်ချင်တာလားကွ”
ပြောရင်းနဲ့လမ်းလျှောက်လာတဲ့သူကတော့ ဦးဘသာကြီးပါပဲဗျာ၊ အောက်လမ်းဆရာက ဦးဘသာကိုလက်ညိုးထိုးရင်
“အစိမ်းကောင်၊ ဒီကောင့်ကိုမသတ်နဲ့တော့၊ ဟောဟိုက လူကြီးကိုသတ်ဟဲ့”
ကိုပါကြီးက ကျုပ်ကိုလွှတ်ချလိုက်ပြီးတော့ ဦးဘသာဆီကိုပြေးခုန်အုပ်ပါရောဗျာ၊ ခုန်တာမှ လူတစ်ရပ်အမြင့်ကျော်ကျော်ရောက်အောင်ကို ခုန်သွားသဗျ၊ ဦးဘသာက မိုးပေါ်ကိုလက်ဝါးထောင်ပြီး ကာထားလိုက်တော့ ဒီလူသေကောင်ကြီးက လေပေါ်မှာ ကားယားကြီးရပ်တန့်နေသဗျ။ အောက်လမ်းဆရာကြီးကတော့ တော်တော်ဒေါပွသွားတာပေါ့ဗျာ။
“ဟေ့လူ၊ ခင်ဗျားနဲ့မဆိုင်ဘဲ ဘာလို့ဝင်ပါတာလဲ၊ ခင်ဗျားကြီး သေချင်နေပြီလား”
“ဒီမှာဟေ့ကောင်၊ ပါကြီးဆိုတာ ငါတို့ရွာသားပဲကွ၊ ငါတို့ရွာသားတစ်ယောက်ကို ထုံအိုးထဲထည့်ပြီး သရဲအဖြစ်တစ်သက်လုံးမွှေးမှာကို ငါလက်မခံနိုင်ဘူး၊ ဒီတော့ အလောင်းကိုထားခဲ့ပြီး မင်းတို့ပြန်သွားကြပါ၊ မဟုတ်ရင်တော့ ငါ့အဆိုးမဆိုနဲ့”
“အောင်မာ၊ ခင်ဗျားက ကြီးကြီးကျယ်ကျယ်နဲ့၊ ကျုပ်ခင်ဗျားကိုလည်းသတ်မယ်၊ ဟောဒီကောင်လေးကိုလည်းသတ်မယ်၊ ပြီးတော့ သုံးယောက်စလုံးကို အစိမ်းသရဲအဖြစ်မွေးမယ်ဗျ”
“မင်းစွမ်းရင်လုပ်ကြည့်လိုက်လေကွာ၊ ငါကတော့ မင်းလိုကောင်မျိုးကို လက်နဲ့တောင် တုန့်ပြန်စရာမလိုဘူးကွ”
အောက်လမ်းဆရာက လွယ်အိတ်ထဲကိုနှိုက်လိုက်ပြီးတော့ စက္ကူခပ်ရှည်ရှည်တစ်ခုကို နှိုက်လိုက်တယ်၊ ပြီးတော့ အဲဒီစက္ကူကို လက်ခုပ်ထဲထည့်ပြီး လက်ခုပ်တစ်ချက်တီးထည့်လိုက်တော့ အဝါအနက်ကြားနဲ့ မြွေကြီးတစ်ကောင်ဖြစ်သွားပါရောဗျာ၊ ငန်းတော်ကြားလိုမြွေနဲ့တူသဗျ၊ အဲဒီမြွေကိုမြေပေါ်ကိုပစ်ချလိုက်တော့ မြွေကြီးက ဦးဘသာဆီကို အရှိန်နဲ့ပြေးဝင်လာပါရော။
ဦးဘသာက သူ့ဆီပြေးလာတဲ့မြွေကို ခုံဖိနပ်စီးထားတဲ့ခြေထောက်ကိုအသာမြှောက်လိုက်ပြီးတော့ ခေါင်းကိုနင်းချလိုက်တယ်ဗျ၊ မြွေက ခေါင်းနင်းခံရတော့ တွန့်လိမ်ပြီး ရုန်းကန်နေတာပါပဲဗျာ၊
“မင်းက တိုက်မြွေလောက်နဲ့များ ငါ့ကိုရန်ရှာချင်တာလားကွ၊ မင်းပေးတဲ့မြွေကို ငါမယူဘူးဟေ့၊ မင်းအကောင်ကို မင်းပြန်ယူသွားစမ်း”
ဦးဘသာက ခြေထောက်ကို ကြွလိုက်တော့ ငန်းတော်ကြားက ဦးဘသာကိုတစ်ပတ်ပတ်ပြီး အောက်လမ်းဆရာဘက်ကို ပြေးသွားပါရောဗျာ၊ အောက်လမ်းဆရာက လက်ခုပ်လက်ဝါးတွေတီးပြီးတော့ ပါးစပ်ကလည်း ဥုံတွေဘာတွေရွတ်ပြီးတားသေးတယ်၊ တားမရတော့မှ မျက်စိမျက်နှာပျက်ပြီး တစ်ချိုးတည်း လှည့်ပြေးတော့တာပဲဗျာ၊ အောက်လမ်းဆရာလက်ထောက်ကတော့ အိုးကလေးကိုင်ပြီး ကြောင်စီစီနဲ့ ရပ်နေသဗျ၊ ဦးဘသာက အဲဒီလူကိုကြည့်ရင်း
“ဟေ့ကောင်၊ မင်းရောမပြေးသေးဘူးလားကွ၊ ဘာလဲ မြွေလိုက်မှ ပြေးမှာလား”
ဦးဘသာကပြောပြီး ခြေဖနောင့်တစ်ချက်ဆောင့်လိုက်တဲ့အခါ ချုံကြိုချုံကြားကနေ မြွေတွေအများကြီးထွက်လာတယ်ဗျာ၊ အကောင်နှစ်ဆယ်လောက်ရှိသဗျ၊ အောက်လမ်းဆရာလက်ထောက်လည်း လက်ထဲကအိုးကိုပစ်ချပြီးတော့ တစ်ခါတည်းပြေးတာပဲဗျို့။
ဦးဘသာက အလောင်းစင်ပေါ်ကို အလောင်းကြီးကိုပြန်တင်လိုက်တယ်၊ ပြီးတော့ ဟိုလူတွေယူလာတဲ့အိုးကလေးကောက်ပြီးတော့ ကိုပါကြီးရင်ဘတ်ပေါ်ကို မှောက်ပြီးချလိုက်တယ်။ အိုးကိုပြန်ယူလိုက်တဲ့အချိန်မှာ ကိုပါကြီးလှီးထားတဲ့အသားတွေက ပက်ကျိတွေသွားသလို တရွေ့ရွေ့နဲ့သွားကုန်ပြီးတော့ သူလှီးထားတဲ့နေရာမှာ သွားပြန်ဆက်ကုန်ပါရောဗျာ။
“ကဲ အလတ်ကောင် ထုံအိုးဆိုတာ တွေ့ပြီမဟုတ်လား”
“တွေ့ပါပြီဗျာ၊ ကြောက်စရာကြီးနောက်ဗျ”
ဦးဘသာက အိုးကိုမိုးပေါ်ကိုမြှောက်တင်လိုက်တယ်၊ အိုးက အတော်မြင့်မြင့်ကို ရောက်သွားသဗျာ၊ ဒီအခါ သူ့လက်ညှိုးနဲ့ လေပေါ်က အိုးကိုလှမ်းထိုးလိုက်တော့ အိုးက ခွမ်းခနဲကွဲသွားပြီး တစ်စစီဖြစ်သွားပါရော၊ ဦးဘသာက သေနတ်ပြောင်းဝက မီးခိုးငွေ့တွေကို ပါးစပ်နဲ့မှုတ်သလိုမျိုး ဟန်ပါပါနဲ့ကို မှုတ်နေပါသေးတယ်။
“ကျုပ် ဆက်မစောင့်ရဲဘူးဦးဘသာ”
“ဒါများလွယ်လွယ်လေးပါ၊ မင်းအိမ်ကိုပြန်ပြီး မင်းအဖေကိုတိုင်လိုက်ပေါ့ကွ၊ မင်းအဖေ ငမူးတွေကိုထွက်ရိုက်တော့ ရွာစည်သွားတာပေါ့ကွာ၊ ဟား၊ ဟား”
ဦးဘသာက ရွာထဲပြန်ဝင်သွားပါရော၊ ကျုပ်လည်း ရွာထဲကိုအပြေးလိုက်ခဲ့ရတာပေါ့၊ ဦးဘသာပြောတဲ့အတိုင်း အဖေ့ကိုတိုင်လိုက်တော့ အဖေက အမူးသမားတွေကို ကြိမ်နဲ့လိုက်ရိုက်ပါရောဗျာ၊ အမူးသမားတွေဆိုရင် ဘာဖြစ်ခဲ့မှန်းတောင် မှတ်မိပုံမပေါ်ဘူးဗျ။ ကာလသားတွေကို ဆက်စောင့်ခိုင်းရတယ်၊ ကျုပ်ကတော့ အိမ်ကိုပြန်လာခဲ့တာပေါ့။
(၄)
ထုံအိုးအကြောင်းကို မျက်မြင်တွေ့ပြီးကတည်းက ကျုပ်စိတ်ဝင်စားသွားတာကတော့ ရွာမှာ ထုံအိုးတွေရှိနေသေးသလားဆိုတာပါပဲ၊ ဦးဘသာက ရှိရင်ရှိနေနိုင်တယ်ပြောတာကိုးဗျာ။ ဒီလိုနဲ့ ရွာကလူတွေကို မသိမသာအကဲခတ်နေမိတယ်၊ တခြားအိမ်တွေရောက်ရင်မြေကြီးထဲမြှုပ်ထားတဲ့ စဉ့်အိုးတွေ့တာနဲ့တင် သွားသွားကြည့်ရတာအမောဗျာ၊ ခက်တာက ကျုပ်တို့အညာမှာကလည်း စဉ့်အိုးဆိုရင် မြေကြီးထဲမှာ သုံးပုံတစ်ပုံလောက်ဖြစ်ဖြစ်၊ တစ်ဝက်လောက်ဖြစ်ဖြစ် မြှုပ်တတ်ကြတာမဟုတ်လား။
တစ်ရက် ယာထဲဆင်းမယ်ဆိုပြီး အိမ်ကထွက်ခဲ့တော့ ရွာလမ်းအတိုင်းလျှောက်လာတဲ့ မောင်စိကိုတွေ့ပါရော၊ မောင်စိဆိုတာ အသက်ဆယ့်လေးငါးနှစ်လောက်ရှိပြီဗျ၊ ဒါပေမယ့် ကျပ်သိပ်မပြည့်ရှာဘူး။
“ဟေ့ကောင် စိစိ၊ မင်းဘယ်သွားမလို့လဲကွ”
မောင်စိကို ကျုပ်တို့က စိစိလို့ခေါ်တယ်၊ စိစိက သူ့လက်ထဲက စာရွက်ပိုင်းကလေးကိုပြတယ်။ စာရွက်မှာတော့ ခဲတံနဲ့ရေးထားသဗျာ။
“ဟေ့ကောင် ငတိုး၊ မင်းငါ့ဆီက ယူသွားတဲ့ ထုံအိုးကို စိစိနဲ့ပြန်ထည့်ပေးလိုက်ပါ”
ထံအိုးဆိုတာတွေ့လို့ ကျုပ်လန့်သွားတာပဲ
“ဟေ့ကောင်စိစိ၊ မင်းကိုဘယ်သူက ထုံအိုးသွားယူခိုင်းတာလဲ”
“ဘ . . ဘကြီးအောင်ဒင်”
“ဘာကွ၊ ဘကြီးအောင်ဒင်တဲ့လား”
ကျုပ်စိတ်ထဲ အတွေးတစ်ခုဖြတ်ခနဲပေါ်လာတယ်ဗျ၊ စာထဲမှာလည်း ထုံအိုးဆိုတာကိုး၊ ပြီးတော့ ကိုပါကြီးသေတုန်းက ဘကြီးအောင်ဒင်နဲ့ စကားများခဲ့တယ်လို့ပြောတယ်မဟုတ်လား၊ ဒါဆိုမဟုတ်မှလွဲရော၊ ဘကြီးအောင်ဒင်က သရဲမွေးထားတာလား၊ သူနဲ့မတည့်တဲ့ ကိုပါကြီးကို အစိမ်းသရဲကိုများတွန်းချခိုင်းတာလား။
ကျုပ်ထင်ရင်လွဲခဲတယ်ဗျ၊ ကိုပါကြီးက ထန်းတက်လာတာ ဆယ်နှစ်ကျော်ပြီဗျ၊ သာမန်ဆိုရင် ဒီလိုပြုတ်ကျပါ့မလား၊ ကျုပ်အတွေးရသွားတယ်ဆိုရင်ပဲ စိစိကိုစာရွက်ပေးပြီး
“စိစိ၊ မင်း ဘကြီးတိုးအိမ်ကိုသွားကွာ၊ ဒီစာရွက်ပေးပြီးတော့ သူပြောတဲ့ ထုံအိုးကို ငါ့အိမ်ယူလာခဲ့၊ ဒီစာရွက်ကိုပါ ပြန်ယူလာခဲ့ဟုတ်ပြီလား”
“ဟာ၊ ဘ . . ဘကြီးအောင်ဒင် . . .ဒင်က၊ ကျုပ် . . ကျုပ်ကို ဆူမှာပေါ့ . . .ပေါ့”
“မင်း . .မင်းကို မဆူ . . .မဆူစေရပါဘူးကွာ၊ ဟာလခွမ်း၊ မင်းလုပ်တာနဲ့ ငါပါထစ်လာပြီ၊ သွားစမ်းပါကွာ၊ ယူပြီးရင် ငါ့အိမ်ကိုတန်းလာခဲ့ဟုတ်ပြီလား”
စိစိကတော့ ဆက်ပြေးသွားတယ်၊ ကျုပ်လည်း အိမ်ကိုလှည့်ပြေးခဲ့ရတယ်ဗျာ၊ အဖေက မနက်စာစားပြီးတော့ သတင်းစာဟောင်းတစ်စောင်ကို လှန်လှောနေသဗျ။
“အဖေ၊ အဖေ လူသတ်သမားကိုကျုပ်သိပြီ”
အဖေက မျက်မှန်ပေါ်ကနေ ကျုပ်ကိုကျော်ကြည့်ရင်း
“ဘာလူသတ်သမားလဲကွ၊ အဆုံးမရှိအစမရှိ”
“ဒီလိုအဖေရ ကိုပါကြီးသေတာ သွေးရိုးသားရိုးလို့ အဖေထင်နေတာလား”
“ထန်းပင်ပေါ်ပြုတ်ကျပြီးသေတာလေကွာ၊ သူများသတ်တာမှမဟုတ်တာ”
“အဖေတို့က အဲဒါပဲဗျ၊ ခေါင်းလေးဘာလေး သုံးစမ်းပါ၊ ကိုပါကြီးမသေခင်တုန်းက ဘကြီးအောင်ဒင်နဲ့ စကားများတယ်ဆိုဗျ၊ ကျုပ်အခုစုံစမ်းရသလောက်ကတော့ ဘကြီးအောင်ဒင်က သူ့အိမ်မှာ ထုံအိုးလို့ခေါ်တဲ့ အောက်လမ်းနည်းနဲ့ သရဲမွေးထားသဗျာ”
အဖေက ကျုပ်ကိုပြုံးစိစိနဲ့ကြည့်နေရာကနေ နည်းနည်းတော့မျက်နှာတည်သွားတယ်ဗျ၊ ဆိုလိုတာကတော့ ကျုပ်ပြောတာကို အဖေယုံသွားတဲ့သဘောပဲ။
“ဘကြီးအောင်ဒင်က ကိုပါကြီးနဲ့မတည့်တဲ့အချိန်မှာ သူမွေးထားတဲ့ သရဲကို ထန်းပင်ပေါ်က တွန်းချခိုင်းလိုက်တာ ဆိုရင်ရောဗျာ”
“အလတ်ကောင် မင်းဟာက ဟုတ်ရဲ့လားကွ”
“ဟုတ်သမှ၊ ဟုတ် ဟုတ် ဟုတ်နဲ့တောင်မြည်နေသေးသဗျာ၊ အဖေ ဘကြီးအောင်ဒင်ကိုသွားခေါ်ပါ၊ ကျုပ်မှာ လူသက်သေရော၊ ပစ္စည်းသက်သေတွေပါရှိတယ်ဗျာ၊ ခဏနေ သက်သေတွေရောက်လာတော့မယ်၊ ဒီကျမှ အဖေတို့က ဘကြီးအောင်ဒင်ကို စစ်သာမေးကြည့်ဗျာ”
“မင်းပြောတာ တကယ်ဆိုရင်တော့ ငါသည်းမခံနိုင်ဘူးကွ၊ ရွာသားအချင်းချင်း အောက်လမ်းနည်းနဲ့လုပ်တဲ့လူကို ဘယ်သူဖြစ်ဖြစ် အပြစ်ပေးရမယ်၊ ကဲ အငယ်ကောင်၊ မင်းက ဘကြီးအောင်ဒင်ကိုသွားခေါ်ခဲ့ အရေးကြီးကိစ္စရှိတယ်လို့ပြောလိုက် ဟုတ်ပြီလား”
အငယ်ကောင်က ထွက်ပြေးသွားတော့တယ်၊ ကျုပ်ကတော့ ပုဆိုးကိုသေချာပြင်ဝတ်ပြီးတော့ ဆံပင်ကိုတံတွေးနဲ့သပ်လိုက်ရင်း
“ကြည့်ထားပါအဖေရာ၊ ကျုပ် ဆားပုလင်းအလတ်ကောင်က ဒီလူသတ်မှုကို ဖော်ထုတ်သွားပါ့မယ်ဗျ”
မကြာပါဘူး ဘကြီးအောင်ဒင်ရောက်လာပါရော၊ အဖေက ဘကြီးအောင်ဒင်ကိုထိုင်ခိုင်းတယ်၊ ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပဲ စိစိကလည်း အိုးကလေးပိုက်ပြီးရောက်လာပါရောဗျာ၊ အဲဒီအိုးကလေးကို ဘကြီးအောင်ဒင်က လှမ်းယူမယ်အလုပ်မှာ ကျုပ်ကတားလိုက်ရတယ်။
“နိုး၊ နိုး ဒီလိုမရဘူးဘကြီးအောင်ဒင်၊ စိစိ၊ အိုးကိုခုံပေါ်တင်လိုက်၊ ပြီးတော့ မင်းဆီက စာရွက်ပိုင်းကလေးငါ့ကိုပေး”
စိစိကစာရွက်ပေးတော့ ကျုပ်က စားပွဲခုံတစ်ဖက်စွန်းမှာ ဟန်ပါပါနဲ့ထိုင်လိုက်ရင်း ဘကြီးအောင်ဒင်မျက်နှာအနားကိုကပ်လိုက်ပြီး
“ဘကြီးအောင်ဒင်၊ ခင်ဗျားလူသတ်ခဲ့တယ်ဆိုတာကို အခုဝန်ခံလိုက်ပါ”
ဘကြီးအောင်ဒင်က ဘာမှမသိသလိုပုံမျိုးနဲ့
“ငါက ဘယ်သူ့ကိုသတ်လို့လဲကွာ”
“ခင်ဗျား အစိမ်းသရဲမွေးထားပြီးတော့ ကိုပါကြီးကိုထန်းပင်ပေါ်က တွန်းချခိုင်းတာမဟုတ်လား၊ ခင်ဗျားမငြင်းနဲ့ မှန်မှန်ပြောစမ်း”
ကျုပ်က စားပွဲခုံကိုလက်နဲ့ပုတ်လိုက်တယ်၊ ဘကြီးအောင်ဒင်က ဒီတော့မှ ပြာပြာသလဲနဲ့
“သူကြီးရာ ကြည့်လဲလုပ်ပါအုံး၊ ကျုပ်လူမသတ်ခဲ့ပါဘူး”
“အလတ်ကောင်၊ မင်းရဲ့သက်သေတွေကိုပြလိုက်တော့”
ကျုပ်က စာရွက်ပိုင်းကလေးကိုပြလိုက်ရင်း
“ဟောဒီမှာကြည့်၊ ခင်ဗျားဆီက ထုံအိုးကို ငတိုးဆီကပြန်တောင်းခိုင်းလိုက်တဲ့စာ၊ ခင်ဗျားက ထုံအိုးနဲ့သရဲမွေးထားတာ ဟုတ်တယ်မဟုတ်လား”
ဘကြီးအောင်ဒင်က စာရွက်ပိုင်းကိုကြည့်ပြီး
“ထုံအိုးမဟုတ်ပါဘူးကွာ၊ ထုံးအိုးပါကွ၊ ငတိုးက ငါ့ဆီက ထုံးအိုးယူထားလို့ ထုံးအိုးပြန်ယူခိုင်းတာပါကွ၊ ငါက မျက်စိမွဲနေပြီဆိုတော့ စာရေးရင် အကျအပေါက်သိပ်မမှန်တော့ဘူးကွ၊ ထုံအိုးဆိုတာ ငါမကြားဖူးပါဘူးကွာ၊ ငါရေးတာ ထုံးအိုးပါကွ၊ ဝစ္စပေါက်ကျန်ခဲ့တာဖြစ်မယ်၊ ငါရေးတာငါသိတယ်”
အဖေက ကျုပ်ကိုကြည့်ပါရော၊ ကျုပ်က စားပွဲကိုပုတ်လိုက်ရင်း
“ခင်ဗျားအခုမှ ဘူးခံမငြင်းနဲ့နော်၊ ထုံအိုးဆိုတာ သေချာပါတယ်”
အဖေက ကျုပ်ကိုလက်ကာပြရင်း
“ကိုင်း ဒါဖြင့်ရင်လည်း အိုးကိုနှိုက်ကြည့်တာပေါ့ဟေ့”
အဖေက ပြောရင်းဆိုရင်း စိစိချပေးတဲ့အိုးကိုဖွင့်ပြီးတော့ အိုးထဲကိုလက်နှိုက်လိုက်သဗျ၊ ပြီးတော့ လက်ကိုပြန်တင်လိုက်တဲ့အခါ အဖေ့လက်ထဲ အဖြူရောင်အတုံးကြီးတစ်တုံးပါလာတယ်ဗျာ။ ကျုပ်က အဖြူရောင်အတုံးကြီးမြင်တော့ အံ့သြသွားတယ်။
“ဟာ၊ ဘကြီးအောင်ဒင်၊ ခင်ဗျားဗျာ ခင်ဗျားထုံအိုးထဲက သရဲတောင်မဟုတ်တော့ဘူး၊ သဘက်ကြီးပါလား”
“အလတ်ကောင်၊ မင်းကအရူးပဲကွ၊ ဒါတွေက ထုံးတွေပါကွ၊ ပြည်ကရတဲ့ကိုင်းထုံးသန့်သန့်ကို အိုးထဲထည့်သိမ်းပြီးတော့ ကွမ်းထဲထည့်စားတာပါကွ၊ ငတိုးက ထုံးနည်းနည်းယူမယ်ဆိုပြီး ငါ့ဆီက ထုံးအိုးယူသွားလို့ လိုက်တောင်းခိုင်းတာပါကွ၊ မင်းကတော့ လိုရာဆွဲပြောနေပြန်ပါပြီ”
“ဟာ၊ မဖြစ်နိုင်ဘူး၊ ဒါလုံးဝမဖြစ်နိုင်ဘူး”
ကျုပ်လည်း ငြင်းတာပေါ့ဗျာ၊ အဖေက ကျုပ်ကိုကြည့်ရင်း
“တော်စမ်းအလတ်ကောင်၊ ငါကတော့ အဟုတ်မှတ်လို့နားထောင်နေတာ၊ အခုတော့မင်းက ငါ့မျက်နှာကိုအိုးမည်းသုတ်တာပဲကွ၊ ငါ့ကိုအိုးမည်းသုတ်တဲ့ကောင် မင်းကိုလဲ ငါထုံးပြန်သုတ်မကွ”
အဖေကပြောပြီးတာနဲ့ သူ့လက်ထဲက ထုံးအတုံးကြီးကို ကျုပ်ဆီပစ်ထည့်လိုက်ပါရောဗျာ၊ ဆားပုလင်းအလတ်ကောင်စတိုင်ဖမ်းထားတဲ့ကျုပ်က အဖေ့လက်ထဲက ထုံးတုံးကြီးကိုမရှောင်နိုင်ပဲ ကျုပ်မျက်နှာတည့်တည့်ကို ထုံးတုံးပျောပျော့ကထိပြီးကပ်သွားပါရောဗျာ၊ ကျုပ်လည်း အနောက်ကိုပက်လက်လန်ကျသွားပြီး မထနိုင်တော့ဘူးဗျို့။
“မှားတဲ့အခါလည်း မှားပေမပေါ့”
လို့ တစ်ခွန်းတည်းရေရွတ်လိုက်ပြီး လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားပါရောဗျာ။
ပြီးပါပြီ။
အဂ္ဂဇော်