၁၂ကြိုးကကွက်(စ/ဆုံး)
မောင်မြသာသည် အုန်းပင်ချောင်ကျေးရွာမှ လယ်ပိုင်ရှင်ကြီးတစ်ဦး၏သားဖြစ်သည်။
သူ့ဖခင်ကြီးမှာလယ်ဧကများ လက်ညိုးထိုးမလွဲပိုင်ဆိုင်ထားသော
သူဌေးကြီးဖြစ်ခြင်း ပညာတတ်ခြင်းနှင့် သူ၏ချောမောလှသောရုပ်ရည်တို့ကြောင့်
သမီးရှင်တို့ မျက်စိကျဖွယ်ပင် သို့ရာတွင်
မောင်မြသာမှာရွာလယ်မှ မညိုမြကလေးမှ
တစ်ပါးအခြားသူများကို မလိုချင်ပါဟု
ဂျီကျလေသဖြင့် သူ့မိဘများမှာ မညိုမြမိဘများနှင့်
ဆွေးနွေးညှိနှိုင်းကာ လက်ထပ်ပေးရန်စီစဉ်ပြီးလေပြီ
ထိုမင်္ဂလာကိစ္စကို တစ်ရွာလုံးက သဘောအကျကြီး
ကျနေကြသည် “အကျွေးအမွေးက ရှယ်ဆိုကိုးကွ”
ဟူသော စကားသံများဖြင့် ညံနေသည်။
သို့သော်သဘောမကျ မပျော်ပိုက်နိုင်ကြသူများမှာကား…။
ဒေါ်မဲကြီးသည် ထဘီက်ို တိုတိုပြင်ဝတ်ကာသမီးဖြစ်သူ မအုန်းကျင်ကို
စိုက်ကြည့်လိုက်သည် မအုန်းကျင်မှာ
မျက်နာငယ်လေးဖြင့်ထိုင်နေ၏
“ကဲ ပြောစမ်းပါဦး ညည်းဟာလေ ခိုးချင်တာလည်း
ပျာလို့ လက်နှေးတာလည်း ချာလို့ ဆိုသလိုပဲ
ဒီကောင်လေးကို ရချင်တာများ ငါသင်ထားသလို
ခြေရာနင်းပြီး ပီယဂါထာရွတ် ပြုစားလိုက်စမ်းပါ
သင်း ညည်းနောက် တောက်တဲ့တွယ်သလို
လိုက်တွယ်နေတော့မှာပဲ”
ဒေါ်မဲကြီးက လက်သီးလက်မောင်းတန်းကာ
ပြောလိုက်ရာ မအုန်းကျင်က
“အမေရယ်ကျွန်မလည်း လုပ်တာပဲ ဒါပေမယ့်
သူ့ခြေရာနားကို ပြုစားဖို့အကြံနဲ့ ကပ်လိုက်တာနဲ့
သူ့အစောင့်က ကျွန်မကို ဆီးတားတော့တာပဲ
မရပါဘူး”
ဒေါ်မဲကြီးမျက်လုံးပြူးသွားသည်
“ဘာအေ့ အစောင့်ဟုတ်လား”
“ဟုတ်တယ် အမေ သူ့လည်ပင်းမှာ ဆွဲထားတဲ့
ကြေးပြားလေးဟာ တကယ်တော့ အင်းချပ်တစ်ချပ်ပဲ အင်းစောင့်က သူ့ကို ဆတ်ဆတ်ထိမခံ စောင့်ရှောက်နေတာ”
“စောင့်ပါစေအေ သူ့ကို လုပ်မရတာ ဘာအရေးလဲ
သူလက်ထပ်မယ့် မိန်းကလေးရှိတာပဲ
ကြည့်ထား ငါ့သမီးပို အသည်းခွဲတဲ့ဟာမ
ဝိညာဉ်ကို ချုပ်ထားပြီး ခိုင်းစားပစ်မယ်
တစ်ညပဲစောင့် သမီး”
ထိုအခါမှ ညှိုးနေသော မအုန်းကျင်မျက်နာ လန်းလာလေသည် ခေါင်းလည်းညိတ်လိုက်လေ၏
ထိုနေ့ညတွင်……
ဒေါ်မဲကြီးက သမီးမအုန်းကျင်အား မှာတမ်းခြွေနေသည်
“နားထောင် သမီး ဒီကိစ္စမှာ သမီး မစွမ်းဆောင်နိုင်
လောက်ဘူး သမီးကစုန်းပဲရှိသေးတယ်
အမေက ဆယ့်နှစ်ကြိုးအပိုင်ကိုင်ပြီးသား
နဂါးကဝေမကြီးမို့ ဒါမျိုးဆိုတာ အကင်းပဲ
ညိုမြကို အသေမသတ်ပဲ သူ့ကိုယ်နဲ့ဝိညာဉ်ကို
ခွဲထုတ်ပြီး ဝိညာဉ်ကို ချုပ်ကိုင်ခိုင်းစားပစ်မှာ
ခိုင်းလို့ဝမှ အသေဝိညာဉ်နှုတ်ပစ်မှာ
ကြားလား”
မအုန်းကျင်ကခေါင်းထပ်ညိတ်လိုက်သည်
“ဒီအစီအရင်လုပ်မယ့်ညမှာမှ မန္တရားဘုရင်
လှသောင်းဆိုတဲ့ အောက်လမ်းကောင်က ငါနဲ့
ပညာပြိုင်ဖို့ ချိန်းထားတယ် ညည်းသူ့ကို
ကြည့်ဆုံးမလိုက်စမ်း”
မအုန်းကျင် ခေါင်းညိတ်ပြသည်
ထိုအခါမှ ဒေါ်မဲကြီးက ဆံထုံးကိုဖြည်ကာ
ခေါင်းကို ခါးယမ်းပစ်လိုက်သည် တွင်
အမောက်နီကြီးပါသော မြွေကြီးဖြစ်သွားပြီး
လျှော်ခနဲ ထွက်သွားတော့သည်
မအုန်းကျင် ကုလားထိုင်ပေါ် အသာထိုင်နေလိုက်၏
ဒေါ်မဲကြီး ထွက်သွားပြီး ခဏအကြာ အိမ်အနီးသို့
လူကြီးတစ်ယောက်ရောက်ရှိလာသည်
၎င်းက အိမ်ထဲဝင်ရန် ပြင်လိုက်သည်တွင်
မအုန်းကျင်က လက်ကိုဝှေ့ယမ်းလိုက်သည်
“ဂျိမ်း”ဟုသောမြည်ပြီးတံခါးပိတ်သွားသည်
ဤတွင် မအုန်းကျင်က တန်းပေါ်တင်ထားသော
ထဘီကို ဆွဲယူပြီး ခြုံလိုက်ရာ လင်းတကြီးဖြစ်သွားလေ၏ အပြင်မှလူကြီးက
မန္တန်တစ်ပုဒ် ရွတ်လိုက်ရာ တံခါး “ဝုန်းကနဲ”
ပြန်ပွင့်သွားသည် ထိုသို့ပွင့်ခိုက်ထိုလူကြီးထံ
ဦးတည်၍ ဝုန်းကနဲ ဝင်တိုးလိုက်သည်
“အမယ်လေးဗျ”ဟု အော်ရင်းနောက်သို့
လွင့်သွားသည် ထို့နောက်ထရပ်ကာ
“တယ်စွာတဲ့ဟာမပါလား”ဟုဆိုကာ
ဂါထာမန္တရားများ မနားတမ်းရွတ်လေတော့သည်
သူဂါထာရွတ်တိုင်းဟသူ့ထံမှ စက်များ တရစပ်ထွက်လာသည် မအုန်းကျင်က လင်းတအသွင်ဖြင့် လေထဲမှာဝဲရင်း စက်တို့ကို
ရှောင်တိမ်းရလေသည်
ရှောင်ရင်းတိမ်းရင်း အထက်သို့ ထိုးအတက်
စက်တန်းတစ်ခုက လာရောက်ထိမှန်တော့သည်
“ဝုန်း”
“အမယ်လေး”
သူမ လူအသွင် ပြန်ဖြစ်သွားပြီး ပြုတ်ကျလာသည်
မန္တရားဘုရင်လှသောင်းအံ့သြသွားပြီး ဂါထာအရွတ်ရပ်ကာ မေးသည်
“နင် နင် မမဲကြီးမဟုတ်ဘူး ဘယ်သူလဲ”
ထိုတစ်ခဏသောအချိန်သည် မအုန်းကျင်အဖို့
အခွင့်အရေးဖြစ်သည် သူမမျက်စိထဲမှာ
အလင်းတန်းလေးနှစ်ခု လှစ်ကနဲပြေးထွက်သွား၏
“အား”
မန္တရားဘုရင်သည်မှန်သွားသော ရင်ဘတ်ကို
လက်ဖြင့်ဖိရင်း ခွေကျသွားလေ၏
“နင်…နင်”
“နင်မသိရင် မှတ်ထား ငါ့နာမည် မအုန်းကျင်ဟေ့
ဟုသူမ တဟားဟား ရယ်ကာ မန္တရားဘုရင်၏
ကျဆုံးခန်းကို အရသာခံကြည့်ရင်းဖြေလိုက်သည်
“အုန်း ကျင်”
မန္တရားဘုရင် ရေရွတ်ရင်း ဇက်ကျိုးကျသွားသည်
“ဟား ဟား ဟား ဟား”
သူမဆက်တိုက်ပင် ရယ်မောပစ်လိုက်သည်
ရယ်ရင်းရင်ထဲက မောလာသည်
“ငါ ငါ သူ့စက်ထိထားတာပဲ”
သူမခေါင်းမူးလာကာ ပျော့ခွေကျသွားလေ၏
မအုန်းကျင်သတိရလာသောအခါ မနက်ပင်
လင်းနေပေပြီ ဒေါ်မဲကြီးက သူမကို အသေအချာကြည့်သည်
“ဘယ်နှယ့်လဲ နေကောင်းသွားပြီလား”
“ဟုတ်ကဲ့ပါ အမေ”
“ညက ငါ ဟိုကောင်မအိမ်သွားတော့ သင်းက
အိပ်လို့အေ့ ဒါပေမယ့် သုက ဘုရားရှိခိုး
စည်းတွေဘာတွေချပြီး အိပ်နေတော့
ကပ်လို့မရပါဘူးအေ ဒါနဲ့ပဲသဘက်ကြီးတစ်ကောင်
သုတို့ခြံဝထားခဲ့တယ် သူကံနိမ့်မှ သဘက်ကြီးက
ဝိညာဉ်နှုတ်ပြီး ငါ့ဆီ လာပို့လိမ့်မယ်”
“အမေပြောတော့ သူ့ကို ဝိညာဉ်နှုတ်ပြီး ခိုင်းဖို့က
သမီးတောင် လုပ်မရဘူးဆို ဘာမဟုတ်တဲ့
သဘက်က ရမှာလား
“ငါ အစီအရင်တွေ လုပ်ထားပြီးပြီဖို့ သဘက်ကြီးက
ဝိညာဉ်နှုတ်နိုင်တာဟဲ့ ညည်းလည်း သွားနှုတ်လို့ရတယ် ဒါပေမယ့် မနေ့ညက ညည်း လှသောင်းရဲ့ မန္တရားစက်ထိထားတာ ငါမနည်းကုထားရတာ ဒါမို့ မနှုတ်ခိုင်းတာ”
“ဒါဆို မင်္ဂလာဆောင်တော့ ပျက်ပြီပေါ့”
“ဒါပေါ့အေ ဟား ဟား ဟား ဟား ဟား”
အမှန်ပင် မင်္ဂလာပွဲပျက်ပေပြီ မင်္ဂလာပွဲစရန်
သုံးရက်အလိုတွင် မညိုမြ ထဘီများလှန်းရင်း
သတိလစ်သွားရာမှ သတိပြန်လည်မလာတော့ချေ
သေလည်းမသေပဲ အသက်ပုံမှန်ရှူပြီး ပြန်ထမလာတော့ မောင်မြသာကား ဆောက်တည်ရာမရ
တစ်ရွာလုံးကလည်း ရွာသူဖမ်းသလို ကွင်းကိုင်သလို ပြောကြသည် သိူ့သော် အဖြေကို
ရေရေရာရာ မသိကြ သိသူမှာ နှစ်ဦးတည်းသာ
မမဲကြီးနှင့် မအုန်းကျင်
ညနေစောင်းပြီမို့ လေညင်းလေးက တသုန်သုန်
တိုက်နေသည် ဝင်လုဆဲ နေရောက်အောက် ချောင်းလေးတသွင်သွင် စီးနေသည်မှာ လှပသော
သဘာဝပန်းချီလေးနှယ် သို့သော် ထိုအလှအပများကို မောင်မြသာ မခံစားနိုင်
သူ့ရင်လည်း ပူပြင်းနေ၏ ညိုမြကြောင့်ပင်ဖြစ်သည်
ညိုမြသည် သေလည်း မသေ ရှင်လည်း မရှင်သော
ဘဝဖြင့် မည်မျှဒုက္ခရောက်မည်နည်း
ထိုဒုက္ခကို ဖြေရှင်းပေးနိုင်သူကား မည်သူရှိမယ်နည်း သူ လည်ပင်းမှကြေးဆွဲပြားလေးကို ငုံ့ကြည့်ရင်း တစ်စုံတစ်ဦးကို သတိရသွားသည်
ဆရာကြီးဦးမင်းထင် ထိုဆွဲပြားလေးကို စီရင်ချီးမြှင့်ခဲ့သူ သူကယ်တင်ရှင်တော့တွေ့ပေပြီ
X X X X
“အဲဒါပါပဲ ဆရာကြီးရယ် ကူညီပါဦး”
ဆရာကြီးဦးမင်းထင် ကခန့်ညားသော မျက်နာထားဖြင့် နားထောင်နေရာမှ ခေါင်းတဆတ်ဆတ်ညိတ်သည်
“မောင်မြသာ ပြောသလိုဆို ညိုမြ ဆိုတဲ့
ကလေးမလေးကို တစ်ယောက်ယောက်က
ဝိညာဉ်ချုပ်ထားတာပဲဖြစ်မယ်
မပူပါနဲ့ ဆရာကြီးလိုက်ခဲ့ပါ့မယ်”
“ကျေးဇူးတင်လိုက်တာ ဆရာကြီးရယ်”
“မလိုပါဘူးကွယ် ကဲ ကဲ ဆရာကြီး
ပစ္စည်းလေးတွေယူပြီး လိုက်ခဲ့မယ်”
“ဟုတ်ကဲ့”
ဤသို့ဖြင့် မောင်မြသာနှင့်ဆရာကြီးဦးမင်းထင်တို့
အုန်းပင်ချောင်သို့ ရောက်ရှိသွားလေပြီ
ဆရာကြီးသည် ရောက်ပြီးပြီးချင်း ကန်တော့ပွဲများကို ဘုရားရှိခိုးပြီး လုပ်ငန်းစတော့သည်
“မောင်မြသာ သတိလစ်ပြီး ဝိညာဉ်ချုပ်ခံထားရတဲ့
မညိုမြ ရဲ့ဝိညာဉ်ကို ခေါ်ဖို့ ပူးကပ်ခံမယ့် မိန်းကလေးရှာစမ်း”
“ရပါတယ် ဆရာကြီး ဒီမှာရွာတောင်ပိုင်းက မစိန်ပါ
“ကဲ သမီး ဘုရားရှိခိုး စည်းထားတဲ့ ဆံပင်တွေဖြည်ချလိုက် စိတ်ကိုလည်း လျှော့ချထား
“ဟုတ်ကဲ့”
အားလုံးအဆင်သင့်ဖြစ်ပြီးနောက် ဆရာကြီးကရွတ်ဆိုတော့သည်
“အုန်းပင်ချောင်ရွာက မညိုမြ ရောက်ရာအရပ်က
လာခဲ့ပါ ချုပ်ထားတဲ့ ပညာတွေ ပြေလျော့ပြီး
လွတ်ထွက်လာခဲ့စေဟေ့ ငါ့အမိန့်”
မစိန် ကတုန်ကယင် ဖြစ်လာတော့သည်
ထို့နောက်…
“အမယ်လေး ကိုမြသာရဲ့ ကျွန်မဘဝ ဆိုးလှချည်လား”
“နေဦး ကဲ သမီး ဘယ်သူလဲ”
“မညိုမြပါ”
“သမီးဘယ်ရောက်နေလဲ”
“မမဲကြီးတို့အိမ်မှာပါ ကျွန်မကို အိမ်လည်တိုင်မှာ
ပိုးကြိုးနီနဲ့ ပတ်ထားတယ် သိပ်ပူတာပဲ
ကျွန်မကို သဘက်ကြီးတစ်ကောင်အစောင့်ချထားတာ
ခု ပိုးကြိုးအနီက အင်းတွေမှိန်သွားလို့ထွက်လိုက်တာ
ဒီရောက်လာတာပဲ အမယ်လေး အင်းတွေပေါ်လာပြီ မရတော့ဘူး အား…”
မညိုမြ ဝင်းပူးထားသော မစိန်နောက်ပြန်လန်ကျ
သွားသည် ထို့နောက် အံကြီးကြတ်ပြီး ပြန်ထလာသည်
“ငါ ဖမ်းချုပ်ထားတဲ့ ဝိညာဉ်ကို အပြင်ခေါ်ထုတ်တဲ့
ဆရာစုတ် နင် စည်းဖောက်တာပဲ”
ဆရာကြီးမျက်မှောင်ကြုတ်သွားသည်
“ခု ဝင်လာတာ ဘယ်သူလဲ”
“မမဲကြီးဟေ့ မမဲကြီးဟဲ့ နင်ဒီလောက်စွမ်းနေရင်
ညကျရွာပြင်ထွက်ခဲ့ ငါတို့သားအမိနဲ့ပြိုင်မယ်”
“ရပါတယ် ငါတို့တွေက ပညာပြိုင်တာ
သိပ်မလုပ်ချင်ဘူး ဒါပေမယ့် နင်ကစိန်ခေါ်မှတော့
တွေ့ကြသေးတာပေါ့”
” ဒါမျိုးမှ မမဲကြီးတို့က ကြိုက်တာဟေ့ ဟီး ဟီး ဟီး
မစိန် နောက်သို့လန်ကျသွားပြန်သည် မောင်မြသာက ပြေးပွေ့လိုက်သောအခါ ဆရာကြီးက မစိန်ကိုရေမန်းဖြင့်တောက်ပေး
လိုက်သည်
“ကဲ မောင်မြသာ ညကျရင် ဆရာကြီး
ရွာပြင်ထွက်ပြီးပညာပြိုင်ရမယ်
အဲဒီအချိန် မင်းက မမဲကြီးတို့အိမ်ထဲဝင်
အိမ်လည်တိုင်က ပိုးကြိုးကိုဖယ်လိုက်
ဒါဆို ညိုမြ လွတ်သွားပြီးအသက်ပြန်ရှင်လာလိမ့်မယ်”
“အစောင့်သဘက်ကြီးက ကျွန်တော့်ကို
တစ်ခုခုလုပ်လိုက်ရင်ရော ဆရာကြီး
“ရေ့ာ ဒီအင်းပဝါကို ခေါင်းမှာစည်းသွား
မင်းနားကိုဘီလူးတောင်ကပ်နိုင်မှာမဟုတ်ဘူး
“ဟုတ်ကဲ့ပါ ဆရာကြီး”
မောင်မြသာအင်းပဝါကိုယူလိုက်သည်
ညရောက်ပေပြီ မောင်မြသာ မမဲကြီးတို့အိမ်သွားပြီးပြီ
ဆရာကြီးဦးမင်းထင်လည်း ရွာပြင်ထွက်လာလေသည် ရုတ်တရက်
ခွီးကနဲမြည်သံနှင့်အတူ ကြောင်နက်ကြီးတစ်ကောင်
ခုန်ချလာသည် ဆရာကြီးက အင်းဆွဲထားသော
လက်ဖဝါးကိုပြလိုက်ရာ
ထိုကြောင်နက်ကြီးလွင့်ထွက်သွားပြီး
မြေပြင်ပေါ်သို့ နှစ်ပက်သုံးပက်လိမ့်သွားသည်
ထို့နောက် မအုန်းကျင်အသွင် ပြောင်းသွား၏
“ဆရာစုတ်က စွမ်းလှချည်လား”
အသံနှင့်အတူမမဲကြီး ဝါးရုံပင်နောက်မှထွက်လာသည်
ထို့နောက် အလင်းစက်များ တလက်လက်ထွက်လာပြီး ဆရာကြီးကိုပစ်တော့သည်
“ဝုန်း ဝုန်း ဝုန်း”
အကုန်လုံးလေထဲတွင်ပင်ပျောက်ကုန်သည်
မမဲကြီးစိတ်ဆိုးသွားပြီး သူ၏ဖားလျားချထားသော
ဆံပင်ကို ခါယမ်းပစ်လိုက်သည်တွင် အမောက်နီကြီးဖြင့် မြွေကြီးတစ်ကောင်ဖြစ်သွား၏
္ဒမြွေပါးစပ်ထဲမှ အလင်းလုံးကြီး ပေါ်လာပြီး
ဆရာကြီးထံ ပြေးဝင်းလာသည်
ဆရာကြီးက လက်ညှိုးဖြင့်ထိုးလိုက်ရာ
ဆရာကြီးနှင့်ခုနစ်ပေအကွာခန့်တွင်
ဖြန်းကနဲ ကွဲထွက်သွား၏ ထိုစဉ် မအုန်းကျင်
ကထပြေးလာပြီး နောက်ကျွမ်းပစ်ချလိုက်ရာ
ကြောင်နက်ကြီးဖြစ်သွား၏ ထိုကြောင်နက်ကြီးအသွင်ဖြင့် ပြေးလာရာ ဆရာကြီးက ဂါထာမန္တန်တစ်ပုဒ် တီးတိုးရွတ်လိုက်သဖြင့် ၎င်းနှင့် ဆရာကြီးကြားစည်းတစ်ခုပေါ်လာသည်
ထိုးစည်းကိုသူဖြတ်၍မရ သို့သော် မရရအောင်အတင်းတိုးလိုက်ရာ စည်းတွင်းသို့
ရောက်သွား၏ သို့သော် အသက်မရှိတော့ချေ
မအုန်းကျင်၏အဖြစ်ဆိုးကိုမြင်လိုက်ရသောအခါ
ဒေါ်မဲကြီးရူးမတတ်ဖြစ်သွားသည်
“သေပေတော့ ဆရာစုတ်”
ဟုအော်ကာ မြွေအသွင်ဖြင့် လျှောကနဲ တိုးဝင်ပြီး
ပေါပ်ချလိုက်သည် ဆရာကြီးကအင်းဆွဲသော
လက်ဖဝါးဖြင့်သာ ခံလိုက်ရာ
“ဝုန်းကနဲ”မြည်ပြီး မမဲကြီး နောက်သို့လွင့်သွားသည် မြွေကြီးအဖြစ်ဖြင့်
တွန့်တွန့်လူး၍ နေရာမှဆတ်ကနဲ ငြိမ်ကျသွားသည်
ထို့နောက်မြွေပေါက်စလေးအဖြစ်ပြောင်းပြီး
သေသွားတော့သည် ဆရာကြီးက သေနေသော
မအုန်းကျင်ကိုကြည့်လိုက်ရာ ၎င်းသည်လည်း
တောက်တဲ့တစ်ကောင်အဖြစ်သို့
ပြောင်းသွားသည်ကိုတွေ့လိုက်ရသည်။
“သြော်…အကုသိုလ်အတော်ကြီးကြတာပဲ
မအေကမြွေပုံစံနဲ့သေ သမီးကတောက်တဲ့အဖြစ်နဲ့သေ
သေတာတောင် လူလုံးမလှတဲ့ဘဝတွေပဲ
မောင်မြသာတော့ ကလေးမလေးကိုလွှတ်ပေးပြီးပြီ
နဲ့တူတယ် သွားကြည့်ဦးမှ”
ဆရာကြီးကပြောပြောဆိုဆိုဖြင့်
ထွက်သွားရာရွာအဝင် ညောင်ပင်အောက်တွင်
မောင်မြသာနှင့် မညိုမြတို့ရပ်စောင့်နေသည်ကို
တွေ့ရသည် “လွှတ်ပေးပြီးပြီကိုး”
ဆရာကြီးဝမ်းသာစွာ ပြုံးလိုက်မိ၏
XXXXXXXXXXX
ရွာပြင်သို့မည်းမည်းအကောင်ကြီးတစ်ကောင်
လှမ်းထွက်လာသည်၎င်းသည် ဘယ်ကိုမျှမကြည့်ဘဲ ဖြည်းဖြည်းချင်းသွားနေသည်
ပါးစပ်မှလည်း တတွတ်တွတ် ရွတ်နေလေ၏
“ငါ့ကို ခေါ်မွေးထားတဲ့ မမဲကြီးလည်းသေပြီ
ငါစောင့်နေရတဲ့ ကောင်မလေးလည်း လွတ်သွားပြီ
ငါ့ဘာသာ သင်္ချို င်းပြန်ပြီးမဖဝါဆီ အမှုထမ်းရမယ်”
“သူသည် မမဲကြီးမွေးထားသော သဘက်ကြီးသာဖြစ်လေ၏”
ပြီးပါပြီ____ခန့်စည်သူ(မင်းကင်း)
တာတေစီစဉ်သည့်
တစ္ဆေမျက်လုံးအမှတ်စဉ်၄ မှ
ကောက်နှုတ်တင်ပြသည်